အခန်းကြီး ၁၉
လာမောနိသည် ထာဝရတည်မြဲသောအသက်၏အလင်းကို ရရှိပြီး၊ ရွေးနှုတ်ရှင်ကို မြင်၏—သူ၏အိမ်သူအိမ်သားတို့သည် မိန်းမော၍ များစွာသောသူတို့သည် ကောင်းကင်တမန်တို့ကို မြင်ကြ၏—အမ္မုန်သည် အလွန်အံ့ဩဖွယ်ကောင်းစွာ၊ ကာကွယ်စောင့်မခံရ၏—သူသည် များစွာသောသူတို့ကို ဗတ္တိဇံပေး၍ သူတို့၌ အသင်းတော်ကို တည်ထောင်၏။ ဘီစီ ၉၀ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နှစ်ရက်နှင့် နှစ်ညကြာပြီးနောက်၊ သူ၏ကိုယ်ခန္ဓာကို သူတို့၏အသေကောင်များအား သင်္ဂြိုဟ်ခြင်းဟူသော ရည်ရွယ်ချက်အတွက် ပြုထားလေသော သင်္ချိုင်းတွင်းထဲ၌ ယူ၍ ထားတော့မည်ကဲ့သို့ပြုကြလေ၏။
၂ ယခုတွင်၊ မိဖုရားသည် အမ္မုန်၏ကျော်ကြားမှုအကြောင်းကို ကြား၏။ ထို့ကြောင့်၊ လူစေလွှတ်၍ သူ့ကို သူမထံသို့ ဝင်ရောက်ရမည့်အကြောင်း တောင်းဆို၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အမ္မုန်သည် သူ့ကို မိန့်မှာသည့်အတိုင်းပြုပြီး၊ မိဖုရားထံသို့ ဝင်၍၊ သူမအလိုရှိသည့်၊ အဘယ်အမှုကို ပြုရမည့်အကြောင်းသိခြင်းငှာ တောင်းဆို၏။
၄ သူမကလည်း ဆိုလေသည်ကား၊ သင်သည် သန့်ရှင်းတော်မူသော ဘုရားသခင်၏ ပရောဖက်တစ်ပါး ဖြစ်ကြောင်းကိုလည်းကောင်း၊ သူ၏နာမတော်အားဖြင့် ကြီးစွာသောအမှုများစွာကို ပြုရန် သင့်၌ တန်ခိုးရှိကြောင်းကိုလည်းကောင်း၊ ငါ့ခင်ပွန်း၏ကျွန်တို့က ငါ့ကို ဖော်ပြကြလေပြီ။
၅ ထို့ကြောင့်၊ ဤသို့ဆိုလျှင်၊ ငါ၏ခင်ပွန်းကို သင်ဝင်၍ကြည့်စေရန် ငါအလိုရှိ၏။ အကြောင်းမူကား၊ သူ့ကို အိပ်ရာပေါ်ချထားသည်မှာ နှစ်ရက်နှင့် နှစ်ည ရှိလေပြီ။ သူမသေဟု အချို့သောသူတို့က ဆို၏။ သို့ရာတွင်၊ သူသေ၍၊ အပုပ်နံ့ထွက်သဖြင့် သင်္ချိုင်းတွင်း၌ ထားသင့်ကြောင်း အခြားသောသူတို့က ဆို၏။ သို့ရာတွင်၊ ငါ့အတွက်မူကား၊ ငါ့အနေဖြင့်၊ သူသည် အပုပ်နံ့မထွက်။
၆ ယခုတွင်၊ ဤအမှုသည်ကား၊ အမ္မုန်အလိုရှိသည့်အမှုဖြစ်၏။ အကြောင်းမူကား၊ လာမောနိမင်းကြီးသည် ဘုရားသခင်၏တန်ခိုးတော်အောက်၌ ရှိလေကြောင်း သူသိ၏။ မယုံကြည်ခြင်းကန့်လန့်ကာမှောင်မိုက်ကို သူ၏စိတ်မှ ဖယ်ရှား၍၊ အလင်း၊ သူ၏စိတ်ကို လင်းစေသည့်၊ ဘုရားသခင့်ဘုန်းတော်၏အလင်းဖြစ်သည့်၊ သူ့ကောင်းမြတ်ခြင်း၏ အံ့ဩဖွယ်ကောင်းသောအလင်းဖြစ်သည့်—အကယ်စင်စစ်၊ ဤအလင်းက