အခန်းကြီး ၅၅
မော်ရော်နိုင်းသည် စစ်အကျဉ်းသားများကို လဲလှယ်ရန် ငြင်းဆို၏—လာမန်အမျိုးသားအစောင့်များသည် ယစ်မူးစေရန် သွေးဆောင်ခံရ၏၊ နီဖိုင်းအမျိုးသားတို့လွတ်မြောက်ကြ၏—ဂိဒမြို့ကို အသွေးသွန်းလောင်းခြင်းမရှိဘဲနှင့် သိမ်းယူ၏။ ဘီစီ ၆၃–၆၂ ခန့်။
၁ ယခုတွင်၊ အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းသည် ဤအမှာစာကို လက်ခံရရှိလေလျှင်၊ အမ်မော်ရုန်၌ စုံလင်သောလှည့်စားခြင်းအသိပညာရှိလေကြောင်းကို သိသောကြောင့်၊ သာ၍ အမျက်ထွက်လေ၏။ ထိုမှတစ်ပါး၊ နီဖိုင်းလူမျိုးတို့ကို ဆန့်ကျင်၍ စစ်တိုက်စေသည်မှာ ဖြောင့်မှန်သော အကြောင်းရင်းမဟုတ်ကြောင်း အမ်မော်ရုန်သိသည်ကိုလည်း သူသိ၏။
၂ သူဆိုလေသည်ကား၊ ရှုလော့၊ ငါသည် အမ်မော်ရုန် သူ့အကြံအစည်ကို မစွန့်လွှတ်လျှင်၊ ငါ၏ အမှာစာ၌ ဖော်ပြလေသည့်အတိုင်း၊ သူနှင့် စစ်အကျဉ်းသားချင်း လဲလှယ်မည်မဟုတ်။ အကြောင်းမူကား၊ ငါသည် သူ့မှာရရှိပြီးလေသည်ထက် နောက်ထပ်၍ အာဏာရရှိရန် အခွင့်ပေးမည်မဟုတ်။
၃ ရှုလော့၊ လာမန်အမျိုးသားတို့ ငါ၏လူမျိုးတို့ကို စစ်အကျဉ်းသားအဖြစ် သိမ်းယူသွား၍ စောင့်ကြည့်သည့်အရပ်ကို ငါသိ၏။ ငါ၏အမှာစာအတိုင်း အမ်မော်ရုန် အခွင့်မပေးသောကြောင့်လည်း၊ ရှုလော့၊ ငါသည် သူ့ကို ငါ၏စကားများအတိုင်း ပြုမည်။ ထိုမှတစ်ပါး၊ ငြိမ်းချမ်းခြင်းကို သူတို့တောင်းဆိုသည့်တိုင်အောင်၊ သူတို့၌ သတ်ခြင်းကို ကြိုးစားအားထုတ်မည်။
၄ ယခုမူကား၊ အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းသည် ဤစကားများကို ဆိုပြီးလျှင်၊ သူ့လူတို့ကြား၌ လာမန်၏အမျိုးအနွယ်တစ်ဦးကို တွေ့ကောင်းတွေ့နိုင်ခြင်းငှာ၊ သူတို့ကြား၌ ရှာဖွေခြင်းကို ပြုစေ၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် လာမန်ဟုအမည်ရှိသောသူတစ်ဦးကို တွေ့၏။ ထိုသူသည်ကား၊ အာမလိခိယအားဖြင့် အသတ်ခံရလေသူမင်းကြီး၏ကျွန်တို့အထဲမှ တစ်ဦးဖြစ်လေ၏။
၆ ယခုတွင်၊ မော်ရော်နိုင်းသည် လာမန်နှင့် အနည်းငယ်သော သူ၏လူတို့ကို နီဖိုင်းအမျိုးသားတို့အပေါ်စောင့်ကြည့်နေသူများထံသို့ ထွက်သွားစေ၏။
