ကျမ်းစာများ
အယ်လမာ ၅၈


အခန်းကြီး ၅၈

ဟေလမန်၊ ဂိဒနှင့် တေရောမနာတို့သည် မန်တိ​မြို့ကို ဥပါယ်တံမျဉ်​အားဖြင့် သိမ်း​ယူကြ၏—လာမန်​အမျိုးသားတို့ ဆုတ်​ခွာကြ၏—အမ္မုန်​လူမျိုးတို့၏​သားတို့သည် သူတို့၏​လွတ်လပ်ခြင်းနှင့် ယုံကြည်ခြင်းတို့ကို ကာကွယ်ခြင်း၌ မြဲမြံစွာတည်လျက်ရှိစဉ် ကာကွယ်​စောင့်မ ခံရကြ၏။ ဘီစီ ၆၃–၆၂ ခန့်။

ရှုဦးလော့၊ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ ငါ​တို့၏​နောက်​ရည်ရွယ်ချက်မှာ မန်တိမြို့​ကို ရရှိရန်​ဖြစ်၏။ သို့ရာတွင်၊ ရှုလော့၊ ငါတို့၏​တပ်ဖွဲ့​ငယ်များဖြင့် သူတို့ကို မြို့​အပြင်သို့ ငါတို့​ခေါ်ဆောင်နိုင်ရန် နည်းလမ်း​မရှိ။ အကြောင်းမူကား၊ သူတို့သည် ယခင်က ငါတို့​ပြုခဲ့သည်ကို သတိရ၏။ ထို့ကြောင့်၊ ငါတို့သည် သူတို့၏​အခိုင်​အမာ​စခန်းများမှ ဝေးရာသို့ သူတို့ကို မျှား၍​မခေါ်နိုင်ကြ။

သူတို့သည် ငါတို့၏​တပ်ထက်လည်း ပို၍​အလွန်​မြောက်မြားစွာ​ရှိကြသဖြင့်၊ ငါတို့သည် သူတို့၏​အခိုင်​အမာ​စခန်းများသို့ ထွက်​သွား၍ မတိုက်​ခိုက်ဝံ့ကြ။

ထိုမှတစ်ပါး၊ ငါတို့၏​ပိုင်ဆိုင်ရာ​အဖြစ် ငါတို့​ပြန်လည်​ရရှိသည့် ပြည်၏​ထိုအပိုင်းတို့ကို ထိန်းသိမ်းရာ၌ ငါတို့၏​လူတို့ကို လုပ်ကိုင်​စေရန်လည်း လိုအပ်​လာ၏။ ထို့ကြောင့်၊ ဇရဟင်မလ​ပြည်မှ ပို၍​များသော​အင်အားနှင့် ထို့အတူ၊ ရိက္ခာ​အထောက်​အပံ့​အသစ်များကို ရရှိ​နိုင်ခြင်းငှာ၊ ငါတို့​စောင့်ဆိုင်းရန် လိုအပ်​လာ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါသည် ငါတို့​ပြည်၏​အုပ်ချုပ်​သူထံသို့၊ ငါတို့​လူမျိုးတို့၏​အမှု​အမျိုးမျိုး​အကြောင်းကို အသိ​ပေးခြင်းငှာ သံတမန်​တစ်ဦးကို စေလွှတ်၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါတို့သည် ဇရဟင်မလ​ပြည်မှ ရိက္ခာများနှင့် တပ်​အင်အားကို လက်ခံ​ရရှိရန် စောင့်မျှော်ကြ၏။

သို့ရာတွင်၊ ရှုလော့၊ ဤအမှုသည် ငါတို့ကို အနည်းငယ်​သာလျှင် အကျိုး​ပြုပေ၏။ အကြောင်း​မူကား၊ လာမန်​အမျိုးသားတို့​သည်လည်း ကြီးစွာသော​တပ်အင်အား၊ ထို့အတူ၊ များစွာသော​ရိက္ခာတို့ကို နေ့တိုင်း​မပြတ် ရရှိ​နေကြ၏။ ဤရွေ့ကား၊ ယခု​အချိန်​ကာလမှာ ရှိသည့် ငါတို့​အခြေ​အနေများ​ပေတည်း။

