အခန်းကြီး ၅၀
မော်ရော်နိုင်းသည် နီဖိုင်းအမျိုးသားတို့၏ပြည်များကို အင်အားခိုင်မာစေ၏—သူတို့သည် များစွာသောမြို့အသစ်များကို တည်ဆောက်ကြ၏—စစ်တိုက်ခြင်းများနှင့် ပျက်စီးခြင်းတို့သည် နီဖိုင်းအမျိုးသားတို့၌ သူတို့၏ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများ၏ကာလများ၌ ဖြစ်ပျက်၏—မော်ရန်တန်နှင့် သူ၏သဘောကွဲလွဲသူတို့သည် တေအန်ကမ်အားဖြင့် အနိုင်ခံရ၏—နီဖိုင်းဟသေ၍၊ သူ၏သား ပါဟောရန်သည် တရားပလ္လင်၌ ထမ်းဆောင်၏။ ဘီစီ ၇၂–၆၇ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းသည် စစ်တိုက်ခြင်းအတွက်ပြင်ဆင်ခြင်းများ သို့မဟုတ်၊ လာမန်အမျိုးသားတို့ကို ဆန့်ကျင်၍ သူ၏လူမျိုးတို့ကို ကာကွယ်ရန် ပြုလုပ်ခြင်းကို မရပ်ချေ။ အကြောင်းမူကား၊ တရားသူကြီးများအုပ်စိုးခြင်းနှစ်ဆယ်ပြည့်နှစ်မြောက်၏အစတွင် သူ၏တပ်များကို စတင်စေ၍၊ သူတို့ကို ထိုပြည်တစ်လျှောက်လုံးရှိ၊ နီဖိုင်းအမျိုးသားတို့ပိုင်သည့် မြို့ခပ်သိမ်းတို့၏ ပတ်လည်၌ မြေကြီးကို တူး၍စုပုံခြင်း စတင်စေ၏။
၂ မြို့၏ပတ်လည်၌၊ ထိုမြေကြီးတာရိုးများ၏ထိပ်၌လည်း၊ သစ်သားများ၊ အထူးသဖြင့်၊ သစ်သားတန်းတို့ကို လူ့တစ်ရပ်အမြင့်အထိ တည်ဆောက်စေ၏။
၃ ထိုသစ်သားတန်းများအပေါ်၌၊ ငုတ်ချွန်ဘောင်တို့ကိုလည်း ပတ်လည်တွင်ရှိသော သစ်သားတန်းများ၏အပေါ်၌ တည်ဆောက်စေ၏။ ၎င်းတို့သည် ခိုင်မာ၍၊ မြင့်မားလေ၏။
၄ ထိုငုတ်ချွန်တန်းများကို အပေါ်စီးမှမြင်ရသည့် လင့်စင်များတည်ဆောက်စေလျက်၊ ထိုလင့်စင်များပေါ်၌ လုံခြုံရာနေရာတို့ကိုတည်ဆောက်စေသဖြင့်၊ လာမန်အမျိုးသားတို့၏ကျောက်ခဲများနှင့် မြားများ သူတို့ကို မထိခိုက်နိုင်ကြ။
၅ သူတို့သည်လည်း ပြင်ဆင်ခဲ့လေသဖြင့်၊ ထိုနေရာ၏ထိပ်မှနေ၍ သူတို့အလိုနှင့် အင်အားရှိသမျှအတိုင်း၊ ကျောက်ခဲနှင့်ပစ်၍၊ မြို့တံတိုင်းအနီးသို့ ချဉ်းကပ်ရန် ကြိုးစားမည့်သူကို ကွပ်မျက်နိုင်ကြ၏။
၆ ထိုကဲ့သို့အားဖြင့်၊ မော်ရော်နိုင်းသည် သူတို့ရန်သူများရောက်လာခြင်းကို ကြိုတင်မျှော်မှန်း၍ ထိုပြည်တစ်ခုလုံးရှိ မြို့တိုင်း၏ပတ်လည်၌ အခိုင်အမာစခန်းများကို ပြင်ဆင်၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းသည် သူ၏တပ်များကို အရှေ့တောရိုင်းထဲသို့ ထွက်သွားစေ၏။ အမှန်စင်စစ်၊ သူတို့သည်လည်း ထွက်သွား၍၊ အရှေ့တောရိုင်းထဲ၌ရှိလေသော လာမန်အမျိုးသားခပ်သိမ်းတို့ကို ဇရဟင်မလပြည်၏ တောင်ဘက်အရပ်၌ရှိသော၊ သူတို့နေရင်းပြည်ထဲသို့ မောင်းထုတ်ကြ၏။
