အခန်းကြီး ၄၈
အာမလိခိယသည် နီဖိုင်းအမျိုးသားတို့တစ်ဖက်၌ လာမန်အမျိုးသားတို့ကို လှုံ့ဆော်၏—မော်ရော်နိုင်းသည် ခရစ်ယာန်တို့၏အမှုကို ကာကွယ်ခြင်းငှာ သူ၏လူများကို ပြင်ဆင်၏—သူသည် လွတ်လပ်ခြင်းနှင့် လွတ်လပ်ခွင့်တို့၌ ရွှင်လန်းဝမ်းမြောက်လျက်၊ ဘုရားသခင်၏ အားကြီးသောလူတစ်ဦးဖြစ်၏။ ဘီစီ ၇၂ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အာမလိခိယသည် နိုင်ငံကို ရလျှင်ရချင်း၊ နီဖိုင်းအမျိုးသားတို့ကို ဆန့်ကျင်၍ လာမန်အမျိုးသားတို့၏ စိတ်နှလုံးကို လမ်းပြလှုံ့ဆော်စပြု၏။ ထိုမှတစ်ပါး၊ သူသည် နီဖိုင်းအမျိုးသားတို့ကို ဆန့်ကျင်လျက်၊ လာမန်အမျိုးသားတို့ကို သူတို့၏လင့်စင်များမှနေ၍ ဟောပြောစေရန် လူများကို ခန့်အပ်ထား၏။
၂ ထိုကဲ့သို့အားဖြင့်၊ သူသည် နီဖိုင်းအမျိုးသားတို့ကို ဆန့်ကျင်၍၊ သူတို့စိတ်နှလုံးကို လမ်းပြလှုံ့ဆော်သဖြင့်၊ တရားသူကြီးများအုပ်စိုးခြင်းတစ်ဆယ်ကိုးနှစ်မြောက်နှစ်၏ နောက်ဆုံးပိုင်းကာလ၌၊ သူ့အကြံအစည်ကို ဤမျှအထိ ပြီးမြောက်၍၊ အထူးသဖြင့်၊ လာမန်အမျိုးသားတို့အပေါ် မင်းပြု၍၊ ထိုပြည်တစ်လျှောက်လုံး၊ ထိုမှတစ်ပါး၊ ထိုပြည်ရှိ ခပ်သိမ်းသောလူမျိုး၊ နီဖိုင်းအမျိုးသားများ၊ ထို့အတူ လာမန်အမျိုးသားများအပေါ်၌လည်း အုပ်စိုးရန် ကြိုးစားအားထုတ်၏။
၃ ထို့ကြောင့်၊ သူ၏အကြံအစည်ကို ပြီးမြောက်လေ၏။ အကြောင်းမူကား၊ သူသည် လာမန်အမျိုးသားတို့၏စိတ်နှလုံးကို မာကျောစေလျက်၊ သူတို့၏အသိစိတ်ကို ကွယ်စေလျက်၊ သူတို့ကို အမျက်ထွက်စေရန် နှိုးဆော်၍၊ နီဖိုင်းအမျိုးသားတို့ကိုဆန့်ကျင်ပြီး၊ စစ်တိုက်သွားရန် မြောက်မြားစွာသော ဗိုလ်ခြေတို့ကို အတူတကွ စုဝေး၏။
၄ အကြောင်းမူကား၊ သူ၏လူတို့ အရေအတွက်များခြင်းကြောင့်၊ နီဖိုင်းအမျိုးသားတို့ကို အနိုင်ရရန်နှင့် ကျွန်ပြုခြင်းသို့ ဆောင်ယူရန် သန္နိဌာန်ချ၏။
၅ ထိုကဲ့သို့အားဖြင့်၊ သူသည် ဇော်ရမ်အမျိုးသားတို့ကို၊ နီဖိုင်းအမျိုးသားတို့၏အင်အား၊ သူတို့၏မှီခိုရာအရပ်များ၊ သူတို့မြို့များ၏ အားအနည်းဆုံးအပိုင်းတို့နှင့် အကျွမ်းဝင်ဆုံးဖြစ်လေသောကြောင့်၊ ဗိုလ်ချုပ်မင်းများအဖြစ်ခန့်အပ်ထား၏။ ထို့ကြောင့်၊ သူတို့ကို သူ့တပ်များအပေါ် ဗိုလ်ချုပ်မင်းများအဖြစ် ခန့်အပ်ထား၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့ရိက္ခာတပ်ကိုခေါ်၍၊ တောရိုင်းထဲ၌ ဇရဟင်မလပြည်သို့ ချီတက်ကြ၏။