လာမန်​အမျိုးသားတို့​သည်လည်း ငါတို့ကို ဆန့်ကျင်၍၊ ငါတို့ကို ဥပါယ်တံမျဉ်​အားဖြင့် ဖျက်ဆီးရန် ဆုံးဖြတ်လျက်၊ အချိန်နှင့်​အမျှ ရုတ်တရက်​ထိုးဖောက်​တိုက်ခိုက်​နေလေ၏။ သို့သော်လည်း၊ ငါတို့သည် သူတို့၏​ပုန်းအောင်းရာ​စခန်းများနှင့် အခိုင်​အမာ​စခန်းများကြောင့် သူတို့ကို စစ်​မတိုက်​နိုင်ခဲ့ကြ။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါတို့​သည် ဤခက်ခဲသော​အခြေ​အနေများ၌ လပေါင်း​များစွာ​ကြာ၍၊ စားစရာ​မရှိခြင်းကြောင့် ပျက်စီး​ခါနီးလေသည့် တိုင်အောင်ပင် စောင့်မျှော်ကြ၏။

သို့ရာတွင်၊ အချိန်တန်​လာသော​အခါ၊ ငါတို့သည် ကူညီရန်​လာသည့် လူ​နှစ်ထောင်တို့၏​တပ်အားဖြင့် စောင့်ရှောက်၍​ယူခဲ့သည့် စားစရာကို လက်ခံရ​ရှိကြ၏။ ဤအရာ​သည်ကား၊ ငါတို့​ကိုယ်တိုင်နှင့် ငါတို့​တိုင်းပြည်ကို ငါတို့​၏ရန်သူများ​လက်ထဲသို့ ကျရောက်ခြင်းမှ ကာကွယ်ရန်၊ ထိုမှတစ်ပါး၊ မရေတွက်​နိုင်အောင်များ​လှသော​ရန်သူနှင့် တိုက်ခိုက်ရန် ငါတို့​လက်ခံရ​ရှိသည့်​အရာ​အလုံးစုံ​ဖြစ်လေ​သတည်း။

ယခုမူကား၊ ငါတို့၏​ဤခက်ခဲခြင်း​များ၏​အကြောင်းရင်း၊ သို့မဟုတ်၊ ငါတို့​ထံသို့ တပ်​အင်အားကို သူတို့​အဘယ့်ကြောင့် ထပ်၍​မပို့သည့် အကြောင်းရင်းကို ငါတို့​သိခြင်း​မရှိ။ ထို့ကြောင့်၊ ငါတို့သည် ဝမ်းနည်း​ပူဆွေး၍၊ အဘယ်​နည်းဖြင့်​မဆို ဘုရားသခင်၏​တရား​စီရင်​တော်မူခြင်းများ ငါတို့​ပြည်ပေါ်သို့ ကျရောက်၍၊ ငါတို့​ကျဆုံးခြင်းနှင့် ရှင်းရှင်း​ပျက်စီးခြင်းတို့ကို စိုး​ရိမ်ခြင်းနှင့်လည်း ပြည့်၏။

၁၀ ထို့ကြောင့်၊ ငါတို့​သည် ငါတို့၏စိတ်ဝိညာဉ်ကို ဘုရားသခင်ထံသို့ ဆုတောင်းခြင်း၌ သွန်းလောင်း​သည်ကား၊ ငါတို့ကို ခွန်​အားဖြည့်​ပေးတော်မူ၍၊ ငါတို့​ရန်သူများ၏​လက်မှ ကယ်လွှတ်​တော်မူမည့် အကြောင်း၊ ထိုမှတစ်ပါး၊ ငါတို့​လူမျိုးတို့၏ အထောက်​အမ​အတွက်၊ ငါတို့၏​မြို့များနှင့် ငါတို့​ပြည်များ၊ ထို့အတူ၊ ငါတို့၏ပိုင်ဆိုင်ရာများကို ငါတို့ထိန်းသိမ်းထားနိုင်ခြင်းငှာ၊ ခွန်အား​ပေးတော်​မူပါမည့်​အကြောင်း​ပေတည်း။

