အခန်းကြီး ၆၃
ရှိဗလုန်နှင့် နောက်ပိုင်းဟေလမန်တို့သည် သန့်ရှင်းမွန်မြတ်သောမှတ်တမ်းများကို သိမ်းယူကြ၏—များစွာသောနီဖိုင်းအမျိုးသားတို့သည် မြောက်ဘက်လားရာပြည်သို့ ခရီးသွားကြ၏—ဟာဂုတ်သည် သင်္ဘောများကိုတည်ဆောက်၏၊ ၎င်းတို့သည် အနောက်ပင်လယ်သို့ ရွက်လွှင့်၏—မော်ရော်နိဟသည် လာမန်အမျိုးသားတို့ကို တိုက်ပွဲ၌ အနိုင်ရ၏။ ဘီစီ ၅၆–၅၂ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းလူမျိုးတို့အပေါ်တရားသူကြီးများအုပ်စိုးခြင်း သုံးဆယ်ခြောက်နှစ်မြောက်အစတွင်၊ ရှိဗလုန်သည် ဟေလမန်အား အယ်လမာပေးအပ်ခဲ့သည့် ထိုသန့်ရှင်းမွန်မြတ်သောအရာတို့ကို သိမ်းယူ၏။
၂ သူသည် ဖြောင့်မတ်သောသူတစ်ဦးလည်းဖြစ်၏၊ ဘုရားသခင်ရှေ့၌ ဖြောင့်မတ်စွာကျင့်၏။ ကောင်းမြတ်သောအရာကို အစဉ်မပြတ်လုပ်ဆောင်ခြင်းငှာလည်းကောင်း၊ သူ၏ဘုရားသခင်ကိုယ်တော်ရှင်၏ပညတ်တော်များကို စောင့်ထိန်းခြင်းငှာလည်းကောင်း ကြိုးစားအားထုတ်၏။ သူ၏ညီသည်လည်း ထိုနည်းတူပြု၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းသေ၏။ ထိုကဲ့သို့အားဖြင့်၊ တရားသူကြီးများအုပ်စိုးခြင်း သုံးဆယ်ခြောက်နှစ်မြောက် ပြီးဆုံး၏။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း သုံးဆယ်ခုနစ်နှစ်မြောက်တွင်၊ ငါးထောင်နှင့် လေးရာပမာဏအထိပင်ရှိသည့် ကြီးစွာသောလူအလုံးအရင်းသည် မိမိတို့၏ဇနီးများ၊ မိမိတို့သားသမီးများနှင့်အတူ ဇရဟင်မလပြည်မှနေ၍၊ မြောက်ဘက်လားရာအရပ်မှာရှိသောပြည်ထဲသို့ ထွက်ခွာသွားကြ၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဟာဂုတ်သည် အလွန်စူးစမ်းလိုသောတစ်ဦးဖြစ်ရာ၊ ထို့ကြောင့်၊ သူသည် ထွက်သွား၍၊ အလွန်ကြီးသောသင်္ဘောတစ်စီးကို လူဆိတ်ညံရာပြည်အနီး၊ အလျှံပယ်ပြည်၏နယ်နိမိတ်တို့၌ တည်ဆောက်၏၊ မြောက်ဘက်လားရာပြည်သို့သွားသည့် ရှည်လျားကျဉ်းမြောင်းသောနေရာအနီးမှ အနောက်ပင်လယ်ထဲသို့ လွှင့်သွား၏။
၆ ရှုဦးလော့၊ ထိုသင်္ဘောထဲသို့ဝင်၍၊ များစွာသောရိက္ခာများ၊ များစွာသောမိန်းမများ၊ ကလေးများနှင့်အတူ ရွက်လွှင့်သွားခဲ့ကြသော နီဖိုင်းအမျိုးသားများစွာရှိ၏။ သူတို့သည် မြောက်ဘက်လားရာသို့ ရွက်လွှင့်ကြ၏။ ထိုကဲ့သို့အားဖြင့်၊ သုံးဆယ့်ခုနစ်နှစ်မြောက် ပြီးဆုံး၏။
