အခန်းကြီး ၆
ဇရဟင်မလပြည်ရှိအသင်းတော်သည် သန့်စင်၍၊ အစီအစဉ်တကျ ဖွဲ့စည်းထား၏—အယ်လမာသည် ဟောပြောခြင်းငှာ ဂိဒေါင်ပြည်သို့ သွား၏။ ဘီစီ ၈၃ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အယ်လမာသည် ဇရဟင်မလမြို့၌ တည်ထောင်သည့် အသင်းတော်မှလူတို့အား ပြောဆိုခြင်းကို လက်စသတ်လေပြီးနောက်၊ အသင်းတော်ကို ဦးစီးခြင်းငှာနှင့် ကြည့်ရှုစောင့်ရှောက်ခြင်းငှာ ဘုရားသခင်၏အသင်းအတိုင်း မိမိလက်ကိုတင်၍ ယဇ်ပုရောဟိတ်များနှင့် အသင်းလူကြီးများကို ခန့်ထား၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မိမိတို့အပြစ်များမှ နောင်တရသော၊ အသင်းတော်နှင့် မဆိုင်သော သူမှန်သမျှတို့သည် နောင်တရခြင်းအလို့ငှာ၊ ဗတ္တိဇံခံ၍ အသင်းတော်ထဲသို့ လက်ခံသည်ကို ခံရ၏။
၃ ဤသို့အားဖြင့်လည်းအချိန်တန်လာသောအခါ၊ သူတို့၏ဆိုးညစ်ခြင်းများမှနောင်တမရဘဲ၊ ဘုရားသခင်ရှေ့ ၌ သူတို့ကိုယ်သူတို့ မနှိမ့်ချသော အသင်းတော်နှင့် ဆိုင်သောသူမှန်သမျှသည်—ငါဆိုလိုသည်ကား၊ မိမိမာနစိတ်နှလုံးဖြင့် ဘဝင်မြင့်သောသူတို့သည် ငြင်းပယ်ခံရ၍—အမည်များကို ပယ်ဖျောက်ခံရ၍ သူတို့အမည်များသည် ဖြောင့်မတ်သောသူတို့၏အမည်များ၌ ရေတွက်မခံရ။
၄ ထိုကဲ့သို့အားဖြင့်၊ ဇရဟင်မလမြို့ ၌ အသင်းတော်၏ အသင်းကို သူတို့တည်ထောင်စပြုကြ၏။
၅ ယခုတွင်၊ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ခပ်သိမ်းသောသူတို့ကို စေတနာစိတ်ရှိ၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာရန် သူတို့ကိုယ်သူတို့အတူတကွ စည်းဝေးခြင်းအထူးအခွင့်အရေးမှ ဖယ်ရှားခြင်းကို အဘယ်သူမျှ မခံရကြောင်း သင်တို့နားလည်ကြစေရန် ငါအလိုရှိ၏။
၆ အဘယ်သို့ပင်ဖြစ်စေ၊ ဘုရားသခင်၏သားသမီးတို့သည် သူတို့ကိုယ်သူတို့ အကြိမ်ကြိမ် အတူတကွစုဝေး၍၊ ဘုရားသခင်ကို သိခြင်းမရှိသောသူတို့၏စိတ်ဝိညာဉ်ကောင်းကျိုးအတွက် အစာရှောင်ခြင်းနှင့် အားကြီးသောဆုတောင်းခြင်းတို့ဖြင့် ပေါင်းဆုံရမည့်အကြောင်း မိန့်မှာခံရ၏။
၇ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အယ်လမာသည် ဤစည်းမျဉ်းတို့ကို ပြုပြီးလေလျှင်၊ ထိုသူတို့ထံမှ၊ အထူးသဖြင့်၊ ဇရဟင်မလမြို့ ၌ရှိသော အသင်းတော်မှ ထွက်ခွာသွားပြီး၊ ဇိဒုန်မြစ်၏အရှေ့အရပ်ရှိ၊ ဂိဒေါင်ချိုင့်ဝှမ်းသို့သွား၍၊ နေဟော၏လက်အားဖြင့်၊ ဓားနှင့်ကွပ်မျက်ခြင်းခံရလေသည့်လူ၏ အမည်အတိုင်းခေါ်သည့်၊ ဂိဒေါင်ဟုခေါ်သည့်ချိုင့်ဝှမ်း၌ ဂိဒေါင်မြို့ကို တည်ဆောက်လျက်ရှိ၏။
၈ ဂိဒေါင်ချိုင့်ဝှမ်း၌ တည်ထောင်ထားသော အသင်းတော်သို့ အယ်လမာသည်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကို မိမိဘိုးဘေးတို့ပြောထားလေသည့် စကား၏မှန်ကန်ခြင်းအကြောင်း ဗျာဒိတ်အတိုင်းနှင့်၊ သူ၏လူမျိုးတို့ကို သူတို့၏အပြစ်များမှ ရွေးနှုတ်ခြင်းငှာ ကြွလာတော်မူမည့် ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၏ သက်သေခံချက်အတိုင်း သူ့၌ရှိသော ပရောဖက်ပြုဟောသောဝိညာဉ်နှင့် သူ့ကို ခေါ်တော်မူသည့် သန့်ရှင်းသောအသင်းအတိုင်း ဟောကြားစပြု၏။ ဤမျှအထိ ရေးထား၏။ အာမင်။