အယ်လမာ၏သား
အယ်လမာကျမ်း
အယ်လမာ၏သားဖြစ်သည့်၊ နီဖိုင်းလူမျိုးတို့၌ ပထမဦးဆုံးနှင့် တရားသူကြီးချုပ်ဖြစ်သည့်၊ အသင်းတော်၌ ယဇ်ပုရောဟိတ်မင်းလည်းဖြစ်သည့် အယ်လမာ၏မှတ်တမ်း။ တရားသူကြီးများအုပ်စိုးခြင်း၊ လူတို့အကြား၊ စစ်တိုက်ခြင်းများနှင့် ရန်တွေ့ခြင်းများအကြောင်းမှတ်တမ်း။ ထို့အတူ၊ ပထမဦးဆုံးနှင့် တရားသူကြီးချုပ်ဖြစ်သူ အယ်လမာ၏မှတ်တမ်းအရ နီဖိုင်းအမျိုးသားများနှင့် လာမန်အမျိုးသားများအကြား စစ်တိုက်ခြင်းအကြောင်းမှတ်တမ်း။
အခန်းကြီး ၁
နေဟောသည် မှားယွင်းသော ဩဝါဒများကို သွန်သင်ပေး၏၊ အသင်းတော်တစ်ခုကို တည်ထောင်၏၊ ဘာသာရေးဖြင့်ကိုယ်ကျိုးရှာခြင်းကို စတင်၍၊ ဂိဒေါင်ကို ကွပ်မျက်၏—နေဟောသည် သူ၏ပြစ်မှုများအတွက် သေဒဏ်ပေးခံရ၏—ဘာသာရေးဖြင့်ကိုယ်ကျိုးရှာခြင်းများနှင့် ညှဉ်းဆဲခြင်းတို့သည် လူတို့၌ ပျံ့နှံ့၏—ယဇ်ပုရောဟိတ်များသည် မိမိတို့ကိုယ်ကို ထောက်မ၏၊ လူတို့သည် ဆင်းရဲသားတို့ကို ဂရုစိုက်၏၊ အသင်းတော်သည်လည်း အောင်မြင်၏။ ဘီစီ ၉၁–၈၈ ခန့်။
၁ ယခုတွင်၊ အချိန်တန်လာသောအခါ၊ နီဖိုင်းလူမျိုးတို့၌ တရားသူကြီးများအုပ်စိုးသော ပထမနှစ်တွင်၊ မောဇိယမင်းကြီးသည် ဘုရားသခင်ရှေ့ ၌ ဖြောင့်မတ်စွာကျင့်လျက်၊ ကောင်းသောစစ်ကို တိုက်လေပြီး၊ သူ၏နေရာ၌နန်းစံစေရန် အဘယ်သူ့ကိုမျှ ချန်မထားဘဲ၊ မြေကြီးပေါ်၌ နေထိုင်သူခပ်သိမ်းတို့၏သွားရာလမ်းသို့ သွားလေ၏။ သို့သော်လည်း၊ သူသည် ဥပဒေများကို တည်ထောင်၍၊ ၎င်းတို့သည် လူတို့၏အသိအမှတ်ပြုခြင်းကို ခံရကြ၏။ ထို့ကြောင့်၊ သူတို့သည် ဤအချိန်မှစ၍ သူပြုထားလေသော ဥပဒေများအတိုင်း နေထိုင်ရလေ၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားပလ္လင်၌ အယ်လမာအုပ်စိုးသည့် ပထမဦးဆုံးနှစ်တွင်၊ ခွန်အားများစွာကြောင့် ထင်ရှားလေသည့် ကြီးစွာသောလူတစ်ဦးကို တရားစီရင်ခံရစေရန် သူ့ရှေ့သို့ ခေါ်ဆောင်ခဲ့ကြ၏။
၃ ထိုသူသည် လူတို့၌ သွား၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်ဟု သူခေါ်သည့်အရာကို ဟောပြောလျက်၊ အသင်းတော်ကို ဆန့်ကျင်လျက်ရှိ၏။ ယဇ်ပုရောဟိတ်နှင့် ဆရာမှန်သမျှကျော်ကြားလာအပ်ကြောင်း၊ သူတို့လက်ဖြင့် အလုပ်မလုပ်အပ်ဘဲ၊ လူတို့၏ထောက်မခြင်း ခံရအပ်ကြောင်းကို လူတို့အား ဟောကြားလျက်ရှိ၏။
