ဘုရားသခင်၏သန့်ရှင်းသောအသင်းအတိုင်းဖြစ်သည့် ယဇ်ပုရောဟိတ်မင်းအယ်လမာက ထိုပြည်တစ်လျှောက်ရှိလူတို့အား သူတို့၏မြို့များနှင့် ရွာများ၌ ဟောကြားခဲ့သော စကားများ။
အခန်းကြီး ၅ ဖြင့် စတင်၏။
အခန်းကြီး ၅
ကယ်တင်ခြင်းကို ရရှိရန် လူသားတို့သည် နောင်တရ၍၊ ပညတ်တော်များကို စောင့်ထိန်းရမည်၊ တစ်ဖန်မွေးခြင်းကိုခံလျက်၊ သူတို့၏အဝတ်တန်ဆာများကို ခရစ်တော်၏အသွေးတော်အားဖြင့် သန့်စင်စေလျက်၊ နှိမ့်ချ၍၊ သူတို့ကိုယ်သူတို့ မာနနှင့် ငြူစူသောစိတ်မှ ချွတ်ခွာလျက်၊ ဖြောင့်မတ်သောအမှုတို့ကို ပြုရမည်—ကောင်းသောသိုးထိန်းသည် မိမိလူတို့ကို ခေါ်၏—ဆိုးသောအမှုများကို ပြုသောသူတို့သည်ကား၊ နတ်ဆိုး၏သားသမီးများ ဖြစ်ကြ၏—အယ်လမာသည် မိမိဩဝါဒမှန်ကန်ခြင်းအကြောင်းကို သက်သေခံ၍ လူသားတို့ကို နောင်တရကြရန် မိန့်မှာ၏—ဖြောင့်မတ်သောသူတို့၏အမည်များကို အသက်စာစောင်၌ ရေးထားလိမ့်မည်။ ဘီစီ ၈၃ ခန့်။
၁ ယခုတွင်၊ အချိန်တန်လာသောအခါ၊ အယ်လမာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပထမတွင် ဇရဟင်မလပြည်၌လည်းကောင်း၊ ထိုမှတစ်ဆင့် ထိုပြည်တစ်လျှောက်လုံး၌လည်းကောင်း ဟောကြားစပြု၏။
၂ ဇရဟင်မလမြို့ ၌ တည်ထောင်လေသောအသင်းတော်ရှိလူတို့အား သူ၏ကိုယ်ပိုင်မှတ်တမ်းအတိုင်း ဟောပြောခဲ့သည့် ဤစကားများမူကား၊
၃ ငါ၏အဘအယ်လမာသည် ငါအယ်လမာကို ဘုရားသခင်၏အသင်းတော်၌ ယဇ်ပုရောဟိတ်မင်းအဖြစ်ခန့်ထားလေသည်မှာ၊ ဤအရာတို့ကို ပြုရန် တန်ခိုးနှင့် အခွင့်အာဏာကို ဘုရားသခင်ထံမှ ရရှိသောကြောင့်ဖြစ်၏။ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ နီဖိုင်းပြည်၏နယ်နိမိတ်၌ရှိသော ထိုပြည်၊ အထူးသဖြင့်၊ မော်မုန်ပြည်ဟုခေါ်သောထိုပြည်၌၊ သူသည် အသင်းတော်ကို တည်ထောင်စပြု၏။ ထိုမှတစ်ပါး၊ သူ၏ညီအစ်ကိုတို့ကို မော်မုန်ရေများ၌ ဗတ္တိဇံပေး၏။
၄ ရှုဦးလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သူတို့သည် ဘုရားသခင်၏ကရုဏာတော်နှင့် တန်ခိုးတော်အားဖြင့်၊ နောဧမင်းကြီး၏လူများလက်မှ ကယ်လွှတ်ခံရကြ၏။