၁၁ ထိုမှတစ်ပါး၊ အချိန်တန်​လာသော​အခါ၊ ငါတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်သည် ငါတို့ကို ကယ်လွှတ်​တော်မူမည်ဟူသော​အာမခံ​ချက်နှင့်​အတူ၊ ငါတို့ကို အကြည့်​အရှု​ကြွတော်မူ၍၊ ထိုမှတစ်ပါး၊ ငါတို့​၏စိတ်ဝိညာဉ်များအား ငြိမ်းချမ်းခြင်း​ကို ဟော​တော်မူလျက်၊ ငါတို့အား ကြီးစွာ​သော​ယုံကြည်ခြင်းကို အခွင့်​ပေးတော်မူလျက်၊ သူ့အားဖြင့် ငါတို့၏​လွတ်မြောက်ခြင်းကို ငါတို့ မျှော်​လင့်​စေ၏။

၁၂ ငါတို့​သည်လည်း၊ ငါတို့​လက်ခံ​ရရှိသည့် တပ်ဖွဲ့​ငယ်ဖြင့် ရဲရင့်ခြင်း​ရှိ၍၊ ငါတို့​၏ရန်သူများကို အနိုင်​ရခြင်းငှာ​လည်းကောင်း၊ ငါတို့​ပြည်များ၊ ငါတို့​ပိုင်ဆိုင်ရာများ၊ ငါတို့​ဇနီးများ၊ ငါတို့​သားသမီးများနှင့် ငါတို့၏​လွတ်လပ်ခြင်း​အမှုတို့ကို ထိန်းသိမ်းခြင်း​ငှာ​လည်း​ကောင်း သန္နိဌာန်ဖြင့် ခိုင်မာလျက်​ရှိလေ၏။

၁၃ ထိုကဲ့သို့​အားဖြင့်၊ ငါတို့သည် မန်တိမြို့​ရှိ​လာမန်​အမျိုးသားများကို ငါတို့၏​စွမ်း​အား​ရှိသမျှနှင့်​သွား၍ တိုက်ခိုက်၏။ ထိုမြို့​အနီးရှိ တောရိုင်း​ဘေး၌ ငါတို့၏​တဲများကိုလည်း ဆောက်ကြ၏။

၁၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နက်ဖြန်​နေ့တွင်၊ လာမန်အမျိုးသားတို့သည် ထိုမြို့နှင့်​နီးသော တောရိုင်း​အနီး​နယ်နိမိတ်တို့၌ ငါတို့​ရှိသည်ကို မြင်လျှင်၊ ငါတို့​တပ်၏ အရေ​အတွက်နှင့် အင်အားကို ရှာဖွေ​တွေ့​ရှိနိုင်ခြင်းငှာ၊ သူတို့၏​သူ​လျှိုများကို ငါတို့​၏ပတ်​ပတ်​လည်သို့ စေလွှတ်ကြ၏။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ငါတို့​အရေ​အတွက်​အရ ငါတို့​အားမကြီး​သည်ကို မြင်ကြ​သောအခါ၊ ထွက်​လာ၍ ငါတို့​ကိုမတိုက်​ခိုက်၊ မသတ်ကြလျှင်၊ သူတို့၏​အထောက်​အမကို ငါတို့​ဖြတ်တောက်မည့်​အကြောင်း စိုးရိမ်လျက်၊ ထို့အတူ၊ သူတို့၏​မြောက်မြားစွာ​သော​ဗိုလ်ခြေ​တို့ဖြင့် ငါတို့ကို လွယ်ကူစွာ​ဖျက်ဆီး​နိုင်မည်ဟု ထင်မှတ်လျက်၊ ထို့ကြောင့်၊ ငါတို့ကို ဆန့်ကျင်၍ စစ်တိုက်​ထွက်​လာခြင်းငှာ ပြင်​ဆင်ခြင်းများ​ပြုရန် အစ​ပြုကြ၏။

