ကျမ်းစာများ
အယ်လမာ ၁၈


အခန်းကြီး ၁၈

အမ္မုန်သည် ကြီးမြတ်သော​ဝိညာဉ်တော်​ဖြစ်သည်ဟု လာမောနိ​မင်းကြီး​ထင်မှတ်၏—ဖန်ဆင်း​တော်မူခြင်း၊ လူသားတို့နှင့် ပြုတော်မူသည့်​ဘုရားသခင့် အမှုတော်များ၊ ခရစ်တော်​အားဖြင့်​ဖြစ်လာသည့် ရွေးနှုတ်​ခြင်း အကြောင်းတို့ကို အမ္မုန်သည် မင်းကြီးကို သွန်သင်​ပေး၏—လာမောနိသည် ယုံကြည်ပြီး၊ မြေကြီးသို့ လဲကျ၍ သေသကဲ့သို့ ဖြစ်၏။ ဘီစီ ၉၀ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမောနိ​မင်းကြီးသည် သူ၏​ကျွန်တို့ကို ထိုအမှုနှင့်​စပ်လျဉ်း၍ သူတို့​မြင်ရလေသည့်​အရာခပ်သိမ်းတို့ကို ထွက်၍​ရပ်ပြီး သက်သေ​ခံစေ၏။

သူတို့​အားလုံးကလည်း မြင်ရလေသည့်​အမှုများကို သက်သေခံပြီးလျှင်၊ သူ၏​သိုးစုများကို ထိန်းသိမ်း​စောင့်ရှောက်ရာ၌ အမ္မုန်၏​သစ္စာရှိခြင်း၊ ထို့အတူ၊ ကွပ်မျက်ရန်​ကြိုးစားအားထုတ်သော​သူတို့ကို ဆန့်ကျင်၍​တိုက်ခိုက်ရာ၌ သူ၏ ကြီးစွာသော အင်အား​အကြောင်းကို သိရလေလျှင်၊ လွန်စွာ​အံ့ဩ၍၊ ဆိုလေသည်ကား၊ ဤသူသည် ဧကန်အမှန်ပင် လူထက်​သာလွန်သော​သူဖြစ်၏။ ရှုလော့၊ ဤသူ​သည်ကား၊ သူတို့၏ လူ့အသက်​သတ်ခြင်းများကြောင့်၊ ဤလူတို့​အပေါ် ထိုကဲ့သို့​ကြီးစွာသော အပြစ်ဒဏ်ကို စေလွှတ်ခဲ့သူ ကြီးမြတ်သော​ဝိညာဉ်တော် မဟုတ်လေ​သလော။

သူတို့သည်လည်း၊ မင်းကြီးကို ဖြေ၍​ဆိုလေသည်ကား၊ သူသည် ကြီးမြတ်သော​ဝိညာဉ်တော် သို့မဟုတ်၊ လူတစ်ဦး ဟုတ်မဟုတ် အကျွန်ုပ်တို့​သိခြင်း​မရှိပါ။ သို့ရာတွင်၊ အကျွန်ုပ်တို့ သိသမျှ​သည်ကား၊ သူ၏​ကျွမ်းကျင်မှုနှင့် ကြီးစွာသော​ခွန်အားတို့ကြောင့်၊ သူ့ကို မင်းကြီး၏​ရန်သူများ ကွပ်မျက်၍​မရနိုင်။ အကျွန်ုပ်တို့နှင့်​အတူ သူရှိ​နေသမျှ၊ သူတို့သည် မင်းကြီး၏​သိုးစုများကို ကွဲပြား​ပြန့်ကျဲ​စေခြင်းလည်း​မရှိနိုင်ကြ။ ထို့ကြောင့်၊ သူသည်ကား၊ မင်းကြီးအဖို့ အဆွေ​ခင်ပွန်း​ဖြစ်ကြောင်း အကျွန်ုပ်တို့​သိပါ၏။ ယခုမူကား၊ အို မင်းကြီး၊ လူသားသည် ထိုကဲ့သို့ ကြီးစွာသော​တန်ခိုး​ရှိသည်ကို အကျွန်ုပ်တို့ မယုံကြည်ပါ။ အကြောင်းမူကား၊ သူ့ကို ကွပ်မျက်၍ မရနိုင်ကြောင်း အကျွန်ုပ်တို့ သိကြပါ၏။

