အခန်းကြီး ၅၄
အမ်မော်ရုန်နှင့် မော်ရော်နိုင်းတို့သည် စစ်အကျဉ်းသားများ လဲလှယ်ခြင်းအတွက် ညှိနှိုင်းဆွေးနွေးကြ၏—မော်ရော်နိုင်းသည် လာမန်အမျိုးသားတို့ဆုတ်ခွာရန်နှင့် သူတို့၏လူသတ်သောတိုက်ခိုက်ခြင်းများကို ရပ်တန့်စေရန် တောင်းဆို၏—အမ်မော်ရုန်သည် နီဖိုင်းအမျိုးသားတို့လက်နက်ချရန်နှင့် လာမန်အမျိုးသားတို့၏ ဩဇာခံဖြစ်လာစေရန် တောင်းဆို၏။ ဘီစီ ၆၃ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ တရားသူကြီးတို့၏ နှစ်ဆယ်ကိုးနှစ်မြောက်အစတွင်၊ အမ်မော်ရုန်သည် မော်ရော်နိုင်းအား စစ်အကျဉ်းသားချင်းလဲလှယ်ပါမည့်အကြောင်း၊ တောင်းဆိုလျက် သတင်းစေလွှတ်၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းသည် ဤတောင်းဆိုခြင်း၌ လွန်စွာရွှင်လန်းဝမ်းမြောက်ခြင်းကို ခံစားမိ၏၊ အကြောင်းမူကား၊ သူသည် လာမန်အမျိုးသားစစ်အကျဉ်းသားတို့၏အထောက်အမအတွက် မျှ၍ပေးရသော ရိက္ခာများကို မိမိလူမျိုးတို့၏အထောက်အမအတွက် အလိုရှိလေ၏။ မိမိတပ်ကို ခွန်အားဖြည့်ပေးခြင်းအတွက်လည်း မိမိလူမျိုးတို့ကို အလိုရှိလေ၏။
၃ ယခုတွင်၊ လာမန်အမျိုးသားတို့သည် များစွာသောမိန်းမများနှင့် ကလေးများကို သိမ်းယူခဲ့လေ၏။ မော်ရော်နိုင်း၏စစ်အကျဉ်းသားခပ်သိမ်းတို့၌၊ သို့မဟုတ် မော်ရော်နိုင်းသိမ်းယူခဲ့လေသော စစ်အကျဉ်းသားတို့၌ မိန်းမတစ်ဦးသော်လည်းကောင်း၊ ကလေးတစ်ဦးသော်လည်းကောင်း မရှိ။ ထို့ကြောင့်၊ မော်ရော်နိုင်းသည် လာမန်အမျိုးသားတို့ထံမှ နီဖိုင်းအမျိုးသားစစ်အကျဉ်းသားတို့ကို များနိုင်သမျှ များစွာရယူရန် ဥပါယ်တံမျဉ်တစ်ခုကို ဆုံးဖြတ်၏။
၄ ထို့ကြောင့်၊ သူသည် အမှာစာတစ်စောင်ကိုရေး၍၊ မော်ရော်နိုင်းထံသို့ အမှာစာ ယူလာသောသူ၊ အမ်မော်ရုန်၏ကျွန်အားဖြင့်ပင် စေလွှတ်၏။ ယခုတွင်၊ ဤအရာတို့သည်ကား၊ အမ်မော်ရုန်ထံသို့ သူရေးသည့် စကားများဖြစ်၏။ ဆိုလေသည်ကား၊
၅ ရှုလော့၊ အမ်မော်ရုန်၊ သင်တို့က ငါ၏လူမျိုးတို့ကိုဆန့်ကျင်၍ တိုက်ခိုက်သည့်၊ သို့မဟုတ် အကယ်စင်စစ် သင်၏အစ်ကိုက သူတို့ကိုဆန့်ကျင်၍ တိုက်ခိုက်သည့်၊ ထို့အတူ၊ သူသေပြီးနောက် ဆက်၍တိုက်ခိုက်ရန် သင်တို့သန္နိဌာန်ချလျက်ရှိသေးသည့် ဤစစ်တိုက်ခြင်းအကြောင်းကို သင့်ထံသို့ ငါအတော်အသင့်ရေး၏။