၅ ရှုဦးလော့၊ ထို့နောက်တွင်၊ သူတို့သည် တောရိုင်းထဲ၌ လာမန်အမျိုးသားတို့၏လက်ဖြင့် ကျွန်ပြုခြင်းသို့ ဆောင်ယူခံရလေ၏။ ထိုမှတစ်ပါး၊ သင်တို့ကို ငါဆိုသည်ကား၊ သူတို့သည် ဖမ်းဆီးချုပ်နှောင်ခြင်း၌ ရှိ၍၊ ကိုယ်တော်ရှင်သည် သူ့နှုတ်ကပတ်တော်၏တန်ခိုးဖြင့်၊ သူတို့ကို ကျွန်ခံရာမှ တစ်ဖန်ကယ်လွှတ်တော်မူ၏။ ငါတို့သည်လည်း ဤပြည်ထဲသို့ဆောင်ခြင်းကို ခံရ၍၊ ဤပြည်တစ်လျှောက်၌လည်း ဘုရားသခင်၏အသင်းတော်ကို တည်ထောင်စပြုလေ၏။
၆ ယခုမူကား၊ ရှုလော့၊ သင်တို့ကိုငါဆိုသည်မှာ၊ ဤအသင်းတော်နှင့် ဆိုင်သူများ ဖြစ်သည့် ငါ၏ညီအစ်ကိုသင်တို့၊ သင်တို့ဘိုးဘေးတို့ဖမ်းဆီးချုပ်နှောင်ခံရခြင်းကို အောက်မေ့ခြင်းဖြင့် သင်တို့လုံလုံလောက်လောက်သတိရလေသလော။ ထိုမှတစ်ပါး၊ သူတို့ထံသို့ သူ၏ကရုဏာတော်နှင့် စိတ်ရှည်တော်မူခြင်းတို့ကို အောက်မေ့ခြင်းဖြင့် သင်တို့လုံလုံလောက်လောက်သတိရလေသလော။ တစ်ဖန်၊ သူတို့၏စိတ်ဝိညာဉ်များကို ငရဲမှ ကယ်လွှတ်တော်မူလေသည်ကို အောက်မေ့ခြင်းဖြင့် သင်တို့လုံလုံလောက်လောက် သတိရလေသလော။
၇ ရှုလော့၊ သူတို့၏စိတ်နှလုံးကို သူပြောင်းလဲတော်မူ၏။ ထိုမှတစ်ပါး၊ သူတို့ကို ကြီးသောအိပ်ခြင်းမှ နှိုးတော်မူ၍၊ ဘုရားသခင်ထံသို့ နိုးထခဲ့ကြ၏။ ရှုလော့၊ သူတို့သည် မှောင်မိုက်ထဲ၌ ရှိလေ၏။ သို့သော်လည်း၊ သူတို့စိတ်ဝိညာဉ်များသည် ထာဝရတည်မြဲသော နှုတ်ကပတ်တော်၏အလင်းအားဖြင့်၊ အလင်းသို့ရောက်၏။ ထိုမှတစ်ပါး၊ သူတို့သည် သေခြင်း၏ကြိုးများ၊ ငရဲ၏သံကြိုးများဖြင့် ရစ်ပတ်ထားခံရ၍ ထာဝရတည်မြဲသောပျက်စီးခြင်းက သူတို့ကို စောင့်နေ၏။
၈ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ သူတို့ ဖျက်ဆီးခံရလေသလောဟု သင်တို့ကို ငါမေး၏။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သူတို့ မခံရလေကြ။
၉ ထိုမှတစ်ဖန်၊ သေခြင်း၏ကြိုးများ ပြတ်လေသလော၊ ထို့အတူ၊ သူတို့ကို ရစ်ပတ်ထားသော ငရဲ၏သံကြိုးများ ပြုတ်လေသလောဟု ငါမေး၏။ ဟုတ်ပေ၏။ ထိုအရာများပြုတ်၍၊ သူတို့၏စိတ်ဝိညာဉ် တိုးပွား၏၊ သူတို့သည် ရွေးနှုတ်တော်မူသောချစ်ခြင်းကို သီဆိုကြ၏ဟု သင်တို့ကိုငါဆို၏။ သူတို့ကယ်တင်ခြင်းသို့ ရောက်သည်ကိုလည်း သင်တို့ကို ငါဆို၏။
၁၀ ယခုမူကား၊ အဘယ်သို့သောအခြေအနေတွင် ကယ်တင်ခြင်းသို့ သူတို့ရောက်ကြသနည်းဟု သင်တို့ကို ငါမေး၏။ ထိုမှတစ်ပါး၊ အဘယ်သို့သော အခြေခံအကြောင်းရင်းများ၌ ကယ်တင်ခြင်းကို သူတို့မျှော်လင့်ရန်ရှိကြသနည်း။ သေခြင်း၏ကြိုးများမှ၊ ထိုမှတစ်ပါး ငရဲ၏သံကြိုးများမှလည်း သူတို့လွတ်ခြင်း၏အကြောင်းရင်းကား အဘယ်နည်း။
