သူ၏ကိုယ်ပိုင်မှတ်တမ်းအတိုင်း၊ ဂိဒေါင်ပြည်ရှိလူတို့အား ဟောပြောခဲ့သည့် အယ်လမာ၏ စကားများ။
အခန်းကြီး ၇ ဖွဲ့စည်းပါဝင်၏။
အခန်းကြီး ၇
ခရစ်တော်ကို မာရိမှ မွေးဖွားလိမ့်မည်—သူသည် သေခြင်း၏ကြိုးများကို ဖြေလွှတ်ပေး၍၊ သူ့လူမျိုးတို့၏ အပြစ်များကို ခံယူလိမ့်မည်—နောင်တရ၍၊ ဗတ္တိဇံခံပြီး၊ ပညတ်တော်များကို စောင့်ထိန်းသူများသည် ထာဝရအသက်ကို ရရှိကြလိမ့်မည်—အညစ်အကြေးသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်—နှိမ့်ချခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာ လိုအပ်ပေ၏။ ဘီစီ ၈၃ ခန့်။
၁ ရှုလော့၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့ထံသို့လာရန် ငါ့ကို အခွင့်ပေးထား၏။ ထို့ကြောင့်၊ ငါသည် သင်တို့အား ငါ၏ဘာသာစကားဖြင့်၊ အမှန်စင်စစ်၊ ငါ၏နှုတ်ထွက်စကားများဖြင့် ပထမဆုံးအကြိမ်ဟောပြောခြင်းဖြစ်၍၊ ငါ၏နှုတ်အားဖြင့် ဟောပြောရန်ကြိုးစား၏။ ငါသည် တရားပလ္လင်၌ လုံးလုံးရှိနေ၍၊ အမှုအရေးများစွာရှိနေ၍ သင်တို့ထံသို့ မလာနိုင်ခဲ့။
၂ ငါ၏နေရာ၌ အုပ်စိုးစေခြင်းငှာ တရားပလ္လင်ကို တခြားသူတစ်ဦးအား မပေးလေလျှင်၊ ငါသည် ယခုဤအချိန်၌ပင် လာနိုင်ခဲ့မည်မဟုတ်။ ကိုယ်တော်ရှင်ကလည်း သင်တို့ထံ ငါလာရမည့်အကြောင်း၊ များစွာသောကရုဏာတော်ဖြင့် အခွင့်ပေးတော်မူ၏။
၃ ရှုဦးလော့၊ ငါသည် ကြီးစွာသောမျှော်လင့်ခြင်းနှင့် များစွာသောအလိုဆန္ဒများ ရှိလာလေသည်ကား၊ သင်တို့သည် ဘုရားသခင်ရှေ့၌ သင်တို့ကိုယ်သင်တို့နှိမ့်ချလေ၍၊ သူ၏ကျေးဇူးတော်ကို ဆက်၍ပဌနာပြုလျက်ရှိလေသည်ကို ငါသိရစေကြောင်း၊ သင်တို့ကို သူ့ရှေ့၌ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်ရှိသည်ကို ငါသိရစေကြောင်း၊ ဇရဟင်မလပြည်၌ ငါတို့၏ညီအစ်ကိုများရောက်ခဲ့သည့် အလွန်ဆိုးရွားသောအကျဉ်းအကျပ်၌ သင်တို့ မရောက်ရသည်ကို ငါသိရစေကြောင်းတို့ပင်တည်း။
၄ သို့ရာတွင်၊ သိစေခြင်းငှာ ငါ့ကို အခွင့်ပေးထားတော်မူ၍၊ ထိုမှတစ်ပါး၊ သူတို့ကို သူ၏ဖြောင့်မတ်ခြင်းတရားလမ်း၌ တစ်ဖန်တည်စေကြောင်းသိခြင်း၏ အလွန်ကြီးစွာသောဝမ်းမြောက်ခြင်းကို ငါ့အား ပေးထားတော်မူ၍ ဘုရားသခင်၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း။