ယခုမူကား၊ မင်းကြီးသည် ဤစကားများကို ကြားလျှင်၊ သူတို့ကို ဆိုလေသည်ကား၊ ယခုတွင်၊ ထိုအရာ​သည်ကား၊ ကြီးမြတ်သော​ဝိညာဉ်​တော်ဖြစ်သည်ကို ငါသိ၏။ သင်တို့၏​ညီအစ်ကိုတို့ကို ပြုခဲ့သကဲ့သို့ သင်တို့ကို ငါမကွက်မျက်​နိုင်စေမည့်​အကြောင်း၊ ဤအချိန်၌၊ သင်တို့၏​အသက်ကို ကာကွယ်​စောင့်မခြင်းငှာ သူဆင်း​လာတော်မူ၏။ ယခုတွင်၊ ဤသူသည်ကား၊ ငါတို့​ဘိုးဘေးတို့​ပြောလေသည့် ကြီးမြတ်သော​ဝိညာဉ်တော်​ဖြစ်၏။

ယခုတွင်၊ ဤအရာ​သည်ကား၊ ကြီးမြတ်သော​ဝိညာဉ်တော် ရှိ​လေကြောင်း၊ လာမောနိက သူ့အဘထံမှ ရရှိလေသည့် နည်း​ဥပဒေသ​ဖြစ်လေ၏။ သူတို့သည် ကြီးမြတ်သော​ဝိညာဉ်တော်ကို ယုံကြည်ကြ​သော်ငြားလည်း၊ သူတို့​ပြုခဲ့လေ​သမျှကို မှန်ကန်သည်ဟု ထင်မှတ်ကြ၏။ အဘယ်သို့ပင်​ဖြစ်စေ၊ လာမောနိသည် သူ၏​ကျွန်တို့ကို ကွပ်မျက်ခြင်း၌ သူအမှား​အယွင်း ပြုခဲ့ပြီးလေပြီ​ဖြစ်ကြောင်းကို ထိတ်လန့်ခြင်းဖြင့်၊ လွန်စွာ​ကြောက်ရွံ့​စပြု၏။

အကြောင်းမူကား၊ ရေရှိရာ​အရပ်၌ သူတို့၏​ညီအစ်ကိုတို့က သူတို့​သိုးစုများကို ကွဲပြား​ပြန့်ကျဲ​စေလေသောကြောင့်၊ ထိုသူတို့​အထဲမှ များစွာသော​သူတို့ကို သူကွပ်မျက်၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့၏​သိုးစုများကို ကွဲပြား​ပြန့်ကျဲ​စေခဲ့သောကြောင့် ကွပ်မျက်​ခံရလေ၏။

ယခုတွင်၊ လူတို့၏ သိုးစုများကို ကွဲပြား​ပြန့်ကျဲ​စေခြင်းငှာ သေဗုရေများ​ရှိရာအရပ်၌ ရပ်ကြသည်မှာ၊ ဤလာမန်​အမျိုးသားတို့၏​အလေ့​အကျင့်​ဖြစ်၍၊ ထိုကဲ့သို့​ပြုခြင်း​အားဖြင့်၊ ကွဲပြား​ပြန့်ကျဲသည့် အကောင်​များစွာတို့ကို မိမိတို့နေရင်းပြည်သို့ မောင်းနှင်နိုင်ကြခြင်းငှာ​ဖြစ်ပြီး၊ ထိုအမှုသည်၊ သူတို့၌ လုယက်ခြင်း အလေ့အကျင့်​တစ်ခု ဖြစ်နေ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမောနိ​မင်းကြီးသည် မိမိကျွန်တို့အား၊ ထိုကဲ့သို့ ကြီးစွာသော​တန်ခိုး​ရှိသည့် ဤလူသည်ကား အဘယ်မှာ​ရှိလေသနည်းဟု မေးမြန်း၏။

