အခန်းကြီး ၁၂
အယ်လမာသည် ဇေဇရုမ်ကို ဟောပြော၏—ဘုရားသခင်၏နက်နဲသောအရာတို့ကို သစ္စာရှိသောသူများသို့သာလျှင် ပေးနိုင်၏—လူသားတို့သည် မိမိတို့အတွေးအကြံ၊ ယုံကြည်မှု၊ စကားနှင့် အကျင့်များအတိုင်း တရားစီရင်ခံရ၏—ဆိုးညစ်သောသူများသည် ဝိညာဉ်ပကတိသေခြင်းကိုခံစားရ၏—ဤသေခြင်းရှိသောဘဝသည် အစမ်းသပ်ခံရာနေရာဖြစ်၏—ရွေးနှုတ်ခြင်း အစီအစဉ်က ရှင်ပြန်ထမြောက်ခြင်း ထို့အတူ၊ ယုံကြည်ခြင်းအားဖြင့် အပြစ်များမှလွှတ်ခြင်းကို ဖြစ်ပေါ်စေ၏—နောင်တရသောသူတို့သည် တစ်ပါးတည်းသောသားတော်အားဖြင့် ကရုဏာတော်ကို ခံယူနိုင်ခွင့် ရှိကြ၏။ ဘီစီ ၈၂ ခန့်။
၁ ယခုတွင်၊ အယ်လမာသည် အာမြူးလက်၏စကားများက ဇေဇရုမ်အား တိတ်ဆိတ်သွားစေသည်ကို သိမြင်လျက်ရှိ၏။ အကြောင်းမူကား၊ အာမြူးလက်ကို ဖျက်ဆီးခြင်းငှာ မုသားပြောခြင်းနှင့် လှည့်စားခြင်းတို့ပြုရာ၌တွေ့ရှိလေကြောင်း သူတွေ့၏။ ထိုသူ၏အပြစ်ရောက်ခြင်းအကြောင်းသိခြင်းကလွှမ်းမိုးသဖြင့်၊ တုန်စပြုသည်ကိုလည်း သိမြင်လျက်၊ နှုတ်ကိုဖွင့်၍၊ ထိုသူကို ပြောဆိုခြင်းငှာ၊ ထို့အတူ အာမြူးလက်၏စကားများကို တည်စေခြင်းငှာ၊ ထို့အတူ အာမြူးလက်ပြုခဲ့ပြီးလေသည်ထက် အမှုတို့ကို ပို၍ရှင်းပြခြင်းငှာ၊ သို့မဟုတ် ကျမ်းစာများကို ပို၍ဖွင့်ပြခြင်းငှာ အစပြု၏။
၂ ယခုတွင်၊ ဇေဇရုမ်အား အယ်လမာဆိုသော စကားများကို ပတ်ဝန်းကျင်ရှိ လူတို့ကြားလေ၏။ အကြောင်းမူကား၊ လူအစုအဝေးသည် ကြီးမားလှ၍၊ ဤနည်းအားဖြင့် သူဆိုလေသည်ကား၊
၃ ယခုတွင်၊ ဇေဇရုမ်၊ သင်သည် သင်၏မုသားပြောခြင်းနှင့် ပရိယာယ်တို့၌ ဖမ်းဆီးခံရလေသည်ကို သိမြင်ပေပြီ။ အကြောင်းမူကား၊ သင်သည် လူကိုသာလျှင် မုသားပြောသည်မဟုတ်ဘဲ၊ ဘုရားသခင်ကိုလည်း မုသားပြောလေပြီ။ ရှုလော့၊ သင်၏အတွေးအကြံဟူသမျှကို သူသိတော်မူ၍၊ သူ၏ဝိညာဉ်တော်အားဖြင့်၊ သင်၏အတွေးအကြံများကို ငါ့တို့ထံသို့ ဖော်ပြတော်မူကြောင်း သင်သိမြင်ပေ၏။