၅ ထို့အတူ၊ ငါ့အထဲ၌ရှိသည့် ဘုရားသခင်၏ဝိညာဉ်တော်အတိုင်း၊ ငါသည် သင်တို့နှင့်စပ်လျဉ်း၍ လည်း ဝမ်းမြောက်ခြင်းရှိကြောင်းကို ယုံကြည်စိတ်ချ၏။ သို့သော်လည်း၊ ဇရဟင်မလရှိငါ၏ညီအစ်ကိုတို့အတွက် ငါ့၌ ရှိလေသည့် များစွာသော ဆင်းရဲဒုက္ခများနှင့် ဝမ်းနည်းမှုများကြောင့်၊ သင်တို့နှင့်စပ်လျဉ်း၍ ငါ၏ဝမ်းမြောက်ခြင်းဖြစ်လာစေကြောင်းကို ငါအလိုမရှိ။ အကြောင်းမူကား၊ ရှုလော့၊ သူတို့နှင့်စပ်လျဉ်း၍ ငါ၏ဝမ်းမြောက်ခြင်းသည် များစွာသော ဆင်းရဲဒုက္ခနှင့် ဝမ်းနည်းခြင်းတို့ကို ဖြတ်သန်း၍ ဖြစ်ပေါ်လာပေ၏။
၆ သို့ရာတွင်၊ ရှုလော့၊ သင်တို့သည် သင်တို့၏ညီအစ်ကိုတို့ကဲ့သို့ အလွန်များစွာသော မယုံကြည်မှုများ၏ အခြေအနေ၌ မရှိလေကြောင်း ငါယုံကြည်စိတ်ချ၏။ သင်တို့သည် သင်တို့၏မာနစိတ်နှလုံးဖြင့် ဘဝင်မမြင့်ကြောင်း ငါယုံကြည်စိတ်ချ၏။ ထိုမှတစ်ပါး၊ သင်တို့သည် စိတ်နှလုံးကို စည်းစိမ်ဥစ္စာများနှင့် လောက၏အချည်းနှီးသောအရာများအပေါ်၌ မထားလေကြောင်း ငါယုံကြည်စိတ်ချ၏။ ထိုမှတစ်ပါး၊ သင်တို့သည် ရုပ်တုများကို မကိုးကွယ်၊ မှန်ကန်၍ အသက်ရှင်တော်မူသည့် ဘုရားသခင်ကိုသာ ကိုးကွယ်ကြောင်း၊ ထို့အတူ၊ သင်တို့၏အပြစ်များမှ လွှတ်ခြင်း ရောက်လာမည့်အကြောင်း ထာဝရတည်မြဲသောယုံကြည်ခြင်းနှင့် မျှော်လင့်ကြောင်း၊ ငါယုံကြည်စိတ်ချ၏။
၇ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ဖြစ်လာမည့်အရာများစွာရှိ၏။ ရှုဦးလော့၊ ထိုအရာအားလုံးထက် သာ၍အရေးကြီးသောအရာတစ်ခုရှိ၏—အကြောင်းမူကား၊ ရှုလော့၊ ရွေးနှုတ်ရှင်သည် အသက်ရှင်၍ သူ၏လူမျိုးတို့၌ ကြွလာတော်မူမည့် အချိန်ကာလမှာ အလွန်မဝေးတော့။
၈ ရှုလော့၊ သူ၏သေခြင်းရှိသော တဲကိုယ်ခန္ဓာ၌နေထိုင်ရာအချိန်၌ ငါတို့ထံသို့ သူကြွလာမည်ဟု ငါမဆို။ အကြောင်းမူကား၊ ရှုလော့၊ ဤအရာသည်ကား၊ ဖြစ်လာမည့်အခြေအနေဖြစ်သည်ဟု ဝိညာဉ်တော်က ငါ့ကို မိန့်တော်မမူ။ ယခုတွင်၊ ဤအရာများနှင့်စပ်လျဉ်း၍ ငါမသိ။ သို့ရာတွင်၊ ကိုယ်တော်ရှင်ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်အတိုင်းဖြစ်သည့် ခပ်သိမ်းသော အရာတို့ကို ပြုတော်မူခြင်းငှာ တန်ခိုးရှိတော်မူကြောင်း ဤမျှအထိ ငါသိ၏။