သူတို့ကလည်း ရှုလော့၊ သူသည် ကိုယ်တော်၏ မြင်းတို့ကို ကျွေးမွေးလျက်​ရှိပါ၏ဟု ဆိုကြ၏။ ယခုတွင်၊ မင်းကြီးသည် သူ၏​ကျွန်တို့အား သူတို့​သိုးစုများကို ရေ​မတိုက်မီ၌၊ သူ၏​မြင်းများနှင့် မြင်းရထားတို့ကို ပြင်ဆင်​စေလျက်၊ သူ့ကို နီဖိုင်းပြည်သို့ ပို့ဆောင်​ရမည့်​အကြောင်း မိန့်မှာလေ၏။ အကြောင်းမူကား၊ ထိုပြည်​တစ်ခုလုံး​အပေါ်၌ ရှင်ဘုရင်​ဖြစ်သည့် လာမောနိ၏​ခမည်းတော်က နီဖိုင်းပြည်၌ ကြီးစွာသော ပွဲခံခြင်းကို စီစဉ်​ထားလေပြီ။

၁၀ ယခုတွင်၊ သူ၏​မြင်းများနှင့် မြင်းရထားများကို အမ္မုန်​ပြင်ဆင်လျက်​ရှိကြောင်း လာမောနိ​မင်းကြီးကြားလျှင်၊ အမ္မုန်၏​သစ္စာ​ရှိခြင်းကြောင့်၊ သာ၍​အံ့ဩလျက်၊ ဆိုလေသည်ကား၊ ငါ၏​ကျွန်ခပ်သိမ်းတို့၌ ဤလူကဲ့သို့ သစ္စာရှိလေသော​ကျွန်တစ်စုံ​တစ်ဦးမျှ ဧကန်အမှန် မရှိဖူးလေပြီ။ အကြောင်းမူကား၊ သူသည် ငါ၏မိန့်မှာချက်​မှန်သမျှကိုပင် ဆောင်ရွက်ရန် အောက်မေ့လေ​ပြီတကား။

၁၁ ယခုတွင်၊ ဤသူသည်ကား ကြီးမြတ်သော​ဝိညာဉ်တော်​ဖြစ်သည်ကို ငါဧကန်​အမှန်​သိ၏။ သူ့ကိုလည်း ငါ့ထံသို့ ဝင်ရောက်​လာစေရန် ငါအလို​ရှိ၏။ သို့ရာတွင် ငါသည် မဝံ့မရဲ။

၁၂ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ္မုန်သည် မင်းကြီးနှင့် သူ၏​ကျွန်တို့​အတွက် မြင်းများနှင့် မြင်းရထားများကို အသင့်​ပြင်ဆင်၍​ပြီးလေလျှင်၊ မင်းကြီးထံသို့ ဝင်၍၊ မင်းကြီး၏​မျက်နှာထား ပြောင်းလဲသည်ကို မြင်၏။ ထို့ကြောင့်၊ သူ၏​မျက်မှောက်မှ ထွက်၍​ပြန်လှည့်​တော့မည်ပြု၏။

၁၃ မင်းကြီး၏​ကျွန်တို့မှ တစ်ဦးကလည်း၊ သူတို့၏​မင်းကြီးများ​တန်ခိုးနှင့်​ပြည့်စုံသည်ဟု စဉ်းစားလျက်၊ တန်ခိုးနှင့်​ပြည့်စုံသော သို့မဟုတ် ကြီးမြတ်သော​မင်းကြီးဟု အနက်ဖွင့်သည့်၊ ရာဗန်နဟု သူ့ကို ဆို၏။ ထိုကဲ့သို့​အားဖြင့်၊ သူ့အား ရာဗန်န၊ မင်းကြီးက ကိုယ်တော်ကို ဆက်၍​နေစေရန် အလို​ရှိပါ၏ဟု ဆို၏။