၄ ထို့အတူ၊ ငါတို့ကို ကဲ့ရဲ့ပြောဆိုစေခြင်းငှာနှင့်၊ နှင်ထုတ်စေခြင်းငှာ၊ ငါတို့ကို ဆန့်ကျင်ဘက်ပြုစေကြောင်း၊ ဤလူတို့အား မုသားပြော၍၊ လှည့်စားခြင်းအတွက်၊ နတ်ဆိုး၏ ဉာဏ်များခြင်းအတိုင်း၊ သင်၏အကြံအစည်သည် အလွန်ဉာဏ်များသော အကြံအစည်ဖြစ်ကြောင်း ငါတို့သိကြသည်ကိုလည်း သင်သိမြင်ပေပြီ—
၅ ယခုတွင်၊ ဤအရာသည်ကား၊ သင့်ရန်သူ၏အစီအစဉ်ဖြစ်၍၊ သူ၏တန်ခိုးကို သင့်အထဲ၌ ပြလေပြီ။ ယခုတွင်၊ သင့်အား ငါဆိုသည့် အရာကို ခပ်သိမ်းသောသူတို့အား ငါဆိုကြောင်း သင်တို့သတိရစေရန် ငါအလိုရှိ၏။
၆ ရှုဦးလော့၊ သင်တို့အားလုံးကို ငါဆိုသည်မှာ၊ ဤအရာသည်ကား၊ မာရ်နတ်က သင်တို့ကို သူ၏ဩဇာခံအဖြစ်သို့ ဆောင်နိုင်ခြင်းငှာလည်းကောင်း၊ သူ၏သံကြိုးများဖြင့် ရစ်ပတ်နိုင်ခြင်းငှာလည်းကောင်း၊ သူ၏ဖမ်းဆီးချုပ်နှောင်ခြင်းတန်ခိုးအတိုင်း သံကြိုးဖြင့် ချည်နှောင်၍ ထာဝရတည်မြဲသောပျက်စီးခြင်းသို့ ဆွဲချသွားနိုင်ခြင်းငှာလည်းကောင်း၊ ဤလူမျိုးတို့ကို ဖမ်းဆီးရန် ချထားလေသည့် သူ့ထောင်ချောက်ပေတည်း။
၇ ယခုတွင်၊ ဤစကားများကို အယ်လမာပြောလေပြီးလျှင်၊ ဇေဇရုမ်သည် ပို၍လွန်စွာ တုန်စပြု၏။ အကြောင်းမူကား၊ သူသည် ဘုရားသခင်၏တန်ခိုးတော်အကြောင်းကို အထပ်ထပ်နားသွင်းခံရ၏။ အယ်လမာနှင့် အာမြူးလက်တို့က သူ့အကြောင်းသိကြသည်ကိုလည်း သူနားသွင်းခံရ၏။ အကြောင်းမူကား၊ သူ့စိတ်နှလုံး၏အတွေးများနှင့် အကြံအစည်များကို သူတို့သိကြကြောင်း နားသွင်းခံရသည်မှာ ပရောဖက်ပြုဟောသောဝိညာဉ်အတိုင်း၊ ဤအမှုများကို သူတို့သိနိုင်ကြစေခြင်းငှာ၊ သူတို့အား တန်ခိုးကို ပေးထားတော်မူသောကြောင့်ပေတည်း။
၈ ဇေဇရုမ်သည် ဘုရားသခင်၏နိုင်ငံတော်အကြောင်း သာ၍သိနိုင်ခြင်းငှာလည်း သူတို့ထံ လုံ့လဝီရိယထက်သန်စွာမေးမြန်းစပြု၏။ အာမြူးလက်ပြောထားလေသည့် သေသူတို့၏ ရှင်ပြန်ထမြောက်ခြင်းနှင့်စပ်လျဉ်း၍၊ ဖြောင့်မတ်သောသူနှင့် မဖြောင့်မတ်သောသူနှစ်မျိုးစလုံး၊ သေခြင်းမှ ထမြောက်လိမ့်မည့် ခပ်သိမ်းသောသူတို့သည် မိမိတို့အကျင့်များအတိုင်း တရားစီရင်ခံရစေရန်၊ ဘုရားသခင်ရှေ့၌ရပ်ရန် ဆောင်ယူ ခံရသည်ဆိုသည်ကား၊ အဘယ်သို့ ဆိုလိုသနည်းဟု အယ်လမာကို မေး၏။