ထိုကဲ့သို့သော ဝမ်းမြောက်ခြင်းကို သူ၏ဝိညာဉ်ထဲသို့ စီးဝင်စေလေ၍၊ မှောင်မိုက်ခြင်းတိမ်တိုက်ကို လွင့်ပြယ်စေလေကြောင်း၊ ထို့အတူ၊ ထာဝရတည်မြဲသောအသက်၏ အလင်းက သူ၏ဝိညာဉ်ထဲ၌ လင်းစေကြောင်း သူသိ၏။ ထိုမှတစ်ပါး၊ ဤအမှုက သူ၏ဇာတိပကတိကိုယ်ခန္ဓာကို လွှမ်းမိုး၍၊ ဘုရားသခင်အားဖြင့် သယ်ဆောင်သွားတော်မူခြင်းခံရကြောင်း သူသိ၏—
၇ ထို့ကြောင့်၊ သူ့ထံမှ မိဖုရားတောင်းဆိုသောအရာသည် သူ၏တစ်ခုတည်းသောအလိုဆန္ဒ ဖြစ်လေ၏။ ထို့ကြောင့်၊ သူ့ကို မိဖုရားတောင်းဆိုသည့်အတိုင်း မင်းကြီးကို ကြည့်ခြင်းငှာ ဝင်၍၊ မင်းကြီးကို မြင်လျှင်၊ မသေကြောင်း သိ၏။
၈ သူမသေပါ၊ သို့ရာတွင် ဘုရားသခင်၌ အိပ်ပျော်လျက်ရှိ၍ နက်ဖြန်နေ့၌ တစ်ဖန် ထလိမ့်မည်။ ထို့ကြောင့်၊ သူ့ကို သင်္ဂြိုဟ်ခြင်းမပြုနှင့်ဟုလည်း မိဖုရားကို ဆို၏။
၉ ဤအမှုကို သင်ယုံကြည်သလောဟု အမ္မုန်ဆိုလျှင်၊ သင်၏စကားနှင့် ငါတို့ကျွန်များ၏စကားမှတစ်ပါး ငါ့၌ သက်သေမရှိ။ သို့သော်လည်း၊ သင်ပြောလေသည့်အတိုင်း ဖြစ်မည်ကို ငါယုံကြည်ပါ၏ဟု သူမဆို၏။
၁၀ အမ္မုန်ကလည်း ဆိုလေသည်ကား၊ သင်၏ကြီးစွာသောယုံကြည်ခြင်းကြောင့် သင်သည် မင်္ဂလာရှိ၏။ ငါဆိုသည်မှာ၊ အချင်းမိန်းမ၊ နီဖိုင်းအမျိုးသားတို့၏လူများ၌ပင် ထိုမျှလောက် ကြီးစွာသောယုံကြည်ခြင်း မရှိဖူးလေပြီ။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူမသည် ထိုအချိန်မှစ၍၊ ထလိမ့်မည်ဟု အမ္မုန်ပြောလေသည့် နက်ဖြန်နေ့ထိုအချိန်အထိပင် မိမိခင်ပွန်း၏အိပ်ရာကို စောင့်ကြည့်၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အမ္မုန်၏စကားအတိုင်း သူထ၍၊ ထလျှင်ထချင်း လက်ကို ထိုမိန်းမဆီသို့ ဆန့်၍ဆိုသည်ကား၊ ဘုရားသခင်၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း။ သင်သည်လည်း မင်္ဂလာရှိ၏။
၁၃ သင်ဧကန်အမှန်အသက်ရှင်သည့်အတိုင်း၊ ရှုလော့၊ ငါ၏ရွေးနှုတ်ရှင်ကို ငါမြင်လေပြီ။ သူသည် ကြွလာတော်မူ၍ မိန်းမတစ်ဦးမှ မွေးဖွားလိမ့်မည်။ သူသည် မိမိနာမတော်ကို ယုံကြည်သည့်လူသားမှန်သမျှကို ရွေးနှုတ်တော်မူလိမ့်မည်ဟု ဖြစ်လေသတည်း။ ယခုတွင်၊ သူသည် ဤစကားများကို ပြောပြီးလေလျှင်၊ သူ့စိတ်နှလုံးသည် ကိုယ်တွင်း၌ပြည့်၍၊ ဝမ်းမြောက်၍ တစ်ဖန် လဲပြန်လေ၏။ မိဖုရားသည်လည်း လဲကျ၍ ဝိညာဉ်တော်အားဖြင့် မွန်းလျက်ရှိလေ၏။
