အခန်းကြီး ၂၄
လာမန်အမျိုးသားတို့သည် ဘုရားသခင်၏လူမျိုးတို့ကို ဆန့်ကျင်၍ တိုက်ခိုက်ကြ၏—အန္တိနီဖိုင်းလေဟိအမျိုးသားတို့သည် ခရစ်တော်၌ရွှင်လန်းဝမ်းမြောက်လျက်၊ ကောင်းကင်တမန်တို့က အကြည့်အရှုကြွကြ၏—သူတို့သည် မိမိတို့ကိုယ်ကို ကာကွယ်မည့်အစား သေခြင်းကိုခံစားရန် ရွေးချယ်ကြ၏—သာ၍များသောလာမန်အမျိုးသားတို့ ပြောင်းလဲကြ၏။ ဘီစီ ၉၀–၇၇ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာမြူလုန်ပြည်နှင့် ဟေလမ်ပြည်၌ ရှိလေသောသူ၊ ယေရုရှလင်နယ်မြေ၊ အချုပ်အားဖြင့် ခပ်သိမ်းသော ပတ်ဝန်းကျင်ပြည်တို့၌ ရှိလေသောသူ၊ မပြောင်းလဲလေသဖြင့်၊ သူတို့အပေါ်၌ အန္တိနီဖိုင်းလေဟိအမျိုးသားအမည်ကို မခံယူလေသူ အာမလက်လူများ၊ အာမြူလုန်အမျိုးသားများနှင့် လာမန်အမျိုးသားများတို့သည် အာမလက်လူများအားဖြင့်လည်းကောင်း၊ အာမြူလုန်အမျိုးသားများအားဖြင့်လည်းကောင်း၊ သူတို့ညီအစ်ကိုများကို ဆန့်ကျင်၍ အမျက်ထွက်စေရန် နှိုးဆော် ခံရလေ၏။
၂ သူတို့၏အမုန်းတရားသည်ကား၊ သူတို့၏ရှင်ဘုရင်ကို ဆန့်ကျင်၍ ပုန်ကန်စပြုသည်အထိတိုင်အောင်လည်းကောင်း၊ သူ့တို့၏ရှင်ဘုရင်အဖြစ် မရှိစေလိုသည့်တိုင်အောင်လည်းကောင်း၊ ပြောင်းလဲသူတို့တစ်ဖက်၌ အလွန်ပြင်းထန်လာ၏။ ထို့ကြောင့်၊ သူတို့သည် အန္တိနီဖိုင်းလေဟိအမျိုးသားတို့ကို ဆန့်ကျင်၍ လက်နက်စွဲကိုင်ကြ၏။
၃ ယခုတွင် မင်းကြီးသည် နိုင်ငံကို သူ၏သားသို့ အပ်နှင်း၍၊ သူ့ကို အန္တိနီဖိုင်းလေဟိဟု အမည်ပေး၏။
၄ လာမန်အမျိုးသားတို့ ဘုရားသခင်၏လူမျိုးတို့တစ်ဖက်၌ စစ်တိုက်ခြင်းအတွက် ပြင်ဆင်ခြင်းများအစပြုသည့် ထိုနှစ်၌ပင်၊ မင်းကြီးသေ၏။
၅ ယခုတွင်၊ သူတို့၏ ညီအစ်ကိုတို့ကို ဖျက်ဆီးရန် လာမန်အမျိုးသားတို့၏ပြင်ဆင်ခြင်းများကို အမ္မုန်နှင့် သူ၏ညီအစ်ကိုများ၊ ထို့အတူ၊ သူနှင့်အတူလာခဲ့လေသည့်သူများမြင်လျှင်၊ သူတို့သည် မိဒျန်ပြည်သို့ ထွက်လာကြပြီး၊ ထိုအရပ်၌ အမ္မုန်သည် သူ၏ညီအစ်ကိုအားလုံးကို တွေ့၏။ သူတို့သည် လာမန်အမျိုးသားတို့တစ်ဖက်တွင် မိမိတို့ကိုယ်ကို ကာကွယ်ရန် အဘယ်သို့ပြုရမည်ကို လာမောနိနှင့်၊ ထို့အတူ၊ သူ့အစ်ကိုအန္တိနီဖိုင်းလေဟိနှင့်လည်း တိုင်ပင်နိုင်ခြင်းငှာ၊ ထိုအရပ်မှနေ၍၊ ဣရှမေလပြည်သို့ လာကြ၏။