၈ နီဖိုင်းပြည်သည်လည်း အရှေ့ပင်လယ်မှ အနောက်ပင်လယ်သို့ တစ်ဖြောင့်တည်းရှိ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းသည် လာမန်အမျိုးသားခပ်သိမ်းတို့ကို သူတို့ကိုယ်ပိုင်ပြည်၏ မြောက်အရပ်၌ရှိလေသည့် အရှေ့တောရိုင်းထဲမှ မောင်းထုတ်ပြီးလျှင်၊ ဇရဟင်မလပြည်နှင့် ပတ်ဝန်းကျင်ပြည်တို့၌ နေထိုင်သူတို့အား၊ အရှေ့တောရိုင်းထဲသို့၊ ပင်လယ်ကမ်းနားရှိ နယ်နိမိတ်အထိပင် ထွက်သွားစေ၏၊ ထိုပြည်ကိုလည်း ပိုင်ဆိုင်စေ၏။
၁၀ တောင်အရပ်တွင်၊ သူတို့ပိုင်ဆိုင်ရာပြည်၏နယ်နိမိတ်၌ တပ်များကိုလည်း နေရာချ၍၊ သူတို့တပ်များနှင့် သူတို့လူများကို သူတို့ရန်သူများ၏လက်မှ ကာကွယ်နိုင်စေခြင်းငှာ၊ ခံတပ်များကို တည်ဆောက်စေ၏။
၁၁ ထိုကဲ့သို့အားဖြင့်၊ သူသည် အရှေ့တောရိုင်းထဲ၌ရှိသော၊ ထိုမှတစ်ပါး၊ အနောက်အရပ်တွင်လည်းရှိသော၊ လာမန်အမျိုးသားတို့၏အခိုင်အမာစခန်းများကို ပယ်ရှင်း၍၊ နီဖိုင်းအမျိုးသားများနှင့် လာမန်အမျိုးသားများကြား၌ရှိသော၊ ဇရဟင်မလပြည်နှင့် နီဖိုင်းပြည်တို့ကြား၌ရှိသော၊ အနောက်ပင်လယ်မှ ဇိဒုန်မြစ်ဖြားအနီးသို့ တန်းလျက်ရှိသော နယ်ခြားစည်းကို ခိုင်မာစေလျက်—နီဖိုင်းအမျိုးသားတို့သည် မြောက်ဘက်လားရာအရပ်၌ရှိသည့် ပြည်ခပ်သိမ်းတို့ကို၊ အမှန်စင်စစ်၊ အလျှံပယ်ပြည်၏မြောက်ဘက်လားရာအရပ်၌ရှိသည့် ပြည်ခပ်သိမ်းတို့ကိုပင် သူတို့အလိုအတိုင်း ပိုင်ဆိုင်ကြ၏။
၁၂ ထိုကဲ့သို့အားဖြင့်၊ မော်ရော်နိုင်းသည် မိမိအမှုများက ဖြစ်ထွန်းစေခဲ့သည့် အကာအကွယ်အာမခံချက်ကြောင့်၊ နေ့စဉ်တိုးပွားလျက်ရှိသည့် မိမိတပ်များအားဖြင့်၊ လာမန်အမျိုးသားတို့အား မိမိတို့ပိုင်ဆိုင်ရာပြည်များအပေါ် အစိုးရခြင်းမရှိရစေခြင်းငှာ၊ ထိုသူတို့၏အင်အားနှင့် အစိုးရခြင်းကို မိမိတို့ပိုင်ဆိုင်ရာပြည်မှ ပယ်ရှင်းရန် ကြိုးစား၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းအမျိုးသားတို့သည် မြို့၏အုတ်မြစ်ကို စတင်၍၊ ထိုမြို့အမည်ကို မော်ရော်နိုင်းဟု ခေါ်၏။ ထိုမြို့သည် အရှေ့ပင်လယ်အနီး၌ရှိလေ၏။ လာမန်အမျိုးသားတို့ပိုင်ဆိုင်ရာ နယ်ခြားစည်းအနီး တောင်ဘက်၌ ရှိလေ၏။