၁၁ ရှုလော့၊ သင်တို့ကို ငါပြောနိုင်၏—အဘိနဒိ၏နှုတ်မှ ဟောကြားခဲ့သော စကားများကို ငါ၏အဘအယ်လမာ မယုံကြည်လေသလော။ သူသည် သန့်ရှင်းသောပရောဖက်တစ်ပါး မဟုတ်လေသလော။ သူသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မဟောသလော၊ ငါ၏အဘအယ်လမာကလည်း ထိုနှုတ်ကပတ်တော်တို့ကို မယုံကြည်လေသလော။
၁၂ ထို့အတူ၊ သူ၏ယုံကြည်ခြင်းအတိုင်း၊ သူ၏စိတ်နှလုံး၌ ပြုပြင်စီရင်ထားသည့် ကြီးစွာသောပြောင်းလဲခြင်းရှိ၏။ ရှုလော့၊ ဤအရာအလုံးစုံ အမှန်ဖြစ်ကြောင်း သင်တို့ကို ငါဆို၏။
၁၃ ရှုဦးလော့၊ သူသည် နှုတ်ကပတ်တော်ကို သင်တို့ဘိုးဘေးတို့အား ဟောပြော၍၊ သူတို့စိတ်နှလုံး၌ ကြီးစွာသောပြောင်းလဲခြင်းကိုလည်း ပြုပြင်စီရင်ထားသဖြင့်၊ သူတို့ကိုယ်သူတို့ နှိမ့်ချ၍၊ မှန်ကန်သည့် အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားကြ၏။ ရှုဦးလော့၊ သူတို့သည် အဆုံးတိုင်အောင် သစ္စာရှိကြ၏။ ထို့ကြောင့်၊ သူတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြ၏။
၁၄ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါမေး၏၊ အသင်းတော်မှ ငါ၏ညီအစ်ကိုတို့၊ သင်တို့ကို ဝိညာဉ်ပကတိ၌ ဘုရားသခင်ဖြစ်ဖွားစေတော်မူပြီးလေပြီလော။ သင်တို့မျက်နှာထား၌ သူ၏ပုံသဏ္ဌာန်ကို လက်ခံရရှိပြီးလေပြီလော။ ဤကြီးစွာသောပြောင်းလဲခြင်းကို သင်တို့စိတ်နှလုံး၌ တွေ့ကြုံပြီးလေပြီလော။
၁၅ သင်တို့ကို ဖန်ဆင်းတော်မူခဲ့သည့်သူ၏ ရွေးနှုတ်ခြင်းကို သင်တို့ယုံကြည်မှုပြုကြသလော။ သင်တို့သည် သေခြင်းရှိသောကိုယ်ခန္ဓာ၌ ပြုပြီးလေသောအကျင့်များအတိုင်း တရားစီရင်ခံရစေရန် ဘုရားသခင်ရှေ့၌ရပ်ခြင်းငှာ၊ ဤသေခြင်းရှိသော ကိုယ်ခန္ဓာသည် သေခြင်းမရှိရာ၌ ထမြောက်ခဲ့သည်ကိုလည်းကောင်း၊ ဤပုပ်ပျက်ခြင်းသည် မပုပ်ပျက်ခြင်း၌ ထမြောက်ခဲ့သည်ကိုလည်းကောင်း ယုံကြည်ခြင်းမျက်လုံးဖြင့်ကြည့်၍ မျှော်လင့်ကြသလော။
၁၆ ငါဆိုသည်ကား၊ ထိုကာလ၌ သင်တို့ကို၊ မိန့်တော်မူလေသည့် ကောင်းချီးမင်္ဂလာကို ခံရသောသင်တို့၊ ငါ့ထံသို့လာကြလော့။ အကြောင်းမူကား၊ ရှုလော့၊ သင်တို့၏အကျင့်များသည် မြေကြီးမျက်နှာပြင်ပေါ်၌ ဖြောင့်မတ်ခြင်းအကျင့်များ ဖြစ်လေ၏ဟူသော ကိုယ်တော်ရှင်၏အသံကို သင်တို့ကြားသည်ဟု သင်တို့ကိုယ်သင်တို့ ထင်မြင်နိုင်ကြသလော။