၁၄ ထို့ကြောင့်၊ အမ္မုန်သည် ကိုယ်ကို မင်းကြီး​ဘက်သို့လှည့်၍ အိုအရှင်မင်းကြီး၊ ကိုယ်တော်​အတွက် အဘယ်အရာကို အကျွန်ုပ်​ပြုရ​ပါမည်နည်းဟု လျှောက်၏။ မင်းကြီးလည်း အဘယ်အရာကို​ပြောရမှန်း​မသိ၍ သူတို့၏​အချိန်​အတိုင်း တစ်နာရီမျှ​ကြာအောင်၊ မဖြေဘဲနေ၏။

၁၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ကိုယ်တော်သည် အကျွန်ုပ်ထံမှ အဘယ်​အရာကို အလို​ရှိပါသနည်းဟု အမ္မုန်​တစ်ဖန်​လျှောက်ပြန်၏။ သို့ရာတွင်၊ မင်းကြီးက သူ့ကို ဖြေခြင်း​မရှိ။

၁၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ္မုန်သည် ဘုရားသခင်၏​ဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ ထို့ကြောင့်၊ မင်းကြီး၏ အတွေး​အကြံတို့ကို သိမြင်၏။ သူက​ဆိုလေသည်ကား၊ အကျွန်ုပ်သည် ကိုယ်တော်၏​ကျွန်တို့နှင့် သိုးစုတို့ကို စောင့်မ၍၊ သူတို့၏​ညီအစ်ကို ခုနစ်ယောက်ကို လောက်လွှဲနှင့်​လည်းကောင်း၊ ဓားနှင့်​လည်းကောင်း ကွပ်မျက်ခဲ့ပြီး၊ ကိုယ်တော်၏​သိုးစုများနှင့် ကိုယ်တော်၏​ကျွန်တို့ကို ကာကွယ်ခြင်းငှာ အခြားသူတို့၏ လက်များကို ခုတ်ဖြတ်ခဲ့သည့်​အကြောင်း ကိုယ်တော်​ကြားတော်မူ​လေသောကြောင့်လော။ ရှုလော့၊ ဤအမှုက ကိုယ်တော်၏​အံ့ဩခြင်းတို့ကို ဖြစ်စေ​သလော။

၁၇ ကိုယ်တော်ကို အကျွန်ုပ်​ဆိုသည်မှာ ကိုယ်တော်၏​အံ့ဩခြင်းတို့​အလွန်​ကြီးမားသည်မှာ၊ အဘယ်​အကြောင်းကြောင့်နည်း။ ရှုလော့၊ အကျွန်ုပ်သည် လူသား​တစ်ဦး​ဖြစ်ပြီး၊ ကိုယ်တော်၏​ကျွန်ဖြစ်ပါ၏။ ထို့ကြောင့်၊ ကိုယ်တော်​အလို​ရှိလေသမျှ​အရာတည်းဟူသော ဖြောင့်မှန်သည့်​အရာကို အကျွန်ုပ်​ပြုပါမည်။

၁၈ ယခုတွင် မင်းကြီးသည် ဤစကားများကို ကြားလေလျှင်၊ သူ၏​အတွေး​အကြံများကို အမ္မုန်​ပိုင်းခြား၍သိမြင်နိုင်ခဲ့ကြောင်း၊ တွေ့ရသောကြောင့် တစ်ဖန်​အံ့ဩ​ပြန်၏။ သို့ရာတွင်၊ ဤသို့ဖြစ်​သော်ငြားလည်း၊ လာမောနိ​မင်းကြီးသည် နှုတ်ကို​ဖွင့်၍၊ အသင်သည် အဘယ်သူနည်း။ သင်သည် ခပ်သိမ်းသောအရာတို့ကို သိသည့် ကြီးမြတ်သော​ဝိညာဉ်တော်​ဖြစ်သလောဟု ဆို၏။