၁၄ သူတို့သည် မော်ရော်နိုင်းနှင့် အာရုန်နယ်နိမိတ်တို့ကို ဆက်စပ်လျက်၊ မော်ရော်နိုင်းမြို့နှင့် အာရုန်မြို့ကြားတွင် မြို့တစ်မြို့အတွက် အုတ်မြစ်ကိုလည်း စတင်ပြီး၊ ထိုမြို့ သို့မဟုတ်၊ ထိုပြည်၏အမည်ကို နီဖိုင်းဟဟု ခေါ်၏။
၁၅ သူတို့သည် ထိုတစ်နှစ်တည်းတွင်၊ မြောက်အရပ်၌လည်း များစွာသောမြို့များကို တည်ဆောက်ခြင်းငှာ၊ စတင်၍၊ လေဟိဟု သူတို့ခေါ်သည့်၊ ပင်လယ်ကမ်းနား နယ်နိမိတ်တို့အနီး မြောက်အရပ်၌ရှိလေသည့် မြို့တစ်မြို့ကို အထူးနည်းလမ်းဖြင့် တည်ဆောက်၏။
၁၆ ထိုကဲ့သို့အားဖြင့်၊ နှစ်ဆယ်နှစ်မြောက် ပြီးဆုံး၏။
၁၇ ဤအောင်မြင်သောအခြေအနေတို့၌၊ နီဖိုင်းလူမျိုးတို့ရှိလေသည်မှာ၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း နှစ်ဆယ်တစ်နှစ်မြောက်၏ အစ၌ဖြစ်၏။
၁၈ သူတို့သည်လည်း လွန်စွာအောင်မြင်၍၊ အလွန်ကြွယ်ဝလာကြ၏။ ထိုမှတစ်ပါး၊ သူတို့သည် ပွားများ၍၊ ထိုပြည်၌ အင်အားကြီးလာကြ၏။
၁၉ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ ကိုယ်တော်ရှင်၏ ခပ်သိမ်းသောအမှုတော်တို့သည် လူသားများသို့ သူ၏ခပ်သိမ်းသောနှုတ်ကပတ်တော်များကို ပြီးပြည့်စုံစေသည့်တိုင်အောင်၊ အဘယ်မျှလောက် ကရုဏာကြီး၍၊ တရားမျှတတော်မူကြောင်းပေတည်း။ ထိုမှတစ်ပါး၊ လေဟိကို သူမိန့်တော်မူသည့် သူ၏နှုတ်ကပတ်တော်များ ယခုကာလ၌ပင် ပြည့်စုံပြီဖြစ်ကြောင်းကို ငါတို့ သိမြင်နိုင်ကြ၏။ မိန့်တော်မူလေသည်ကား၊
၂၀ သင်နှင့် သင်၏အမျိုးအနွယ်တို့သည် မင်္ဂလာရှိ၏။ သူတို့သည်လည်း ကောင်းချီးခံစားရကြလိမ့်မည်။ ငါ၏ပညတ်တော်များကို စောင့်ထိန်းသမျှ၊ ထိုပြည်၌ အောင်မြင်ကြလိမ့်မည်။ သို့ရာတွင်၊ သတိရလော့၊ သူတို့သည် ငါ၏ပညတ်တော်များကို မစောင့်ထိန်းသမျှ၊ ကိုယ်တော်ရှင်၏မျက်မှောက်မှ ပယ်ရှင်းခံရကြလိမ့်မည်။
၂၁ နီဖိုင်းလူမျိုးများသို့ ဤကတိတော်များ ပြည့်စုံလေပြီဖြစ်ကြောင်းကိုလည်း ငါတို့သိမြင်ကြ၏။ အကြောင်းမူကား၊ သူတို့အပေါ်၌ သူတို့၏စစ်တိုက်ခြင်းများနှင့် သူတို့၏ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေသည့် သူတို့၌ရှိလေသည့် သူတို့၏ရန်ဖြစ်ခြင်းများနှင့် တိုက်ခိုက်ခြင်းများ၊ ထိုမှတစ်ပါး၊ သူတို့၏လူ့အသက်ကိုသတ်ခြင်းများ၊ သူတို့၏လုယက်ခြင်းများ၊ သူတို့၏ရုပ်တုကိုးကွယ်ခြင်းများ၊ သူတို့၏မတရားသောမေထုန်အမှုများ၊ သူတို့၏စက်ဆုပ်ရွံရှာဖွယ်အမှုများ ရှိလေပြီ။