၄ ထို့အတူ၊ ခပ်သိမ်းသောလူသားတို့ နောက်ဆုံးသောနေ့ ၌ ကယ်တင်ခြင်းသို့ ရောက်ရမည့်အကြောင်း၊ ကြောက်ရန်မလို၊ တုန်ရန်လည်းမလိုကြောင်း၊ ဦးခေါင်းကိုမော့လျက် ရွှင်လန်းဝမ်းမြောက်နိုင်ရမည့်အကြောင်းကိုသာ လူတို့အား သူသက်သေခံ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် ခပ်သိမ်းသော လူသားတို့ကို ဖန်ဆင်းတော်မူလေပြီး၊ ထို့အတူ ခပ်သိမ်းသော လူသားတို့ကို ရွေးနှုတ်တော်မူလေပြီ။ နောက်ဆုံး၌လည်း ခပ်သိမ်းသော လူသားတို့ ထာဝရအသက်ကို ရကြလိမ့်မည်။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤအရာတို့ကို သူတို့အား အလွန်များစွာသွန်သင်ပေး၍၊ များစွာသောသူ၊ အလွန်များစွာသောသူတို့ကပင် သူ၏စကားများကို ယုံကြည်ကြ၏၊ သူ့ကို ထောက်မစပြု၍၊ ငွေကိုပေးကြ၏။
၆ သူသည်လည်း မာနစိတ်နှလုံးဖြင့်၊ ဘဝင်မြင့်စပြု၏၊ အလွန်အဖိုးထိုက်သောအဝတ်ကိုဝတ်၍၊ ထိုမှတစ်ပါး၊ သူ၏ဟောပြောခြင်းအတိုင်း၊ အသင်းတော်တစ်ခုကို တည်ထောင်စပင်ပြု၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် မိမိစကားကို ယုံကြည်သောသူများအား ဟောပြောရန် သွားစဉ်၊ ဘုရားသခင်၏အသင်းတော် အသင်းဝင်ဖြစ်သူ လူတစ်ဦး၊ အထူးသဖြင့်၊ သူတို့ဆရာများထဲမှ တစ်ဦးကိုပင် တွေ့၍၊ အသင်းတော်မှလူများကို လှည့်ဖြားခေါ်ဆောင်သွားခြင်းငှာ၊ ထိုသူနှင့် ပြင်းစွာငြင်းခုံစပြု၏။ သို့ရာတွင်၊ ထိုလူက ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် ဆုံးမလျက်၊ ပြန်လည်ချေပငြင်းဆို၏။
၈ ယခုတွင်၊ ထိုလူ၏အမည်မှာ ဂိဒေါင်ဖြစ်၏။ သူသည် လင်မဟိ၏လူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်ရာတွင် ဘုရားသခင်၏လက်တော်၌ တန်ဆာတစ်ခုဖြစ်ခဲ့သောသူပေတည်း။
၉ ယခုတွင်၊ ဂိဒေါင်က သူ့ကို ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် ငြင်းဆိုသောကြောင့်၊ ဂိဒေါင်ကို အမျက်ထွက်၏၊ ဓားကိုဆွဲ၍ ခုတ်စပြု၏။ ယခုတွင်၊ ဂိဒေါင်သည် အသက်အရွယ်များစွာကြီးရင့်နေပြီဖြစ်ရာ၊ ထို့ကြောင့်၊ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်မရှိ၍ ဓားဖြင့်ကွပ်မျက်ခံရလေ၏။
