အခန်းကြီး ၄၉
ကျူးကျော်တိုက်ခိုက်သော လာမန်အမျိုးသားတို့သည် အင်အားခိုင်မာအောင်ပြုထားသော အမ္မုန်နိဟမြို့နှင့် နောဧမြို့တို့ကို သိမ်းယူရန် မတတ်နိုင်ဘဲရှိ၏—အာမလိခိယသည် ဘုရားသခင်ကို ကျိန်ဆဲလျက်၊ မော်ရော်နိုင်း၏အသွေးကို သောက်ခြင်းငှာ ကျိန်ဆို၏—ဟေလမန်နှင့် သူ၏ညီအစ်ကိုတို့သည် အသင်းတော်ကို ဆက်၍ခွန်အားဖြည့်ပေးကြ၏။ ဘီစီ ၇၂ ခန့်။
၁ ယခုတွင်၊ အချိန်တန်လာသောအခါ၊ တစ်ဆယ်ကိုးနှစ်မြောက်နှစ်၏၊ တစ်ဆယ်တစ်လ တစ်ဆယ်ရက်မြောက်နေ့တွင်၊ အမ္မုန်နိဟပြည်ဆီသို့ လာမန်အမျိုးသားတို့၏တပ်များ ချဉ်းကပ်လာလေသည်ကို မြင်ရလေ၏။
၂ ရှုဦးလော့၊ မြို့ကို ပြန်လည်တည်ဆောက်လေ၏၊ မော်ရော်နိုင်းသည်လည်း မြို့၏နယ်နိမိတ်အနီး၌ တပ်တစ်တပ်ကို နေရာချထား၏။ သူတို့ကိုယ်ကို လာမန်အမျိုးသားတို့၏ မြားများနှင့် ကျောက်ခဲတို့မှ ကာကွယ်ခြင်းငှာ၊ ပတ်ပတ်လည်၌ မြေကြီးတို့ကို စုပုံလေ၏။ အကြောင်းမူကား၊ ရှုလော့၊ ထိုသူတို့သည် ကျောက်ခဲများဖြင့်လည်းကောင်း၊ မြားတို့ဖြင့်လည်းကောင်း တိုက်ခိုက်ကြ၏။
၃ ရှုလော့၊ အမ္မုန်နိဟမြို့ကို ပြန်လည်တည်ဆောက်လေကြောင်း ငါပြောပြ၏။ ထိုမှတစ်ပါး၊ ငါဆိုသည်ကား၊ ထိုမြို့ကို တစ်စိတ်တစ်ပိုင်းမျှသာ ပြန်လည်တည်ဆောက်ထားလေ၏။ လာမန်အမျိုးသားတို့သည် ထိုမြို့ကို လူတို့၏ဒုစရိုက်ကြောင့် တစ်ကြိမ်ဖျက်ဆီးခဲ့လေပြီဖြစ်၍၊ သူတို့အတွက် ဖမ်းဖို့လွယ်ကူသောသားကောင်တစ်ကောင် တစ်ဖန်ဖြစ်လာလိမ့်မည်ဟု ထင်မှတ်ကြ၏။
၄ သို့ရာတွင်၊ ရှုလော့၊ သူတို့၏စိတ်ပျက်ခြင်းမှာ အလွန်ကြီးမားလှလေပြီ။ အကြောင်းမူကား၊ ရှုလော့၊ နီဖိုင်းအမျိုးသားတို့က သူတို့ပတ်ပတ်လည်၌ အလွန်မြင့်သည့် မြေကြီးတာရိုးကို တူး၍တည်ဆောက်လေသဖြင့်၊ လာမန်အမျိုးသားတို့သည် ကျောက်ခဲများနှင့် မြားတို့ဖြင့် ထိရောက်အောင်မပစ်နိုင်ကြ။ သူတို့၏တံခါးပေါက်နေရာမှတစ်ပါး၊ လာလည်းမလာနိုင်ကြ။
၅ ယခုအကြိမ်တွင်၊ လာမန်အမျိုးသားတို့၏ဗိုလ်ချုပ်မင်းတို့သည် နီဖိုင်းအမျိုးသားတို့၏ လုံခြုံရာနေရာတို့ကိုပြင်ဆင်သောဉာဏ်ပညာကြောင့် လွန်စွာအံ့ဩလေ၏။
၆ ယခုတွင်၊ လာမန်အမျိုးသားတို့၏ခေါင်းဆောင်တို့သည် သူတို့အရေအတွက် များလှခြင်းကြောင့်၊ ထင်မှတ်လေသည်မှာ၊ အထူးသဖြင့်၊ ယခင်ကပြုလေသကဲ့သို့ပင်၊ လာ၍တိုက်ခိုက်ရန် အထူးအခွင့်အရေးရရှိလိမ့်မည်ဟု ထင်မှတ်ကြ၏။ ထိုမှတစ်ပါး၊ သူတို့ကိုယ်ကို ဒိုင်းများဖြင့်လည်းကောင်း၊ ရင်အုပ်တန်ဆာများဖြင့်လည်းကောင်း ပြင်ဆင်လေ၏။ ထို့အတူ၊ သူတို့ကိုယ်ကို သားရေအဝတ်တန်ဆာများ၊ အမှန်စင်စစ်၊ အဝတ်မရှိခြင်းကိုဖုံးခြင်းငှာ အလွန်ထူသောအဝတ်တန်ဆာများဖြင့်လည်း ပြင်ဆင်ကြ၏။