၂၂ ကိုယ်တော်ရှင်၏ပညတ်တော်များကို စောင့်ထိန်းရာ၌ သစ္စာရှိလေသောသူတို့သည် ခပ်သိမ်းသောကာလတို့ ၌ ကယ်လွှတ်တော်မူခြင်း ခံရလျက်၊ အခြားတစ်ဖက်တွင်၊ ထောင်ပေါင်းများစွာသော ဆိုးညစ်သည့် ညီအစ်ကိုတို့သည် ကျွန်ခံရာသို့၊ သို့မဟုတ်၊ ဓားဘေးဖြင့်ပျက်စီးစေရန်၊ သို့မဟုတ် ယုံကြည်မှုလျော့ပါးဆုတ်ယုတ်လာစေရန် လွှဲအပ်ပေးခြင်းကို ခံရလေ၏၊ လာမန်အမျိုးသားတို့နှင့် သွေးနှောကြ၏။
၂၃ သို့ရာတွင်၊ ရှုလော့၊ နီဖိုင်းလက်ထက်ကတည်းက၊ မော်ရော်နိုင်းလက်ထက်မှာထက်၊ အထူးသဖြင့်၊ ယခုကာလ၊ တရားသူကြီးများအုပ်စိုးခြင်းနှစ်ဆယ်တစ်နှစ်မြောက်မှာထက် ပို၍ပျော်ရွှင်ရသော အချိန်ကာလ နီဖိုင်းလူမျိုးတို့၌ မရှိဖူးလေပြီ။
၂၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း နှစ်ဆယ်နှစ်နှစ်မြောက်သည်လည်းကောင်း၊ ထိုမှတစ်ပါး၊ နှစ်ဆယ်သုံးနှစ်မြောက်သည်လည်းကောင်း ငြိမ်းချမ်းစွာပြီးဆုံး၏။
၂၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း နှစ်ဆယ်လေးနှစ်မြောက်၏အစတွင်၊ လေဟိပြည်နှင့် လေဟိပြည်၏နယ်နိမိတ်တို့ဖြင့် ဆက်စပ်လျက်ရှိသည့် မော်ရန်တန်ပြည်နှင့်စပ်လျဉ်း၍ နီဖိုင်းလူမျိုးတို့၌ ဖြစ်ပွားခဲ့သော ငြင်းခုံခြင်းမရှိလေလျှင်၊ သူတို့၌ ငြိမ်းချမ်းခြင်းလည်းရှိလိမ့်မည်။ ထိုပြည်နှစ်ခုစလုံးသည် ပင်လယ်ကမ်းနားအနီး နယ်နိမိတ်တို့၌ ရှိလေ၏။
၂၆ အကြောင်းမူကား၊ ရှုလော့၊ မော်ရန်တန်ပြည်ကို ပိုင်ဆိုင်သည့်လူတို့သည် လေဟိပြည်၏တစ်စိတ်တစ်ပိုင်းကို တောင်းဆိုကြ၏။ ထို့ကြောင့်၊ သူတို့ကြား၌၊ အမျက်ပါသောငြင်းခုံခြင်းအစပြုသဖြင့်၊ မော်ရန်တန်လူမျိုးတို့သည် သူတို့၏ညီအစ်ကိုတို့ကို ဆန့်ကျင်၍ လက်နက်စွဲကိုင်လျက်၊ ဓားဖြင့် ကွပ်မျက်ရန် သန္နိဌာန်ချလေ၏။
၂၇ သို့ရာတွင်၊ ရှုလော့၊ လေဟိပြည်ကို ပိုင်ဆိုင်သည့်လူတို့သည် မော်ရော်နိုင်း၏တပ်စခန်းသို့ ထွက်ပြေး၍၊ သူ့ကို အကူအညီ တောင်းခံ၏။ အကြောင်းမူကား၊ သူတို့သည် မမှားယွင်းလေကြ။
၂၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရန်တန်ဟုအမည်ရှိသောသူ ဦးဆောင်သည့် မော်ရန်တန်လူမျိုးတို့သည် လေဟိလူမျိုးတို့ မော်ရော်နိုင်း၏တပ်စခန်းသို့ ထွက်ပြေးသည်ကို တွေ့ရှိလျှင်၊ သူတို့ကို မော်ရော်နိုင်း၏တပ်လာ၍ဖျက်ဆီးမည်ကို လွန်စွာကြောက်ရွံ့ကြ၏။
၂၉ ထို့ကြောင့်၊ မော်ရန်တန်သည် သူတို့ကို မြောက်ဘက်လားရာအရပ်၌ရှိလေသည့်၊ ကြီးစွာသောရေများဖြင့် ဝန်းရံထားသည့် ပြည်သို့ထွက်ပြေး၍၊ မြောက်ဘက်လားရာအရပ်၌ရှိလေသောပြည်ကို သိမ်းယူရမည့်အကြောင်း သူတို့စိတ်နှလုံးထဲသို့ သွင်းထား၏။