၁၇ သို့မဟုတ်၊ သင်တို့သည် ထိုကာလ၌ ကိုယ်တော်ရှင်ကို မုသားပြောနိုင်၍—ကိုယ်တော်ရှင်၊ အကျွန်ုပ်တို့၏အကျင့်များသည် မြေကြီးမျက်နှာပြင်ပေါ်၌ ဖြောင့်မတ်ပါပြီဟု ဆိုသဖြင့်—သင်တို့ကို သူကယ်တင်လိမ့်မည်ဟု သင်တို့ကိုယ်သင်တို့ ထင်မြင်ကြသလော။
၁၈ သို့မဟုတ်လျှင်၊ သင်တို့၏စိတ်ဝိညာဉ်၌ အပြစ်ရောက်ခြင်းနှင့် သံဝေဂတို့နှင့် ပြည့်၍ သင်တို့၏အပြစ်ရောက်ခြင်းခပ်သိမ်းကို အောက်မေ့ခြင်း၊ ထိုမှတစ်ပါး၊ သင်တို့၏ဆိုးညစ်ခြင်း ခပ်သိမ်းကို စုံလင်စွာအောက်မေ့ခြင်း၊ ထိုမှတစ်ပါး၊ ဘုရားသခင်၏ ပညတ်တော်များကို သင်တို့ဖီဆန်လေကြောင်း အောက်မေ့ခြင်းတို့ရှိလျက် ဘုရားသခင်၏တရားခုံရုံးရှေ့သို့ ပို့ဆောင်သည်ဟု သင်တို့ကိုယ်သင်တို့ ထင်မြင်နိုင်ကြသလော။
၁၉ သင်တို့ကို ငါဆိုသည်ကား၊ ထိုကာလ၌ သင်တို့သည် စင်ကြယ်သောစိတ်နှလုံး၊ သန့်ရှင်းသောလက်တို့ဖြင့်၊ ဘုရားသခင်ကို မော့၍ကြည့်နိုင်ကြသလော။ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့မျက်နှာထားပေါ်၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ရေးထွင်းထားခြင်းရှိလျက် မော့၍ကြည့်နိုင်ကြသလော။
၂၀ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် သင်တို့ကိုယ်ကို နတ်ဆိုး၏ဩဇာခံများဖြစ်လာစေရန် အရှုံးပေးစဉ်၌၊ ကယ်တင်ခံရခြင်းကို စဉ်းစားနိုင်ကြသလော။
၂၁ သင်တို့ကို ငါဆိုသည်ကား၊ ထိုကာလ၌ သင်တို့ကယ်တင်ခြင်းသို့မရောက်နိုင်သည်ကို သိကြလိမ့််မည်။ အကြောင်းမူကား၊ အဝတ်တန်ဆာများကို ဖြူစင်အောင်လျှော်ဖွပ်မထားလျှင်၊ ကယ်တင်ခြင်းသို့ အဘယ်သူမျှမရောက်နိုင်။ ထိုမှတစ်ပါး၊ ငါတို့ဘိုးဘေးတို့ ပြောထားလေသည့်သူ၊ မိမိလူမျိုးတို့ကို အပြစ်များမှ ရွေးနှုတ်ခြင်းငှာ ကြွလာတော်မူမည့်သူ၏ အသွေးအားဖြင့်၊ အဝတ်တန်ဆာများကို ခပ်သိမ်းသောအစွန်းအထင်းတို့မှ သန့်စင်စေသည့်တိုင်အောင် စင်ကြယ်စေရမည်။
၂၂ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ သင်တို့၏အဝတ်တန်ဆာများသည် အသွေးနှင့် အမျိုးမျိုးသောအညစ်အကြေးတို့ဖြင့် စွန်းထင်းလျက် ဘုရားသခင်၏ တရားစီရင်တော်မူရာတိုင်ရှေ့၌ ရပ်ရမည်ဆိုလျှင်၊ သင်တို့မှ တစ်စုံတစ်ယောက်သည် အဘယ်သို့ ခံစားရမည်နည်းဟု သင်တို့ကို ငါမေး၏။ ရှုလော့၊ ဤအမှုတို့က သင်တို့တစ်ဖက်၌ အဘယ်အရာကို သက်သေခံလိမ့်မည်နည်း။
