အခန်းကြီး ၃
အမ်လိဆိအမျိုးသားတို့သည် ပရောဖက်ပြုဟောချက်စကားအတိုင်း သူတို့ကိုယ်သူတို့ အမှတ်အသားပြုကြလေ၏—လာမန်အမျိုးသားတို့သည် သူတို့ပုန်ကန်မှုအတွက် ကျိန်ခြင်းကို ခံရလေ၏—လူတို့သည် သူတို့ကိုယ်တိုင်၏ကျိန်ခြင်းကို သူတို့ကိုယ်ပေါ်ကျရောက်စေကြ၏—နီဖိုင်းအမျိုးသားတို့သည် တခြားသောလာမန်အမျိုးသားတပ်ကို အနိုင်ရ၏။ ဘီစီ ၈၇–၈၆ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ စစ်တိုက်ရာလက်နက်များဖြင့် ကွပ်မျက်မခံရလေသော နီဖိုင်းအမျိုးသားတို့သည် ကွပ်မျက်ခံရလေသောသူများကို သင်္ဂြိုဟ်ပြီးနောက်—ယခုတွင်၊ သူတို့၏အရေအတွက်မှာ များလှခြင်းကြောင့်၊ ကွပ်မျက်ခံရသူများ၏အရေအတွက်ကို ရေတွက်မထားပေ—သူတို့သည် မိမိတို့အသေကောင်များကို သင်္ဂြိုဟ်ခြင်းပြီးဆုံးလေပြီးနောက်၊ သူတို့အားလုံးသည် မိမိတို့ပြည်များ၊ မိမိတို့အိမ်များ၊ မိမိတို့ဇနီးများနှင့် မိမိတို့သားသမီးများထံသို့ ပြန်လာကြ၏။
၂ ယခုတွင်၊ များစွာသောမိန်းမများနှင့်၊ ကလေးများ၊ ထို့အတူ၊ သူတို့၏များစွာသောသိုးစုနှင့် နွားစုတို့သည် ဓားနှင့်ကွပ်မျက်ခံရလေ၏။ ထို့အတူ၊ သူတို့၏စပါးလယ်ကွင်းများသည်လည်း ဖျက်ဆီးခံရ၏။ အကြောင်းမူကား၊ သူတို့သည် လူအလုံးအရင်း၏ခြေဖြင့်နင်းချေခံရကြ၏။
၃ ယခုမူကား၊ ဇိဒုန်မြစ်ကမ်းပေါ်၌ ကွပ်မျက်ခံရလေသည့် များစွာသောလာမန်အမျိုးသားတို့နှင့် အမ်လိဆိအမျိုးသားတို့သည် ဇိဒုန်ရေများထဲသို့ ပစ်ချခံရ၏။ ရှုဦးလော့၊ သူတို့၏အရိုးများသည် ပင်လယ်ရေနက်၌ရှိပြီး၊ များစွာရှိ၏။
၄ အမ်လိဆိအမျိုးသားတို့ကို နီဖိုင်းအမျိုးသားတို့နှင့် ခွဲခြား၍ သိမြင်နိုင်၏။ အကြောင်းမူကား၊ သူတို့နဖူးတွင် လာမန်အမျိုးသားတို့၏ထုံးစံအတိုင်း သူတို့ကိုယ်သူတို့ အနီရောင်ဖြင့် အမှတ်အသားပြုထားကြ၏။ သို့သော်လည်း၊ သူတို့ဦးခေါင်းကို လာမန်အမျိုးသားတို့ကဲ့သို့ ရိတ်မထားကြ။
၅ ယခုတွင်၊ လာမန်အမျိုးသားတို့၏ဦးခေါင်းကို ရိတ်ထားပြီး၊ သူတို့ခါး၌စည်းထားသောသားရေ၊ ထို့အတူ၊ သူတို့၌ဝတ်ဆင်ထားသော သူတို့၏ချပ်ဝတ်တန်ဆာ၊ သူတို့၏လေးများ၊ သူတို့၏မြားများ၊ သူတို့၏ကျောက်ခဲများ၊ သူတို့၏လောက်လွှဲများနှင့် စသည့်အရာများမှတစ်ပါး၊ သူတို့၌ အဝတ်ဝတ်ထားခြင်းမရှိကြ။