၇ ထိုကဲ့သို့ပြင်ဆင်ခဲ့ခြင်းရှိ၍၊ သူတို့ညီအစ်ကိုများကို လွယ်ကူစွာအနိုင်ရလျက်၊ ကျွန်ခံရာထမ်းပိုးဖြင့်လွှမ်းမိုးကြ၊ သို့မဟုတ်၊ သူတို့အလိုဆန္ဒအတိုင်း၊ ကွပ်မျက်လျက် သိမ်းရုံးသတ်ဖြတ်ရလိမ့််မည်ဟု ထင်မှတ်ကြ၏။
၈ သို့ရာတွင်၊ ရှုလော့၊ သူတို့အကြွင်းမဲ့ အံ့ဩသည်မှာ၊ လေဟိ၏သားမြေးတို့၌ မသိခဲ့ရဖူးလေသည့် နည်းလမ်းဖြင့် သူတို့တစ်ဖက်တွင် ပြင်ဆင်လေခြင်းပေတည်း။ ယခုတွင်၊ သူတို့သည် လာမန်အမျိုးသားတို့တစ်ဖက်၌ မော်ရော်နိုင်း၏သွန်သင်ခြင်းများအတိုင်း စစ်တိုက်ရန် ပြင်ဆင်လေ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ စစ်တိုက်ခြင်းအတွက်သူတို့၏ပြင်ဆင်ရာနည်းလမ်းကို လာမန်အမျိုးသားတို့ကသော်လည်းကောင်း၊ အာမလိခိယအမျိုးသားတို့ကသော်လည်းကောင်း လွန်စွာအံ့ဩရ၏။
၁၀ ယခုတွင်၊ အာမလိခိယမင်းကြီးသည် သူ၏တပ်ဦးမှနေ၍ နီဖိုင်းပြည်မှ ဆင်းလာလေလျှင်၊ အမ္မုန်နိဟမြို့တွင်၊ လာမန်အမျိုးသားတို့ကို၊ နိဖိုင်းအမျိုးသားတို့အား တိုက်ခိုက်ကောင်း၊ တိုက်ခိုက်စေလိမ့်မည်။ အကြောင်းမူကား၊ ရှုလော့၊ သူ့လူမျိုးတို့၏အသွေးကို ဂရုစိုက်ခြင်းမရှိ။
၁၁ သို့ရာတွင်၊ ရှုလော့၊ အာမလိခိယသည် တိုက်ပွဲသို့ သူကိုယ်တိုင် ဆင်းမလာပေ။ ရှုဦးလော့၊ သူ၏ဗိုလ်ချုပ်မင်းတို့သည် အမ္မုန်နိဟမြို့တွင် နီဖိုင်းအမျိုးသားတို့ကို မတိုက်ခိုက်ဝံ့ကြ။ အကြောင်းမူကား၊ နီဖိုင်းအမျိုးသားတို့၌ အမှုအမျိုးမျိုး၏ ပြုမူကျင့်ကြံပုံကို မော်ရော်နိုင်းက ပြောင်းလဲလေသဖြင့်၊ လာမန်အမျိုးသားတို့သည် သူတို့၏ဆုတ်ခွာရာနေရာတို့၌ စိတ်ပျက်၍၊ လာမတိုက်ခိုက်နိုင်ကြ။
၁၂ ထို့ကြောင့်၊ သူတို့သည် တောရိုင်းထဲသို့ ဆုတ်ခွာကြ၏၊ သူတို့၏ရိက္ခာတပ်ကိုခေါ်၍၊ နောဧပြည်ဆီသို့၊ နီဖိုင်းအမျိုးသားတို့ကို ဆန့်ကျင်တိုက်ခိုက်ရန် သူတို့အတွက် ဒုတိယအကောင်းဆုံးနေရာဖြစ်မည်ဟု ထင်မှတ်လျက်၊ ချီတက်ကြ၏။