၉ ယခုတွင်၊ အယ်လမာသည် ဤအရာတို့ကို ရှင်းပြစပြုလျက်ဆိုလေသည်ကား၊ ဘုရားသခင်၏နက်နဲသောအရာတို့ကို သိစေခြင်းငှာ၊ များစွာသောသူတို့ကို အခွင့်ပေးထားတော်မူ၏။ သို့သော်လည်း၊ သူ့အပေါ်ထားသည့် ပမာဏပြုခြင်းနှင့် လုံ့လဝီရိယတို့အတိုင်း၊ လူသားများသို့ အခွင့်ပေးတော်မူသည့် သူ့ နှုတ်ကပတ်တော်၏ တစ်စိတ်တစ်ပိုင်းအတိုင်းသာ မဝေငှရဟူသော တင်းကျပ်သည့် မိန့်မှာချက်ဖြင့် ထားတော်မူ၏။
၁၀ ထို့ကြောင့်၊ ကိုယ့်စိတ်နှလုံးကို မာကျောစေသောသူသည် နှုတ်ကပတ်တော်၏ သာ၍နည်းသောအပိုင်းကို ရရှိလိမ့်မည်။ ကိုယ့်စိတ်နှလုံးကို မမာကျောစေသောသူအား နှုတ်ကပတ်တော်၏ သာ၍များသောအပိုင်းကို ပေးတော်မူ၏၊ ဘုရားသခင်၏နက်နဲသောအရာတို့ကို ပြည့်စုံစွာသိသည်အထိ၊ ပေးတော်မူသည့်တိုင်အောင်ပင်တည်း။
၁၁ ကိုယ့်စိတ်နှလုံးကို မာကျောစေသောသူတို့အား သူ၏နက်နဲသောအရာများအကြောင်း၊ အဘယ်အရာကိုမျှ၊ မသိသည့်တိုင်အောင် နှုတ်ကပတ်တော်၏ သာ၍နည်းသောအပိုင်းကိုသာ ပေးတော်မူ၏။ ထို့နောက်တွင်၊ သူတို့သည် နတ်ဆိုး၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံရပြီး၊ သူ့အလိုအတိုင်း ဖျက်ဆီးခြင်းသို့ ပို့ဆောင်ခြင်းခံရ၏။ ယခုတွင်၊ ဤအရာမှာ၊ ငရဲသံကြိုးများကို ဆိုလိုခြင်းဖြစ်၏။
၁၂ အာမြူးလက်ကလည်း သေခြင်း၊ ဤသေခြင်းရှိရာမှ သေခြင်းမရှိရာအခြေအနေသို့ ထမြောက်ခြင်းနှင့် ငါတို့၏အကျင့်များအတိုင်း တရားစီရင်ခံရစေရန် ဘုရားသခင်၏ တရားစီရင်တော်မူရာတိုင်ရှေ့သို့ ဆောင်ယူခံရခြင်းတို့ အကြောင်းကို ရှင်းလင်းစွာပြောပြလေပြီ။
၁၃ ထို့နောက်တွင်၊ ငါတို့စိတ်နှလုံးမာကျောလေလျှင်၊ ထိုမှတစ်ပါး၊ ငါတို့အထဲ၌ ရှာ၍မတွေ့နိုင်အောင် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်ပြု၍၊ ငါတို့စိတ်နှလုံးကို မာကျောစေလေလျှင်၊ ငါတို့အခြေအနေသည် အလွန်ဆိုးရွားလိမ့်မည်။ အကြောင်းမူကား၊ ထို့နောက်တွင် ပြစ်ဒဏ်စီရင်ခြင်းကို ငါတို့ခံရလိမ့်မည်။
