အခန်းကြီး ၅၃
လာမန်အမျိုးသားစစ်အကျဉ်းသားတို့သည် အလျှံပယ်မြို့ကို အင်အားခိုင်မာစေခြင်း၌ အသုံးပြုခံရ၏—နီဖိုင်းအမျိုးသားတို့၌ သဘောထားကွဲလွဲခြင်းက လာမန်အမျိုးသားတို့အောင်နိုင်ခြင်းကို ဖြစ်စေ၏—ဟေလမန်သည် အမ္မုန်လူမျိုးတို့၏ သားလုလင်ပျိုနှစ်ထောင်ကို အုပ်ချုပ်ကွပ်ကဲ၏။ ဘီစီ ၆၄–၆၃ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် လာမန်အမျိုးသားစစ်အကျဉ်းသားတို့ကို အစောင့်များချထား၏၊ သူတို့အသေကောင်များ၊ ထိုမှတစ်ပါး၊ ကွပ်မျက်ခံရလေသော နီဖိုင်းအမျိုးသားအသေကောင်များကို သွား၍သင်္ဂြိုဟ်စေရန် အနိုင်အထက်စီရင်၏။ မော်ရော်နိုင်းသည် ထိုသူတို့အလုပ်လုပ်နေစဉ် စောင့်ကြည့်စေခြင်းငှာလည်း လူတို့ကို နေရာချထား၏။
၂ မော်ရော်နိုင်းသည် မြူးလက်မြို့သို့ လေဟိနှင့်အတူ သွား၍၊ မြို့၏အုပ်ချုပ်ကွပ်ကဲခွင့်ကို ယူ၍၊ လေဟိအား ပေး၏။ ယခုတွင်၊ ရှုလော့၊ ဤလေဟိသည်ကား၊ မော်ရော်နိုင်း၏တိုက်ပွဲအများစု၌ သူနှင့်အတူရှိလေသောသူပင်တည်း။ မော်ရော်နိုင်းကဲ့သို့သော လူတစ်ဦးလည်းဖြစ်၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်၏ ဘေးလွတ်ခြင်း၌ ရွှင်လန်းဝမ်းမြောက်ကြ၏။ ထိုမှတစ်ပါး၊ သူတို့သည် တစ်ယောက်ကို တစ်ယောက်ချစ်၏။ နီဖိုင်းလူမျိုးခပ်သိမ်းတို့၏ချစ်ခြင်းကိုလည်း ခံရ၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည် သူတို့အသေကောင်များ၊ ထို့အတူ၊ နီဖိုင်းအမျိုးသားတို့၏အသေကောင်များသင်္ဂြိုဟ်ခြင်းကို ပြီးလေပြီးမှ၊ အလျှံပယ်ပြည်ထဲသို့ ပြန်၍ ချီတက်ရ၏။ တေအန်ကမ်သည်လည်း မော်ရော်နိုင်း၏အမိန့်တို့ဖြင့်၊ သူတို့ကို ထိုပြည်သို့မဟုတ်၊ အလျှံပယ်မြို့၏ပတ်လည်၌ ကျုံးတစ်ခုကိုတူးခြင်းအလုပ်၌ စတင်စေ၏။
၄ သူတို့အား၊ ကျုံး၏အတွင်းကမ်းပါးပေါ်၌ ရင်ပတ်အထိမြင့်သော သစ်သားနံရံကို တည်ဆောက်စေ၏။ သူတို့သည် ကျုံးထဲမှမြေကြီးကို ရင်ပတ်အထိမြင့်သောသစ်သားနံရံနှင့်ကပ်၍ စုပုံကြ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် လာမန်အမျိုးသားတို့ကို အလျှံပယ်မြို့၏ပတ်လည်၌ အလွန်မြင့်သည့် ခိုင်မာသော သစ်သားနှင့်မြေကြီးတံတိုင်းဖြင့် ဝိုင်းပတ်လေသည်အထိ အလုပ်လုပ်စေ၏။