၆ လာမန်အမျိုးသားတို့၏အသားသည်လည်း၊ သူတို့ဘိုးဘေးတို့အပေါ် ပြုလေသောအမှတ်အသားအတိုင်း မည်းလေ၏။ ထိုအမှတ်အသားသည်ကား၊ သူတို့၏လွန်ကျူးခြင်းများနှင့် ဖြောင့်မတ်သန့်ရှင်းသောသူများဖြစ်သည့် နီဖိုင်း၊ ယာကုပ်၊ ယောသပ်၊ ရှမ်တို့ပါဝင်သော သူတို့၏ညီအစ်ကိုတို့ကို ဆန့်ကျင်၍ပုန်ကန်ခြင်းတို့ကြောင့် သူတို့အပေါ်၌ ရှိလေသောကျိန်ခြင်းပေတည်း။
၇ သူတို့၏ညီအစ်ကိုတို့သည်လည်း သူတို့ကို ဖျက်ဆီးရန်ကြိုးစားအားထုတ်ကြ၏၊ ထို့ကြောင့် သူတို့သည် အကျိန်ခံရ၏။ ကိုယ်တော်ရှင်ဘုရားသခင်ကလည်း ထိုသူတို့အပေါ်၌၊ အထူးသဖြင့်၊ လာမန်နှင့် လေမွေလ၊ ထို့အတူ ဣရှမေလ၏သားများနှင့် ဣရှမေလမိန်းမတို့အပေါ်၌ အမှတ်အသားပြုထားတော်မူ၏။
၈ ဤအမှုကို ပြုလေသည်မှာ၊ သူတို့၏အမျိုးအနွယ်ကို သူတို့ညီအစ်ကိုတို့၏အမျိုးအနွယ်နှင့် ကွဲပြားနိုင်စေကြောင်း၊ ထို့ကဲ့သို့အားဖြင့် ကိုယ်တော်ရှင်ဘုရားသခင်သည် သူ၏လူမျိုးတို့ကို ကာကွယ်စောင့်မနိုင်စေကြောင်း၊ သူတို့သွေးစပ်ရောနှောခြင်းမရှိနိုင်ဘဲ ပျက်စီးခြင်းဖြစ်စေမည့် မမှန်သည့်နည်းဥပဒေသများကို မယုံကြည်နိုင်ကြစေကြောင်းပင်တည်း။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မိမိအမျိုးအနွယ်ကို လာမန်အမျိုးသားတို့နှင့် သွေးနှောသူအဘယ်သူမဆို၊ မိမိအမျိုးအနွယ်အပေါ် တူသောကျိန်ခြင်းကို ကျရောက်စေ၏။
၁၀ ထို့ကြောင့်၊ လာမန်အမျိုးသားတို့အားဖြင့်လှည့်ဖြားခေါ်ဆောင်သွားခံရစေခြင်းငှာ မိမိကိုယ်ကို အခွင့်ပေးသူအဘယ်သူမဆို ထိုအသင်း၏အဖွဲ့ဝင်အဖြစ် အခေါ်ခံရ၍၊ ကိုယ်ပေါ်၌ အမှတ်တစ်ခု ထားရှိလေ၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့၏နည်းဥပဒေသများကို မယုံကြည်လို၊ ယေရုရှလင်နယ်မြေမှ ယူဆောင်လာခဲ့သော မှတ်တမ်းများ၊ ထို့အတူ၊ မိမိတို့ဘိုးဘေးတို့၏မှန်ကန်သည့် နည်းဥပဒေသများကိုသာ ယုံကြည်သူ၊ ဘုရားသခင်၏ပညတ်တော်များကို ယုံကြည်လျက်စောင့်ထိန်းသောသူမှန်သမျှကို နီဖိုင်းအမျိုးသားများ၊ သို့မဟုတ် နီဖိုင်းလူမျိုးများဟု ထိုအချိန်မှစ၍ ခေါ်ကြ၏—
၁၂ သူတို့သည်ကား၊ မိမိလူတို့နှင့်စပ်လျဉ်း၍၊ ထို့အတူ၊ လာမန်အမျိုးသားတို့၏ လူတို့နှင့်လည်း စပ်လျဉ်း၍ မှန်ကန်သည့် မှတ်တမ်းများကို ရေးမှတ်သူများဖြစ်၏။