၃၀ ရှုဦးလော့၊ သူတို့သည် ထိုအကြံအစည်ကို ဆောင်ရွက်လိုလေ၏။ (ထိုအမှုသည် မြည်တမ်းရခြင်း၏ အမှုတစ်ခု ဖြစ်လိမ့်မည်) သို့ရာတွင်၊ ရှုလော့၊ မော်ရန်တန်သည် စိတ်လှုပ်ရှားလွယ်သောသူဖြစ်သဖြင့်၊ ထို့ကြောင့်၊ သူ၏ကျွန်မငယ်တစ်ယောက်ကို အမျက်ထွက်၍ ထိုးနှက်၍ လွန်စွာရိုက်၏။
၃၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူမသည် ထွက်ပြေး၏၊ မော်ရော်နိုင်း၏ တပ်စခန်းသို့ လာ၍၊ ထိုအမှုနှင့်စပ်လျဉ်းသည့်အရာမှန်သမျှကိုလည်းကောင်း၊ မြောက်ဘက်လားရာအရပ်သို့ ထွက်ပြေးဖို့ သူတို့၏ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း မော်ရော်နိုင်းကို ပြောပြ၏။
၃၂ ယခုတွင်၊ ရှုလော့၊ အလျှံပယ်၊ သို့မဟုတ်၊ မော်ရော်နိုင်းပြည်၌ ရှိလေသောလူတို့က၊ သူတို့သည် မော်ရန်တန်၏စကားများကို စေ့စေ့နားထောင်၍၊ သူ၏လူများနှင့် ပူးပေါင်းလျက်၊ ထိုကဲ့သို့အားဖြင့်၊ ပြည်၏ထိုအစိတ်အပိုင်းတို့၏ပိုင်ဆိုင်မှုကို သူရရှိမည့်အဖြစ်က၊ နီဖိုင်းလူမျိုးတို့၌ ပြင်းထန်သောအကျိုးဆက်များ၏၊ အမှန်စင်စစ်၊ သူတို့၏လွတ်လပ်ခြင်းကို ဖျက်ဆီးခြင်းသို့ ပို့ဆောင်မည့်အကျိုးဆက်များ၏ အုတ်မြစ်ကိုချထားမည့်အကြောင်း စိုးရိမ်ကြ၏။
၃၃ ထို့ကြောင့်၊ မော်ရော်နိုင်းသည် မော်ရန်တန်၏လူများကို ဟန့်တားရန်နှင့် မြောက်ဘက်လားရာပြည်ထဲသို့ သူတို့၏ပြေးခြင်းကို ရပ်တန့်စေရန် သူ၏တပ်တစ်တပ်ကို ရိက္ခာတပ်နှင့်အတူ စေလွှတ်၏။
၃၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူဆိတ်ညံရာပြည်၏နယ်နိမိတ်များသို့ သူတို့မရောက်မီအထိ၊ မဟန့်တားနိုင်ခဲ့ကြ။ ထိုနေရာတွင်၊ ပင်လယ်ဘေးမှ၊ အမှန်စင်စစ်၊ အရှေ့ပင်လယ်နှင့် အနောက်ပင်လယ်တို့ဘေးမှ မြောက်ဘက်လားရာပြည်ထဲသို့သွားသည့် ကျဉ်းမြောင်းသော လမ်းအားဖြင့်၊ သူတို့ကို ဟန့်တားနိုင်ကြ၏။
၃၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းစေလွှတ်လေသည့်၊ တေအန်ကမ်ဟုအမည်ရှိသောသူဦးဆောင်သည့်တပ်သည် မော်ရန်တန်၏လူများနှင့် ရင်ဆိုင်ကြ၏။ မော်ရန်တန်၏လူတို့သည် အလွန်ခေါင်းမာသဖြင့် (သူ၏ဆိုးညစ်ခြင်းနှင့် သူ၏မြှောက်ပင့်သော စကားများအားဖြင့် လမ်းပြလှုံ့ဆော်ခံရသောကြောင့်) သူတို့ကြား၌ တိုက်ပွဲစတင်၏။ ထိုတိုက်ပွဲ၌၊ တေအန်ကမ်သည် မော်ရန်တန်ကို ကွပ်မျက်၍၊ တပ်ကို အနိုင်ရလျက် သူတို့ကို ဖမ်းဆီးသိမ်းယူ၍၊ မော်ရော်နိုင်း၏တပ်စခန်းသို့ ပြန်လာ၏။ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း နှစ်ဆယ်လေးနှစ်မြောက် ပြီးဆုံး၏။