၁၀ ကွပ်မျက်သောလူကိုလည်း အသင်းတော်မှလူများက ဖမ်း၍၊ သူကျူးလွန်လေသော ပြစ်မှုများအတိုင်း၊ တရားစီရင်ခြင်းခံရစေရန် အယ်လမာ၏ရှေ့သို့ ခေါ်ဆောင်ကြ၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုသူသည် အယ်လမာ၏ရှေ့၌ ရပ်၍၊ သူ့အဖို့ အလွန်ရဲရင့်စွာထုချေ၏။
၁၂ သို့ရာတွင်၊ အယ်လမာက သူ့ကို ဆိုလေသည်မှာ၊ ရှုလော့၊ ဤအမှုသည်ကား၊ ဘာသာရေးဖြင့်ကိုယ်ကျိုးရှာခြင်းကို ဤလူတို့၌ ပထမဦးဆုံးအကြိမ် စတင်ခြင်းဖြစ်၏။ ရှုဦးလော့၊ သင်သည် ဘာသာရေးဖြင့်ကိုယ်ကျိုးရှာခြင်းတစ်ခုတည်းကြောင့် အပြစ်ရောက်ခြင်းမဟုတ်။ သို့ရာတွင်၊ ထိုအမှုကို အားကောင်းစေရန် ဓားဖြင့် ကြိုးစားအားထုတ်လေပြီ။ ဤလူတို့၌ ဘာသာရေးဖြင့်ကိုယ်ကျိုးရှာခြင်းကို အားကောင်းစေခဲ့လျှင်၊ သူတို့၏အလုံးစုံပျက်စီးခြင်းကို ဖြစ်စေလိမ့်မည်။
၁၃ ထို့အတူ၊ သင်သည် ဖြောင့်မတ်သောလူ၊ အထူးသဖြင့်၊ ဤလူတို့၌ များစွာသောကောင်းမြတ်ခြင်း ပြုလေသောလူ၏အသွေးကို သွန်းလောင်းလေပြီ။ ငါတို့သည် သင့်ကို ချမ်းသာပေးလျှင်၊ သူ၏အသွေးက ငါတို့အပေါ် လက်တုံ့ပြန်ရန် ကျရောက်ပေလိမ့်မည်။
၁၄ ထို့ကြောင့်၊ ငါတို့၏နောက်ဆုံးမင်းကြီးမောဇိယက ငါတို့အား ပေးထားလေသောဥပဒေအတိုင်း သေဒဏ်ချမှတ်ခြင်းကို သင်ခံရမည်။ ဤလူတို့ကလည်း ထိုဥပဒေကို အသိအမှတ်ပြုထားလေပြီ။ ထို့ကြောင့်၊ ဤလူတို့သည် ဥပဒေအတိုင်းနေထိုင်ရမည်။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူ့ကို ဖမ်းဆီးကြ၏။ ထိုသူ၏အမည်မှာ နေဟော ဖြစ်၏။ သူ့ကို မန်တိတောင်ထိပ်သို့ ခေါ်ဆောင်သွား၍၊ ကောင်းကင်နှင့်မြေကြီးကြား၌ လူတို့အား သူသွန်သင်ပေးခဲ့လေသောအရာများမှာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆန့်ကျင်ကြောင်း အတင်းပြု၍မဟုတ်ဘဲ၊ သူ့သဘောဖြင့် ထိုနေရာ၌ အသိအမှတ်ပြု၏။ ထိုနေရာ၌၊ သူသည် ရှက်ဖွယ်ကောင်းသောသေခြင်းကို ခံစားရလေ၏။
၁၆ သို့သော်လည်း၊ ဤအမှုက ထိုပြည်တစ်လျှောက်၌ ဘာသာရေးဖြင့်ကိုယ်ကျိုးရှာခြင်း ပျံ့နှံ့မှုကို အဆုံးမသတ်ခဲ့ပေ။ အကြောင်းမူကား၊ လောက၏အချည်းနှီးသောအရာများကို ချစ်သည့်သူ များစွာရှိ၏၊ ထိုသူတို့သည် ထွက်သွား၍၊ မှားယွင်းသောဩဝါဒများကိုလည်း ဟောပြောလျက်ရှိကြ၏။ ဤအမှုကို သူတို့ပြုကြသည်မှာ၊ စည်းစိမ်ဥစ္စာနှင့် ဂုဏ်အသရေအတွက်ဖြစ်၏။