၁၄ ယခုတွင်၊ နီဖိုင်းအမျိုးသားတို့၌၊ သို့မဟုတ် ဘုရားသခင်၏ လူမျိုးခပ်သိမ်းတို့၌ များစွာသော ငိုကြွေးမြည်တမ်းခြင်းတို့၏အကြောင်းရင်း ဖြစ်လေသူ၊ သူ၏ညီအစ်ကို လာမန်အမျိုးသားတို့ အပေါ်သို့ သူတို့၏ဒုစရိုက်များနှင့် နည်းဥပဒေသများကြောင့်၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော် သွန်းလောင်းတော်မူသည်ကို အမ္မုန်သည် သူ၏ဆုတောင်းခြင်းများအတိုင်း မြင်ရလျက်၊ ဒူးကိုထောက်၍ ဘုရားသခင်အား၊ သူ၏ညီအစ်ကိုတို့အဖို့ ပြုတော်မူခဲ့လေသည့် အရာအတွက်၊ ဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းတို့၌ သူ၏စိတ်ဝိညာဉ်ကို သွန်းလောင်းစပြု၏။ သူသည် ဝမ်းမြောက်ခြင်း ဖြင့်လည်း မွန်းလေ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့သုံးဦးသည် မြေကြီးသို့ လဲလေ၏။
၁၅ ယခုတွင်၊ မင်းကြီး၏ကျွန်တို့သည် ထိုသူတို့လဲကျလေသည်ကို မြင်ခဲ့ရလေလျှင်၊ ကိုယ်တော်ရှင်ကို ကြောက်ရွံ့ခြင်းမှာ၊ သူတို့အပေါ်သို့လည်း ကျရောက်လေသောကြောင့်၊ သူတို့သည်လည်း ဘုရားသခင်ထံသို့ တောင်းလျှောက်စပြုကြ၏။ အကြောင်းမူကား၊ သူတို့သည် မင်းကြီးရှေ့၌ရပ်၍၊ အမ္မုန်၏ကြီးစွာသောတန်ခိုးအကြောင်းကို သက်သေခံသောသူများ ဖြစ်လေ၏။
၁၆ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ သူမအဘ၏ အံ့ဖွယ်သောရူပါရုံကြောင့်၊ ကိုယ်တော်ရှင်ထံသို့ နှစ်ပေါင်းများစွာကြာအောင် ပြောင်းလဲခဲ့လေသည့် အဘိရှအမည်ရှိ လာမန်အမျိုးမိန်းမတစ်ဦးမှတစ်ပါး၊ သူတို့အားလုံးသည် မြေကြီးသို့ လဲကျလေသည့်တိုင်အောင်ပင်၊ သူတို့၏အစွမ်းသတ္တိဖြင့်၊ ကိုယ်တော်ရှင်၏ နာမတော်ကို ပဌနာပြုကြ၏—
၁၇ ထိုကဲ့သို့အားဖြင့်၊ ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲ၍၊ ထိုအမှုကို ဘယ်တုန်းကမျှ၊ မဖော်ပြလေရကား၊ ထို့ကြောင့်၊ လာမောနိ၏ ခပ်သိမ်းသောကျွန်တို့၊ ထို့အတူ၊ သူမ၏ကျွန်မ၊ မိဖုရား၊ မင်းကြီးနှင့် အမ္မုန်တို့ မြေကြီးသို့လဲကျလေသည်ကို မြင်ရလျှင်၊ ထိုအမှုသည်၊ ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်ကို သူမသိ၏။ လူတို့အား သူတို့၌ ဖြစ်ပျက်လေသည့်အရာကို ဖော်ပြခြင်းဟူသည့် ဤအခွင့်ကြောင့်၊ ဤမြင်ကွင်းကို မြင်ခြင်းအားဖြင့်၊ ဘုရားသခင်၏တန်ခိုးတော်ကို သူတို့ယုံကြည်စေမည်ဟု တွေးမိသဖြင့်၊ ထို့ကြောင့်၊ သူမသည် ထိုအမှုကို လူတို့အား ဖော်ပြလျက် တစ်အိမ်မှတစ်အိမ်သို့ အပြေးသွား၏။