၆ ယခုတွင်၊ ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲခဲ့လေသူခပ်သိမ်းတို့၌၊ သူတို့၏ညီအစ်ကိုတို့ကို ဆန့်ကျင်၍ လက်နက်စွဲကိုင်မည့်သူ တစ်ယောက်မျှမရှိ။ မဟုတ်ပေ။ သူတို့သည် စစ်တိုက်ခြင်းအတွက် ပြင်ဆင်ခြင်းတစ်စုံတစ်ခုကိုပင် မပြုလိုကြ။ ထိုမှတစ်ပါး၊ သူတို့မပြုရမည့်အကြောင်း၊ သူတို့မင်းကြီးက အမိန့်ပေးခဲ့၏။
၇ ယခုတွင်၊ ထိုအမှုနှင့်စပ်လျဉ်း၍၊ လူတို့ကို ဆိုလေသည်ကား၊ ငါသည် ငါ၏ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်း၏။ ငါ၏ချစ်လှစွာသော လူမျိုးတို့၊ ငါတို့၏ကြီးမြတ်တော်မူသော ဘုရားသခင်သည် ကောင်းမြတ်ခြင်းရှိတော်မူ၍၊ ငါတို့ကို ဟောပြောစေခြင်းငှာနှင့် ငါတို့၏ဆိုးညစ်သောဘိုးဘေးတို့၏ နည်းဥပဒေသများအကြောင်း နားသွင်းစေခြင်းငှာ ငါတို့၏ဤညီအစ်ကို၊ နီဖိုင်းအမျိုးသားတို့ကို ငါတို့ထံ စေလွှတ်တော်မူ၏။
၈ ရှုဦးလော့၊ ငါ၏ကြီးမြတ်တော်မူသော ဘုရားသခင်ကို ငါကျေးဇူးတော်ချီးမွမ်း၍၊ သူသည် ငါတို့၏စိတ်နှလုံးကို ပျော့ပျောင်းစေခြင်းငှာ၊ သူ၏ဝိညာဉ်တော်တစ်စိတ်တစ်ပိုင်းကို ငါတို့အား ပေးတော်မူသဖြင့်၊ ငါတို့သည် ဤညီအစ်ကိုနီဖိုင်းအမျိုးသားတို့နှင့် ခင်မင်ရင်းနှီးသောဆက်ဆံရေးကို တည်ကြလေပြီ။
၉ ရှုဦးလော့၊ ငါ၏ဘုရားသခင်ကိုလည်း ငါကျေးဇူးတော်ချီးမွမ်း၍ ဤခင်မင်ရင်းနှီးသော ဆက်ဆံရေးကို တည်ခြင်းအားဖြင့် ငါတို့၏အပြစ်များအကြောင်းနှင့် ငါတို့ ကျူးလွန်လေသည့် လူ့အသက်ကိုသတ်ခြင်း များစွာတို့အကြောင်း နားသွင်းခြင်းကို ငါတို့ခံရလေပြီ။
၁၀ ထို့အတူ၊ ငါ၏ဘုရားသခင်ကိုလည်း၊ အမှန်စင်စစ်၊ ငါ၏ ကြီးမြတ်တော်မူသောဘုရားသခင်ကို ငါကျေးဇူးတော်ချီးမွမ်းသည်ကား၊ ငါတို့အား ဤအမှုများမှ နောင်တရနိုင်စေကြောင်း သူအခွင့်ပေးတော်မူမည့်အကြောင်း၊ ငါတို့ကျူးလွန်လေသည့် ထိုများစွာသောအပြစ်များနှင့် လူ့အသက်ကိုသတ်ခြင်းတို့မှလည်း ငါတို့ကို သူခွင့်လွှတ်လေ၍၊ အပြစ်ရောက်ခြင်းကို သူ့သားတော်၏ ကောင်းမှုများအားဖြင့် ငါတို့စိတ်နှလုံးမှဖယ်ရှားတော်မူမည့်အကြောင်းပေတည်း။