၉ သို့ရာတွင်၊ ရှုလော့၊ ဝိညာဉ်တော်က ငါ့ကို ဤမျှအထိဆို၍ မိန့်တော်မူလေသည်ကား၊ ဤလူတို့ကို ဆို၍ဟစ်ကြော်ရမည်မှာ—အသင်တို့ နောင်တရ၍ ကိုယ်တော်ရှင်၏လမ်းကို ပြင်ဆင်ကြလော့၊ သူ၏ဖြောင့်သောလမ်းကြောင်းများသို့ လိုက်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ။ ဘုရားသခင်၏သားတော်သည်လည်း မြေကြီးမျက်နှာပြင်ပေါ်သို့ ကြွလာတော်မူမည်။
၁၀ ရှုဦးလော့၊ သူ့ကို ငါတို့ဘိုးဘေးတို့၏ပြည်ဖြစ်သည့် ယေရုရှလင်၌ မာရိမှ ဖွားမြင်လိမ့်မည်။ သူမသည် အပျိုကညာဖြစ်၍၊ အဖိုးထိုက်သည့် ရွေးကောက်ထားတော်မူသော တန်ဆာလည်းဖြစ်၍၊ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် လွှမ်းမိုးခံရလျက်၊ ပဋိသန္ဓေစွဲယူ၍၊ သားတော်တစ်ပါးကို၊ အမှန်စင်စစ်၊ ဘုရားသခင်၏သားတော်ကိုပင် ဖွားမြင်မည့်သူဖြစ်၏။
၁၁ သူသည်လည်း နာကျင်မှုများ၊ ဆင်းရဲဒုက္ခများနှင့် စုံစမ်းခြင်းအမျိုးမျိုးကို ခံစားလျက် ထွက်သွားလိမ့်မည်။ ဤအရာသည်ကား၊ သူ့လူမျိုးတို့၏နာကျင်မှုများနှင့် ဖျားနာခြင်းတို့ကို သူ့အပေါ်၌ ခံယူလိမ့်မည်ဟု မိန့်တော်မူသော နှုတ်ကပတ်တော်ကို ပြီးပြည့်စုံစေခြင်းငှာပေတည်း။
၁၂ သူသည် မိမိလူမျိုးတို့ကို ချည်နှောင်သည့် သေခြင်း၏ကြိုးများကို ဖြေလွှတ်နိုင်တော်မူခြင်းငှာ၊ သေခြင်းကိုလည်း သူ့အပေါ်၌ ခံယူတော်မူလိမ့်မည်။ လူ့ဇာတိအတိုင်း သူ၏ဝမ်းကို ကရုဏာတော်နှင့် ပြည့်စေခြင်းငှာလည်းကောင်း၊ မိမိလူမျိုးတို့ကို သူတို့၏အနာရောဂါဝေဒနာများအလျောက်၊ လူဇာတိအတိုင်း အဘယ်သို့အားဖြင့် မစရမည်ကိုသိနိုင်ခြင်းငှာလည်းကောင်း၊ သူတို့၏အနာရောဂါဝေဒနာများကို သူ့အပေါ်၌ ခံယူတော်မူလိမ့်မည်။
၁၃ ယခုတွင်၊ ဝိညာဉ်တော်သည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။ သို့သော်လည်း၊ ဘုရားသခင်၏သားတော်သည် သူ့လူမျိုးတို့၏အပြစ်များကို သူ့အပေါ်၌ ခံယူနိုင်ခြင်းငှာလည်းကောင်း၊ သူ၏ကယ်လွှတ်တော်မူခြင်း တန်ခိုးနှင့်အညီ၊ သူတို့၏လွန်ကျူးခြင်းများကို ပယ်ဖျောက်နိုင်စေခြင်းငှာလည်းကောင်း လူဇာတိအတိုင်း ဒုက္ခဝေဒနာခံစားတော်မူ၏။ ယခုမူကား၊ ရှုလော့၊ ဤအရာသည်ကား၊ ငါ့အထဲ၌ရှိသော သက်သေခံချက်ပေတည်း။
