အခန်းကြီး ၃၃
လူသားတို့သည် ခပ်သိမ်းသောအရပ်တို့၌ ဆုတောင်း၍၊ ကိုးကွယ်သင့်သည့်အကြောင်း၊ တရားစီရင်တော်မူခြင်းများကိုလည်း သားတော်ကြောင့် လွှဲဖယ်သည့်အကြောင်း ဇေနုတ်က သွန်သင်ပေး၏—ကရုဏာကို သားတော်ကြောင့် ပေးတော်မူကြောင်း ဇေနော့က သွန်သင်ပေး၏—မောရှေသည် တောရိုင်းထဲ၌ ဘုရားသခင့်သားတော်၏ သင်္ကေတကို မြှောက်ထားလေ၏။ ဘီစီ ၇၄ ခန့်။
၁ ယခုတွင်၊ အယ်လမာက ဤစကားများကို ပြောလေပြီးနောက်၊ သူတို့သည် ပြောထားသည့် ဤအသီးကို ရရှိနိုင်ခြင်းငှာ ဘုရားသခင်တစ်ပါးတည်းကို ယုံကြည်သင့်မသင့်ကိုသော်လည်းကောင်း၊ ထိုမျိုးစေ့ သို့မဟုတ်၊ သူတို့၏စိတ်နှလုံး၌ စိုက်ရမည်ဟု ပြောထားလေသော နှုတ်ကပတ်တော်ကို အဘယ်သို့အားဖြင့် စိုက်သင့်သည်ကိုသော်လည်းကောင်း၊ သူတို့၏ ယုံကြည်ခြင်းကို ကျင့်သုံးရန် အဘယ်နည်းအားဖြင့် အစပြုသင့်သည်ကိုသော်လည်းကောင်း သိလို၍ သူ့ထံ သတင်းပို့ကြ၏။
၂ အယ်လမာကလည်း ဆိုလေသည်ကား၊ ရှုလော့၊ သင်တို့၏တရားဇရပ်များမှ နှင်ထုတ်ခံရသောကြောင့် သင်တို့၏ဘုရားသခင်ကို မကိုးကွယ်နိုင်ခဲ့ကြောင်း သင်တို့ဆိုကြလေပြီ။ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် ဘုရားသခင်ကို မကိုးကွယ်နိုင်ဟု ထင်မှတ်လျှင်၊ ကြီးစွာမှားယွင်းလေပြီ။ ကျမ်းစာများကို စေ့စေ့ဖတ်အပ်ပေ၏။ သင်တို့သည် ထိုကျမ်းစာများ သင်တို့ကို ဤသို့ သွန်သင်ပေးလေပြီဟု ထင်မှတ်လျှင်၊ ထိုကျမ်းစာများကို နားမလည်ကြ။
၃ သင်တို့သည် ဆုတောင်းခြင်း သို့မဟုတ် ကိုးကွယ်ခြင်းနှင့်စပ်လျဉ်း၍ ရှေးပရောဖက်ဇေနုတ်ဆိုလေသည့်အရာအား ဖတ်ရသည်ကို သတိရသလော။
၄ အကြောင်းမူကား၊ သူဆိုလေသည်မှာ၊ အိုဘုရားသခင်၊ ကိုယ်တော်သည် ကရုဏာကြီးတော်မူ၏။ အကျွန်ုပ်သည် တောရိုင်းထဲ၌ ရှိစဉ်ကပင် ကိုယ်တော်သည် အကျွန်ုပ်၏ဆုတောင်းခြင်းကို ကြားတော်မူလေပြီ။ ထိုမှတစ်ပါး၊ အကျွန်ုပ်၏ရန်သူဖြစ်လေသောသူတို့နှင့်စပ်လျဉ်း၍ အကျွန်ပ်ဆုတောင်းသောအချိန်၌ ကိုယ်တော်သည် ကရုဏာကြီးတော်မူ၍ သူတို့ကို စိတ်ပြေစေတော်မူပါ၏။