၁၁ ယခုမူကား၊ ရှုလော့၊ ငါ၏ညီအစ်ကိုတို့၊ ထိုအမှုသည်ကား၊ (ငါတို့သည် ခပ်သိမ်းသော လူသားတို့၌ ပျောက်ဆုံးရာသို့ အရောက်ဆုံးသောသူများ ဖြစ်သောကြောင့်) ငါတို့ကျူးလွန်ပြီးလေသည့် ငါတို့၏ ခပ်သိမ်းသောအပြစ်များနှင့် လူ့အသက်သတ်ခြင်းများစွာတို့မှ နောင်တရခြင်းငှာလည်းကောင်း၊ ၎င်းတို့ကို ငါတို့စိတ်နှလုံးမှ ဘုရားသခင်ဖယ်ရှားတော်မူစေခြင်းငှာလည်းကောင်း ငါတို့ပြုနိုင်သမျှသောအမှု ဖြစ်လေ၏။ အကြောင်းမူကား၊ ထိုအမှုမှာ ဘုရားသခင်ရှေ့ ၌ ပြည့်စုံစွာနောင်တရရန် ငါတို့ပြုနိုင်သမျှသောအမှုဖြစ်လေ၍၊ သူသည် ငါတို့၏အစွန်းအထင်းများကို ဖယ်ရှားတော်မူလိမ့်မည်—
၁၂ ယခုတွင်၊ ငါ၏အချစ်ဆုံးညီအစ်ကိုတို့၊ ငါတို့၏အစွန်းအထင်းများကို ဘုရားသခင် ဖယ်ရှားတော်မူလေသဖြင့်၊ ငါတို့၏ဓားများ တောက်ပြောင်၍လာလေပြီ။ ထို့နောက်တွင်ကား၊ ငါတို့၏ဓားများကို ငါတို့ညီအစ်ကိုတို့၏အသွေးနှင့် မစွန်းထင်းစေကြတော့အံ့။
၁၃ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏၊ ငါတို့၏ ဓားများကို ငါတို့ညီအစ်ကိုတို့၏အသွေးနှင့် မစွန်းထင်းစေခြင်းငှာ၊ ထိန်းသိမ်းထားကြကုန်အံ့။ အကြောင်းမူကား၊ ငါတို့၏ဓားများကို ငါတို့တစ်ဖန်စွန်းထင်းစေကြလျှင်၊ ငါတို့အပြစ်များ၏ အပြစ်ဖြေခြင်းမင်္ဂလာအတွက် သွန်းလောင်းတော်မူမည့် ခရစ်တော်၏ အသွေးတော်အားဖြင့် တောက်ပြောင်အောင် မဆေးကြောနိုင်တော့။
၁၄ ထို့အတူ၊ ကြီးမြတ်တော်မူသော ဘုရားသခင်သည် ငါတို့ကို ကရုဏာထားတော်မူလေ၍၊ မပျက်စီးနိုင်ကြစေခြင်းငှာ ဤအမှုများကို ငါတို့အား ဖော်ပြတော်မူလေပြီ။ ထိုမှတစ်ပါး၊ သူသည် ငါတို့၏သားသမီးများကို ချစ်သကဲ့သို့ ငါတို့၏ဝိညာဉ်များကို ချစ်တော်မူသောကြောင့်၊ ဤအမှုများကို ငါတို့အား ကြိုတင်၍ဖော်ပြတော်မူလေပြီ။ ထို့ကြောင့်၊ ကယ်တင်ခြင်းအစီအစဉ်ကို အနာဂတ်မျိုးဆက်တို့ကိုကဲ့သို့ ငါတို့ကို ဖော်ပြတော်မူခြင်းငှာ၊ သူ၏ကရုဏာတော်၌ သူ၏ ကောင်းကင်တမန်တို့ အားဖြင့် ငါတို့ထံ အကြည့်အရှု ကြွတော်မူ၏။
၁၅ အို၊ ငါတို့၏ဘုရားသခင်သည် ကရုဏာကြီးလှပေစွတကား။ ယခုမူကား၊ ရှုလော့။ ငါတို့သည် အစွန်းအထင်းများကို ငါတို့ထံမှ ဖယ်ရှားလျက်၊ ငါတို့၏ဓားများကို တောက်ပြောင်စေခြင်းငှာ၊ တတ်နိုင်သမျှ ပြုလေသဖြင့်၊ သူ၏နှုတ်ကပတ်တော်ကို ငါတို့ထံ ပေးတော်မူ၍၊ ငါတို့ကို သန့်ရှင်းစေတော်မူပြီးကတည်းက ငါတို့သည် ငါတို့၏ဓားများကို ငါတို့ညီအစ်ကိုတို့၏ အသွေးဖြင့် မစွန်းထင်းစေခဲ့၍၊ နောက်ဆုံးသောနေ့၌၊ သို့မဟုတ်၊ တရားစီရင်ခံရစေရန်၊ သူ့ရှေ့၌ ရပ်ရန် ဆောင်ယူ ခံရမည့်နေ့၌ ငါတို့၏ဘုရားသခင်ထံသို့ သက်သေအဖြစ် ထိုဓားများကို ဆက်၍တောက်ပြောင်စေခြင်းငှာ၊ ဝှက်ထားကြကုန်အံ့။