၁၄ အကြောင်းမူကား၊ ငါတို့၏စကားများက ငါတို့ကို ပြစ်ဒဏ်ချမှတ်လိမ့်မည်။ ထိုမှတစ်ပါး၊ ငါတို့ အကျင့်ခပ်သိမ်းက ငါတို့ကို ပြစ်ဒဏ်ချမှတ်လိမ့်မည်။ ငါတို့ကို အပြစ်ကင်းစင်လျက် တွေ့ရလိမ့်မည်မဟုတ်။ ငါတို့၏အတွေးအကြံများကလည်း ငါတို့ကို ပြစ်ဒဏ်ချမှတ်လိမ့်မည်။ ဤအလွန်ဆိုးရွားသောအခြေအနေ၌လည်း ငါတို့သည် ငါတို့၏ဘုရားသခင်ကို မော့၍ မကြည့်ဝံ့ကြ။ ငါတို့သည် သူ၏မျက်မှောက်မှ ပုန်းကွယ်ခြင်းငှာ၊ တောင်များနှင့် ကျောက်များကို ငါတို့အပေါ်ကျစေရန် အမိန့်ပေးနိုင်လျှင်၊ အလွန်ဝမ်းသာကြလိမ့်မည်။
၁၅ သို့ရာတွင်၊ ဤအမှုမဖြစ်နိုင်။ ငါတို့သည် ထွက်လာ၍၊ သူ၏ ဘုန်းတော်၌၊ သူ၏တန်ခိုးတော်၌၊ သူ၏ အစွမ်းသတ္တိတော်၌၊ သူ၏ အာနုဘော်၌၊ သူ၏ အစိုးရတော်မူခြင်း၌ ရှေ့တော်မှာ ရပ်ရမည်။ သူ၏ ခပ်သိမ်းသောတရားစီရင်တော်မူခြင်းများသည် တရားမျှတတော်မူကြောင်း၊ သူ၏ခပ်သိမ်းသောအမှုတို့၌ သူတရားမျှတတော်မူကြောင်း၊ သူသည် လူသားတို့ကို ကရုဏာကြီးတော်မူကြောင်း၊ သူ၏ နာမတော်၌ ယုံကြည်၍၊ နောင်တရခြင်းနှင့် ထိုက်တန်သည့် အကျိုးကို ဖြစ်စေသူမှန်သမျှကို ကယ်တင်ရန် အလုံးစုံသောတန်ခိုး သူ့၌ရှိကြောင်းတို့ကို ဝန်ခံရမည်ဖြစ်၍၊ ငါတို့အား ထာဝရတည်မြဲသော အရှက်ကို ရစေ၏။
၁၆ ယခုမူကား၊ ရှုလော့၊ ထို့နောက်တွင်၊ ဝိညာဉ်ပကတိသေခြင်းဖြစ်သည့် ဒုတိယသေခြင်းပင်ဖြစ်သောသေခြင်းရောက်လာ၏ဟု သင်တို့ကို ငါဆို၏။ ထို့နောက်တွင်ကား၊ မိမိအပြစ်၌သေသူအဘယ်သူမဆို ဇာတိပကတိသေခြင်းကဲ့သို့ပင်၊ ဝိညာဉ်ပကတိသည်လည်း သေလိမ့်မည့် အချိန်ဖြစ်၏။ ထိုမှတစ်ပါး၊ သူသည် ဖြောင့်မတ်ခြင်းနှင့် စပ်ဆိုင်သည့်အမှုများ၌ သေလိမ့်မည်ဖြစ်သတည်း။
၁၇ ထို့နောက်တွင်ကား၊ သူတို့၏စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းတို့သည် ကာလအစဉ်အဆက်၊ အမြဲတက်နေသည့် မီးလျှံတို့၏ကန့်နှင့်ရောသောမီးအိုင်ကဲ့သို့ ဖြစ်လိမ့်မည့်အချိန်ဖြစ်၏။ ထို့နောက်တွင်ကား၊ စာတန်က သူ့အလိုအတိုင်း သူတို့ကိုလွှမ်းမိုးလျက်၊ သူ၏တန်ခိုးနှင့် ဖမ်းဆီးချုပ်နှောင်ခြင်းအတိုင်း၊ ထာဝရတည်မြဲသောပျက်စီးခြင်းသို့ သံကြိုးဖြင့်ဆွဲ၍ ချသွားခြင်းကို သူတို့ခံရမည့်အချိန်ဖြစ်၏။