၅ ဤမြို့သည်လည်း နောင်အစဉ်အဆက်တည်ရှိမည့် အခိုင်အမာစခန်းတစ်ခု ဖြစ်လာလေ၏။ ဤမြို့၌၊ လာမန်အမျိုးသားစစ်အကျဉ်းသားတို့ကို၊ အထူးသဖြင့်၊ သူတို့လက်ဖြင့် တည်ဆောက်စေသည့် တံတိုင်းအတွင်း၌ပင် စောင့်ကြည့်ကြ၏။ ယခုတွင်၊ လာမန်အမျိုးသားတို့ကို အလုပ်လုပ်နေစဉ်၊ စောင့်ကြည့်ရန်မှာ လွယ်ကူလေသောကြောင့်၊ မော်ရော်နိုင်းသည် လာမန်အမျိုးသားတို့ကို အလုပ်လုပ်ခိုင်းစေရန် အနိုင်အထက်စီရင်ရလေ၏။ လာမန်အမျိုးသားတို့ကို တိုက်ခိုက်သောအခါ၌လည်း သူ၏ခပ်သိမ်းသော အင်အားစုကို သုံးရန် အလိုရှိ၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းသည် ထိုကဲ့သို့အားဖြင့်၊ လာမန်အမျိုးသားတပ်များ၏ အကြီးဆုံးတပ်များမှ တစ်တပ်ကို အောင်နိုင်၍၊ နီဖိုင်းပြည်၌ လာမန်အမျိုးသားတို့၏ အခိုင်မာဆုံးစခန်းတို့မှ တစ်ခုဖြစ်လေသော မြူးလက်မြို့ကို ရရှိလေ၏။ ထိုကဲ့သို့အားဖြင့်၊ သူ၏စစ်အကျဉ်းသားများကို ထိန်းသိမ်းထားရန် အခိုင်အမာစခန်းတစ်ခုကိုလည်း တည်ဆောက်၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုနှစ်တွင်၊ သူသည် လာမန်အမျိုးသားတို့နှင့် စစ်တိုက်ရန် မကြိုးစားတော့၊ သို့ရာတွင် စစ်တိုက်ခြင်းအတွက်ပြင်ဆင်ခြင်းများပြုရာ၌လည်းကောင်း၊ ထိုမှတစ်ပါး၊ လာမန်အမျိုးသားတို့ကို ဆန့်ကျင်ကာကွယ်ရန် ခံတပ်များပြုလုပ်ရာ၌လည်းကောင်း၊ ထိုမှတစ်ပါး၊ မိမိတို့မိန်းမများနှင့် မိမိတို့သားသမီးများကို ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ဆင်းရဲဒုက္ခတို့မှ ကယ်လွှတ်ရာ၌လည်းကောင်း၊ မိမိတို့တပ်များအတွက် စားစရာကို ပြင်ဆင်ရာ၌လည်းကောင်း မိမိလူတို့ကို လုပ်ကိုင်စေ၏။
၈ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အနောက်ပင်လယ် တောင်ဘက်အရပ်ရှိ လာမန်အမျိုးသားတို့၏တပ်များသည် မော်ရော်နိုင်းမရှိစဉ် နီဖိုင်းအမျိုးသားတို့၌ သဘောထားကွဲလွဲမှုကို ဖြစ်စေသည့်၊ သူတို့၌ လျှို့ဝှက်ကြံစည်မှုအချို့ကြောင့်၊ နီဖိုင်းအမျိုးသားတို့အပေါ် အသာစီးရရှိလေသဖြင့်၊ ထိုမှတစ်ပါး ပြည်၏ထိုအရပ်ရှိ သူတို့၏မြို့အချို့ကို ရရှိလေ၏။
၉ ထို့ကဲ့သို့အားဖြင့်၊ သူတို့ကိုယ်တိုင်၌ရှိသောဒုစရိုက်ကြောင့်၊ အထူးသဖြင့် သူတို့ကိုယ်တိုင်၌ရှိသော သဘောထားကွဲလွဲမှုများနှင့် လျှို့ဝှက်ကြံစည်မှုတို့ကြောင့်၊ ဘေးအန္တရာယ်အများဆုံး အခြေအနေသို့ ရောက်လေ၏။