၆ ရှုလော့၊ သင်တို့သည် နောင်တရ၍၊ သင်တို့၏တပ်များကို သင်တို့၏ကိုယ်ပိုင်ပြည်များ၊ သို့မဟုတ်၊ နီဖိုင်းပြည်ဖြစ်သည့် သင်တို့နေရင်းပြည်ထဲသို့၊ ပြန်၍ရုပ်သိမ်းသွားခြင်းမရှိလျှင်၊ ဘုရားသခင်၏တရားတော်မူခြင်းနှင့် သင်တို့အပေါ်မိုးသည့် သူ၏အနန္တတန်ခိုးရှိသော အမျက်တော်ဓားအကြောင်း သင်တို့ကို ငါအတော်အသင့်ပြောပြလို၏။
၇ ထိုမှတစ်ပါး၊ ဤအရာတို့ကို သင် စေ့စေ့နားထောင်နိုင်စွမ်းရှိလျှင်၊ သင့်ကို ငါပြောပြလို၏။ အထူးသဖြင့်၊ သင်တို့သည် နောင်တရ၍၊ သင်တို့၏လူ့အသက်သတ်ရာ အကြံအစည်တို့ကို ရုပ်သိမ်း၍၊ သင်တို့နေရင်းပြည်များထဲသို့ သင်တို့၏တပ်များနှင့်အတူ ပြန်မသွားလျှင်၊ သင်နှင့် သင်၏အစ်ကိုဖြစ်ဖူးလေသည့် လူ့အသက်သတ်သောသူများကို စောင့်နေသည့် ကြောက်ရွံ့ဖွယ်ကောင်းသောငရဲအကြောင်း သင့်ကို ငါပြောပြလို၏။
၈ သို့ရာတွင်၊ သင်တို့သည် ဤအရာတို့ကို ယခင်ကငြင်းပယ်၍၊ ကိုယ်တော်ရှင်၏လူမျိုးတို့ကို ဆန့်ကျင်တိုက်ခိုက်သဖြင့်၊ ထိုကဲ့သို့ပင် တစ်ဖန်ပြုဦးမည်ဟု ငါမျှော်လင့်နိုင်ပေ၏။
၉ ယခုမူကား၊ ရှုလော့၊ ငါတို့သည် သင်တို့ကို လက်ခံရန် ပြင်ဆင်လေပြီ။ ထိုမှတစ်ပါး၊ သင်တို့သည် သင်တို့၏အကြံအစည်ကို မရုပ်သိမ်းလျှင်၊ ရှုလော့၊ သင်တို့အပေါ်၌ သင်တို့ငြင်းပယ်လေသည့် ထိုဘုရားသခင်၏အမျက်တော်ကို သင်တို့၏ရှင်းရှင်းပျက်စီးခြင်းသို့ပင် ဆွဲချကြလိမ့်မည်။
၁၀ သို့ရာတွင်၊ ကိုယ်တော်ရှင်အသက်ရှင်တော်မူသည့်အတိုင်း၊ သင်တို့မရုပ်သိမ်းလျှင်၊ ငါတို့တပ်များ သင်တို့အပါ်ရောက်လာ၍၊ သင်တို့သည် မကြာမြင့်မီ၊ သေခြင်းနှင့် ဒဏ်ခတ်ခံရလိမ့်မည်။ အကြောင်းမူကား၊ ငါတို့သည် ငါတို့မြို့များနှင့် ငါတို့ပြည်ကို ထိန်းသိမ်းထားကြမည်။ ထိုမှတစ်ပါး၊ ငါတို့ဘာသာတရားနှင့် ငါတို့ဘုရားသခင်၏အမှုတော်များကိုလည်း ကာကွယ်စောင့်ရှောက်ကြမည်။
၁၁ သို့ရာတွင်၊ ရှုလော့၊ ငါသည် သင့်အား ဤအရာတို့အကြောင်းကို အချည်းအနှီးပြောရသည်ဟု ထင်မှတ်၏။ သို့မဟုတ်၊ သင်သည် ငရဲ၏သားဖြစ်သည်ဟု ငါထင်မှတ်၏။ ထို့ကြောင့်၊ သင်တို့သည် စစ်အကျဉ်းသားတစ်ယောက်အတွက်၊ ယောက်ကျားတစ်ယောက်၊ ဇနီးနှင့် သားသမီးတို့ကို လွှဲအပ်မည်ဟူသော ပြဌာန်းချက်များဖြင့်မှတစ်ပါး၊ ငါသည် စစ်အကျဉ်းသားတို့ကို လဲလှယ်မည်မဟုတ်ကြောင်းသင့်ကို ပြောလျက် ငါ၏အမှာစာကို အဆုံးသတ်မည်။ ဤသို့၊ သင်ပြုမည်ဆိုလျှင်၊ ငါလဲလှယ်မည်။