၁၃ ယခုတွင်၊ ငါတို့သည် အမ်လိဆိလူတို့အကြောင်းကို တစ်ဖန်ဆက်ကြကုန်အံ့။ သူတို့သည်လည်း ကိုယ်ပေါ်၌ အမှတ်ပေးထားလေ၏။ အထူးသဖြင့်၊ သူတို့သည် မိမိတို့ကိုယ်ပေါ်၌၊ အထူးသဖြင့်၊ သူတို့၏နဖူးပေါ်၌ အနီရောင်အမှတ်ကိုပင် ပေးထားကြ၏။
၁၄ ထိုကဲ့သို့အားဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပြီးပြည့်စုံစေ၏။ အကြောင်းမူကား၊ နီဖိုင်းအားသူမိန့်တော်မူသောစကားများမှာ၊ ရှုလော့၊ လာမန်အမျိုးသားတို့ကို ငါကျိန်တော်မူပြီ၊ သူတို့ကို ငါကရုဏာထားနိုင်စေကြောင်း၊ သူတို့၏ဆိုးညစ်ခြင်းများမှ ငါ့ထံသို့ နောင်တရပြီးပြန်မလာလျှင်၊ သူတို့နှင့် သူတို့၏အမျိုးအနွယ်များကို သင်နှင့်သင်၏အမျိုးအနွယ်တို့ထံမှ ဤအချိန်ယခုမှစ၍၊ ကာလအစဉ်အဆက်ခွဲခြားနိုင်ရန် သူတို့အပေါ်၌ ငါအမှတ်ပေးထားမည်။
၁၅ ထိုမှတစ်ဖန်၊ မိမိအမျိုးအနွယ်ကို သင်၏ညီအစ်ကိုတို့နှင့် သွေးနှောသည့်သူအပေါ်မှာ ငါအမှတ်ပေးမည်။ ထိုသူတို့ကိုလည်း ကျိန်ခြင်းခံရစေခြင်းငှာဖြစ်၏။
၁၆ ထိုမှတစ်ဖန်၊ သင်နှင့် သင်၏အမျိုးအနွယ်တို့ကို ဆန့်ကျင်တိုက်ခိုက်သည့်သူအပေါ်၌ ငါအမှတ်ပေးမည်။
၁၇ ထိုမှတစ်ဖန်၊ ငါဆိုသည်ကား၊ သင့်ထံမှထွက်ခွာသွားသောသူသည် သင်၏အမျိုးအနွယ်ဟုအခေါ်မခံရတော့လတ္တံ့။ သင်နှင့် သင်၏အမျိုးအနွယ်ဟု အခေါ်ခံရမည့်သူအဘယ်သူကိုမဆို ငါသည် ယခုမှစ၍၊ ကာလအစဉ်အဆက် ကောင်းချီးပေးမည်။ ဤအရာတို့သည်ကား၊ နီဖိုင်းနှင့် သူ၏အမျိုးအနွယ်များသို့ ပေးတော်မူခဲ့သည့် ကိုယ်တော်ရှင်၏ကတိတော်များပေတည်း။
၁၈ ယခုတွင်၊ အမ်လိဆိအမျိုးသားတို့သည် သူတို့ကိုယ်သူတို့ နဖူးတွင် အမှတ်ပေးစပြုသောအချိန်၌၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ပြီးပြည့်စုံစေကြောင်း သိခြင်းမရှိ။ အဘယ်သို့ပင်ဖြစ်စေ၊ သူတို့သည် ဘုရားသခင်အား ဆန့်ကျင်၍ ထင်ရှားစွာပုန်ကန်မှုပြုကြလေပြီ။ ထို့ကြောင့်၊ သူတို့အပေါ်ကျိန်ခြင်းကျရောက်ရန် လိုအပ်ပေ၏။
၁၉ ယခုတွင်၊ သူတို့ကိုယ်ပေါ်သူတို့ ကျိန်ခြင်း ကျရောက်စေခဲ့ကြသည်ကို သင်တို့ နားလည်စေခြင်းငှာ ငါအလိုရှိ၏။ ထိုကဲ့သို့ပင်၊ ကျိန်ခြင်းကိုခံရသောလူတိုင်း မိမိကိုယ်ပေါ်သို့ ကိုယ်တိုင်၏ ပြစ်ဒဏ်ချမှတ်ခြင်းကို ကျရောက်စေ၏။