၁၈ ထို့နောက်တွင်၊ သင်တို့ကို ငါဆိုသည်ကား၊ ရွေးနှုတ်ခြင်းကို ပြုမထားလေသကဲ့သို့ သူတို့၌ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏တရားတော်မူခြင်းအတိုင်း ရွေးနှုတ်ခြင်းကို မခံရနိုင်ကြ။ ပုပ်ပျက်ခြင်းမရှိတော့သောကြောင့်လည်း မသေနိုင်ကြ။
၁၉ ယခုတွင်၊ အချိန်တန်လာသောအခါ၊ အယ်လမာက ဤစကားများ ပြောဆိုခြင်းကို လက်စသတ်ပြီးလေလျှင်၊ လူတို့သည် သာ၍အံ့ဩစပြုကြ၏။
၂၀ သို့ရာတွင်၊ သူတို့၌ အုပ်စိုးသူအကြီးအကဲတစ်ဦးဖြစ်သူ အန္တိယောနသည် ရှေ့သို့ထွက်လာ၍ သူ့ကို ဆိုလေသည်ကား၊ လူသားသည် သေခြင်းမှ ထမြောက်၍၊ ဤသေခြင်းရှိသောအခြေအနေမှ သေခြင်းမရှိသောအခြေအနေသို့ ပြောင်းလဲသဖြင့်၊ ဝိညာဉ်သည် အဘယ်တော့မျှ မသေနိုင်တော့ဟု သင်ဆိုသည့် ဤအမှုကား အဘယ်သို့နည်း။
၂၁ ဘုရားသခင်သည် ခေရုဗိမ်တို့နှင့် မီးစက်လက်နက်ကို ဧဒင်ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူသည်မှာ၊ ငါတို့၏ ပထမဦးဆုံးသောမိဘများကို အသက်ပင်၏အသီးကို သုံးဆောင်၍၊ ကာလအစဉ်အဆက်အသက်ရှင်ရန် မဝင်ရောက်စေခြင်းငှာဟုဆိုသော ကျမ်းစာကား၊ အဘယ်သို့ ဆိုလိုသနည်း။ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ၊ သူတို့ ကာလအစဉ်အဆက် အသက်ရှင်စေရန် ဖြစ်နိုင်သောအခွင့်အလမ်းမရှိကြောင်းပေတည်း။
၂၂ ယခုတွင်၊ အယ်လမာဆိုလေသည်ကား၊ ဤအရာမှာ ငါရှင်းပြတော့မည့်အမှုဖြစ်၏။ ယခုတွင်၊ ငါတို့သိမြင်ကြသည်ကား၊ တားမြစ်ထားသောအသီးကို သုံးဆောင်ခြင်းအားဖြင့် အာဒံကျရှုံးသည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်းဖြစ်ကြောင်းပေတည်း။ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ သူ၏ကျရှုံးခြင်းကြောင့်၊ ခပ်သိမ်းသောလူသားတို့ ပျောက်ဆုံး၍၊ ကျရှုံးသည့်လူများဖြစ်လာကြောင်းပေတည်း။