၁၆ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ ငါတို့၏ညီအစ်ကိုတို့က ငါတို့ကို ဖျက်ဆီးဖို့ ကြိုးစားကြသော်လည်း၊ ရှုလော့၊ ငါတို့၏ဓားများကို ငါတို့ဝှက်ထားကြမည်။ အထူးသဖြင့်၊ ငါတို့သည် ထိုဓားများကို အဘယ်တော့မျှမသုံး၍၊ နောက်ဆုံးသောနေ့၌ သက်သေအဖြစ် ဆက်၍တောက်ပနိုင်စေခြင်းငှာ၊ မြေကြီးထဲ၌ နက်စွာမြှုပ်ထားကြမည်။ ငါတို့၏ညီအစ်ကိုများက ငါတို့ကို ဖျက်ဆီးဖို့ ကြိုးစားကြလျှင်လည်း၊ ရှုလော့၊ ငါတို့သည် ငါတို့၏ဘုရားသခင်ထံသို့ သွား၍ ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။
၁၇ ယခုမူကား၊ အချိန်တန်လာသောအခါ၊ မင်းကြီးသည် ဤစကားများကို လက်စသတ်ပြီးလေလျှင်၊ ခပ်သိမ်းသောလူတို့သည် အတူတကွ စည်းဝေးလေ၏။ လူ၏အသွေးကို သွန်းလောင်းရာ၌ အသုံးပြုသည့် သူတို့၏ဓားများနှင့် ခပ်သိမ်းသောလက်နက်များကိုယူ၍၊ မြေကြီးထဲ၌ နက်စွာမြှုပ်ကြ၏။
၁၈ ထို့အတူ၊ ဤအမှုကို သူတို့ပြုခဲ့သည်ကား၊ လူ၏အသွေးကို သွန်းလောင်းခြင်းအတွက် လက်နက်ကို သူတို့အဘယ်တော့မျှ တစ်ဖန်အသုံးပြုတော့မည်မဟုတ်ကြောင်း၊ ဘုရားသခင်ထံသို့လည်းကောင်း၊ လူသားများထံသို့လည်းကောင်း၊ သူတို့အမြင်၌ သက်သေအဖြစ် ရှိလေသောကြောင့်ပင်တည်း။ ထို့အတူ၊ သူတို့သည် မိမိတို့ညီအစ်ကိုများ၏ အသွေးကို သွန်းလောင်းမည့်အစား၊ မိမိတို့ကိုယ်တိုင်၏အသက်ကို စွန့်လွှတ်မည့်အကြောင်း၊ ညီအစ်ကိုထံမှ သိမ်းယူသွားမည့်အစား၊ ပေးကမ်းမည့်အကြောင်း၊ သူတို့အသက်တာကို ပျင်းရိခြင်းဖြင့် ဖြုန်းတီးမည့်အစား၊ မိမိတို့လက်ဖြင့် ကြိုးစား၍ အလုပ်လုပ်ကြမည့်အကြောင်း၊ အာမခံလျက်၊ ဘုရားသခင်နှင့် ပဋိညာဉ်ပြုလျက် ဤအမှုကို ပြုကြ၏။