၂၀ ယခုတွင်၊ အချိန်တန်လာသောအခါ၊ ဇရဟင်မလပြည်၌ လာမန်အမျိုးသားများနှင့် အမ်လိဆိအမျိုးသားတို့အားဖြင့် တိုက်ခိုက်သော စစ်တိုက်ခြင်း၏နောက် များစွာသောရက်များမကြာမီတွင်၊ ပထမတပ်က အမ်လိဆိအမျိုးသားတို့နှင့် တွေ့သည့်နေရာ၌၊ လာမန်အမျိုးသားတို့၏တခြားသောတပ်သည် နီဖိုင်းလူမျိုးများကို လာ၍တိုက်ခိုက်ကြ၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့ကို မိမိတို့ပြည်မှ နှင်ထုတ်စေရန် တပ်တစ်တပ်ကို စေလွှတ်၏။
၂၂ ယခုတွင်၊ အယ်လမာသည် သူကိုယ်တိုင် ဒဏ်ရာနှင့်ဒုက္ခရောက်သောကြောင့်၊ ဤအချိန်တွင် လာမန်အမျိုးသားတို့နှင့်ဆန့်ကျင်၍ စစ်တိုက်ရန် မသွား။
၂၃ သို့ရာတွင်၊ သူတို့တစ်ဖက်၌ မြောက်မြားစွာသောတပ်ကို စေလွှတ်၏။ သူတို့သည်လည်း လာမန်အမျိုးသားများစွာတို့ကို သွား၍ကွပ်မျက်ပြီး၊ ကျန်ကြွင်းသောသူများကို မိမိတို့ပြည်၏နယ်နိမိတ်အပြင်သို့ နှင်ထုတ်ကြ၏။
၂၄ ထို့နောက်တွင်၊ သူတို့သည် တစ်ဖန်ပြန်လာ၍၊ ထိုပြည်၌ ငြိမ်းချမ်းခြင်းကို တည်ဆောက်စပြုလျက်၊ သူတို့ရန်သူများကြောင့် အချိန်အနည်းငယ်အထိ ဒုက္ခမတွေ့တော့။
၂၅ ယခုတွင်၊ ဤအရာ ခပ်သိမ်းတို့ ပြီးလေပြီ။ အထူးသဖြင့်၊ ဤစစ်တိုက်ခြင်း ခပ်သိမ်းတို့နှင့် ရန်တွေ့ခြင်းများစတင်ခဲ့ပြီး၊ တရားသူကြီးများအုပ်စိုးခြင်းငါးနှစ်မြောက်တွင်၊ အဆုံးသတ်လေ၏။
၂၆ တစ်နှစ်အတွင်းတွင်၊ ထောင်ပေါင်းများစွာနှင့် သောင်းပေါင်းများစွာသော သူတို့သည်၊ သူတို့အကျင့်များ ကောင်းလေသည်ဖြစ်စေ၊ ဆိုးလေသည်ဖြစ်စေ၊ သူတို့၏အကျင့်များအတိုင်း၊ သူတို့၏ အကျိုးကျေးဇူးကို ရိတ်သိမ်းနိုင်ကြစေခြင်းငှာလည်းကောင်း၊ ကောင်းသောဝိညာဉ်ဖြစ်စေ၊ သို့မဟုတ်၊ ဆိုးသောအရာဖြစ်စေ သူတို့နာခံလိုသည့် ဝိညာဉ်အတိုင်း၊ ထာဝရပျော်ရွှင်မှု သို့မဟုတ် ထာဝရဝမ်းနည်းပူဆွေးမှုကို ရိတ်သိမ်းစေခြင်းငှာလည်းကောင်း ထာဝရလောကသို့အပို့ခံရ၏။
၂၇ အကြောင်းမူကား၊ လူတိုင်း မိမိနာခံလိုသည့်သူထံမှ အဖိုးအခကို ရရှိ၍၊ ဤအရာသည်ကား၊ ပရောဖက်ပြုဟောသောဝိညာဉ်၏စကားအတိုင်း ဖြစ်၏။ ထို့ကြောင့်၊ သမ္မာတရားအတိုင်းဖြစ်ပါစေ။ ထိုကဲ့သို့အားဖြင့်၊ တရားသူကြီးများအုပ်စိုးခြင်းငါးနှစ်မြောက်ပြီးဆုံး၏။