၁၈ သူတို့သည်လည်း မင်းကြီး၏အိမ်သို့ သူတို့ကိုယ်သူတို့အတူတကွ စည်းဝေးစပြုကြ၏။ လူအစုအဝေး ရောက်လာပြီး၊ မင်းကြီး၊ မိဖုရားနှင့် ကျွန်တို့ မြေကြီးပေါ်၌ မှောက်၍၊ ထိုနေရာ၌ သူတို့အားလုံးသေလေသကဲ့သို့ လဲသည်ကို မြင်ရသဖြင့် အံ့ဩကြလေ၏။ အမ္မုန်ကိုလည်း မြင်၏။ ရှုဦးလော့၊ သူသည် နီဖိုင်းအမျိုးသားတစ်ဦးဖြစ်၏။
၁၉ ယခုမူကား၊ လူတို့သည် သူတို့၌ ညည်းညူအပြစ်တင်စပြုကြ၏။ နီဖိုင်းအမျိုးသားတို့ကို ထိုပြည်၌ ဆက်၍နေထိုင်ရန် အခွင့်ပေးသောကြောင့်၊ သူတို့အပေါ် သို့မဟုတ် မင်းကြီးနှင့် သူ၏မိသားစုအပေါ် ကြီးစွာသောမကောင်းမှု ကျရောက်လေကြောင်း အချို့သောသူတို့က ဆိုနေကြ၏။
၂၀ သို့ရာတွင်၊ အခြားသောသူတို့က သူတို့ကို ဆို၍အပြစ်တင်ကြသည်မှာ၊ မင်းကြီးသည် ဤမကောင်းမှုကို သူ၏မိသားစုဆီသို့ ဆောင်ခဲ့ပြီ။ အကြောင်းမူကား၊ သူသည် သေဗုရေရှိရာအရပ်၌ သူတို့သိုးစုများကို ကွဲပြားပြန့်ကျဲစေခဲ့သော သူ၏ကျွန်တို့ကို ကွပ်မျက်ခဲ့၏။
၂၁ သေဗုရေရှိရာအရပ်၌ ရှိ၍၊ မင်းကြီးပိုင်သောသိုးစုတို့ကို ကွဲပြားပြန့်ကျဲစေခဲ့သောသူတို့၏ အပြစ်တင်ခြင်းကိုလည်း သူတို့ခံရ၏။ အကြောင်းမူကား၊ သေဗုရေရှိရာအရပ်၌ မင်းကြီး၏သိုးစုများကို စောင့်မနေစဉ်တွင် သူတို့ညီအစ်ကိုများစွာတို့ကို ကွပ်မျက်ခဲ့သောကြောင့် အမ္မုန်ကို အမျက်ထွက်ကြ၏။
၂၂ ယခုတွင်၊ အမ္မုန်၏ဓားဖြင့် ကွပ်မျက်ခံခဲ့ရလေသူ၏ညီတစ်ဦးဖြစ်သူ၊ သူတို့အထဲမှ တစ်ဦးသောသူသည် အမ္မုန်ကို လွန်စွာအမျက်ထွက်သဖြင့်၊ ဓားကိုဆွဲပြီး အမ္မုန်ကိုခုတ်၍ ကွပ်မျက်ခြင်းငှာ ထွက်လာ၏။ ခုတ်ရန် ဓားကို မြှောက်စဉ်၊ ရှုလော့၊ ထိုသူသည် လဲကျပြီး သေ၏။
၂၃ ယခုတွင်၊ အမ္မုန်ကို ကွပ်မျက်၍မရနိုင်ကြောင်း ငါတို့သိမြင်ကြပေပြီ။ အကြောင်းမူကား၊ သူ၏အဘမောဇိယအား ကိုယ်တော်ရှင်က၊ ငါသည် သူ့ကို ချမ်းသာပေးတော်မူ၍၊ သင်၏ယုံကြည်ခြင်းအတိုင်း သူ့၌ဖြစ်လိမ့်မည်ဟု မိန့်တော်မူလေ၏—ထို့ကြောင့်၊ မောဇိယသည် သူ့ကို ကိုယ်တော်ရှင်ထံသို့ ဆက်ကပ်၏။