၇ ယခုတွင်၊ အချိန်တန်လာသောအခါ၊ အာမလိခိယသည် ထိုကဲ့သို့ လှည့်စားခြင်းနှင့် လှည့်ဖြားခြင်းတို့အားဖြင့် အာဏာကို ရယူလျက်ရှိစဉ်တွင်၊ အခြားတစ်ဖက်တွင် မော်ရော်နိုင်းသည် လူတို့၏စိတ်ကို သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်အား သစ္စာရှိကြစေရန် ပြင်ဆင်လျက်ရှိလေ၏။
၈ ထိုမှတစ်ပါး၊ သူသည် နီဖိုင်းအမျိုးသားတို့၏တပ်များကို ခွန်အားဖြည့်ပေးလျက်၊ သူတို့မြို့များတစ်ဝိုက်နှင့် သူတို့ပြည်၏နယ်နိမိတ်၌၊ အမှန်စင်စစ်၊ ထိုပြည်တစ်ဝိုက်လုံး၌တပ်များကို ဝိုင်းကာခြင်းငှာ၊ မြေကတုတ်များပြုလျက်၊ သူတို့ကို ဝိုင်းပတ်ခြင်းငှာလည်း ကျောက်တံတိုင်းများကိုတည်ဆောက်လျက်၊ ငယ်သောခံတပ်များ သို့မဟုတ်၊ မှီခိုရာနေရာများကို ဆောက်စေ၏။
၉ သူတို့၏အားအနည်းဆုံး ခံတပ်နေရာများ၌၊ အရေအတွက်ပို၍များသော လူတို့ကို နေရာချထား၏။ ထိုကဲ့သို့အားဖြင့်၊ သူသည် နီဖိုင်းအမျိုးသားတို့ ပိုင်ဆိုင်လေသည့် ပြည်ကို အင်အားခိုင်မာစေပြီး၊ ခွန်အားဖြည့်ပေး၏။
၁၀ ထိုကဲ့သို့အားဖြင့်၊ သူသည် သူတို့၏လွတ်လပ်ခြင်း၊ သူတို့၏မြေများ၊ သူတို့၏ဇနီးများ၊ သူတို့၏သားသမီးများနှင့် သူတို့၏ငြိမ်းချမ်းခြင်းကို ထောက်မရန် ပြင်ဆင်လျက်ရှိ၏။ သူတို့၏ ဘုရားသခင်ကိုယ်တော်ရှင်အတွက် သူတို့အသက်ရှင်နိုင်ကြခြင်းငှာ၊ ထို့အတူ သူတို့၏ရန်သူများခေါ်သည့် ခရစ်ယာန်တို့၏ အမှုကို သူတို့ထိန်းသိမ်းနိုင်ခြင်းငှာပေတည်း။
၁၁ မော်ရော်နိုင်းသည်လည်း သန်မာ၍၊ အားကြီးသောသူတစ်ဦးဖြစ်၏။ သူသည် စုံလင်သောနားလည်ခြင်းရှိသူ၊ ထိုမှတစ်ပါး၊ အသွေးသွန်းလောင်းခြင်း၌ မမွေ့လျော်သောသူတစ်ဦး၊ မိမိတိုင်းပြည်၏လွတ်လပ်ခြင်းနှင့် လွတ်လပ်မှု ၊ ထို့အတူ၊ မိမိညီအစ်ကိုတို့ ကျွန်ခံရာနှင့် ကျွန်စနစ်တို့မှ လွတ်လပ်ခြင်းနှင့် လွတ်လပ်ခွင့်တို့ကြောင့် ဝမ်းမြောက်သည့်စိတ်ဝိညာဉ်ရှိသူ တစ်ဦးဖြစ်၏။
၁၂ ထိုမှတစ်ပါး၊ သူ့လူမျိုးတို့အပေါ်၌ ပေးတော်မူခဲ့သည့် များစွာသောအထူးအခွင့်အရေးများနှင့် ကောင်းချီးမင်္ဂလာများအတွက် သူ၏ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ပြည့်သည့် စိတ်နှလုံးရှိသောသူတစ်ဦးဖြစ်၏။ သူ့လူမျိုးတို့၏ကောင်းကျိုးနှင့် ဘေးလွတ်ခြင်းအတွက် လွန်စွာအလုပ်လုပ်သောသူတစ်ဦးဖြစ်၏။
၁၃ ထိုမှတစ်ပါး၊ သူသည် ခရစ်တော်ကို ယုံကြည်ခြင်း၌ ခိုင်မြဲသူတစ်ဦးလည်းဖြစ်ပြီး၊ သူ၏လူမျိုး၊ သူ၏အခွင့်အရေးများ၊ သူ၏တိုင်းပြည်နှင့် သူ၏ဘာသာတရားအတွက် သူ့အသွေးခန်းသည့်တိုင်အောင်ပင် ကာကွယ်ရန် ကျိန်ဆိုခြင်းဖြင့် ကျိန်လေ၏။