၃၆ ထိုကဲ့သို့အားဖြင့်၊ မော်ရန်တန်လူမျိုးတို့သည် ပြန်၍ ခေါ်ဆောင်ခံရ၏။ ငြိမ်းချမ်းရေးကို စောင့်ထိန်းရန် သူတို့၏ပဋိညာဉ်ပြုခြင်းပြီးလျှင်၊ မော်ရန်တန်ပြည်သို့ ပြန်၍နေရာချထားခံရပြီး၊ သူတို့နှင့် လေဟိလူမျိုးတို့အကြား၌ စည်းလုံးခြင်းဖြစ်ပေါ်၏။ သူတို့၏ပြည်များသို့လည်း ပြန်၍ နေရာချပေးသည်ကို သူတို့ခံရကြ၏။
၃၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းလူမျိုးတို့ထံသို့ ငြိမ်းချမ်းခြင်းကို ပြန်လည်ထူထောင်သည့် ထိုတစ်နှစ်တည်းတွင်၊ ထိုနီဖိုင်းဟ၊ ဒုတိယတရားသူကြီးချုပ်သေ၏၊ သူသည် ဘုရားသခင်ရှေ့၌ စုံလင်သောတော်တည့်ဖြောင့်မတ်ခြင်းဖြင့် တရားပလ္လင်၌ ထမ်းဆောင်ခဲ့၏။
၃၈ သို့သော်လည်း၊ သူသည် ထိုမှတ်တမ်းများနှင့်အတူ၊ အယ်လမာနှင့် သူ၏ဘိုးဘေးတို့က အသန့်ရှင်းအမွန်မြတ်ဆုံးအဖြစ် မှတ်ယူလေသည့်အရာတို့ကို သိမ်းယူရန် အယ်လမာကို ငြင်းဆို၏။ ထို့ကြောင့်၊ အယ်လမာသည် ထိုအရာတို့ကို မိမိသားဟေလမန်ထံသို့ အပ်နှင်း၏။
၃၉ ရှုလော့၊ အချိန်တန်လာသောအခါ၊ နီဖိုင်းဟ၏သားသည် သူ့အဘနေရာ၌၊ တရားပလ္လင်၌ ထမ်းဆောင်ရန် ခန့်အပ်ခံရ၏။ အထူးသဖြင့်၊ သူသည် လူတို့အပေါ် တရားသူကြီးချုပ်နှင့် အုပ်ချုပ်သူအဖြစ်၊ ဖြောင့်မတ်စွာတရားစီရင်စေခြင်းငှာ၊ ထို့အတူ၊ လူတို့၏ငြိမ်းချမ်းခြင်းနှင့် လွတ်လပ်ခွင့်ကို ထိန်းသိမ်းစေခြင်းငှာ၊ ထို့အတူ၊ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်အား ကိုးကွယ်ရန် သူတို့၏သန့်ရှင်းမွန်မြတ်သော အထူးအခွင့်အရေးများကို ပေးစေခြင်းငှာ၊ ထိုမှတစ်ပါး၊ သူ၏လက်ထက်တစ်လျှောက်လုံး၌ ဘုရားသခင်၏အမှုတော်တို့ကို ထောက်မ၍၊ ထိန်းသိမ်းစေခြင်းငှာနှင့်၊ ဆိုးညစ်သောသူတို့ကို သူတို့ပြစ်မှုအတိုင်း အပြစ်ပေးခြင်းသို့ ဆောင်စေခြင်းငှာ ကျိန်ဆိုခြင်းနှင့် သန့်ရှင်းမွန်မြတ်သော ဘိသိက်မင်္ဂလာတို့ဖြင့် ခန့်အပ်ထားခံရလေ၏။
၄၀ ယခုတွင်၊ ရှုလော့၊ ထိုသူ၏အမည်မှာ ပါဟောရန် ဖြစ်၏။ ပါဟောရမ်သည် သူ့အဘ၏ပလ္လင်၌ ထမ်းဆောင်၏၊ နီဖိုင်းလူမျိုးတို့အပေါ် သူ၏အုပ်စိုးခြင်းကို နှစ်ဆယ်လေးနှစ်မြောက်ပြီးဆုံးချိန်၌ စတင်၏။