၁၃ အကြောင်းမူကား၊ မော်ရော်နိုင်းက အင်အားခိုင်မာစေခဲ့လေကြောင်း၊ သို့မဟုတ်၊ ထိုပြည်ပတ်ဝန်းကျင်တစ်ခုလုံးရှိမြို့တိုင်းအတွက် လုံခြုံရာခံတပ်များ တည်ဆောက်ခဲ့လေကြောင်းကို သူတို့သိခြင်းမရှိ။ ထို့ကြောင့်၊ သူတို့သည် ခိုင်မာသောသန္နိဌာန်ဖြင့် နောဧပြည်သို့ဆက်၍ ချီတက်ကြ၏။ အမှန်စင်စစ်၊ သူတို့၏ဗိုလ်ချုပ်မင်းတို့သည် ရှေ့သို့တက်လာ၍၊ ထိုမြို့မှလူတို့ကို ဖျက်ဆီးမည့်အကြောင်း ကျိန်ဆိုကြ၏။
၁၄ သို့ရာတွင်၊ ရှုလော့၊ သူတို့အံ့ဩသည်မှာ၊ ယခင်က အားနည်းသောနေရာဖြစ်ဖူးလေသည့် နောဧမြို့သည် ယခုတွင်၊ မော်ရော်နိုင်းကြောင့်၊ အားကြီးလာခြင်းပေတည်း၊ အမှန်စင်စစ်၊ အမ္မုန်နိဟမြို့၏အင်အားထက်ပင် သာလွန်လေ၏။
၁၅ ယခုမူကား၊ ရှုလော့၊ ဤအမှုမှာ မော်ရော်နိုင်း၏ဉာဏ်ပညာ ဖြစ်၏။ အကြောင်းမူကား၊ သူတို့သည် အမ္မုန်နိဟမြို့ ၌ ကြောက်လန့်ခဲ့လိမ့်မည့်အကြောင်းကို သူတွေးမြင်ခဲ့လေ၏။ ထို့အတူ၊ နောဧမြို့သည်လည်း ယခင်က ထိုပြည်၏အားအနည်းဆုံးသောအရပ် ဖြစ်ဖူးလေသောကြောင့်၊ ထိုအရပ်သို့ စစ်တိုက်ရန် သူတို့ချီတက်လိမ့်မည်။ ထိုကဲ့သို့အားဖြင့်၊ ဤအမှုများသည် သူ၏အလိုဆန္ဒများအတိုင်း ဖြစ်လေ၏။
၁၆ ရှုဦးလော့၊ မော်ရော်နိုင်းသည် လေဟိကို ထိုမြိုရှိလူတို့အပေါ်မှာ ဗိုလ်ချုပ်မင်းအဖြစ် ခန့်အပ်ထားလေ၏။ ထိုသူသည်ကား၊ ဇိဒုန်မြစ်၏အရှေ့ဘက်ရှိချိုင့်ဝှမ်း၌ လာမန်အမျိုးသားတို့နှင့် တိုက်ခိုက်ခဲ့သောလေဟိပင်တည်း။
၁၇ ယခုမူကား၊ ရှုလော့၊ အချိန်တန်လာသောအခါ၊ လေဟိက ထိုမြို့ကို ကွပ်ကဲအုပ်ချုပ်သည်ကို လာမန်အမျိုးသားတို့ တွေ့ရှိလေလျှင်၊ သူတို့တစ်ဖန်စိတ်ပျက်လေ၏။ အကြောင်းမူကား၊ သူတို့သည် လေဟိကို လွန်စွာကြောက်ရွံ့၏။ သို့သော်လည်း၊ သူတို့၏ဗိုလ်ချုပ်မင်းတို့သည် ထိုမြို့ကို တိုက်ခိုက်ရန် ကျိန်ဆိုခြင်းဖြင့် ကျိန်ခဲ့ပြီ။ ထို့ကြောင့်၊ သူတို့၏တပ်များကို ခေါ်ဆောင်ခဲ့ကြ၏။
၁၈ ယခုတွင်၊ ရှုလော့၊ စုပုံထားလေသောတာရိုး၏မြင့်ခြင်းနှင့်၊ ပတ်လည်၌ တူးထားလေသောကျုံး၏အနက်ကြောင့်၊ လာမန်အမျိုးသားတို့သည် တံခါးပေါက်နေရာမှတစ်ပါး၊ သူတို့၏လုံခြုံရာခံတပ်ထဲသို့ တံခါးပေါက်နေရာမှဝင်ခြင်းမှတစ်ပါး၊ အခြားအဘယ်လမ်းဖြင့်မျှ၊ မဝင်ရောက်နိုင်ကြ။
၁၉ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းအမျိုးသားတို့သည် ခံတပ်သို့အခြားအဘယ်လမ်းဖြင့်မဆို ဝင်ပြီး တက်လာရန် အားထုတ်သောသူမှန်သမျှအပေါ်သို့ ကျောက်ခဲ၊ မြားတို့ဖြင့် ပစ်ခြင်းဖြင့် ဖျက်ဆီးခြင်းငှာ ပြင်ဆင်ခဲ့လေ၏။