၁၀ ယခုမူကား၊ ရှုလော့၊ အစက လာမန်အမျိုးသားဖြစ်သူ အမ္မုန်လူမျိုးတို့အကြောင်းကို ပြောစရာ ငါ့၌ အတော်အသင့်ရှိ၏။ သို့ရာတွင်၊ အမ္မုန်နှင့် သူ၏ညီအစ်ကိုတို့အားဖြင့်၊ အမှန်စင်စစ်၊ ဘုရားသခင်၏ တန်ခိုးတော်နှင့် နှုတ်ကပတ်တော်တို့အားဖြင့် သူတို့သည် ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲကြလေပြီ။ သူတို့သည် ဇရဟင်မလပြည်ထဲသို့ ဆောင်ယူခြင်းကိုလည်း ခံရလျက်၊ ထိုအချိန်ကတည်းက နီဖိုင်အမျိုးသားတို့အားဖြင့် ကာကွယ်ထားခြင်းကို ခံရကြ၏။
၁၁ သူတို့၏ကျိန်ဆိုခြင်းကြောင့်၊ သူတို့သည် သူတို့၏ညီအစ်ကိုတို့ကို ဆန့်ကျင်၍လက်နက်စွဲကိုင်ခြင်းမှ ဆီးတားသည်ကို ခံရကြလေပြီ။ အကြောင်းမူကား၊ သူတို့သည် အသွေးသွန်းလောင်းခြင်းကို အဘယ်တော့မျှ ထပ်၍ပြုမည်မဟုတ်ကြောင်း ကျိန်ဆိုခဲ့လေပြီ။ သူတို့၏ကျိန်ဆိုခြင်းအတိုင်း၊ သူတို့ပျက်စီးပေမည်။ အထူးသဖြင့်၊ သူတို့သည် အမ္မုန်နှင့် သူ၏ညီအစ်ကိုတို့က သူတို့အတွက်ထားရှိလေသည့် သနားခြင်းနှင့် ကြီးစွာသောချစ်ခြင်းကြောင့်မဟုတ်လေလျှင်၊ သူတို့ကိုယ်ကို သူတို့၏ညီအစ်ကိုတို့လက်ထဲသို့ လဲကျစေရန် အခွင့်ပေးခဲ့ကြလိမ့်မည်။
၁၂ ဤအကြောင်းကြောင့်လည်း သူတို့သည် ဇရဟင်မလပြည်ထဲသို့ ဆောင်ယူခံရ၏။ နီဖိုင်းအမျိုးသားတို့အားဖြင့် အစဉ်ကာကွယ်ထား ခံရ၏။
၁၃ သို့ရာတွင်ချိန်တန်လာသောအခါ၊ သူတို့သည် နီဖိုင်းအမျိုးသားတို့ ခံစားရသော ဘေးအန္တရာယ်၊ များစွာသောဆင်းရဲဒုက္ခများနှင့် အတိဒုက္ခများကို မြင်ရလေလျှင်၊ သနားခြင်းရှိလာ၍ သူတို့တိုင်းပြည်ကိုကာကွယ်ရာ၌ လက်နက်စွဲကိုင်ခြင်းငှာ အလိုရှိလေ၏။
၁၄ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် မိမိတို့၏ စစ်တိုက်ရာလက်နက်များကို စွဲကိုင်တော့မည်ပြုစဉ်တွင်၊ ဟေလမန်နှင့် သူ့ညီအစ်ကိုတို့၏ ဖျောင်းဖျခြင်း၏လွှမ်းမိုးမှုကို ခံရလေ၏။ အကြောင်းမူကား၊ သူတို့သည် ပြုလေသည့် ကျိန်ဆိုခြင်းကို ဖောက်ဖျက်တော့မည်ပြုလေ၏။
၁၅ ဟေလမန်သည် ထိုသို့ပြုကြခြင်း အားဖြင့် သူတို့၏စိတ်ဝိညာဉ်များကို သူတို့ဆုံးရှုံးရမည့်အကြောင်းကို စိုးရိမ်၏။ ထို့ကြောင့်၊ ဤပဋိညာဉ်ကို ပြုလေသူခပ်သိမ်းတို့သည် သူတို့၏ညီအစ်ကိုတို့ကို ယခုအချိန်ရှိ သူတို့၏ ဘေးအန္တရာယ်များသော အခြေအနေတို့၌ ကြည့်နေစေရန် အနိုင်အထက်စီရင်ခံရလေ၏။