၁၉ အမ္မုန်ကလည်း အကျွန်ုပ်​မဟုတ်ပါဟု ဆို၍ ဖြေ၏။

၂၀ မင်းကြီးကလည်း ဆိုလေသည်ကား၊ သင်သည် အဘယ်သို့​အားဖြင့် ငါ့စိတ်နှလုံး၏ အတွေး​အကြံများကို သိလေသနည်း။ သင်သည် ရဲဝံ့စွာ​ပြောနိုင်၏၊ ဤအရာတို့နှင့်​စပ်လျဉ်း၍လည်း၊ ငါ့ကို ပြောပြလော့။ ထို့အတူ၊ သင်သည် အဘယ်​တန်ခိုး​အားဖြင့် ကွပ်မျက်ခဲ့သည်​ကိုလည်းကောင်း၊ ငါ၏​သိုးစုများကို ကွဲပြား​ပြန့်ကျဲစေသည့် ငါ၏​ညီအစ်ကိုတို့၏​လက်များကို ခုတ်ဖြတ်ခဲ့သည်​ကို​လည်း​ကောင်း ငါ့ကို ပြောပြလော့—

၂၁ ယခုမူကား၊ သင်သည် ဤအရာတို့​အကြောင်း၊ ငါ့ကို​ပြောပြမည်​ဆိုလျှင်၊ သင်​အလို​ရှိသမျှ ငါပေးမည်။ လိုအပ်လေလျှင်၊ ငါသည် သင့်ကို ငါ့တပ်များဖြင့်လည်း ကာကွယ်မည်။ သို့ရာတွင်၊ သင်သည် သူတို့​အားလုံးထက် သာ၍​တန်ခိုးနှင့်​ပြည့်စုံကြောင်း ငါသိ၏။ အဘယ်သို့ပင်​ဖြစ်စေ၊ ငါ့ထံမှ သင်အလို​ရှိသမျှကို သင့်အား ငါအခွင့်​ပေးမည်။

၂၂ ယခုတွင်၊ အမ္မုန်သည် ဉာဏ်ပညာရှိလျက်၊ အန္တရာယ်ကင်းလျက်​ရှိသေး၍၊ လာမောနိအား၊ ဤအရာတို့ကို အဘယ်​တန်ခိုး​အားဖြင့် အကျွန်ုပ်​ပြုကြောင်း ကိုယ်တော်ကို ပြောပြမည်​ဆိုလျှင်၊ အကျွန်ုပ်၏​စကားများကို ကိုယ်တော်​စေ့စေ့နားထောင်​မည်လော။ ဤအရာမှာ ကိုယ်တော်ထံမှ အကျွန်ုပ်​အလို​ရှိသော​အရာ ဖြစ်ပါ၏။

၂၃ မင်းကြီးကလည်း၊ ဟုတ်ပေ၏။ ငါသည် သင်၏​ခပ်သိမ်းသောစကားတို့ကို ယုံကြည်မည်ဟု​ဆို၍ ဖြေ၏။ ထိုကဲ့သို့​အားဖြင့် ပရိယာယ်နှင့် စည်းရုံး​ခံရ၏။

၂၄ အမ္မုန်သည်လည်း ရဲရင့်စွာ​ပြော​စပြု၍၊ ဘုရားသခင်​ရှိတော်မူကြောင်း ကိုယ်တော် ယုံကြည်သလောဟု​မေး၏။

၂၅ သူကလည်း ထိုအရာကား၊ အဘယ်သို့​ဆိုလိုကြောင်း ငါမသိဟု ဆို၍​ဖြေ၏။

၂၆ ထို့နောက်တွင်၊ အမ္မုန်က ကြီးမြတ်သော​ဝိညာဉ်တော် ရှိကြောင်း ကိုယ်တော် ယုံကြည်သလောဟု မေး၏။

၂၇ သူကလည်း ဟုတ်ပေ၏ဟု ဆို၏။

၂၈ ဤသူသည်ကား၊ ဘုရားသခင်​ဖြစ်၏ဟု အမ္မုန်​ဆို၏။ ဘုရားသခင်​ဖြစ်တော်မူသည့် ဤကြီးမြတ်သော​ဝိညာဉ်တော်က ကောင်းကင်ဘုံနှင့် မြေကြီး၌​ရှိသည့် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း​ထားတော်မူကြောင်း ကိုယ်တော်​ယုံကြည်​သလောဟုလည်း အမ္မုန်က တစ်ဖန်​မေး၏။