၇ ယခုတွင် နီဖိုင်းအမျိုးသားတို့ကို ဂိဒမြို့၌ လှောင်ထား၏။ ထို့ကြောင့်၊ မော်ရော်နိုင်းသည် လာမန်ကို ခန့်အပ်၍၊ အနည်းငယ်သောလူတို့ကို သူနှင့်အတူ သွားစေ၏။
၈ ညဦးသို့ရောက်သောအခါ၊ လာမန်သည်လည်း နီဖိုင်းအမျိုးသားတို့ကို စောင့်ကြည့်နေသောသူများဆီသို့ သွား၏။ ရှုဦးလော့၊ သူတို့သည် သူလာနေသည်ကို မြင်လျှင် သူ့ကို ဟစ်အော်ကြ၏။ သို့ရာတွင်၊ သူတို့ကို ဆိုလေသည်ကား၊ ကြောက်ခြင်းမရှိနှင့်။ ရှုလော့၊ ငါသည် လာမန်အမျိုးသားတစ်ဦးဖြစ်၏။ ရှုလော့၊ ငါတို့သည် နီဖိုင်းအမျိုးသားတို့ထံမှ လွတ်ပြေးခဲ့ကြပြီ။ သူတို့အိပ်ပျော်နေကြ၏။ ရှုဦးလော့၊ သူတို့၏စပျစ်ရည်အချို့ကို ယူ၍၊ ငါတို့နှင့်အတူ ဆောင်ယူခဲ့ပြီ။
၉ ယခုတွင်၊ လာမန်အမျိုးသားတို့သည် ဤစကားများကို ကြားလျှင်၊ သူ့ကို ဝမ်းမြောက်စွာ လက်ခံကြ၏။ သူတို့ကလည်း ဆိုလေသည်ကား၊ ငါတို့သောက်နိုင်ရန် သင်တို့၏စပျစ်ရည်ကို ပေးပါလော့။ ငါတို့သည် သင်တို့ယခုလို သင်တို့နှင့်အတူ စပျစ်ရည်များ ယူလာသည်ကို ဝမ်းသာကြ၏။ အကြောင်းမူကား၊ ငါတို့မောပန်းကြပြီ။
၁၀ သို့ရာတွင်၊ လာမန်က ငါတို့၏စပျစ်ရည်ကို နီဖိုင်းအမျိုးသားတို့နှင့် စစ်တိုက်သည့် အချိန်အထိ သိမ်းထားကြကုန်အံ့ဟု သူတို့ကို ဆိုလေ၏။ သို့ရာတွင်၊ ဤသို့ဆိုခြင်းက သူတို့အား စပျစ်ရည်ကို သောက်ရရန် ပို၍သာအလိုရှိစေ၏။
၁၁ အကြောင်းမူကား၊ သူတို့ဆိုလေသည်မှာ၊ ငါတို့မောပန်းကြ၏။ ထို့ကြောင့်၊ ငါတို့အား စပျစ်ရည်အချို့ကို သောက်ခွင့်ပြုပါ။ ငါတို့သည် နီဖိုင်းအမျိုးသားတို့ကို သွား၍တိုက်ခိုက်ရန်၊ ငါတို့၏ရိက္ခာအဖြစ်၊ ငါတို့ကို ခွန်အားဖြည့်ပေးမည့် စပျစ်ရည်ကို မကြာမီ ရရှိလိမ့်မည်။
၁၂ လာမန်ကလည်း သင်တို့အလိုဆန္ဒများအတိုင်း သင်တို့ပြုကြပေလော့ဟု ဆိုလေ၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် စပျစ်ရည်ကို များစွာ သောက်ကြ၏။ ထိုစပျစ်ရည်မှာ သူတို့အတွက် နှစ်သက်ဖွယ် အရသာရှိလေ၏။ ထို့ကြောင့် သူတို့သည် ပို၍များစွာသောက်ကြ၏။ စပျစ်ရည်ကိုလည်း အထူးပြင်ဆင်ထားလေရကား၊ အားပြင်းလေ၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် သောက်၍ ပျော်မွေ့လျက်၊ မကြာမီ အားလုံး ယစ်မူးလေ၏။