၁၆ ငါတို့​ဆီသို့ သူတို့​ထွက်လာရန် ပြင်ဆင်ခြင်းများ ပြု​နေကြ​သည်ကို ငါတို့​မြင်လျှင်၊ ရှုလော့၊ ငါသည် ဂိဒကို အရေ​အတွက်​နည်းငယ်သော​လူတို့နှင့်​အတူ၊ သူ့ကိုယ်​သူ တောရိုင်းထဲ၌ ပုန်း​အောင်း​စေ၍၊ တေရောမနာနှင့် အရေ​အတွက်​အနည်း​ငယ်သော​လူတို့ကိုလည်း သူတို့ကိုယ်​သူတို့ တောရိုင်း​ထဲ၌ ပုန်း​အောင်း​စေ၏။

၁၇ ယခုတွင်၊ ဂိဒနှင့် သူ၏​လူတို့သည် လက်ယာဘက်၌​လည်းကောင်း၊ အခြား​သော​သူတို့​သည် လက်ဝဲ​ဘက်၌​လည်းကောင်း ရှိကြ၏။ သူတို့ကိုယ်​သူတို့ ထိုကဲ့သို့ ပုန်း​အောင်းနေစဉ်၊ ရှုလော့၊ ငါသည် လာမန်​အမျိုးသားတို့ လာ၍​စစ်တိုက်မည့်​အချိန်​အတွက် ငါတို့ပြင်ဆင်သည့်၊ ငါတို့၏​တဲများကို ငါတို့​ပထမ​ဦးဆုံး ဆောက်သည့် ထိုနေရာ၌ ငါ့​တပ်မှ​ကျန်ကြွင်းသော​သူတို့နှင့်​အတူ ဆက်၍​နေ၏။

၁၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့သည် သူတို့၏​မြောက်​မြားစွာ​သော​တပ်နှင့် ငါတို့​ဆီသို့ ထွက်​လာကြ၏။ သူတို့​ထွက်​လာ၍၊ ငါတို့ကို ဓားနှင့်​တိုက်ခိုက်​တော့မည်​ပြု​စဉ်​တွင်၊ ငါသည် အတူ​ရှိလေသည့် ငါ၏​လူတို့ကို တောရိုင်းထဲသို့ ဆုတ်​ခွာစေ၏။

၁၉ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုး​သားတို့သည် ငါတို့​နောက်သို့ ကြီးစွာသော လျင်​မြန်ခြင်းနှင့်​လိုက်ကြ၏။ အကြောင်း​မူကား၊ သူတို့​သည် ငါတို့​ကို​ကွပ်​မျက်နိုင်ခြင်းငှာ၊ မီရန် အလွန်​အလို​ရှိကြ၏။ ထို့ကြောင့်၊ တောရိုင်း​ထဲသို့ ငါတို့​နောက်မှ လိုက်၏။ ငါတို့​သည်လည်း ဂိဒနှင့် တေရောမနာတို့​ကြားမှ ဖြတ်၍​သွားရာ၊ သူတို့ကို လာမန်​အမျိုးသားတို့ မတွေ့ကြ။

၂၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့ ဖြတ်​လာချိန်၌၊ သို့မဟုတ် ထို​တပ်ဖြတ်​လာချိန်၌၊ ဂိဒနှင့် တေရောမနာ​တို့သည် သူတို့၏​ပုန်း​အောင်ရာ နေရာများမှ ထ​လာ၍၊ လာမန်​အမျိုးသားတို့၏ သူလျှိုတို့ကို မြို့သို့​ပြန်​မသွားနိုင်​စေခြင်းငှာ၊ ဟန့်​တား၏။

၂၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ဟန့်​တားကြ​ပြီးလျှင်၊ မြို့ဆီသို့ ပြေး​သွား၍၊ မြို့ကို​စောင့်ရန် ကျန်ခဲ့​သူများကို တိုက်ခိုက်၍၊ ဖျက်​ဆီးလျက်၊ မြို့ကို သိမ်း​ပိုက်ကြ၏။