၁၄ ယခုတွင်၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် နောင်တရပြီး တစ်ဖန်မွေးခြင်းကို ခံရမည်။ အကြောင်းမူကား၊ သင်တို့သည် တစ်ဖန်မွေးခြင်းကို မခံလျှင်၊ ကောင်းကင်နိုင်ငံတော်ကို အမွေမခံနိုင်ကြဟု ဝိညာဉ်တော်မိန့်တော်မူ၏။ ထို့ကြောင့်၊ သင်တို့ကို သင်တို့၏အပြစ်များမှ ဆေးကြောခြင်းငှာလည်းကောင်း၊ ကယ်တင်ခြင်းငှာနှင့် ခပ်သိမ်းသောမတရားမှုမှ သန့်စင်စေခြင်းငှာ တန်ခိုးကြီးသောသူ၊ လောကီသားတို့၏အပြစ်များကို ယူဆောင်သွားမည့်သူတည်းဟူသော ဘုရားသခင်၏သိုးသငယ်အပေါ် သင်တို့ယုံကြည်ခြင်း ရှိနိုင်စေခြင်းငှာလည်းကောင်း လာကြလော့၊ နောင်တရခြင်းအလို့ငှာ၊ ဗတ္တိဇံခံကြလော့။
၁၅ ထိုမှတစ်ပါး၊ သင်တို့ကိုငါဆိုသည်မှာ၊ လာကြလော့၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်တို့ကို လွယ်ကူစွာဒုက္ခပေးသော၊ သင်တို့ကို ဖျက်ဆီးခြင်းသို့တိုင်အောင် ချည်နှောင်သော အပြစ်တိုင်းကို ပယ်ရှားကြလော့။ ထိုမှတစ်ပါး၊ လာ၍ပြုကြလော့၊ သင်တို့သည် သူ၏ပညတ်တော်များကို စောင့်ထိန်းခြင်းငှာ၊ သင်တို့အပြစ်များမှနောင်တရ၍၊ သူနှင့်ပဋိညာဉ်ပြုရန် လိုလိုလားလားရှိကြောင်း သင်တို့ဘုရားသခင်ထံသို့ ဖော်ပြကြလော့။ ဗတ္တိဇံခံရာရေထဲသို့ သွားခြင်းအားဖြင့်လည်း ထိုအမှုကို သူ့ထံသို့ ဤနေ့၌ သက်သေခံကြလော့။
၁၆ ဤအရာကိုပြု၍၊ ထိုအချိန်မှစ၍ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းသည့်သူအဘယ်သူပင်ဖြစ်စေ၊ ထိုသူသည် ထာဝရအသက်ကို ရလိမ့်မည်ဖြစ်ကြောင်း၊ ငါ့အထဲ၌ သက်သေခံသော သန့်ရှင်းသောဝိညာဉ်တော်၏ သက်သေခံချက်အတိုင်း၊ သူ့အား ငါပြောသည်ကို သတိရလိမ့်မည်။ အမှန်စင်စစ်၊ သူ့အား ငါပြောထားလေသည်ကို သတိရလိမ့်မည်။
၁၇ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့သည် ဤအရာတို့ကို ယုံကြည်သလော။ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ဟုတ်ပေ၏။ ထိုအရာတို့ကို သင်တို့ယုံကြည်ကြောင်း၊ ငါသိ၏။ ထိုအရာတို့ကို သင်တို့ယုံကြည်ကြောင်း ငါသိရာနည်းလမ်းသည်ကား၊ ငါ့အထဲ၌ရှိသောဝိညာဉ်တော်၏ ထင်ရှားစွာပြတော်မူခြင်းအားဖြင့် ပေတည်း။ ယခုမူကား၊ ထိုအရာနှင့်စပ်လျဉ်း၍၊ အထူးသဖြင့်၊ ငါပြောထားလေသောအရာများနှင့်စပ်လျဉ်း၍ သင်တို့၏ယုံကြည်ခြင်းအားကြီးသောကြောင့် ငါ၏ဝမ်းမြောက်ခြင်းမှာ ကြီးမားလှ၏။