၁၉ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ၊ ဤလာမန်အမျိုးသားတို့သည် သမ္မာတရားကို ယုံကြည်ပြီးသိရာသို့ ဆောင်ခြင်းကို ခံရ၍၊ ခိုင်မာသဖြင့်၊ အပြစ်ကို ကျူးလွန်မည့်အစား၊ သေခြင်းသို့တိုင်အောင်ပင် ခံစားလိုကြကြောင်းပေတည်း။ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ၊ သူတို့သည် ငြိမ်းချမ်းခြင်းအတွက် လက်နက်များကို မြေမြှုပ်ကြ၊ သို့မဟုတ်၊ ငြိမ်းချမ်းခြင်းအတွက် စစ်တိုက်ရာလက်နက်များကို မြေမြှုပ်ကြကြောင်းပေတည်း။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့၏ညီအစ်ကို၊ လာမန်အမျိုးသားတို့သည် စစ်တိုက်ရာအတွက် ပြင်ဆင်ခြင်းများကို ပြုခဲ့ကြပြီး၊ မင်းကြီးကို ဖျက်ဆီးခြင်းဟူသော ကြံရွယ်ချက်အတွက်လည်းကောင်း၊ သူ၏နေရာ၌ တခြားသူကို ခန့်အပ်ခြင်းငှာလည်းကောင်း၊ အန္တိနီဖိုင်းလေဟိလူမျိုးတို့ကိုလည်း ထိုပြည်မှ ဖျက်ဆီးခြင်းငှာလည်းကောင်း နီဖိုင်းပြည်သို့ တက်လာကြလေ၏။
၂၁ ယခုတွင်၊ လူတို့သည် မိမိတို့တစ်ဖက်၌ ထိုသူတို့လာနေကြသည်ကို မြင်ရလျှင်၊ ရင်ဆိုင်ရန် ထွက်လာပြီး၊ ထိုသူတို့ရှေ့၌ မိမိတို့ကိုယ်ကို မြေကြီးသို့ မှောက်၍၊ ကိုယ်တော်ရှင်၏နာမတော်ကို ပဌနာပြုခြင်းငှာ အစပြုကြ၏။ လာမန်အမျိုးသားတို့က သူတို့ကို တိုက်ခိုက်ခြင်းငှာ အစပြု၍၊ ဓားနှင့် ကွပ်မျက်ရန်အစပြုသောအချိန်တွင် ဤကဲ့သို့သော ကိုယ်နေဟန်ထားဖြင့် သူတို့ရှိလေ၏။
၂၂ ထိုကဲ့သို့အားဖြင့်၊ ခုခံခြင်းတစ်စုံတစ်ရာကို မတွေ့ရဘဲနှင့် သူတို့အထဲမှ တစ်ထောင်နှင့် ငါးဦးကို ကွပ်မျက်ကြ၏။ သူတို့ကောင်းချီးခံစားရသည်ကိုလည်း ငါတို့သိ၏။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်နှင့် အတူနေထိုင်ခြင်းငှာ သွားကြလေပြီ။
၂၃ ယခုတွင်၊ လာမန်အမျိုးသားတို့သည် မိမိတို့ညီအစ်ကိုများ ဓားဘေးမှ ထွက်၍မပြေး၊ လက်ယာဘက် သို့မဟုတ် လက်ဝဲဘက်သို့ မလွှဲမရှောင်ကြဘဲ၊ လှဲချ၍ ပျက်စီးလျက်၊ ဓားဘေးအောက်၌ အမှန်ပျက်စီးကြလျက်ပင်၊ ဘုရားသခင်အား ချီးမွမ်းကြသည်ကို တွေ့မြင်ကြလျှင်—
၂၄ ယခုတွင်၊ လာမန်အမျိုးသားတို့သည် ဤအမှုကို မြင်ကြသောအခါ၊ ကွပ်မျက်ခြင်းကို ရှောင်ကြဉ်ကြ၏။ ဓားဘေးအောက်၌ ကျဆုံးလေသည့် မိမိတို့ညီအစ်ကိုများအတွက် စိတ်နှလုံးဝမ်းနည်းသူ များစွာရှိ၏။ အကြောင်းမူကား၊ သူတို့သည် ပြုလေသည့် အမှုများမှ နောင်တရကြ၏။