၂၃ ရှုလော့၊ သင်တို့သည် လူ့အသက်ကို သတ်သောသူများဖြစ်ကြောင်း၊ ထိုမှတစ်ပါး၊ သင်တို့သည် အမျိုးမျိုးသော ဆိုးညစ်ခြင်းတို့ဖြင့် အပြစ်ရောက်ကြောင်းကို ထိုအမှုများက သက်သေခံလိမ့်မည် မဟုတ်လော။
၂၄ ရှုလော့၊ ငါ၏ညီအစ်ကိုတို့၊ ထို့ကဲ့သို့သောသူတစ်ဦးသည် ဘုရားသခင်၏နိုင်ငံတော်၌၊ အာဗြဟံနှင့်အတူ၊ ဣဇာက်နှင့်အတူ၊ ယာကုပ်နှင့်အတူ၊ ထို့အတူ၊ အဝတ်တန်ဆာများသန့်စင်ပြီး အစွန်းအထင်းကင်းသည့်၊ စင်ကြယ်ပြီးဖြူစင်သည့် သန့်ရှင်းသောပရောဖက်ခပ်သိမ်းတို့နှင့်လည်း အတူ ထိုင်စရာနေရာကို ရရှိနိုင်သည်ဟု သင်တို့ထင်မြင်ကြသလော။
၂၅ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သင်တို့သည် ငါတို့၏ဖန်ဆင်းရှင်ကို ရှေးဦးစွာကတည်းက မုသားပြောသူဖြစ်စေခြင်း သို့မဟုတ် သူ့ကို ရှေးဦးစွာကတည်းက မုသားပြောသူဖြစ်သည်ဟု ထင်မြင်စေခြင်းမရှိလျှင်၊ ထိုကဲ့သို့သောသူသည် ကောင်းကင်နိုင်ငံတော်၌ နေရာရနိုင်သည်ဟု မထင်မြင်နိုင်ကြ။ သို့ရာတွင်၊ သူတို့သည် နတ်ဆိုး၏နိုင်ငံမှ သားသမီးများဖြစ်သောကြောင့်၊ နှင်ထုတ်ခံရလိမ့်မည်။
၂၆ ယခုမူကား၊ ရှုလော့၊ ငါ၏ညီအစ်ကိုတို့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် စိတ်နှလုံးပြောင်းလဲခြင်းကို တွေ့ကြုံပြီးလေပြီဆိုလျှင်၊ ရွေးနှုတ်တော်မူသောချစ်ခြင်းသီချင်းကို သီဆိုရန်လည်း ခံစားမိလေပြီဆိုလျှင်၊ ယခုထိုသို့ ခံစားနိုင်ပြီလောဟု ငါမေးလို၏။
၂၇ သင်တို့သည် ဘုရားသခင်ရှေ့၌ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက် ကျင့်လေပြီလော။ ဤအချိန်၌ သေရန် ခေါ်တော်မူခြင်းခံရလျှင်၊ လုံလုံလောက်လောက်နှိမ့်ချလေပြီဟုလည်းကောင်း၊ မိမိလူမျိုးတို့ကို အပြစ်များမှ ရွေးနှုတ်ခြင်းငှာ ကြွလာတော်မူမည့် ခရစ်တော်၏အသွေးတော်အားဖြင့်၊ သင်တို့၏အဝတ်တန်ဆာများကို သန့်စင်ပြီး၊ ဖြူစင်စေပြီးလေပြီဟုလည်းကောင်း သင်တို့စိတ်ထဲ၌ ဆိုနိုင်ကြပြီလော။
၂၈ ရှုလော့၊ သင်တို့သည် မာနကို ချွတ်ခွာခဲ့ပြီလော။ မဟုတ်လေလျှင်၊ သင်တို့သည် ဘုရားသခင်ကိုတွေ့ရန် ပြင်ဆင်ပြီးသားမဟုတ်ဟု ငါဆို၏။ ရှုလော့၊ သင်တို့သည် လျင်မြန်စွာ ပြင်ဆင်ရမည်။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် မကြာမြင့်မီ တည်လုနီးပြီဖြစ်၍၊ ထိုကဲ့သို့သောသူသည် ထာဝရအသက်ကို ရရှိမည်မဟုတ်။