၁၈ အကြောင်းမူကား၊ ရှေးဦးစွာကတည်းက သင်တို့ကို ငါပြောထားသည့်အတိုင်း၊ သင်တို့၏ညီအစ်ကိုတို့ကဲ့သို့၊ ကျဉ်းကျပ်သောအခြေအနေ၌ သင်တို့မရှိရစေခြင်းငှာ များစွာသောအလိုဆန္ဒ ငါ့၌ရှိ၏။ ထိုကဲ့သို့ပင်၊ ငါ၏အလိုဆန္ဒများပြည့်လေကြောင်း ငါတွေ့ရလေပြီ။
၁၉ အကြောင်းမူကား၊ သင်တို့သည် ဖြောင့်မတ်ခြင်းလမ်းများ၌ ရှိကြောင်း ငါမြင်ရပြီ။ ဘုရားသခင်၏နိုင်ငံတော်သို့ ပို့ဆောင်သည့် လမ်းများ၌ သင်တို့ရှိကြောင်း ငါမြင်ရပြီ။ ထိုမှတစ်ပါး၊ သင်တို့သည် သူ၏လမ်းများကို ဖြောင့်စေကြောင်း ငါမြင်ရပြီ။
၂၀ သူ့နှုတ်ကပတ်တော်၏ သက်သေခံချက်အားဖြင့်၊ သင်တို့အား ဖော်ပြခဲ့လေကြောင်းကိုလည်းကောင်း၊ သူသည် ကောက်သောလမ်းကြောင်းများသို့ မလိုက်နိုင်ကြောင်းကိုလည်းကောင်း၊ သူမိန့်တော်မူလေသည့်အရာမှ မသွေဖည်ကြောင်းကိုလည်းကောင်း၊ သူ့၌ လက်ယာမှ လက်ဝဲသို့၊ သို့မဟုတ်၊ မှန်သောအရာမှ မှားသောအရာသို့ ပြောင်းလဲခြင်းအရိပ် မရှိကြောင်းကိုလည်းကောင်း ငါမြင်ရပြီ။ ထို့ကြောင့်၊ သူ၏လမ်းတော်သည် ထာဝရတည်မြဲသော တရားစက်ဝန်းတစ်ခုဖြစ်၏။
၂၁ သူသည် မသန့်ရှင်းသော ဗိမာန်တော်တို့၌လည်း မနေထိုင်။ အညစ်အကြေး သို့မဟုတ်၊ အဘယ်မသန့်ရှင်းသောအရာကိုမျှလည်း ဘုရားသခင်၏နိုင်ငံတော်၌ လက်ခံလိမ့်မည်မဟုတ်။ ထို့ကြောင့်၊ အချိန်ကာလကျရောက်လာမည်၊ အမှန်စင်စစ်၊ ထိုအရာသည် နောက်ဆုံးသောနေ့၌ ဖြစ်လာ၍ ညစ်ညမ်းသောသူသည် မိမိ၏အညစ်အကြေး၌ ဆက်၍ရှိနေလိမ့်မည်ဟု သင်တို့ကို ငါဆို၏။
၂၂ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ဤအရာတို့ကို သင်တို့အား ငါဟောပြောလေသည်ကား၊ ဘုရားသခင်နှင့်စပ်လျဉ်း၍ သင်တို့၏တာဝန်ကို သိခြင်းသို့ သင်တို့ကို ငါနှိုးဆော်နိုင်စေကြောင်း၊ သင်တို့သည် သူ့ရှေ့၌ အပြစ်တင်ခွင့်နှင့် ကင်းလွတ်နိုင်ကြစေကြောင်း၊ ဘုရားသခင်၏သန့်ရှင်းသောအသင်းကို လက်ခံရရှိပြီးနောက်၊ ထိုအသင်းနောက်သို့ သင်တို့လိုက်နိုင်ကြစေကြောင်းပေတည်း။