၂၀ သူတို့သည် ထိုကဲသို့အားဖြင့်၊ အထူးသဖြင့်၊ သူတို့၏အားအကြီးဆုံးသောသူများပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် သူတို့၏ဓားများနှင့် သူတို့၏လောက်လွှဲတို့ဖြင့်ပြင်ဆင်လျက်၊ သူတို့၏လုံခြုံရာနေရာထဲသို့ တံခါးပေါက်နေရာမှ ဝင်လာရန် အားထုတ်သူမှန်သမျှကို တိုက်ချခြင်းငှာဖြစ်လေ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် လာမန်အမျိုးသားတို့တစ်ဖက်၌ သူတို့ကိုယ်ကို ကာကွယ်ရန် ပြင်ဆင်လေ၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့၏ ဗိုလ်ချုပ်တို့သည် တံခါးပေါက်နေရာရှေ့သို့ သူတို့တပ်များကို ဦးဆောင်၍၊ နီဖိုင်းအမျိုးသားတို့ကို တိုက်ခိုက်ရန်၊ သူတို့၏လုံခြုံရာနေရာထဲသို့ ဝင်ရန် အစပြုကြ၏။ သို့ရာတွင်၊ ရှုလော့၊ အချိန်နှင့်အမျှ ပြန်၍မောင်းထုတ်ခံရသဖြင့်၊ ကြီးစွာသောသိမ်းရုံးသတ်ဖြတ်ခြင်းဖြင့် ကွပ်မျက် ခံရကြလေ၏။
၂၂ ယခုတွင်၊ သူတို့သည် ထိုလမ်းကြောင်းအားဖြင့် နီဖိုင်းအမျိုးသားတို့ကို အနိုင်မရနိုင်ကြောင်း၊ တွေ့ရှိလျှင်၊ သူတို့တပ်များအတွက် လမ်းကြောင်းရရှိနိုင်စေခြင်းငှာလည်းကောင်း၊ တိုက်ခိုက်ရန် တူညီသောအခွင့်အလမ်း ရရှိနိုင်စေခြင်းငှာလည်းကောင်း သူတို့၏မြေကတုတ်များကို တူးဖြိုစပြု၏။ သို့ရာတွင်၊ ရှုလော့၊ ဤသို့ ကြိုးစားအားထုတ်ရာတွင်၊ သူတို့ကို ပစ်လေသည့် ကျောက်ခဲများနှင့်၊ မြားတို့အားဖြင့် ပယ်ရှင်းခံရလေ၏။ မြေကတုတ်ကို ဖြိုချခြင်းအားဖြင့်၊ တွင်းများကို ဖို့ခြင်းအစား၊ သူတို့၏အသေကောင်အချို့နှင့် ဒဏ်ရာရသောကိုယ်တို့ဖြင့် ပြည့်လေ၏။
၂၃ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းအမျိုးသားတို့သည် သူတို့ရန်သူများကို လုံးဝအနိုင်ရလေ၏။ ထိုကဲ့သို့အားဖြင့်၊ လာမန်အမျိုးသားတို့သည် သူတို့ဗိုလ်ချုပ်မင်းခပ်သိမ်းတို့ ကွပ်မျက်ခံရလေသည့်တိုင်အောင်ပင် နီဖိုင်းအမျိုးသားတို့ကို ဖျက်ဆီးရန် ကြိုးစားအားထုတ်ကြ၏။ ထိုမှတစ်ပါး၊ လာမန်အမျိုးသားတစ်ထောင်ကျော် အကွပ်မျက်ခံရလေ၏။ အခြားတစ်ဖက်တွင်မူကား၊ နီဖိုင်းအမျိုးသားတို့အထဲ၌ ကွပ်မျက်ခံရလေသူ တစ်ဦးမျှမရှိ။
၂၄ လမ်းကြောင်းကို ဖြတ်လာသော လာမန်အမျိုးသားတို့၏မြားများဆီသို့ ရင်ဆိုင်လေသည့်၊ ဒဏ်ရာရလေသူ အယောက်ငါးဆယ်ခန့် ရှိလေ၏။ သို့ရာတွင်၊ သူတို့ဒိုင်းများ၊ သူတို့ရင်အုပ်တန်ဆာများ၊ သူတို့ဦးခေါင်းတန်ဆာများဖြင့် ကာကွယ်ထားလေသဖြင့်၊ သူတို့ဒဏ်ရာများမှာ သူတို့ခြေထောက်များ၌ ရရှိလျက်၊ ၎င်းတို့မှ များစွာတို့သည် အလွန်ပြင်းထန်၏။