၁၇ အဘယ်သို့ပင်ဖြစ်စေ၊ သူတို့သည် ဥပဒေကို ကြောက်ရွံ့၍၊ အသိခံရလျှင်၊ မုသားကိုမပြောဝံ့ကြ။ အကြောင်းမူကား၊ မုသားပြောသူများသည် အပြစ်ဒဏ်ပေးခံရ၏။ ထို့ကြောင့်၊ သူတို့သည် မိမိတို့ယုံကြည်မှုအတိုင်း ဟောပြောသည်ဟု ဟန်ဆောင်ကြ၏။ ယခုတွင်၊ တစ်စုံတစ်ဦးကို ထိုသူ၏ယုံကြည်မှုအတွက် ဥပဒေက အစိုးမရနိုင်ချေ။
၁၈ သူတို့သည် ဥပဒေကို ကြောက်ရွံ့၍၊ မခိုးယူဝံ့ကြ။ အကြောင်းမူကား၊ ထိုကဲ့သို့သောသူများသည် အပြစ်ဒဏ်ပေးခံရ၏။ လုလည်းမလုယူဝံ့၊ လူ့အသက်ကို လည်း မသတ်ဝံ့၊ အကြောင်းမူကား၊ လူ့အသက်ကို သတ်သောသူသည် သေခြင်းသို့တိုင်အောင် အပြစ်ဒဏ်ပေးခံရ၏။
၁၉ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ ဘုရားသခင်၏အသင်းတော်နှင့်ဆိုင်၍ ကိုယ်ပေါ်၌ ခရစ်တော်၏နာမတော်အား ခံယူလေသောသူတို့ကို ဘုရားသခင်၏ အသင်းတော်နှင့် မဆိုင်သောသူမှန်သမျှတို့က ညှဉ်းဆဲစပြုကြ၏။
၂၀ ထိုမှတစ်ပါး၊ သူတို့ကို ညှဉ်းဆဲ၍၊ အမျိုးမျိုးသောစကားများဖြင့် ဒုက္ခပေးကြ၏။ ဤသို့ပြုကြသည်ကား၊ သူတို့၏နှိမ့်ချခြင်းကြောင့်၊ သူတို့မျက်စိ၌ မာနမကြီးကြသောကြောင့်၊ ထို့အတူ၊ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ငွေမယူဘဲ၊ အဖိုးအခမယူဘဲ အချင်းချင်း ဝေငှကြသောကြောင့်ပေတည်း။
၂၁ ယခုတွင်၊ အသင်းတော်၏လူများ၌ အသင်းတော်နှင့်ဆိုင်သောသူ အဘယ်သူမျှ အသင်းတော်နှင့် မဆိုင်သောသူများကို စ၍မညှဉ်းဆဲရ၊ ထို့အတူ၊ မိမိတို့၌လည်း ညှဉ်းဆဲခြင်းမရှိရဟူသည့် တင်းကျပ်သော ဥပဒေတစ်ခု ရှိလေ၏။
၂၂ သို့သော်လည်း၊ သူတို့၌ မာနကြီးစပြုသောသူများစွာရှိလျက်၊ မိမိတို့ရန်သူများနှင့် တိုက်ခိုက်သည်အထိပင် အမျက်ဖြင့်၊ ရန်တွေ့စပြုကြ၏။ အထူးသဖြင့်၊ သူတို့သည် တစ်ယောက်ကိုတစ်ယောက် လက်သီးဖြင့် ထိုးကြ၏။
၂၃ ယခုတွင်၊ ဤအမှုသည်ကား အယ်လမာအုပ်စိုးသည့် ဒုတိယနှစ်တွင်ဖြစ်၍၊ အသင်းတော်သို့ များစွာသော ဆင်းရဲဒုက္ခများ၏ အကြောင်းရင်းဖြစ်လေ၏။ ထိုမှတစ်ပါး၊ အသင်းတော်နှင့်စပ်လျဉ်းသည့် များစွာသော ဒုက္ခများ၏အကြောင်းရင်းဖြစ်လေ၏။
၂၄ အကြောင်းမူကား၊ များစွာသောသူတို့၏စိတ်နှလုံးသည် မာကျော၏၊ သူတို့အမည်များပယ်ဖျောက်ခံရ၍၊ သူတို့ကို ဘုရားသခင်၏လူမျိုးတို့၌ အောက်မေ့ခြင်းမရှိတော့။ များစွာသောသူတို့သည်လည်း သူတို့ကိုယ်သူတို့ ထိုသူတို့ထံမှ နှုတ်ထွက်ခဲ့ကြ၏။