၂၂ ယခုတွင်၊ လာမန်​အမျိုး​သားတို့သည် အနည်း​ငယ်သော​သူတို့​မှတစ်ပါး၊ သူတို့၏​တပ်​တစ်ခုလုံးကို တောရိုင်း​ထဲသို့​ခေါ်​သွားစေရန် အခွင့်​ပေးခဲ့သော​ကြောင့်၊ ဤသို့ ဖြစ်ရ၏။

၂၃ ဤသို့အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဂိဒနှင့် တေရောမနာတို့သည် ဤနည်း​အားဖြင့်၊ ထို​သူတို့၏ အခိုင်​အမာ​စခန်းများကို ရရှိကြ၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါတို့သည် ဇရဟင်မလ​ပြည်ဆီသို့ တောရိုင်းထဲ၌ များစွာ​ခရီး​သွားကြ​ပြီးလျှင်၊ ငါတို့​ခရီးကို ဆက်ကြ၏။

၂၄ လာမန်​အမျိုး​သားတို့​သည်လည်း ဇရဟင်မလ​ပြည်ဆီသို့ သူတို့​ချီတက်​နေကြောင်းကို သတိ​ပြုမိသော​အခါ၊ သူတို့ကို ပျက်စီးခြင်း​သို့ပို့ဆောင်ရန် အကြံ​အစည်​တစ်ခု ချထား​လေမည်ကို စိုးရိမ်​သဖြင့် လွန်စွာ​ကြောက်​လန့်ကြ၏။ ထို့ကြောင့်၊ သူတို့သည် တောရိုင်း​ထဲသို့၊ အမှန်စင်စစ်၊ သူတို့​လာခဲ့သည့်​လမ်းဖြင့်ပင် တစ်ဖန် ပြန်၍ ဆုတ်ခွာ​စပြုကြ၏။

၂၅ ရှုဦးလော့၊ ညဉ့်​အချိန်​ဖြစ်၍၊ သူတို့သည် သူတို့၏​တဲများကို ဆောက်ကြ၏။ အကြောင်းမူကား၊ နီဖိုင်း​အမျိုးသားတို့မှာ ချီတက်ခြင်းကြောင့် မောပန်း​လေပြီဟု လာမန်​အမျိုးသားတို့၏ ဗိုလ်ချုပ်​မင်းတို့က ထင်မှတ်ကြ၏။ ထို့အတူ၊ သူတို့​တပ်​တစ်ခုလုံး​ကိုလည်း နှင်ထုတ်​ပြီးလေ​ပြီဟု ထင်​မှတ်လျက်၊ ထို့ကြောင့်၊ မန်တိမြို့​အကြောင်းကို မစဉ်းစားကြ။

၂၆ ယခုတွင်၊ အချိန်​တန်​လာသော​အခါ၊ ညဉ့်​အချိန်သို့​ရောက်လျှင်၊ ငါသည် ငါ၏​လူတို့ကို မအိပ်​စေ၊ တခြားသော​လမ်း​အားဖြင့် မန်တိ​ပြည်​ဆီသို့ ဆက်၍သာ​ချီ​တက်စေ၏။

၂၇ ဤကဲ့သို့ ညဉ့်​အချိန်၌ ငါတို့၏​ချီတက်ခြင်းကြောင့်၊ ရှုလော့၊ နက်ဖြန်​နေ့၌၊ ငါတို့သည် လာမန်​အမျိုးသားတို့ကို လွန်၍၊ မန်တိမြို့ ၌ သူတို့ရှေ့မှ ရောက်ကြ၏။

၂၈ ထိုကဲ့သို့​အားဖြင့်၊ အချိန်တန်​လာသော​အခါ၊ ဤဥပါယ်တံမျဉ်​အားဖြင့်၊ ငါတို့သည် မန်တိ​မြို့ကို အသွေး​သွန်း​လောင်းခြင်း​မရှိဘဲနှင့် သိမ်း​ယူကြ၏။

၂၉ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့၏​တပ်များသည် မြို့အနီးသို့ ရောက်လာ၍၊ သူတို့ကို ရင်ဆိုင်ရန် ငါတို့ ပြင်ဆင်​ထားကြောင်းကို မြင်ကြလျှင်၊ လွန်စွာ​အံ့ဩလျက်၊ ရုတ်တရက်​ကြီးစွာ​ကြောက်ရွံ့သဖြင့်၊ တောရိုင်းထဲသို့ ထွက်ပြေး​သွားကြ၏။