၅ ထိုမှတစ်ပါး၊ အို ဘုရားသခင်၊ အကျွန်ုပ်၏လယ်ကွင်းထဲ၌ ကိုယ်တော်ထံသို့ တောင်းလျှောက်သောအခါတွင်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို ကရုဏာကြီးတော်မူ၏။ အကျွန်ုပ်၏ဆုတောင်းခြင်းဖြင့် ကိုယ်တော်ထံသို့ တောင်းလျှောက်သောအခါ၌လည်း ကိုယ်တော်သည် အကျွန်ုပ်ကို ကြားတော်မူ၏။
၆ ထိုမှတစ်ဖန်၊ အို ဘုရားသခင်၊ အကျွန်ုပ်အိမ်သို့ အကျွန်ုပ်သွားသောအခါ၌လည်း ကိုယ်တော်သည် အကျွန်ုပ်၏ဆုတောင်းခြင်းကို ကြားတော်မူပါ၏။
၇ ထို့အတူ၊ အို ကိုယ်တော်ရှင်၊ အကျွန်ုပ်၏ဆိတ်ညံရာအခန်းငယ်သို့ အကျွန်ုပ်သွား၍ ကိုယ်တော်ထံသို့ ဆုတောင်းသောအခါ၌လည်း ကိုယ်တော်သည် အကျွန်ုပ်ကို ကြားတော်မူပါ၏။
၈ ထိုမှတစ်ပါး၊ ကိုယ်တော်၏ သားသမီးများက သူတို့သည် လူသားတို့အားဖြင့်မဟုတ်၊ ကိုယ်တော်အားဖြင့် ကြားတော်မူစေခြင်းငှာ ကိုယ်တော်ထံသို့ တောင်းလျှောက်သောအခါ၊ ကိုယ်တော်သည် သူတို့ကို ကရုဏာကြီးတော်မူ၏၊ ထို့အတူ သူတို့ကို ကိုယ်တော်ကြားတော်မူလိမ့်မည်။
၉ ထိုမှတစ်ပါး၊ အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကရုဏာကြီးတော်မူ၍၊ ကိုယ်တော်၏ပရိသတ်အလယ်၌ အကျွန်ုပ်၏တောင်းလျှောက်ခြင်းများကို ကြားတော်မူ၏။
၁၀ ထိုမှတစ်ပါး၊ အကျွန်ုပ်သည် အကျွန်ုပ်ရန်သူတို့အားဖြင့် နှင်ထုတ်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းကို ခံရလေသောအခါ၌လည်း အကျွန်ုပ်ကို ကိုယ်တော်ကြားတော်မူ၏။ ထိုမှတစ်ပါး၊ ကိုယ်တော်သည် အကျွန်ုပ်၏တောင်းလျှောက်ခြင်းများကို ကြားတော်မူခဲ့၏၊ အကျွန်ုပ်၏ ရန်သူများကိုလည်း အမျက်ထွက်တော်မူသဖြင့်၊ ကိုယ်တော်၏အမျက်တော်ဖြင့် မြန်ဆန်သောဖျက်ဆီးခြင်းနှင့် ဆုံးမတော်မူပါ၏။
၁၁ ထို့အတူ၊ အကျွန်ုပ်၏ဆင်းရဲဒုက္ခများနှင့် အကျွန်ုပ်၏ရိုးသားခြင်းကြောင့် အကျွန်ုပ်ကို ကိုယ်တော် ကြားတော်မူ၏။ ကိုယ်တော်၏သားတော်ကြောင့်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ထိုမျှလောက် ကရုဏာကြီးတော်မူ၏။ ထို့ကြောင့်၊ အကျွန်ုပ်၏ ခပ်သိမ်းသောဒုက္ခဆင်းရဲခြင်းများ၌ ကိုယ်တော်ကို တောင်းလျှောက်ပါမည်။ အကြောင်းမူကား၊ ကိုယ်တော်၌ အကျွန်ုပ်ဝမ်းမြောက်ပါ၏။ အကြောင်းမူကား၊ ကိုယ်တော်သည် ကိုယ်တော်၏တရားစီရင်တော်မူခြင်းများကို ကိုယ်တော်၏သားတော်ကြောင့် အကျွန်ုပ်ထံမှ လွှဲဖယ်တော်မူလေပြီ။