၂၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အမ္မုန်ကိုကွပ်မျက်ခြင်းငှာ ဓားကိုမြှောက်သောသူ လဲကျပြီးသေသည်ကို လူအစုအဝေးတို့မြင်ကြလျှင်၊ ကြောက်ရွံခြင်းသည် သူတို့အားလုံးအပေါ် ကျရောက်လာ၍ သူ့ကို၊ သို့မဟုတ် လဲကျလေသူတစ်စုံတစ်ဦးကို ထိရန် သူတို့လက်ကို မထုတ်ဝံ့ကြ။ ဤကြီးစွာသောတန်ခိုး၏ အကြောင်းရင်းကား၊ အဘယ်အရာ ဖြစ်နိုင်သည်၊ သို့မဟုတ်၊ ဤအရာခပ်သိမ်းတို့မှာ အဘယ်သို့ ဆိုလိုနိုင်သည်ကို သူတို့တစ်ဖန်အံ့ဩကြ၏။
၂၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အမ္မုန်သည် ကြီးမြတ်သောဝိညာဉ်တော်ဖြစ်ကြောင်းဆိုလေသူများစွာ သူတို့၌ရှိ၏။ အခြားသောသူတို့ကလည်း၊ သူ့ကို ကြီးမြတ်သောဝိညာဉ်တော်ကစေလွှတ်ခဲ့ကြောင်း ဆိုကြ၏။
၂၆ သို့ရာတွင်၊ အခြားသောသူတို့က သူတို့အားလုံးကို အပြစ်တင်၍၊ သူသည်ကား၊ မိမိတို့ကို စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်စေရန် နီဖိုင်းအမျိုးသားတို့ထံမှ လွှတ်လိုက်သော ဘီလူးဖြစ်သည်ဟု ဆိုကြ၏။
၂၇ သူတို့၏ဒုစရိုက်များကြောင့်၊ သူတို့ကို ဒုက္ခပေးရန် ကြီးမြတ်သောဝိညာဉ်တော်က အမ္မုန်ကို စေလွှတ်တော်မူခဲ့ကြောင်း၊ ထိုအရာသည်ကား၊ နီဖိုင်းအမျိုးသားတို့ကို အစဉ်အမြဲ ကြည့်ရှုစောင့်ရှောက်၍ မိမိတို့၏လက်မှ ကယ်လွှတ်ခဲ့ဖူးလေသည့် ကြီးမြတ်သောဝိညာဉ်တော်ဖြစ်ကြောင်းဆိုသူအချို့လည်း ရှိလေ၏။ ထိုအရာသည်ကား၊ မိမိတို့၏ အလွန်များစွာသော ညီအစ်ကို၊ လာမန်အမျိုးသားတို့ကို ဖျက်ဆီးခဲ့လေသူ၊ ဤကြီးမြတ်သောဝိညာဉ်တော်ဖြစ်ကြောင်းကိုလည်း သူတို့ဆိုကြ၏။
၂၈ ထိုကဲ့သို့အားဖြင့်၊ သူတို့၌ ငြင်းခုံခြင်းသည် အလွန်ထင်ရှားစပြု၏။ ထိုကဲ့သို့၊ သူတို့ ငြင်းခုံနေစဉ်တွင်၊ လူအစုအဝေးကို အတူတကွစုဝေးစေခဲ့သော ကျွန်မိန်းမသည်လည်း ရောက်လာပြီး၊ လူအစုအဝေး၌ ရှိလေသည့် ငြင်းခုံခြင်းကို မြင်လျှင်၊ မျက်ရည်ကျသည်အထိပင် အလွန်ဝမ်းနည်းလေ၏။
၂၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူမသည် သွား၍ မိဖုရားကို မြေကြီးမှ ထူကောင်းထူနိုင်ခြင်းငှာ လက်ကို ဆွဲလျှင်၊ ထိလျှင်ထိချင်း ထ၍ခြေထောက်ဖြင့်ရပ်၍၊ ကျယ်သောအသံနှင့်၊ ဟစ်ကြွေးသည်ကား၊ အို ငါ့ကို ကြောက်ရွံ့ဖွယ်ကောင်းသောငရဲမှ ကယ်တင်တော်မူသည့် ယေရှုသည် မင်္ဂလာရှိပါစေသတည်း။ အို ဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသတည်း။ ဤလူတို့ကို ကရုဏာထားတော်မူပါဟု ဆို၏။