၂၉ ဟုတ်ပေ၏။ မြေကြီး၌​ရှိသော ခပ်သိမ်းသောအရာတို့ကို သူဖန်ဆင်း​ထားတော်မူကြောင်း ငါ​ယုံကြည်၏။ သို့ရာတွင်၊ ကောင်းကင်ဘုံကို ငါမသိဟု သူဖြေ၏။

၃၀ ကောင်းကင်ဘုံ​သည်ကား၊ ဘုရားသခင်နှင့် သူ၏​သန့်ရှင်းသော ကောင်းကင်​တမန်များ နေထိုင်​တော်မူရာ နေရာ​ဖြစ်၏ဟု အမ္မုန်​ဆို၏။

၃၁ ထိုအရာသည် မြေကြီး​အထက်၌ ရှိသလောဟု လာမောနိ​မင်းကြီးက မေး၏။

၃၂ ဟုတ်ပေ၏။ သူသည် ခပ်သိမ်းသောလူသား​တို့ကို ငုံ့ကြည့်​တော်မူ၍၊ စိတ်နှလုံး၏​အတွေးများနှင့် အကြံ​အစည်​မှန်သမျှကို သိတော်မူ၏။ အကြောင်းမူကား၊ သူ၏​လက်တော်​အားဖြင့် သူတို့​အားလုံးကို ရှေးဦးစွာ​ကတည်းက ဖန်ဆင်း​ထားတော်မူခဲ့၏ဟု အမ္မုန်က​ဆို၏။

၃၃ သင်ပြောလေသည့် ဤအရာခပ်သိမ်းတို့ကို ငါ​ယုံကြည်ပါ၏။ သင့်ကို ဘုရားသခင်ထံမှ စေလွှတ်​ထားလေ​သလောဟု လာမောနိ​မင်းကြီးက ဆို၏။

၃၄ အမ္မုန်​ဆိုလေသည်ကား၊ အကျွန်ုပ်သည် လူသား​တစ်ဦး​ဖြစ်ပါ၏။ ရှေးဦးစွာ၌ လူသားကို ဘုရားသခင်၏​ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်း​ထားတော်မူ၏၊ ဤလူတို့အား ဤအမှုတို့ကို သွန်သင်​ပေး၍၊ ဖြောင့်မတ်​မှန်ကန်သည့် အသိ​ပညာသို့ ဆောင်ခြင်းယူခံရကြနိုင်​စေခြင်းငှာ အကျွန်ုပ်ကို သူ၏​သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ခေါ်သွင်း​တော်မူ၏။

၃၅ ဘုရားသခင်အပေါ်၌ ရှိသော အကျွန်ုပ်၏​ယုံကြည်ခြင်းနှင့် အလို​ဆန္ဒများ​အတိုင်း၊ အကျွန်ုပ်အား အသိပညာနှင့် တန်ခိုးကိုလည်း​ပေးတော်မူသည့် ထိုဝိညာဉ်တော်၏​တစ်စိတ်​တစ်ပိုင်းသည် အကျွန်ုပ်​အထဲ၌ ကိန်းဝပ်​တော်မူ၏။

၃၆ ယခုတွင်၊ အမ္မုန်သည် ဤစကားများကို ပြောလေ​ပြီးနောက်၊ ကမ္ဘာကို ဖန်ဆင်း​တော်မူခြင်းနှင့် ထို့အတူ၊ အာဒံကို ဖန်ဆင်း​တော်မူခြင်းမှလည်း အစပြု၍ လူသား၏​ကျရှုံးခြင်းနှင့်​စပ်လျဉ်းသည့် အရာ​မှန်သမျှကို ပြောပြခဲ့ပြီး၊ မိမိတို့၏​အဘလေဟိ ယေရုရှလင်ကို စွန့်ခွာခဲ့သည့်​အချိန်ထိ​တိုင်အောင် ပရောဖက်တို့​အားဖြင့် ဟောပြော​ထားလေသည့် လူတို့၏ မှတ်တမ်းများနှင့် သန့်ရှင်းသော​ကျမ်းစာများကို ပြန်၍​ပြောပြလျက်၊ ရှေ့၌​ချပြ၏။