၁၅ ယခုမူကား၊ သူတို့အားလုံး ယစ်မူး၌၊ ကြီးသောအိပ်ခြင်းသို့ ရောက်လေကြောင်းကို လာမန်နှင့် သူ၏လူတို့မြင်လျှင်၊ မော်ရော်နိုင်းထံသို့ ပြန်လာပြီး၊ ဖြစ်ပျက်လေသမျှသောအရာတို့ကို ပြောပြကြ၏။
၁၆ ယခုမူကား၊ ဤအမှုမှာ မော်ရော်နိုင်း၏အကြံအစည်အတိုင်း ဖြစ်လေပြီ။ မော်ရော်နိုင်းသည်လည်း မိမိလူတို့ကို စစ်တိုက်ရာလက်နက်များဖြင့် ပြင်ဆင်လေ၏။ လာမန်အမျိုးသားတို့ ကြီးသောအိပ်ခြင်းသို့ ရောက်၍၊ ယစ်မူးလျက်ရှိစဉ်၊ သူသည်လည်း ဂိဒမြို့သို့ သွား၍ စစ်အကျဉ်းသားတို့၏လက်ထဲသို့ စစ်တိုက်ရာလက်နက်များကို ပေးသဖြင့်၊ ထိုသူတို့အားလုံး လက်နက်စွဲကိုင်ထားလေရာတွင်၊
၁၇ အမှန်စင်စစ်၊ သူတို့၏မိန်းမများအပါအဝင်၊ စစ်အကျဉ်းသားခပ်သိမ်းတို့ကို မော်ရော်နိုင်း လက်နက်များပေးသောအချိန်တွင် စစ်တိုက်ရာလက်နက်ကို အသုံးပြုနိုင်စွမ်းသမျှသော သူတို့၏သားသမီးများလည်းပါဝင်၏။ ထိုခပ်သိမ်းသောအမှုတို့ကို အလွန်တိတ်ဆိတ်သောအချိန်တွင် ပြုလေ၏။
၁၈ သို့ရာတွင်၊ အကယ်၍လာမန်အမျိုးသားတို့ကို နိုးစေလျှင်၊ ရှုလော့၊ ထိုသူတို့ယစ်မူးနေသဖြင့်၊ နီဖိုင်းအမျိုးသားတို့က ကွပ်မျက်နိုင်လေ၏။
၁၉ သို့ရာတွင်၊ ရှုလော့၊ ဤအမှုမှာ မော်ရော်နိုင်း၏အလိုဆန္ဒမဟုတ်။ သူသည် လူ့အသက်ကိုသတ်ခြင်း၊ သို့မဟုတ် အသွေးသွန်းလောင်းခြင်း၌ မမွေ့လျော်၊ သူ့လူမျိုးတို့ကို ပျက်စီးခြင်းမှ ကယ်တင်ရာ၌သာ မွေ့လျော်၏။ သူ့အပေါ်၌ မတရားမှုမဖြစ်ပေါ်နိုင်စေခြင်းငှာဟူသော ဤအကြောင်းရင်းကြောင့်လည်း၊ လာမန်အမျိုးသားတို့ယစ်မူးလျက်ရှိစဉ် မတိုက်ခိုက် မဖျက်ဆီးလိုပေ။
၂၀ သို့ရာတွင်၊ သူ၏အလိုဆန္ဒများပြည့်လေပြီ။ အကြောင်းမူကာား၊ သူသည် မြို့တံတိုင်းအတွင်း၌ ရှိလေသော နီဖိုင်းအမျိုးသားစစ်အကျဉ်းသားတို့ကို လက်နက်စွဲကိုင်စေ၍၊ တံတိုင်းများအတွင်းရှိ အရပ်တို့ကို သိမ်းပိုက်ရန် အခွင့်ပေး၏။