၂၃ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ အာဒံအတွက်၊ ထိုအချိန်က အသက်ပင်၏အသီးကို သုံးဆောင်ရ၍၊ သေခြင်းမရှိရန် ဖြစ်နိုင်လေလျှင်၊ နှုတ်ကပတ်တော်သည် အချည်းနှီးဖြစ်၍၊ ဘုရားသခင်ကို မုသားပြောသူ ဖြစ်စေခဲ့လိမ့်မည်။ အကြောင်းမူကား၊ သင်စားသုံးလျှင်၊ ဧကန်အမှန်သေရမည်ဟု မိန့်တော်မူလေ၏။
၂၄ သေခြင်း၊ အထူးသဖြင့်၊ ဇာတိပကတိသေခြင်းဖြစ်သော၊ အာမြူးလက်က ငါတို့အား ပြောထားလေသည့် သေခြင်းမှာ လူသားများသို့ ရောက်လာသည်ကိုလည်း ငါတို့သိမြင်ကြ၏။ သို့သော်လည်း၊ လူသားအား နောင်တရနိုင်ရန် ကာလတစ်ခု ပေးထားလေ၏။ ထို့ကြောင့်၊ ဤအသက်တာသည်ကား၊ အစမ်းသပ်ခံရာနေရာတစ်ခု၊ ဘုရားသခင်ကို တွေ့ခြင်းငှာ ပြင်ဆင်ရန်ကာလတစ်ခု၊ သေသူတို့၏ရှင်ပြန်ထမြောက်ခြင်းနောက်၌ဖြစ်သော ငါတို့ပြောထားလေသည့် အဆုံးမရှိသောအခြေအနေအတွက် ပြင်ဆင်ရန်ကာလတစ်ခု ဖြစ်လာခဲ့၏။
၂၅ ယခုတွင်၊ ကမ္ဘာတည်ကတည်းက ချထားတော်မူခဲ့လေသော ရွေးနှုတ်ခြင်းအစီအစဉ်အတွက် မဟုတ်လေလျှင်၊ သေသူတို့၏ရှင်ပြန်ထမြောက်ခြင်း ရှိနိုင်လေမည်မဟုတ်။ သို့ရာတွင်၊ သေသူတို့၏ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ပေါ်စေမည့်အကြောင်း၊ ပြောထားလေသည့်၊ ချထားတော်မူသော ရွေးနှုတ်ခြင်းအစီအစဉ်ရှိလေ၏။
၂၆ ယခုမူကား၊ ရှုလော့၊ ငါတို့၏ပထမဦးဆုံးသောမိဘများသည် သွား၍ အသက်ပင်မှအသီးကို သုံးဆောင်နိုင်ရန် ဖြစ်နိုင်မည်ဆိုလျှင်၊ ပြင်ဆင်ရာနေရာမရှိသဖြင့် သူတို့၌ ကာလအစဉ်အဆက် ဝမ်းနည်းပူဆွေးစရာဖြစ်လိမ့်မည်။ ထိုကဲ့သို့အားဖြင့်၊ ဘုရားသခင်၏ရွေးနှုတ်ခြင်းအစီအစဉ်သည်လည်း အထမမြောက်၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်သည် အချည်းနှီးဖြစ်၍၊ အကျိုးမရှိဖြစ်လိမ့်မည်။
၂၇ သို့ရာတွင်၊ ရှုလော့၊ ထို့ကဲ့သို့ မဟုတ်။ သို့ရာတွင်၊ လူသားတို့ သေရမည့်အကြောင်း စီရင်တော်မူနှင့်လေပြီ။ သေပြီးနောက်တွင်လည်း၊ သူတို့သည် တရားစီရင်တော်မူခြင်း၊ ပြီးဆုံးခြင်းတည်းဟူသော၊ ငါတို့ပြောထားလေသည့် အလားတူ တရားစီရင်တော်မူခြင်းသို့ပင် လာရကြမည်။