၂၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည် သူတို့ဗိုလ်ချုပ်မင်းခပ်သိမ်းတို့ ကွပ်မျက်ခံရလေသည်ကို တွေ့မြင်ရလေလျှင်၊ တောရိုင်းထဲသို့ ထွက်ပြေးသွားကြ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့၏ကြီးစွာသော ဆုံးရှုံးခြင်းအကြောင်းကို နီဖိုင်းအမျိုးသားဇာတိဖြစ်သူ၊ သူတို့မင်းကြီး အာမလိခိယအား ပြောပြခြင်းငှာ၊ နီဖိုင်းပြည်သို့ ပြန်လာကြ၏။
၂၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည်လည်း နီဖိုင်းအမျိုးသားတို့အပေါ်၌ သူ့အလိုဆန္ဒမပြည့်လေသောကြောင့်လည်းကောင်း၊ သူတို့ကို ကျွန်ခံရာထမ်းပိုးသို့ လွှမ်းမိုးခြင်းမပြုရလေသောကြောင့်လည်းကောင်း သူ့လူများကို လွန်စွာအမျက်ထွက်၏။
၂၇ ထိုမှတစ်ပါး၊ သူသည် လွန်စွာအမျက်ထွက်၍၊ ဘုရားသခင်ကို ကျိန်ဆဲ၏၊ မော်ရော်နိုင်းကိုလည်း သူ့အသွေးကို သောက်မည့်အကြောင်း ကျိန်ဆိုခြင်းဖြင့် ကျိန်၏။ ဤသို့ပြုသည်မှာ၊ မော်ရော်နိုင်းသည် သူ့လူမျိုးတို့ဘေးလွတ်ရာအတွက် ပြင်ဆင်ရာ၌ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းလေသောကြောင့်ပေတည်း။
၂၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အခြားတစ်ဖက်တွင်၊ နီဖိုင်းလူမျိုးတို့သည်သူတို့ဘုရားသခင်ကိုယ်တော်ရှင်ကို ကျေးဇူးတော်ချီးမွမ်းကြ၏၊ သူတို့ကို ရန်သူများလက်မှ ကယ်လွှတ်တော်မူရာ၌၊ သူ၏အတုမရှိသောတန်ခိုးတော်ကြောင့်ပေတည်း။
၂၉ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း တစ်ဆယ်ကိုးနှစ်မြောက် ပြီးဆုံး၏။
၃၀ ထိုမှတစ်ပါး၊ ဟေလမန်၊ ရှိဗလုန်၊ ကော်ရန်တန်၊ အမ္မုန်နှင့် သူ၏ညီအစ်ကိုတို့အားဖြင့်လည်းကောင်း၊ ဘုရားသခင်၏သန့်ရှင်းသောအသင်းအားဖြင့် ခန့်ထားခံရလျက်၊ နောင်တရခြင်း အလို့ငှာ၊ ဗတ္တိဇံခံလျက်၊ လူတို့၌ ဟောပြောစေခြင်းငှာ စေလွှတ်ခံရသောသူခပ်သိမ်းတို့အားဖြင့်လည်းကောင်း သူတို့ထံသို့ ဟောကြားလေသည့် ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ်ထားသည့် ပမာဏပြုခြင်းနှင့် လုံ့လဝီရိယတို့ကြောင့်၊ သူတို့၌ အဆက်မပြတ်ငြိမ်းချမ်းခြင်းရှိလျက်၊ အသင်းတော်ထဲ၌ အလွန်ကြီးစွာသော အောင်မြင်ခြင်းရှိလေသတည်း။