၃၀ ထိုမှတစ်ပါး၊ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့၏​တပ်များသည် ပြည်၏ ဤအရပ်​တစ်ခုလုံးသို့ ထွက်​ပြေးကြ၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့နှင့်​အတူ၊ များစွာသော​မိန်းမများနှင့် ကလေးများကို ထိုပြည်မှ ဆောင်ယူ​သွားကြ၏။

၃၁ လာမန်​အမျိုးသားတို့​အားဖြင့် သိမ်းယူခြင်းကို ခံရလေသည့် ထိုမြို့​အားလုံးသည် ယခု​အချိန်​ကာလတွင် ငါတို့၏​ပိုင်ဆိုင်ရာသို့ ရောက်ပေပြီ။ လာမန်​အမျိုးသားတို့​အားဖြင့် စစ်​အကျဉ်း​သားများ​အဖြစ် သိမ်းယူ၍​ခေါ်ဆောင်​သွားခြင်း​ခံရ​သူတို့​မှတစ်ပါး၊ ငါတို့၏​အဘများ၊ ငါတို့၏​မိန်းမများနှင့် ငါတို့၏​သားသမီးများ၊ ခပ်သိမ်းသော​သူတို့​သည်လည်း မိမိတို့နေအိမ်များသို့ ပြန်​လာလျက်​ရှိကြ၏။

၃၂ သို့ရာတွင်၊ ရှုလော့၊ ငါတို့၏တပ်များမှာ အရေ​အတွက်​အလွန်များ​လှသော မြို့များနှင့် အလွန်များသော ပိုင်ဆိုင်ရာတို့ကို ထိန်းသိမ်းရန် သေးငယ်၏။

၃၃ သို့ရာတွင်၊ ရှုလော့၊ ငါတို့ကို ထိုပြည်များ​အပေါ်၌ အောင်မြင်ခြင်းကို ပေးလေသည့် ငါတို့၏​ဘုရားသခင်၌ ငါတို့​ကိုးစားသဖြင့်၊ ငါတို့​ကိုယ်ပိုင်​ဖြစ်သည့် ထိုမြို့များနှင့် ထိုပြည်တို့ကို ငါတို့​ရရှိကြ၏။

၃၄ ယခုတွင်၊ ငါတို့သည် အစိုးရက ငါတို့ကို အဘယ့်ကြောင့် တပ်အင်​အားထပ်၍​မပေးသည့် အကြောင်း​ရင်းကို မသိကြ။ ပို၍​များသော​တပ်အင်​အားကို ငါတို့​အဘယ့်ကြောင့် မရရှိ​လေကြောင်း ငါတို့​နှင့်လာ၍ ပူးပေါင်းသော​သူတို့​ကလည်း မသိကြ။

၃၅ ရှုလော့၊ သင်တို့​မအောင်မြင်ဘဲ၊ ရှိကောင်း​ရှိပေမည်။ အင်အားစုများကို ပြည်၏​ထိုအရပ်သို့ သင်တို့​ခေါ်သွား​ကောင်း​ခေါ်သွား​ကြပေမည်။ ထိုသို့​ဆိုလျှင်၊ ညည်းညူ​အပြစ်​တင်ခြင်းကို ငါတို့ မပြုလိုကြ။

၃၆ ထိုသို့​မဟုတ်လျှင်၊ ရှုလော့၊ ငါတို့သည် အစိုးရ၌ သဘော​ထား​ကွဲလွဲမှု​အချို့​ရှိ၍သာ၊ ငါတို့ကို ကူညီစေရန် ပို၍​များသော​လူတို့ကို သူတို့​မစေလွှတ်​သလောဟု သံသယ​ဖြစ်မိ၏။ အကြောင်းမူကား၊ သူတို့​စေလွှတ်သော​သူတို့ထက် ပို၍​မြောက်မြား​စွာရှိ​ကြောင်းကို ငါတို့​သိ၏။