၁၂ ရှုဦးလော့၊ သင်တို့သည် ဤအမှုကိုပြုခြင်းမရှိလျှင်၊ ငါသည် သင်တို့ကို ငါ၏တပ်များနှင့် လာ၍တိုက်မည်။ ထိုမှတစ်ပါး၊ ငါ၏မိန်းမတို့နှင့် သားသမီးတို့ကိုပင် လက်နက်စွဲကိုင်စေပြီးလျှင်၊ သင်တို့ကို လာ၍တိုက်မည်။ ငါတို့၏ပထမဦးဆုံး အမွေခံရာပြည်ဖြစ်သည့် သင်တို့နေရင်းပြည်ထဲသို့တိုင်အောင်ပင် သင်တို့နောက်သို့ လိုက်မည်။ ထိုမှတစ်ပါး၊ အသွေးအတွက်အသွေး၊ အသက်အတွက်အသက် ဖြစ်လိမ့်မည်။ မြေကြီးမျက်နှာပြင်မှ သင်တို့ဖျက်ဆီးခံရသည့်တိုင်အောင်ပင် သင်တို့နှင့် စစ်တိုက်မည်။
၁၃ ရှုလော့၊ ငါသည် ငါ၏အမျက်၌ရှိ၏၊ ငါ၏လူမျိုးတို့သည်လည်း ထိုနည်းတူပင်ရှိကြ၏။ သင်တို့သည် ငါတို့ကို သတ်ရန် ကြိုးစားအားထုတ်ကြ၏၊ ငါတို့သည်ကား ငါတို့ကိုယ်ငါတို့ ကာကွယ်ခြင်းငှာသာ၊ ကြိုးစားအားထုတ်၏။ သို့ရာတွင်၊ ရှုလော့၊ သင်တို့သည် ငါတို့ကို ဖျက်ဆီးရန် နောက်ထပ်၍ကြိုးစားအားထုတ်လျှင်၊ ငါတို့သည် သင်တို့ကို ဖျက်ဆီးရန် ကြိုးစားအားထုတ်မည်။ အမှန်စင်စစ်၊ ငါတို့ပြည်၊ ငါတို့၏ပထမဦးဆုံးအမွေခံရာပြည်ကို ရရှိရန်ကြိုးစားအားထုတ်မည်။
၁၄ ယခုတွင်၊ ငါ၏အမှာစာကို အဆုံးသတ်၏။ ငါသည် မော်ရော်နိုင်းဖြစ်၏။ ငါသည် နီဖိုင်းလူမျိုးတို့၏ ခေါင်းဆောင်ဖြစ်၏။
၁၅ ယခုတွင်၊ အချိန်တန်လာသောအခါ၊ အမ်မော်ရုန်သည် ဤအမှာစာကို လက်ခံရရှိလျှင်၊ အမျက်ထွက်၍၊ မော်ရော်နိုင်းထံသို့ တခြားအမှာစာကို ရေး၏။ ဤအရာတို့သည်ကား၊ သူရေးသည့် စကားများဖြစ်၏၊ ဆိုလေသည်ကား၊
၁၆ ငါသည် လာမန်အမျိုးသားတို့၏မင်းကြီး၊ အမ်မော်ရုန်ဖြစ်၏။ ငါသည် သင်တို့သတ်လေသည့် အာမလိခိယ၏ ညီဖြစ်၏။ ရှုလော့၊ ငါသည် သူ၏အသွေးအတွက် သင်တို့ကို လက်တုံ့ပြန်မည်။ အမှန်စင်စစ်၊ သင်၏ခြိမ်းခြောက်ခြင်းကို မကြောက်သောကြောင့်၊ ငါ၏တပ်များနှင့် သင်တို့ကို လာ၍တိုက်မည်။
၁၇ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ဘိုးဘေးတို့သည် ညီအစ်ကိုတို့ကို မတရားပြုလျက်၊ သူတို့မှန်ကန်စွာ ပိုင်ဆိုင်ခဲ့သော အာဏာစက်အခွင့်အရေးကို သူတို့ထံမှ လုယူကြ၏။