၂၁ ထို့နောက်တွင်၊ သူနှင့်အတူရှိလေသောသူတို့ကို ထိုသူတို့ထံမှ အနည်းငယ် ဆုတ်ခွာစေလျက်၊ လာမန်အမျိုးသားတို့၏တပ်များကို ဝိုင်းထားစေ၏။
၂၂ ယခုတွင်၊ ရှုလော့၊ ဤအမှုကို ညဉ့်အချိန်၌ ပြုလေသဖြင့်၊ လာမန်အမျိုးသားတို့သည် နံနက်ခင်း၌ နိုးကြသောအခါ၊ မြို့ရိုးအပြင်ရှိ နီဖိုင်းအမျိုးသားတို့အားဖြင့် ဝိုင်းထားခြင်းခံရလေသည်ကိုလည်းကောင်း၊ မြို့ရိုးအတွင်း၌ သူတို့၏စစ်အကျဉ်းသားတို့ လက်နက်စွဲကိုင်ထားကြလေသည်ကိုလည်းကောင်း တွေ့မြင်ကြ၏။
၂၃ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းအမျိုးသားများ သူတို့အပေါ်အစိုးရလေသည်ကို သိမြင်ကြ၍၊ ဤအခြေအနေမျိုး၌ နီဖိုင်းအမျိုးသားတို့ကို တိုက်ခိုက်ရန် မသင့်လျော်ကြောင်းကို တွေ့ရှိကြ၏။ ထို့ကြောင့်၊ သူတို့၏ဗိုလ်ချုပ်မင်းတို့သည် သူတို့၏စစ်တိုက်ရာလက်နက်များကို တောင်း၍၊ ဆောင်ယူလျက်၊ နီဖိုင်းအမျိုးသားတို့၏ခြေရင်းသို့ ပစ်ချ၍ ကရုဏာအတွက် တောင်းပန်ကြ၏။
၂၄ ယခုတွင်၊ ရှုလော့၊ ဤအမှုသည်ကား၊ မော်ရော်နိုင်း၏အလိုဆန္ဒဖြစ်၏။ ထိုသူတို့ကို စစ်အကျဉ်းသားများအဖြစ်ဖမ်းဆီး၍ မြို့ကို သိမ်းယူလျက်၊ နီဖိုင်းအမျိုးသားစစ်အကျဉ်းသားအားလုံးကို လွတ်မြောက်စေ၏။ ထိုသူတို့သည်လည်း မော်ရော်နိုင်း၏တပ်နှင့်ပေါင်းသဖြင့်၊ သူ၏တပ်အတွက် အလွန်ကြီးသောခွန်အားတစ်ခုဖြစ်လေ၏။
၂၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် စစ်အကျဉ်းသားများအဖြစ် ဖမ်းဆီးခဲ့သော လာမန်အမျိုးသားတို့ကို ဂိဒမြို့၏ပတ်လည်တွင် ခံတပ်များကို ခွန်အားဖြည့်ပေးခြင်း၌ စတင်၍ အလုပ်လုပ်စေ၏။
၂၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူ၏အလိုဆန္ဒအတိုင်း၊ ဂိဒမြို့ကို အင်အားခိုင်မာစေပြီးလျှင်၊ သူ၏စစ်အကျဉ်းသားတို့ကို အလျှံပယ်မြို့သို့ ခေါ်ယူ၏။ ထိုမြို့ကိုလည်း အလွန်အားကောင်းသောတပ်ဖွဲ့ဖြင့် ကာကွယ်၏။
၂၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့၏ လျှို့ဝှက်ကြံစည်မှုများရှိသော်ငြားလည်း၊ သူတို့ ဖမ်းဆီးခဲ့လေသည့် စစ်အကျဉ်းသားခပ်သိမ်းတို့ကို စောင့်ကြည့်၍ကာကွယ်ကြ၏၊ သူတို့ပြန်လည်သိမ်းယူခဲ့လေသည့် အခွင့်သာခြင်းရရာ ခပ်သိမ်းသောမြေတို့ကိုလည်း ထိန်းသိမ်းကြ၏။