၃၇ သို့ရာတွင်၊ ရှုလော့၊ ထိုအမှုမှာ အရေး​မကြီး—ငါတို့၏​တပ်များ၌ အားနည်း​သော်လည်း၊ ငါတို့ကို ဘုရားသခင်​ကယ်လွှတ်​တော်မူလိမ့်မည်၊ အမှန်စင်စစ်၊ ငါတို့​ရန်သူများ၏​လက်မှ ငါတို့ကို ကယ်လွှတ်​တော်မူလိမ့်မည်​ဖြစ်ကြောင်းကို ငါတို့ ယုံကြည်​စိတ်ချ၏။

၃၈ ရှုလော့၊ ယခု​အချိန်သည် နှစ်ဆယ်ကိုး​နှစ်မြောက် နောက်ဆုံး​ပိုင်းကာလ​ဖြစ်၏၊ ငါတို့​ပြည်များကို ငါတို့​ပိုင်ဆိုင်ကြပြီ။ လာမန်​အမျိုးသားတို့​သည်လည်း နီဖိုင်း​ပြည်ထဲသို့ ထွက်​ပြေးလေပြီ။

၃၉ ငါ​အလွန်​သဘောကျစွာ​ပြောလေသူ၊ အမ္မုန်​လူမျိုးတို့၏​ထိုသား​နှစ်ထောင်တို့​သည်လည်း မန်တိမြို့မှာ ငါနှင့်​အတူ ရှိကြ၏။ ကိုယ်တော်ရှင်သည် သူတို့ကို ထောက်မတော်မူ၏၊ ထိုမှတစ်ပါး၊ သူတို့ကို ဓားဘေးဖြင့်​ကျဆုံးခြင်းမှ တားဆီး​တော်မူ​လေသဖြင့်၊ တစ်ယောက်မျှပင် ကွပ်မျက်​မခံရ။

၄၀ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် ဒဏ်ရာများစွာ ရရှိကြ၏။ သို့သော်လည်း၊ သူတို့ကို ဘုရားသခင် လွတ်လပ်​စေတော်မူသော ထိုလွတ်လပ်ခြင်း၌ မြဲမြံစွာတည်လျက်၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ကို နေ့တိုင်း​မပြတ်​အောက်မေ့ရန် အလေး​ဂရု​ပြုကြ၏။ ထိုမှတစ်ပါး၊ သူ၏​ထုံးဥပဒေသများ၊ သူ၏​စီရင်​တော်မူချက်များနှင့် သူ၏​ပညတ်တော်များကို အစဉ်​မပြတ်​စောင့်ထိန်းရန် အားထုတ်လျက်၊ ဖြစ်လာမည့်​အရာတို့နှင့်​စပ်လျဉ်းသည့် ပရောဖက်​ပြုဟောချက်များ၌ သူတို့၏​ယုံကြည်ခြင်း​သည်လည်း အားကြီး၏။

၄၁ ယခုမူကား၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကို မော်ရော်နိုင်း၊ ငါတို့ကို ရွေးနှုတ်တော်မူသည့်၊ လွတ်လပ်​စေတော်မူသည့် ငါတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်သည် သင့်ကို သူ၏​မျက်မှောက်၌ အစဉ်​မပြတ် ကာကွယ်​စောင့်မ​တော်မူပါစေ။ ထိုမှတစ်ပါး၊ ဤလူမျိုးတို့ကို သူထောက်​မတော်မူလျက်၊ ငါတို့​အတွက် အထောက်​အမ​ဖြစ်သည့်၊ ငါတို့​ထံမှ လာမန်​အမျိုးသားတို့ သိမ်းယူ​သွားခဲ့သည့် ခပ်သိမ်းသော​ပိုင်ဆိုင်ရာ​တို့ကို သင်တို့​ရယူရာ၌ အောင်မြင်ခြင်း​ရှိပါစေ။ ယခုမူကား၊ ရှုလော့၊ ငါ၏​အမှာစာကို အဆုံး​သတ်၏။ ငါသည် အယ်လမာ၏သား ဟေလမန်​ဖြစ်၏။