၁၄ ယခုတွင်၊ နီဖိုင်းအမျိုးသားတို့သည် သူတို့ရန်သူများတစ်ဖက်၌၊ လိုအပ်လေလျှင်၊ အသွေးသွန်းလောင်းသည့်တိုင်အောင်ပင် သူတို့ကိုယ်ကိုကာကွယ်စေရန် သွန်သင်ခံရလေ၏။ ထိုမှတစ်ပါး၊ သူတို့သည် အဘယ်တော့မျှ၊ မတိုက်ခိုက်ကြရန်၊ ထိုမှတစ်ပါး၊ ရန်သူကို ဆန့်ကျင်ရန်မှတစ်ပါး၊ သူတို့အသက်ကို ကာကွယ်စောင့်ရှောက်ရန်မှတစ်ပါး ဓားကို အဘယ်တော့မျှ မဝံ့စေရန်ကိုလည်း သွန်သင် ခံရလေ၏။
၁၅ သူတို့၏ယုံကြည်ခြင်းသည်ကား၊ ထိုကဲ့သို့ပြုခြင်းအားဖြင့်၊ ဘုရားသခင်သည် သူတို့ကို ထိုပြည်၌ အောင်မြင်စေတော်မူလိမ့်မည်။ သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ သူတို့သည် ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းရာ၌ သစ္စာရှိလျှင်၊ ထိုပြည်၌ သူတို့ကို အောင်မြင်စေတော်မူလိမ့်မည်။ ထိုမှတစ်ပါး၊ သူတို့၏ဘေးအန္တရာယ်အလိုက် ထွက်ပြေးစေခြင်းငှာ၊ သို့မဟုတ် စစ်တိုက်ခြင်းအတွက်ပြင်ဆင်စေခြင်းငှာ သူတို့ကို သတိပေးတော်မူမည်။
၁၆ သူတို့ရန်သူများတစ်ဖက်၌ သူတို့ကိုယ်ကို ကာကွယ်ရန် အဘယ်အရပ်သို့ သွားရမည်ကိုလည်း ဘုရားသခင်ပြတော်မူလိမ့်မည်။ ထိုသို့ပြုခြင်းအားဖြင့်၊ သူတို့ကို ကိုယ်တော်ရှင် ကယ်လွှတ်တော်မူလိမ့်မည်။ ဤအရာမှာ၊ မော်ရော်နိုင်း၏ ယုံကြည်ခြင်း ဖြစ်၏။ သူ့စိတ်နှလုံးသည် ထိုအမှု၌ ဝမ်းမြောက်သည်မှာ၊ အသွေးသွန်းလောင်းခြင်း၌ မဟုတ်၊ ကောင်းမြတ်သည်ကို ပြုခြင်း၌၊ သူ၏လူမျိုးတို့ကို ကာကွယ်စောင့်မခြင်း၌၊ ထိုမှတစ်ပါး၊ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ထိန်းခြင်း၌၊ ထိုမှတစ်ပါး၊ ဒုစရိုက်ကို ဆီးတားရာ၌သာ ဖြစ်လေ၏။
၁၇ ထိုမှတစ်ပါး၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ရှိပြီးလေသော၊ ယခုရှိသော၊ နောင်တွင်ရှိလိမ့်မည်ဖြစ်သော လူသားခပ်သိမ်းတို့သည် မော်ရော်နိုင်းကဲ့သို့ ဖြစ်လေလျှင်၊ ရှုလော့၊ ငရဲ၏တန်ခိုးတို့သည် ကာလအစဉ်အဆက် တုန်လှုပ်လတ္တံ့။ ထိုမှတစ်ပါး၊ နတ်ဆိုးသည် လူသားတို့၏စိတ်နှလုံးကို အဘယ်တော့မျှ၊ အစိုးမရလတ္တံ့။
၁၈ ရှုလော့၊ သူသည် မောဇိယ၏သား အမ္မုန်ကဲ့သို့သောသူ၊ ထိုမှတစ်ပါး၊ မောဇိယ၏အခြားသောသားများ၊ ထိုမှတစ်ပါး၊ အယ်လမာနှင့် သူ၏သားများကဲ့သို့သောသူလည်း ဖြစ်၏။ အကြောင်းမူကား၊ သူတို့အားလုံးသည် ဘုရားသခင်၏လူများဖြစ်၏။
၁၉ ယခုတွင်၊ ရှုလော့၊ ဟေလမန်နှင့် သူ၏ညီအစ်ကိုတို့သည် လူတို့အတွက်၊ မော်ရော်နိုင်းထက်သာ၍လျော့ပြီးအသုံးဝင်သည် မဟုတ်။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြော၍၊ သူတို့စကားများကို စေ့စေ့နားထောင်လိုသမျှသော လူခပ်သိမ်းတို့အား နောင်တရခြင်းအလို့ငှာ၊ ဗတ္တိဇံပေးကြ၏။