၂၅ ယခုတွင်၊ ဤအရာသည်ကား၊ ယုံကြည်ခြင်း၌ မြဲမြံစွာတည်သောသူများအတွက် ကြီးစွာသော စုံစမ်းခြင်းဖြစ်၏။ အဘယ်သို့ပင်ဖြစ်စေ၊ သူတို့သည် ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းရာ၌ မြဲမြံပြီး၊ မတိမ်းယိမ်းဘဲရှိလျက် သူတို့အပေါ်စုပုံ၍လာသော ညှဉ်းဆဲခြင်းကို သည်းခံခြင်းဖြင့် ခံယူကြ၏။
၂၆ ထို့အတူ၊ ယဇ်ပုရောဟိတ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လူတို့အား ဝေငှခြင်းငှာ၊ သူတို့အလုပ်ကို စွန့်ပစ်သောအခါ၊ လူတို့သည်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာခြင်းငှာ မိမိတို့အလုပ်ကို စွန့်ပစ်ကြ၏။ ထို့အတူ၊ ယဇ်ပုရောဟိတ်တို့သည် သူတို့အား ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဝေငှခဲ့လေပြီးသောအခါ၊ သူတို့အားလုံး မိမိတို့အလုပ်များသို့ လုံ့လဝီရိယထက်သန်စွာ တစ်ဖန်ပြန်လာကြ၏။ ယဇ်ပုရောဟိတ်သည်လည်း၊ သူ့ကိုယ်ကို သူ၏ကြားနာသူများထက် သာလွန်သည်ဟု မမှတ်ယူ။ အကြောင်းမူကား၊ ဟောပြောသူသည် ကြားနာသူထက်သာ၍ မကောင်းမြတ်။ ဆရာသည်လည်း သင်ယူသူထက်သာ၍ မကောင်းမြတ်။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် အညီအမျှရှိ၍၊ လူတိုင်း မိမိခွန်အားရှိသည့်အတိုင်း ခပ်သိမ်းသောအလုပ်များကို လုပ်ကြ၏။
၂၇ လူတိုင်းသည် မိမိမှာရှိသည့်အတိုင်း၊ မိမိတို့ဥစ္စာကို ဆင်းရဲသားများ၊ ချို့တဲ့သောသူများ၊ ဖျားနာသူများနှင့် ဒုက္ခရောက်သူများသို့ မျှ၍ပေးကြ၏။ သူတို့သည် အဖိုးထိုက်သောအဝတ်ကို မဝတ်ကြသော်လည်း သပ်ရပ်ပြီး အဆင်းလှ၏။
၂၈ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် အသင်းတော်၏အမှုများကို စီမံကြ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့၌ ခပ်သိမ်းသောညှဉ်းဆဲခြင်းများရှိသော်ငြားလည်း၊ အဆက်မပြတ်ငြိမ်းချမ်းခြင်းကို တစ်ဖန်ရရှိစပြု၏။
၂၉ ယခုမူကား၊ အသင်းတော်၏တည်ငြိမ်မြဲမြံခြင်းကြောင့်၊ သူတို့သည် မိမိတို့ အလိုရှိသည့်အရာမှန်သမျှ အလုံးစုံသောအရာအမြောက်အမြား—သိုးစုနှင့် နွားစုအမြောက်အမြား၊ ထို့အတူ၊ ဆူအောင်ကျွေးသည့်အကောင်အမျိုးမျိုး၊ ထို့အတူ၊ စပါး၊ ရွှေ၊ ငွေ၊ အဖိုးထိုက်သောအရာ အမြောက်အမြား၊ ထို့အတူ ဖဲ၊ ပိတ်ချော၊ ကောင်းမွန်သည့် ရိုးစင်းသောအဝတ်အမျိုးမျိုး အမြောက်အမြားရှိလျက် အလွန်ကြွယ်ဝစပြုကြ၏။