၂၈ လူသားထံသို့ ဤအရာများ ရောက်လာရမည့်အကြောင်း ဘုရားသခင်မှာထားတော်မူလေပြီးနောက်တွင်မူကား၊ ရှုလော့၊ ထို့နောက်တွင်၊ သူမှာထားတော်မူလေသော အရာများအကြောင်း၊ လူသားသိရန် သင့်လျော်သည်ကို သူသိမြင်တော်မူ၏။
၂၉ ထို့ကြောင့်၊ လူသားတို့အား သူ၏ဘုန်းတော်ကို မြင်စေသူ ကောင်းကင်တမန်တို့ကို သူတို့နှင့် စကားပြောစေရန် စေလွှတ်တော်မူ၏။
၃၀ သူတို့သည်လည်း ထိုအချိန်မှစ၍၊ သူ၏နာမတော်ကို ပဌနာပြုခြင်းငှာအစပြုကြ၏။ ထို့ကြောင့်၊ ဘုရားသခင်သည် လူသားနှင့် စကားပြောတော်မူပြီး၊ ကမ္ဘာတည်ကတည်းက ပြင်ဆင်ထားတော်မူလေသည့် ရွေးနှုတ်ခြင်း အစီအစဉ်ကို သူတို့အား ဖော်ပြတော်မူ၏။ သူတို့၏ယုံကြည်ခြင်း၊ နောင်တရခြင်းနှင့် သူတို့၏ သန့်ရှင်းသောအကျင့်များအတိုင်း ဤအမှုကို သူတို့ထံဖော်ပြတော်မူ၏။
၃၁ သို့ဖြစ်၍၊ သူတို့အား မိန့်မှာခဲ့ပြီး၊ သူတို့သည် ဇာတိပကတိနှင့် စပ်ဆိုင်သောအရာတို့၌ ပထမပညတ်တော်တို့ကို ဦးစွာလွန်ကျူးလေသဖြင့်၊ ဘုရားများကဲ့သို့ ဖြစ်လေပြီး၊ အကောင်းနှင့် အဆိုးကို ခွဲခြား၍သိလျက်၊ သူတို့ကိုယ်သူတို့ ပြုမူရန်၊ သို့မဟုတ် မကောင်းမှုကို ပြုရန်ဖြစ်စေ၊ ကောင်းမှုကို ပြုရန်ဖြစ်စေ၊ သူတို့စိတ်အလိုဆန္ဒအတိုင်း ပြုရန်အခြေအနေ၌ ရှိစေခဲ့လေပြီ—
၃၂ ထို့ကြောင့်၊ ဘုရားသခင်သည် သူတို့အား ရွေးနှုတ်ခြင်း အစီအစဉ်ကို ဖော်ပြတော်မူလေပြီးနောက်၊ မကောင်းမှုကို သူတို့မပြုရမည့်အကြောင်း၊ ပညတ်တော်တို့ကို ပေးတော်မူ၍၊ ပြုလေလျှင်၊ ပြစ်ဒဏ်သည်ကား၊ ဖြောင့်မတ်ခြင်းနှင့်စပ်ဆိုင်သည့်အမှုတို့၌ ထာဝရတည်မြဲသောသေခြင်းဖြစ်သည့် ဒုတိယသေခြင်းပေတည်း။ အကြောင်းမူကား၊ ထိုကဲ့သို့သော သူတို့အပေါ်၌ ရွေးနှုတ်ခြင်းအစီအစဉ် တန်ခိုးမသက်ရောက်နိုင်သည်မှာ၊ ဘုရားသခင်၏ အထွဋ်အမြတ်ဖြစ်သော ကောင်းမြတ်ခြင်းအတိုင်း၊ တရားသောအမှုတော်တို့ကို မဖျက်ဆီးနိုင်သောကြောင့်ပေတည်း။