၁၂ ယခုမူကား၊ အယ်လမာက သူတို့ကို ဆိုလေသည်မှာ၊ ရှေးကရှိခဲ့သူများ ရေးထားလေသည့် ထိုကျမ်းစာများကို သင်တို့ ယုံကြည်သလော။
၁၃ ရှုလော့၊ သင်တို့ယုံကြည်လျှင်၊ ပရောဖက်ဇေနုတ်ပြောလေသောအရာကို ယုံကြည်ရပေမည်။ အကြောင်းမူကား၊ ရှုလော့၊ သူဆိုလေသည်မှာ၊ ကိုယ်တော်သည် ကိုယ်တော်၏တရားစီရင်တော်မူခြင်းများကို ကိုယ်တော်၏သားတော်ကြောင့် လွှဲဖယ်တော်မူလေပြီ။
၁၄ ယခုတွင်၊ ရှုလော့၊ ငါ၏ညီအစ်ကိုတို့၊ ကျမ်းစာများကို သင်တို့ဖတ်လေခြင်းရှိမရှိ ငါမေးလို၏။ ဖတ်လေလျှင်၊ သင်တို့သည် ဘုရားသခင်၏သားတော်ကို အဘယ်သို့အားဖြင့် မယုံကြည်နိုင်သနည်း။
၁၅ အကြောင်းမူကား၊ ဤအရာတို့အကြောင်းကို ဇေနုတ်တစ်ဦးတည်းက ပြောကြောင်း ရေးမထား၊ ဇေနော့ကလည်း ဤအရာတို့အကြောင်းကို ပြော၏—
၁၆ အကြောင်းမူကား၊ ရှုလော့၊ သူက ဆိုလေသည်မှာ၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်၏သားတော်ကြောင့် ဤလူတို့အား ကိုယ်တော်ပေးတော်မူလေသည့် ကိုယ်တော်၏ကရုဏာတော်တို့ကို သူတို့နားလည်လိမ့်မည် မဟုတ်သောကြောင့်၊ သူတို့ကို ကိုယ်တော်အမျက်ထွက်တော်မူ၏။
၁၇ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ ဒုတိယမြောက် ရှေးပရောဖက်က ဘုရားသခင်၏သားတော်အကြောင်းကို သက်သေခံ၍၊ လူတို့သည် သူ၏စကားများကို နားလည်လိုခြင်းမရှိသောကြောင့်၊ သူ့ကို သေသည့်တိုင်အောင် ကျောက်ခဲနှင့် ပစ်ကြ၏။
၁၈ သို့ရာတွင်၊ ရှုလော့၊ ဤအရာသည်ကား အလုံးစုံတို့မဟုတ်။ ဤသူတို့သည်သာလျှင်၊ ဘုရားသခင်၏သားတော်နှင့်စပ်လျဉ်း၍ ပြောလေသောသူများမဟုတ်ကြ။
၁၉ ရှုလော့၊ သူ့အကြောင်းကို မောရှေက ပြောခဲ့၏။ အမှန်စင်စစ်၊ ကြည့်သူမှန်သမျှတို့ကို အသက်ရှင်နိုင်စေခြင်းငှာ တောရိုင်းထဲ၌ သင်္ကေတတစ်ခုကို မြှောက်လေ၏။ များစွာသောသူတို့သည်လည်း ကြည့်၍ အသက်ရှင်ကြ၏။