၂၃ ယခုမူကား၊ ငါအလိုရှိသည်မှာ သင်တို့သည် နှိမ့်ချရမည်။ ထို့အတူ၊ ကျိုးနွံ၍၊ နူးညံ့သိမ်မွေ့ရမည်။ ဖျောင်းဖျလွယ်ရမည်။ သည်းခံခြင်း၊ စိတ်ရှည်ခြင်းတို့ဖြင့် ပြည့်ရမည်။ အရာရာ၌ ဣန္ဒြေစောင့်လျက်ရှိရမည်။ ခပ်သိမ်းသောကာလများ၌၊ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းရာ၌ လုံ့လဝီရိယရှိနေရမည်။ ဇာတိပကတိနှင့် ဝိညာဉ်ပကတိနှစ်ခုစလုံး၌ သင်တို့လိုအပ်လျက်ရှိသော အရာမှန်သမျှကို တောင်းလျှောက်နေရမည်။ သင်တို့လက်ခံရရှိသော အရာမှန်သမျှအတွက် ဘုရားသခင်အား အစဉ်အမြဲ ပြန်လည်၍ကျေးဇူးတော်ချီးမွမ်းနေရမည်။
၂၄ ထို့အတူ၊ သင်တို့၌ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာတို့ ဧကန်အမှန်ရှိစေပြီးနောက်၊ သင်တို့သည် ကောင်းမြတ်သောအမှုများနှင့် အစဉ်အမြဲ ကြွယ်ဝလိမ့်မည်။
၂၅ သင်တို့သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ကမ္ဘာဦးကတည်းက ပေါ်ထွန်းလေသော သန့်ရှင်းသည့်ပရောဖက်များနှင့်အတူ၊ သူတို့၏အဝတ်တန်ဆာများ အစွန်းအထင်းကင်းသကဲ့သို့ပင်၊ သင်တို့၏အဝတ်တန်ဆာများသည် အစွန်းအထင်းကင်းလျက်၊ ကောင်းကင်နိုင်ငံတော်၌ ထွက်မသွား ကြတော့ဘဲ၊ ထိုင်စေရန် နောက်ဆုံး၌ ဆောင်တော်မူခြင်းကို ခံရနိုင်ကြစေခြင်းငှာ၊ ကိုယ်တော်ရှင်သည်လည်း သင်တို့ကို ကောင်းချီးပေး၍၊ သင်တို့၏အဝတ်တန်ဆာများကို အစွန်းအထင်းကင်းစေတော်မူလျက်ရှိပါစေ။
၂၆ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ငါ့အထဲ၌သက်သေခံတော်မူသည့် ဝိညာဉ်တော်အတိုင်း ဤစကားများကို သင်တို့အား ငါဟောပြောလေပြီ။ ငါ၏စကားအပေါ် သင်တို့၏အလွန် လုံ့လဝီရိယရှိခြင်းနှင့် ပမာဏပြုခြင်းတို့ကြောင့်၊ ငါ၏စိတ်ဝိညာဉ်သည်လည်း လွန်စွာရွှင်လန်းဝမ်းမြောက်၏။
၂၇ ယခုမူကား၊ ဘုရားသခင်၏ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ်၌လည်းကောင်း၊ သင်တို့၏အိမ်နှင့် မြေပေါ်၌လည်းကောင်း၊ သင်တို့၏သိုးစုနှင့် နွားစုတို့အပေါ်၌လည်းကောင်း၊ သင်တို့ပိုင်ဆိုင်သမျှတို့အပေါ်၌လည်းကောင်း၊ သင်တို့၏မိန်းမများနှင့် သားသမီးများ အပေါ်၌လည်းကောင်း သင်တို့၏ယုံကြည်ခြင်းနှင့် ကောင်းမြတ်သောအမှုများအတိုင်း ယခုအချိန်မှစ၍ ကာလအစဉ်အဆက် ကိန်းဝပ်တော်မူပါစေသတည်း။ ထိုကဲ့သို့အားဖြင့်၊ ငါဟောပြောလေသတည်း။ အာမင်။