၂၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့၏ စစ်တိုက်ရာလက်နက်များကို ပစ်ချပြီး၊ တစ်ဖန်ပြန်၍ မယူလိုကြတော့။ အကြောင်းမူကား၊ သူတို့သည် မိမိတို့ကျူးလွန်လေသည့် လူ့အသက်သတ်ခြင်းများကြောင့် နာကြည်းလေ၏။ ကွပ်မျက်ရန် လက်ကိုမြှောက်လေသူတို့၏ ကရုဏာများ အပေါ်မှီခိုနေသည့် သူတို့ညီအစ်ကိုများကဲ့သို့ပင် ဆင်းလာကြ၏။
၂၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထို့နေ့တွင်၊ ဘုရားသခင်၏လူမျိုးတို့ ပူးပေါင်းလေသည်ကား၊ ကွပ်မျက်ခံရလေသူအရေအတွက်ထက်ပင် သာ၍များ၏။ ကွပ်မျက်ခံရလေသူတို့သည် ဖြောင့်မတ်သောလူမျိုးများဖြစ်၏။ ထို့ကြောင့်၊ ကယ်တင်ခြင်းသို့ သူတို့ ရောက်ကြသည်ကို ယုံမှားသံသယဖြစ်စရာအကြောင်း ငါတို့၌မရှိ။
၂၇ ထို့အတူ၊ ကွပ်မျက်ခံရသူတို့၌ ဆိုးညစ်သောသူတစ်ဦးမျှ မရှိ။ သို့ရာတွင်၊ သမ္မာတရားကို သိခြင်းသို့ ဆောင်ခြင်းခံရသူများမှာ၊ တစ်ထောင်ထက်ပို၏။ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ၊ ကိုယ်တော်ရှင်သည် မိမိလူမျိုးတို့ကို ကယ်တင်ခြင်းအတွက် များစွာသော နည်းလမ်းတို့ဖြင့် ပြုတော်မူကြောင်းပေတည်း။
၂၈ ယခုတွင်၊ သူတို့ညီအစ်ကိုများမှ အလွန်များစွာသောသူတို့ကို ကွပ်မျက်သည့်လာမန်အမျိုးသားတို့၏ အများဆုံးသော အရေအတွက်သည်ကား၊ အာမလက်လူများနှင့်၊ အာမြူလုန်အမျိုးသားတို့ ဖြစ်၏။ သူတို့မှ အများဆုံးသောအရေအတွက်သည်ကား၊ နေဟောနောက်လိုက်များ၏အသင်းအတိုင်း ရှိကြ၏။
၂၉ ယခုတွင်၊ ကိုယ်တော်ရှင်၏လူမျိုးတို့နှင့် ပူးပေါင်းသူတို့၌ အာမလက်လူ၊ သို့မဟုတ်၊ အာမြူလုန်အမျိုးသား၊ သို့မဟုတ်၊ နေဟော၏အသင်းအတိုင်းရှိလေသူ တစ်ဦးမျှမရှိဘဲ၊ လာမန်နှင့် လေမွေလတို့၏ အမျိုးအနွယ်အစစ်အမှန်များ ဖြစ်လေ၏။
၃၀ ထိုကဲ့သို့အားဖြင့်၊ ငါတို့ရှင်းလင်းစွာ ပိုင်းခြား၍သိမြင်နိုင်ကြသည်မှာ၊ လူတို့သည် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်၊ အလင်းသို့ တစ်ခါရောက်၍၊ ဖြောင့်မတ်ခြင်းနှင့်စပ်ဆိုင်သည့် အရာတို့အကြောင်း ကြီးစွာသောအသိပညာကို ရရှိလေပြီးမှ၊ အပြစ်နှင့် လွန်ကျူးခြင်းထဲသို့ ရွေ့လျော့ဖောက်ပြန်လျှင်၊ ပို၍မာကျောလာလျက်၊ ထိုကဲ့သို့အားဖြင့်၊ သူတို့၏အခြေအနေသည် ဤအရာတို့ကို မသိဖူးလေသည်ထက်သာ၍ ဆိုးလာကြောင်းပေတည်း။