၃၀ သူမသည် ဤသို့ဆိုပြီးလေလျှင်၊ မိမိလက်ကို ဆုပ်ကိုင်၍ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံလျက်၊ နားမလည်နိုင်သောစကားများစွာတို့ကို ပြော၏။ ဤသို့ပြုပြီးလျှင်၊ သူမသည် လာမောနိမင်းကြီးကို လက်မှ ဆွဲလျှင်၊ ရှုဦးလော့၊ သူသည် ထ၍ခြေထောက်ဖြင့်ရပ်၏။
၃၁ သူသည်လည်း ရုတ်တရက်ထ၍၊ သူ၏လူများ၌ ငြင်းခုံခြင်းကို မြင်လျှင်၊ သွားပြီး သူတို့ကို ဆုံးမ၍၊ အမ္မုန်၏နှုတ်မှ သူကြားနာခဲ့သောစကားများကို သူတို့အား သွန်သင်ပေးစပြု၏။ သူ၏စကားများကို ကြားနာပြီးယုံကြည်သူမှန်သမျှသည်လည်း ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲကြ၏။
၃၂ သို့ရာတွင်၊ သူတို့၌ သူ၏စကားကို မကြားနာလိုကြသောသူများစွာရှိ၏။ ထို့ကြောင့်၊ သူတို့သည် သူတို့လမ်းသူတို့သွားကြ၏။
၃၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အမ္မုန်သည် ထပြီးလျှင်၊ သူတို့အား အကူအညီပေး၍၊ လာမောနိ၏ကျွန်တို့သည်လည်း ထိုသို့ ပြုကြ၏။ သူတို့အားလုံးသည် တူညီသောအရာကို လူတို့အား ဟောကြားသည်မှာလည်း—သူတို့စိတ်နှလုံးပြောင်းလဲ၍၊ မကောင်းမှုကိုပြုရန် အလိုဆန္ဒမရှိကြတော့ကြောင်းပေတည်း။
၃၄ ရှုဦးလော့၊ များစွာသောသူတို့သည် ကောင်းကင်တမန်တို့ကို မြင်ခဲ့ရလေပြီး၊ စကားပြောရကြောင်း၊ လူတို့ကို ဟောကြား၏။ ထိုကဲ့သို့အားဖြင့်၊ ကောင်းကင်တမန်တို့သည် ဘုရားသခင်၏အမှုတော်များ အကြောင်းနှင့် သူ၏ဖြောင့်မတ်တော်မူခြင်းအကြောင်း သူတို့ကို မြွက်ဆိုကြ၏။
၃၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့၏စကားကို ယုံကြည်သောသူများစွာရှိလေ၏။ ယုံကြည်သူမှန်သမျှသည်လည်း ဗတ္တိဇံခံကြ၏။ ထိုသူတို့သည်လည်း ဖြောင့်မတ်သောလူမျိုးများဖြစ်လာကြပြီး၊ သူတို့၌ အသင်းတော်ကို တည်ထောင်ကြ၏။
၃၆ ထိုကဲ့သို့အားဖြင့်၊ ကိုယ်တော်ရှင်၏အမှုတော်ကို လာမန်အမျိုးသားတို့၌ စတင်၏။ ထိုကဲ့သို့အားဖြင့်၊ ကိုယ်တော်ရှင်သည် မိမိဝိညာဉ်တော်ကို သူတို့အပေါ် သွန်းလောင်းတော်မူရန် အစပြုတော်မူ၏။ နောင်တရ၍ သူ၏နာမတော်ကို ယုံကြည်မည့်သူမှန်သမျှထံသို့ သူ၏လက်တော်ကို ဆန့်တော်မူကြောင်းကိုလည်း ငါတို့မြင်ကြပေပြီ။