၂၀ သို့ရာတွင်၊ အနည်းငယ်သောသူတို့သည် ထိုအရာတို့၏အနက်ကို နားလည်ကြ၏။ ဤသို့ဖြစ်ရသည်မှာ၊ သူတို့စိတ်နှလုံး၏မာကျောခြင်းကြောင့်ပေတည်း။ သို့ရာတွင်၊ အလွန်မာကျော၍ မကြည့်လိုသောသူများစွာရှိ၏။ ထို့ကြောင့်၊ သူတို့ပျက်စီးကြ၏။ ယခုတွင်၊ သူတို့မကြည့်လိုသည့်အကြောင်းရင်းမှာ၊ ထိုအမှု သူ့တို့အား အနာကင်းစေမည်ကို မယုံကြည်သောကြောင့်ပေတည်း။
၂၁ အို ငါ၏ညီအစ်ကိုတို့၊ သင်တို့သည် အနာကင်းစေခြင်းငှာ၊ သင်တို့၏မျက်လုံးနှင့် ကြည့်ရုံသက်သက်ဖြင့် အနာကင်းနိုင်မည်ဆိုလျှင်၊ လျှင်မြန်စွာ မကြည့်လိုကြသလော။ သို့မဟုတ်၊ သင်တို့သည် မယုံကြည်ခြင်းဖြင့် သင်တို့စိတ်နှလုံးကို မာကျောစေလျက်၊ ပျင်းရိသဖြင့် သင်တို့မျက်လုံးနှင့် မကြည့်လို၍ ပျက်စီးနိုင်သည်ကို သာ၍အလိုရှိကြသလော။
၂၂ ထိုသို့ရှိလျှင်၊ အမင်္ဂလာသည် သင်တို့အပေါ် ကျရောက်လာလိမ့်မည်။ သို့ရာတွင်၊ ထိုသို့မရှိလျှင်၊ သင်တို့၏မျက်လုံးနှင့်ကြည့်၍ ဘုရားသခင်၏သားတော်ကို ယုံကြည်စပြုရမည်မှာ၊ သူသည် မိမိလူမျိုးတို့ကို ရွေးနှုတ်ခြင်းငှာ၊ ကြွလာတော်မူမည်ဖြစ်ကြောင်း၊ သူတို့၏အပြစ်များအတွက် အပြစ်ဖြေခြင်းငှာ၊ ဒုက္ခဝေဒနာခံစား၍ သေမည်ဖြစ်ကြောင်းနှင့် သေရာမှ တစ်ဖန်ထမြောက်၍၊ ထိုအမှုက ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ပေါ်စေသဖြင့်၊ လူသားခပ်သိမ်းတို့သည် သူတို့အကျင့်များအတိုင်း တရားစီရင်ခံရစေရန် နောက်ဆုံးသော တရားစီရင်တော်မူရာနေ့၌ သူ့ရှေ့မှာ ရပ်ရမည်ဖြစ်ကြောင်းတို့ပေတည်း။
၂၃ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့ သင်တို့သည် ဤနှုတ်ကပတ်တော်ကို သင်တို့စိတ်နှလုံး၌စိုက်သဖြင့်၊ ပွ၍လာသောအခါ၊ ထိုကဲ့သို့ပင် သင်တို့၏ယုံကြည်ခြင်းဖြင့် အားဖြည့်စေရန် ငါအလိုရှိ၏။ ရှုဦးလော့၊ ထိုနှုတ်ကပတ်တော်သည် အပင်ဖြစ်လာ၍ သင်တို့၌ ထာဝရတည်မြဲသောအသက်သို့တိုင်အောင် ဖွံ့ဖြိုးပေမည်။ ထို့နောက်တွင်ကား၊ သူ့သားတော်၌ ဝမ်းမြောက်ခြင်းအားဖြင့် သင်တို့၏ဝန်များကို ပေါ့နိုင်စေကြောင်း၊ ဘုရားသခင်သည် သင်တို့ကို အခွင့်ပေးတော်မူပါစေ။ သင်တို့သည် ပြုလိုလျှင်၊ ဤခပ်သိမ်းသောအမှုကိုပင် ပြုနိုင်ကြပေ၏။ အာမင်။