၃၇ သူတို့အား (အကြောင်းမူကား၊ ထိုအရာမှာ မင်းကြီးနှင့် သူ၏​ကျွန်တို့အား ပြောခြင်း​ဖြစ်၍) တောရိုင်းထဲ၌၊ မိမိတို့​ဘိုးဘေးများ၏ ခပ်သိမ်းသော ခရီးသွားခြင်းများနှင့် အစာ​ငတ်ခြင်းနှင့် ရေငတ်ခြင်းတို့ဖြင့် သူတို့၏ခပ်သိမ်းသော ဝေဒနာခံစား​ရခြင်းများ​၊ သူတို့၏ အခက်​အခဲများ စသည်တို့ကိုလည်း ပြန်၍​ပြောပြ၏။

၃၈ လာမန်၊ လေမွေလနှင့် ဣရှမေလ၏​သားတို့၏ ပုန်ကန်ခြင်းတို့ကိုလည်း သူတို့ကို ပြန်၍​ပြောပြ၏။ အမှန်စင်စစ်၊ သူတို့၏ခပ်သိမ်းသော ပုန်ကန်ခြင်းတို့ကို ပြန်လည်​ပြောပြ၏။ လေဟိ ယေရုရှလင်ကို စွန့်ခွာခဲ့သည့်​အချိန်မှ​စ၍ မျက်မှောက်​ကာလ​အထိ​တိုင်အောင်​ဖြစ်သည့် ခပ်သိမ်းသော​မှတ်တမ်းများနှင့် ကျမ်းစာများကိုလည်း သူတို့ကို ရှင်းပြ၏။

၃၉ သို့ရာတွင်၊ ဤအရာသည် အလုံးစုံ​မဟုတ်သေး။ အကြောင်းမူကား၊ ကမ္ဘာတည်ကတည်းက ပြင်ဆင်ထား​တော်မူလေသော ရွေးနှုတ်ခြင်း အစီအစဉ်ကို သူ​ရှင်းပြ၏။ ခရစ်တော် ကြွလာ​တော်မူခြင်း အကြောင်းကိုလည်း ဖော်ပြ၏၊ ကိုယ်တော်ရှင်၏ အမှုတော်​မှန်သမျှကိုလည်း သူတို့ကို ဖော်ပြ၏။

၄၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ဤအရာခပ်သိမ်းတို့ကို ပြောပြီးနောက်၊ မင်းကြီးကို ရှင်းပြသဖြင့်၊ မင်းကြီးသည် သူ၏စကားမှန်သမျှကို ယုံကြည်၏။

၄၁ ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်​စပြု၍လည်း သူဆိုလေသည်ကား၊ အို ကိုယ်တော်ရှင်၊ ကရုဏာထားတော်မူပါ။ ကိုယ်တော်သည် နီဖိုင်းလူမျိုးတို့​အပေါ် ထားတော်မူသည့် ကိုယ်တော်၏ မြောက်မြားစွာသော ကရုဏာတော်တို့​အတိုင်း၊ အကျွန်ုပ်နှင့် အကျွန်ုပ်၏ လူတို့​အပေါ် ထားတော်မူပါ။

၄၂ ယခုမူကား၊ ဤသို့​ပြောပြီးလေလျှင်၊ သူသည် မြေကြီးသို့ လဲကျ၍ သေသကဲ့သို့ ဖြစ်လေ၏။

၄၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူ၏​ကျွန်တို့သည် သူ့ကို​သယ်ယူ၍ သူ၏​ဇနီးဆီသို့ သယ်ဆောင်ပြီး၊ အိပ်ရာပေါ်၌ ချထားကြ၏။ သူသည်လည်း၊ သေသကဲ့သို့ နှစ်ရက်နှင့် နှစ်ည​ကြာအောင် လဲ၍​နေ၏။ သူ၏​ဇနီး၊ သူ၏​သားများနှင့် သူ၏​သမီးများတို့သည် သူ့ကို ဆုံးရှုံး​ရ၍ ကြီးစွာ မြည်တမ်းလျက်၊ လာမန်​အမျိုးသားတို့၏​ထုံးစံ​အတိုင်း ငိုကြွေး​မြည်တမ်း​ကြ၏။