၃၀ ထိုကဲ့သို့အားဖြင့်၊ သူတို့၏ အောင်မြင်သောအခြေအနေ၌၊ သူတို့သည် အဝတ်မရှိသောသူများကိုဖြစ်စေ၊ မွတ်သိပ်သောသူများကိုဖြစ်စေ၊ ရေငတ်သောသူများကိုဖြစ်စေ၊ ဖျားနာသောသူများကိုဖြစ်စေ၊ အကျွေးအမွေးမခံရလေသောသူများကိုဖြစ်စေ၊ အဘယ်တစ်ဦးတစ်ယောက်ကိုမျှ နှင်မထုတ်ကြ။ သူတို့စိတ်နှလုံးကိုလည်း စည်းစိမ်ဥစ္စာများအပေါ်၌ မထားကြ။ ထို့ကြောင့်၊ သူတို့သည် အသက်ကြီးသူနှင့် အသက်ငယ်သူနှစ်မျိုးစလုံး၊ ကျွန်နှင့် လူလွတ်နှစ်မျိုးစလုံး၊ ယောက်ျားနှင့်မိန်းမနှစ်မျိုးစလုံး၊ အသင်းတော်အပြင်၌ဖြစ်စေ၊ အသင်းတော်အတွင်း၌ဖြစ်စေ၊ လူမျက်နှာကိုမထောက်ဘဲ၊ လိုအပ်လျက်ရှိသည်အတိုင်း ခပ်သိမ်းသောသူတို့အပေါ် စေတနာစိတ်ရှိကြလေ၏။
၃၁ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် အောင်မြင်၍၊ မိမိတို့အသင်းတော်နှင့် မဆိုင်သောသူများထက်သာ၍ အတိုင်းထက်အလွန်ကြွယ်ဝကြ၏။
၃၂ အကြောင်းမူကား၊ သူတို့၏အသင်းတော်နှင့် မဆိုင်သောသူများသည် နတ်ဝိဇ္ဇာအတတ်များ၌သော်လည်းကောင်း၊ ရုပ်တုကိုးကွယ်ခြင်း သို့မဟုတ် ပျင်းရိခြင်း၌သော်လည်းကောင်း၊ အကျိုးမရှိစကားများခြင်း၌သော်လည်းကောင်း၊ ဂုဏ်ပြိုင်ခြင်းများနှင့် ရန်တွေ့ခြင်းများ၌သော်လည်းကောင်း၊ အဖိုးထိုက်သောအဝတ်ကို ဝတ်ခြင်း၊ သူတို့မာနမျက်လုံးများဖြင့်ဘဝင်မြင့်ခြင်း၊ ညှဉ်းဆဲခြင်း၊ မုသားပြောခြင်း၊ ခိုးယူခြင်း၊ လုယူခြင်း၊ မတရားသောမေထုန်ကျူးလွန်ခြင်းနှင့် လူ့အသက်ကိုသတ်ခြင်း၊ အမျိုးမျိုးသော ဆိုးညစ်ခြင်းတို့၌ သူတို့ကိုယ်ကို အလိုလိုက်ကြ၏။ အဘယ်သို့ပင်ဖြစ်စေ၊ လွန်ကျူးသူခပ်သိမ်းတို့အပေါ် ဥပဒေကို ဖြစ်နိုင်သမျှ သက်ရောက်စေ၏။
၃၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူတိုင်းကိုယ်ပြုလေသည့်အတိုင်း ခံစားရစေခြင်းငှာ၊ သူတို့အပေါ်၌ ဥပဒေကို ထိုကဲ့သို့ ကျင့်သုံးခြင်းအားဖြင့် သူတို့သည် သာ၍ငြိမ်သက်လာကြ၏၊ အသိခံရလျှင် အဘယ်ဆိုးညစ်ခြင်းကိုမျှ မကျူးလွန်ဝံ့ချေ။ ထို့ကြောင့်၊ နီဖိုင်းလူမျိုးတို့၌ တရားသူကြီးများအုပ်စိုးခြင်းငါးနှစ်မြောက်သည်အထိ များစွာသောငြိမ်းချမ်းခြင်းရှိ၏။