၇ သုံးဆယ်နှင့် ရှစ်နှစ်မြောက်တွင်၊ ဤလူသည် အခြားသောသင်္ဘောများကို တည်ဆောက်၏။ ပထမဦးဆုံးသင်္ဘောသည်လည်း ပြန်လာရာ၊ ပို၍များစွာသောလူတို့သည် အထဲသို့ ဝင်ကြ၏။ များစွာသောရိက္ခာများကိုလည်းယူ၍၊ မြောက်ဘက်လားရာပြည်သို့ တစ်ဖန် ခရီးစတင်ကြပြန်၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့အကြောင်းကို နောက်ထပ်၍ မကြားရတော့ပေ။ ငါတို့သည်လည်း သူတို့ပင်လယ်ရေနက်၌ နစ်မြုပ်ကြလေပြီဟု ထင်မှတ်ကြ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အခြားသောသင်္ဘောတစ်စီးသည်လည်း ရွက်လွှင့်သွား၏။ ထိုသင်္ဘောအဘယ်အရပ်သို့သွားသည်ကိုလည်း ငါတို့သိခြင်းမရှိကြ။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤနှစ်အတွင်း၌၊ မြောက်ဘက်လားရာပြည်သို့ ထွက်သွားသူ များစွာရှိလေ၏။ ထိုကဲ့သို့အားဖြင့်၊ သုံးဆယ်ရှစ်နှစ်မြောက် ပြီးဆုံး၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း သုံးဆယ်ကိုးနှစ်မြောက်၌ ရှိဗလုန်လည်း သေ၍၊ ကော်ရန်တန်သည် မြောက်ဘက်လားရာပြည်သို့ သွားနှင့်လေပြီဖြစ်သောလူတို့ထံ ရိက္ခာများကို သယ်ဆောင်သွားခြင်းငှာ၊ ထိုပြည်သို့ သင်္ဘောတစ်စီးဖြင့် ထွက်သွား၏။
၁၁ ထို့ကြောင့်၊ ရှိဗလုန်အတွက်၊ ထိုသန့်ရှင်းမွန်မြတ်သောအရာတို့ကို သူမသေမီ ဟေလမန်၏သား၊ သူ့အဘ၏အမည်အတိုင်း ခေါ်သူ၊ ဟေလမန်ဟုခေါ်သောသူထံသို့ အပ်နှင်းရန်မဖြစ်မနေလိုအပ်လာ၏။
၁၂ ယခုတွင်၊ ရှုလော့၊ မဖြန့်ရဟု အယ်လမာ မှာထားခဲ့သော ထိုအစိတ်အပိုင်းတို့မှတစ်ပါး၊ ဟေလမန်၏ထိန်းသိမ်းခြင်းအောက်၌ ရှိလေသော ထိုရေးထွင်းခြင်းများကို ရေး၍၊ ထိုပြည်တစ်လျှောက်လုံးရှိ လူသားတို့၌ ပျံ့နှံ့စေ၏။
၁၃ သို့သော်လည်း၊ ဤအရာတို့ကို သန့်ရှင်းမွန်မြတ်စွာထိန်းသိမ်းထား၍၊ မျိုးဆက်တစ်ခုမှ တခြားတစ်ခုသို့ လက်ဆင့်ကမ်း၍ပေးသွားရပေမည်။ ထို့ကြောင့်၊ ယခုနှစ်၌၊ ရှိဗလုန်မသေမီ ဟေလမန်ထံသို့ အပ်နှင်း၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယခုနှစ်၌လည်း၊ လာမန်အမျိုးသားတို့ထံသို့ ထွက်သွားကြသည့် သဘောကွဲလွဲသောသူအချို့ရှိ၏။ သူတို့သည်လည်း နီဖိုင်းအမျိုးသားတို့ကိုဆန့်ကျင်၍ အမျက်ထွက်စေရန် နှိုးဆော်ခံရကြ၏။
၁၅ ဤတစ်နှစ်တည်း၌လည်း သူတို့သည် မြောက်မြားစွာသောတပ်နှင့်အတူ၊ မော်ရော်နိဟလူမျိုးတို့ကို သို့မဟုတ်၊ မော်ရော်နိဟ၏တပ်ကို စစ်တိုက်ခြင်းငှာ ဆင်းလာစဉ်၊ နှိမ်နှင်းခံရ၍၊ သူတို့နေရင်းပြည်ထဲသို့ ပြန်ပြီးနှင်ထုတ်ခံရလျက်၊ ကြီးစွာသောဆုံးရှုံးခြင်းကို ခံစားရ၏။
၁၆ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း သုံးဆယ်ကိုးနှစ်မြောက် ပြီးဆုံး၏။
၁၇ ထိုကဲ့သို့အားဖြင့်၊ အယ်လမာနှင့် သူ၏သားဟေလမန်၊ ထို့အတူ သူ၏သားဖြစ်သူ ရှိဗလုန်တို့၏မှတ်တမ်း ပြီးဆုံး၏။