၃၃ သို့ရာတွင်၊ ဘုရားသခင်သည် လူသားတို့ကို မိမိသားတော်၏ နာမတော်အားဖြင့် ခေါ်တော်မူ၍ (ဤအရာသည်ကား၊ ချထားတော်မူခဲ့သည့် ရွေးနှုတ်ခြင်း အစီအစဉ်ဖြစ်၏) မိန့်တော်မူလေသည်ကား၊ သင်တို့သည် နောင်တရ၍၊ စိတ်နှလုံးကို မာကျောစေခြင်းမရှိလျှင်၊ ထို့နောက်၌ ငါ၏တစ်ပါးတည်းသောသားတော်အားဖြင့် သင်တို့ကို ငါကရုဏာထားတော်မူမည်။
၃၄ ထို့ကြောင့်၊ နောင်တရ၍၊ မိမိစိတ်နှလုံးကို မာကျောစေခြင်းမရှိသောသူမှန်သမျှသည် ငါ၏တစ်ပါးတည်းသော သားတော်အားဖြင့် မိမိအပြစ်များမှလွှတ်ခြင်းသို့တိုင်အောင် ကရုဏာတော်ကို ခံယူနိုင်ခွင့် ရှိပေလိမ့်မည်။ ထိုသူတို့သည် ငါ၏ ချမ်းသာထဲသို့လည်း ဝင်ရလိမ့်မည်။
၃၅ ထို့အတူ၊ မိမိစိတ်နှလုံးကို မာကျောစေ၍ ဒုစရိုက်ကို ပြုမည့်သူမှန်သမျှတို့အား၊ ရှုလော့၊ ထိုသူသည် ငါ၏ချမ်းသာထဲသို့ မဝင်ရမည့်အကြောင်း၊ ငါ၏အမျက်တော်ဖြင့် ငါကျိန်ဆိုတော်မူ၏။
၃၆ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် စိတ်နှလုံးကို မာကျောစေလျှင်၊ ကိုယ်တော်ရှင်၏ချမ်းသာထဲသို့ မဝင်ရ။ ထို့ကြောင့်၊ ပထမနှိုးဆော်စဉ်ကကဲ့သို့ပင်၊ ထိုမှတစ်ပါး၊ သူ၏နှုတ်ကပတ်တော်အတိုင်း၊ ပထမဦးဆုံးကဲ့သို့ပင် နောက်ဆုံးသော နှိုးဆော်ခြင်း၌လည်း သင်တို့စိတ်ဝိညာဉ်၏ ထာဝရတည်မြဲသောပျက်စီးခြင်းသို့တိုင်အောင်၊ သင်တို့၏ဒုစရိုက်က သူ့ကို နှိုးဆော်သဖြင့် သူ၏အမျက်တော်ကို သင်တို့အပေါ်လွှတ်ချ၏။ ထို့ကြောင့်၊ သူ၏နှုတ်ကပတ်တော်အတိုင်း၊ ပထမဦးဆုံးကဲ့သို့ပင် နောက်ဆုံးသေခြင်းသို့တိုင်အောင်ပင်တည်း။
၃၇ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ ဤအမှုတို့ကို ငါတို့ မြင်၍ မှန်ကန်ကြောင်းကို သိမြင်လျက်၊ ငါတို့အား သူပေးထားတော်မူလေသည့် ဤဒုတိယပညတ်တော်တို့၌၊ သူ၏အမျက်တော်ကို ငါတို့အပေါ် ဆွဲချရန် ငါတို့၏ဘုရားသခင်ကိုယ်တော်ရှင်ကို နှိုးဆော်ခြင်းမရှိကြစေခြင်းငှာ၊ ငါတို့သည် နောင်တရ၍ ငါတို့စိတ်နှလုံးကို မာကျောစေခြင်းမရှိဘဲနေကြကုန်အံ့။ သူ၏နှုတ်ကပတ်တော်အတိုင်း ပြင်ဆင်ထားတော်မူသော ဘုရားသခင်၏ချမ်းသာထဲသို့သာ ဝင်ကြကုန်အံ့။