၂၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းအမျိုးသားတို့သည် တစ်ဖန်အောင်မြင်စပြုလျက်၊ သူတို့၏အခွင့်အရေးများနှင့် အထူးအခွင့်အရေးများကို ပြန်လည်ရရှိစပြုကြ၏။
၂၉ အကြိမ်များစွာပင် လာမန်အမျိုးသားတို့သည် သူတို့ကို ဝိုင်းပတ်ရန် ကြိုးစားအားထုတ်သော်လည်း၊ ဤကြိုးစားအားထုတ်ခြင်းတို့ ၌၊ စစ်အကျဉ်းသားများစွာကို ဆုံးရှုံးကြ၏။
၃၀ ထို့အတူ၊ အကြိမ်များစွာပင်၊ သူတို့သည် နီဖိုင်းအမျိုးသားတို့ကို အဆိပ်ဖြင့်၊ သို့မဟုတ် မူးယစ်ခြင်းဖြင့် ဖျက်ဆီးနိုင်ခြင်းငှာ၊ သူတို့၏စပျစ်ရည်ကို ပေးရန် ကြိုးစားအားထုတ်ကြ၏။
၃၁ သို့ရာတွင်၊ ရှုလော့၊ နီဖိုင်းအမျိုးသားတို့သည် ဤဆင်းရဲဒုက္ခရောက်ရာအချိန်၌ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ကို အောက်မေ့ရန် မနှေးကွေးကြ။ ထိုသူတို့၏ထောင်ချောက်များဖြင့် ဖမ်းဆီး၍မရနိုင်ကြ။ အထူးသဖြင့်၊ ထိုသူတို့၏စပျစ်ရည်ကို လာမန်အမျိုးသားစစ်အကျဉ်းသားအချို့အား ပထမဦးဆုံး မပေးရလျှင်၊ မသုံးဆောင်ကြ။
၃၂ သူတို့၌ အဆိပ်ခပ်မခံရစေခြင်းငှာ ထိုကဲ့သို့ သတိရှိလေ၏။ အကြောင်းမူကား၊ သူတို့၏စပျစ်ရည်သည် လာမန်အမျိုးသားကို အဆိပ်သင့်စေလျှင်၊ နီဖိုင်းအမျိုးသားကိုလည်း အဆိပ်သင့်စေလိမ့်မည်။ ထိုကဲ့သို့အားဖြင့်၊ သူတို့၏အရည်မှန်သမျှကို စမ်းသပ်ကြ၏။
၃၃ ယခုမူကား၊ အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းအတွက်၊ မော်ရန်တန်မြို့ကို တိုက်ခိုက်ခြင်းငှာ၊ ပြင်ဆင်ခြင်းများပြုလုပ်ရန် မဖြစ်မနေလိုအပ်ပေ၏။ အကြောင်းမူကား၊ ရှုလော့၊ လာမန်အမျိုးသားတို့သည် သူတို့၏လုပ်အားဖြင့် မော်ရန်တန်မြို့ကို အလွန်ခိုင်မာသောစခန်းတစ်ခုဖြစ်လာသည်အထိ အင်အားခိုင်မာစေကြလေပြီ။
၃၄ ထို့အတူ၊ အင်အားစုအသစ်များနှင့် ရိက္ခာအထောက်အပံ့အသစ်များကိုလည်း မြို့ထဲသို့ အစဉ်မပြတ်ဆောင်ယူလာလျက် ရှိကြလေ၏။
၃၅ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း နှစ်ဆယ်ကိုးနှစ်မြောက် ပြီးဆုံး၏။