၁၆ သို့ရာတွင်၊ ရှုလော့၊ အချိန်တန်လာသောအခါ၊ သူတို့၌ သူတို့ရန်သူများတစ်ဖက်တွင် သူတို့ကိုယ်ကို ကာကွယ်ရန် သူတို့၏စစ်တိုက်ရာလက်နက်များကို စွဲကိုင်မည်မဟုတ်ဟူသော ပဋိညာဉ်ကို မပြုခဲ့လေသော သားများစွာ ရှိလေ၏။ ထို့ကြောင့်၊ သူတို့သည် ယခုအချိန်၌ လက်နက်စွဲကိုင်နိုင်စွမ်းရှိသူမှန်သမျှကို သူတို့ကိုယ်သူတို့ အတူတကွစည်းဝေး၍၊ သူတို့ကိုယ်သူတို့ နီဖိုင်းအမျိုးသားများဟု ခေါ်ကြ၏။
၁၇ သူတို့သည်လည်း နီဖိုင်းအမျိုးသားတို့၏ လွတ်လပ်ခြင်းအတွက်တိုက်ခိုက်ရန်၊ အထူးသဖြင့်၊ သူတို့အသက်ကို စွန့်သည့်တိုင်အောင်ပင် ထိုပြည်ကို ကာကွယ်ရန် ပဋိညာဉ်ပြုကြ၏။ ထိုမှတစ်ပါး၊ သူတို့၏လွတ်လပ်ခြင်းကို အဘယ်တော့မျှ၊ စွန့်လွှတ်မည်မဟုတ်၊ နီဖိုင်းအမျိုးသားတို့နှင့် သူတို့ကိုယ်တိုင်ကို ကျွန်ခံရာဘေးမှကာကွယ်ရန် ခပ်သိမ်းသော အခြေအနေတို့၌ တိုက်ခိုက်မည်သာဖြစ်ကြောင်းကိုပင် ပဋိညာဉ်ပြုခဲ့ကြ၏။
၁၈ ယခုတွင်၊ ရှုလော့၊ ဤပဋိညာဉ်ကိုပြု၍၊ သူတို့၏တိုင်းပြည်ကို ကာကွယ်ရန် သူတို့၏စစ်တိုက်ရာလက်နက်များကို စွဲကိုင်သူ ထိုလူပျိုနှစ်ထောင်ရှိလေ၏။
၁၉ ယခုမူကား၊ ရှုလော့၊ သူတို့သည် နီဖိုင်းအမျိုးသားတို့အတွက် ယခင်က ဆိုးကျိုးမဖြစ်စဖူးသကဲ့သို့၊ ယခုအချိန်တွင်လည်း ကြီးစွာသော အထောက်အပံ့ဖြစ်လာကြ၏။ အကြောင်းမူကား၊ သူတို့၏စစ်တိုက်ရာ လက်နက်များကို စွဲကိုင်၍၊ ဟေလမန်ကို သူတို့၏ခေါင်းဆောင် ဖြစ်စေရန် အလိုရှိကြ၏။
၂၀ သူတို့အားလုံးသည် လူပျိုများဖြစ်ကြ၏၊ ထို့အတူ သတ္တိရှိခြင်း၌၊ ထို့အတူ ခွန်အားအရာနှင့် အလုပ်၌ အလွန်ရဲရင့်ကြ၏။ သို့ရာတွင်၊ ရှုလော့၊ ဤအရာမှာ အလုံးစုံမဟုတ်—သူတို့ကို ယုံကြည်လွှဲအပ်ထားသောအရာမှန်သမျှ၌ ခပ်သိမ်းသောကာလတို့ ၌ သစ္စာရှိသောသူများလည်း ဖြစ်ကြ၏။
၂၁ ထိုမှတစ်ပါး၊ သူတို့သည် သမ္မာတရားနှင့် တည်ကြည်လေးနက်ခြင်းရှိသောသူများ ဖြစ်ကြ၏။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းစေရန်နှင့်၊ ရှေ့တော်၌ ဖြောင့်မတ်စွာကျင့်စေရန် သွန်သင်ခံရလေပြီ။
၂၂ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အနောက်ပင်လယ်အနီး၊ တောင်ဘက်အရပ်၌၊ ထိုပြည်၏နယ်နိမိတ်ရှိ လူတို့အား ထောက်မခြင်းအတွက်၊ ဟေလမန်သည် သူ၏စစ်သူရဲလုလင်ပျိုနှစ်ထောင်တို့၏တပ်ဦးမှနေ၍ ချီတက်၏။
၂၃ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း နှစ်ဆယ်ရှစ်နှစ်မြောက် ပြီးဆုံး၏။