၂၀ ထိုကဲ့သို့အားဖြင့်၊ သူတို့သည်လည်း ထွက်သွား၏။ သူတို့၏စကားများကြောင့်၊ လူတို့သည် သူတို့ကိုယ်ကို နှိမ့်ချသဖြင့်၊ ကိုယ်တော်ရှင်၏အလွန်နှစ်သက်တော်မူခြင်းကို ခံရကြ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့အကြားရှိ စစ်တိုက်ခြင်းများနှင့် ရန်တွေ့ခြင်းများမှ၊ အထူးသဖြင့်၊ လေးနှစ်ကြာအောင်ပင် လွတ်လပ်ကြ၏။
၂၁ သို့ရာတွင်၊ ငါပြောလေသကဲ့သို့ပင်၊ တစ်ဆယ်ကိုးနှစ်မြောက်၏ နောက်ဆုံးပိုင်းကာလ၌၊ အမှန်စင်စစ်၊ သူတို့၌ ငြိမ်းချမ်းခြင်း ရှိသော်ငြားလည်း၊ သူတို့၏ညီအစ်ကို လာမန်အမျိုးသားတို့နှင့် တိုက်ခိုက်ရန် စိတ်မပါဘဲနှင့် အနိုင်အထက်စီရင်ခံရလေ၏။
၂၂ ထိုမှတစ်ပါး၊ အချုပ်အားဖြင့်၊ သူတို့၏များစွာသော တွန့်ဆုတ်ခြင်း ရှိသော်ငြားလည်း လာမန်အမျိုးသားတို့နှင့် သူတို့၏စစ်တိုက်ခြင်းများသည် နှစ်ပေါင်းများစွာကြာအောင် ရပ်တန့်မသွားခဲ့။
၂၃ ယခုတွင်၊ သူတို့သည် အသွေးသွန်းလောင်းခြင်း၌ မမွေ့လျော်သောကြောင့် လာမန်အမျိုးသားတို့ကို ဆန့်ကျင်ပြီး လက်နက်စွဲကိုင်ရမည်ကို ဝမ်းနည်းလေ၏။ ထိုမှတစ်ပါး၊ ဤအမှုသည်ကား၊ အလုံးစုံတို့ မဟုတ်—သူတို့သည် အလွန်များစွာသော သူတို့ညီအစ်ကိုတို့ကို သူတို့၏ဘုရားသခင်နှင့်တွေ့ရန် ပြင်ဆင်ခြင်းမရှိဘဲနှင့် ထာဝရလောကထဲသို့ ပို့ရာ၌ လက်နက်များ ဖြစ်ရသောကြောင့် ဝမ်းနည်းလေ၏။
၂၄ သို့သော်လည်း၊ သူတို့၏ဇနီးများနှင့် သူတို့သားသမီးများကို တစ်ချိန်က သူတို့၏ညီအစ်ကိုများဖြစ်လေသူ၊ အမှန်စစ်စစ်၊ သူတို့အသင်းတော်မှ ခွဲထွက်သွားလေသော၊ သူတို့ကို ချန်ထား၍၊ လာမန်အမျိုးသားတို့နှင့် ပူးပေါင်းခြင်းအားဖြင့် သူတို့ကို ဖျက်ဆီးရန် ထွက်သွားလေသောသူတို့၏ ခက်ထန်သော ရက်စက်ကြမ်းကြုတ်ခြင်းတို့အားဖြင့် သိမ်းရုံးသတ်ဖြတ်ခြင်း ခံရစေကြောင်း၊ သူတို့အသက်ကို စွန့်စေရန် အခွင့်မပေးနိုင်ခဲ့ကြ။
၂၅ ထိုမှတစ်ပါး၊ သူတို့သည် ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းမည့်သူ တစ်စုံတစ်ဦးရှိနေသမျှ၊ သူတို့ညီအစ်ကိုများက နီဖိုင်းအမျိုးသားတို့၏အသွေးနှင့်စပ်လျဉ်း၍ ရွှင်လန်းဝမ်းမြောက်မည့်အကြောင်းကို သည်းမခံနိုင်ကြ။ အကြောင်းမူကား၊ ကိုယ်တော်ရှင်၏ကတိတော်မှာ၊ သူတို့သည် သူ၏ပညတ်တော်များကို စောင့်ထိန်းမည်ဆိုလျှင်၊ ထိုပြည်၌ အောင်မြင်လိမ့်မည်ဟု ဖြစ်လေသတည်း။