၁၈ ယခုမူကား၊ ရှုလော့၊ သင်တို့သည် လက်နက်များကို ချ၍၊ အာဏာစက်ကို မှန်ကန်စွာပိုင်ဆိုင်ခဲ့သူတို့၏ အုပ်ချုပ်ခြင်းကိုခံရန် သင်တို့ကိုယ်ကို ဩဇာခံမည်ဆိုလျှင်၊ ထို့နောက်တွင်၊ ငါသည် ငါ၏လူတို့အား၊ သူတို့၏စစ်တိုက်ရာလက်နက်များကို ချစေမည်၊ စစ်တိုက်ခြင်း၌လည်း မရှိကြတော့လတ္တံ့။
၁၉ ရှုလော့၊ သင်သည် ငါနှင့် ငါ၏လူမျိုးတို့ကို ဆန့်ကျင်၍ များစွာသောခြိမ်းခြောက်ခြင်းတို့ကို ပြင်းစွာပြောလေပြီ။ သို့ရာတွင်၊ ရှုလော့၊ ငါတို့သည် သင်၏ခြိမ်းခြောက်ခြင်းတို့ကို ကြောက်ခြင်းမရှိ။
၂၀ သို့သော်လည်း၊ ငါ၏စစ်တိုက်သောသူတို့အတွက် ငါ၏စားစရာကို သိမ်းဆည်းထားနိုင်ခြင်းငှာ၊ သင်၏တောင်းဆိုချက်အတိုင်း စစ်အကျဉ်းသားများကို လဲလှယ်ရန် ငါဝမ်းပန်းတသာအခွင့်ပေးမည်။ ထို့အတူ၊ ငါတို့သည် နီဖိုင်းအမျိုးသားတို့ကို ငါတို့၏အခွင့်အာဏာဖြင့် လွှမ်းမိုးခြင်းသို့တိုင်အောင်၊ သို့မဟုတ်၊ သူတို့၏ထာဝရဆိတ်သုဉ်းခြင်းသို့တိုင်အောင်၊ ထာဝရဖြစ်မည့်စစ်ကို တိုက်ကြမည်။
၂၁ ငါတို့ငြင်းပယ်လေပြီဟု သင်တို့ဆိုသည့် ထိုဘုရားသခင်နှင့်စပ်လျဉ်း၍၊ ရှုလော့၊ ငါတို့သည် ထိုကဲ့သို့သောဘုရားကို သိခြင်းမရှိ။ သင်တို့လည်း မသိကြ။ သို့ရာတွင်၊ ထိုကဲ့သို့သောဘုရားရှိလျှင်၊ သင်တို့ကိုကဲ့သို့ ငါတို့ကို သူဖန်ဆင်းထားလေပြီဟု သိစရာရှိ၏။
၂၂ နတ်ဆိုးနှင့် ငရဲရှိမည်ဆိုလျှင်လည်း၊ ရှုလော့၊ သင်တို့သတ်လေသူ၊ ထိုကဲ့သို့သောအရပ်သို့ သွားလေကြောင်း သင်တို့အရိမ်အမြွက်ဆိုလေသူ၊ ငါ၏အစ်ကိုနှင့် အတူနေထိုင်စေခြင်းငှာ ထိုအရပ်သို့ သင့်ကို သူစေလွှတ်မည်မဟုတ်လော။ သို့ရာတွင်၊ ရှုလော့၊ ဤအရာတို့သည်ကား၊ အရေးမကြီး။
၂၃ ငါသည် အမ်မော်ရုန်၊ သင်တို့ဘိုးဘေးတို့အနိုင်အထက်ပြု၍ ယေရုရှလင်မြို့မှဝေးရာသို့ ခေါ်ဆောင်ခဲ့လေသူ ဇော်ရမ်၏အမျိုးအနွယ်တစ်ဦးဖြစ်၏။
၂၄ ယခုမူကား၊ ရှုလော့၊ ငါသည် ရဲရင့်သောလာမန်အမျိုးသားတစ်ဦးဖြစ်၏။ ရှုလော့၊ ဤစစ်တိုက်ခြင်းသည်ကား၊ သူတို့ခံစားရသော မတရားမှုများအတွက် လက်တုံ့ပြန်ရန်၊ သူတို့၏အာဏာစက်အခွင့်အရေးကို ထိန်းသိမ်းရန်နှင့် ရရှိရန်ပေတည်း။ ငါသည်လည်း မော်ရော်နိုင်းသို့ အမှာစာကို အဆုံးသတ်၏။