၂၉ ရှုလော့၊ ငါဆိုသည်ကား၊ ငြူစူသောစိတ်ကို မချွတ်ခွာသူတစ်ဦး သင်တို့၌ ရှိသလော။ သင်တို့ကို ငါဆိုသည်ကား၊ ထိုကဲ့သို့သောသူသည် ပြင်ဆင်မထားသောသူဖြစ်၏။ ထိုသူလျင်မြန်စွာ ပြင်ဆင်စေကြောင်း ငါအလိုရှိ၏။ အကြောင်းမူကား၊ အချိန်နာရီသည် ရောက်လုနီး၍၊ သူသည် ထိုကာလ ကျရောက်လာမည့်အချိန်ကို သိခြင်းမရှိ။ ထိုကဲ့သို့သောသူကို အပြစ်ကင်းလျက် မတွေ့ရ။
၃၀ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ မိမိညီအစ်ကိုကို ပြက်ရယ်ပြုသောသူ သို့မဟုတ်၊ သူ့အပေါ် ညှဉ်းဆဲခြင်းများစုပုံစေသူတစ်ဦး သင်တို့၌ ရှိသလော။
၃၁ ထိုကဲ့သို့သောသူသည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူသည် ပြင်ဆင်မထား၊ အချိန်လည်း နီးကပ်လာပြီဖြစ်၍၊ နောင်တရရမည်။ သို့မဟုတ်လျှင်၊ ကယ်တင်ခြင်းသို့ မရောက်နိုင်။
၃၂ ထိုမှတစ်ပါး၊ ဒုစရိုက်ကို ပြုသောသူခပ်သိမ်းတို့သည်ပင် အမင်္ဂလာရှိ၏။ နောင်တရကြလော့။ နောင်တရကြလော့။ အကြောင်းမူကား၊ ထိုအမှုကို ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေပြီ။
၃၃ ရှုလော့၊ သူသည် ခပ်သိမ်းသောလူသားတို့ထံသို့ ဖိတ်ခေါ်ခြင်းကို စေလွှတ်တော်မူ၏။ အကြောင်းမူကား၊ ကရုဏာတော်လက်ရုံးတို့သည် သူတို့ထံသို့ ဆန့်တန်းတော်မူလျက်ရှိ၏၊ နောင်တရကြလော့၊ ငါသည်လည်း သင်တို့ကို လက်ခံတော်မူမည်ဟုလည်း မိန့်တော်မူ၏။
၃၄ ထိုမှတစ်ပါး၊ သူမိန့်တော်မူသည်ကား၊ ငါ့ထံသို့လာ၍၊ အသက်ပင်၏အသီးကို သင်တို့သုံးဆောင်ကြလော့။ ထိုမှတစ်ပါး၊ အသက်မုန့်နှင့် ရေကို လွတ်လပ်စွာ စားကြ၊ သောက်ကြလော့။
၃၅ ထိုမှတစ်ပါး၊ ငါ့ထံသို့လာ၍ ဖြောင့်မတ်ခြင်းအကျင့်တို့ကို ဖြစ်ပေါ်စေကြလော့။ သင်တို့သည် ခုတ်လှဲ၍ မီးထဲသို့ပစ်ချ မခံရလတ္တံ့—
၃၆ အကြောင်းမူကား၊ ရှုလော့၊ ကောင်းသောအသီးကို သီးစေခြင်းမရှိသောသူမှန်သမျှ၊ သို့မဟုတ် ဖြောင့်မတ်ခြင်းအကျင့်ကို ပြုခြင်းမရှိသောသူမှန်သမျှ ငိုကြွေးတမ်းတ၍၊ ငိုကြွေးမြည်တမ်းရမည့် အချိန်သည် နီးကပ်လာပေပြီ။
၃၇ အို ဒုစရိုက်ကိုပြုသူသင်တို့၊ လောက၏အချည်းနှီးသောအရာတို့၌ မာနထောင်လွှားသူသင်တို့၊ ဖြောင့်မတ်ခြင်း၏လမ်းများကို သိရန်ဝန်ခံသော်လည်း၊ လမ်းလွဲကြလေသောသင်တို့၊ သိုးထိန်းမရှိသည့် သိုးများကဲ့သို့ပင်၊ သိုးထိန်းက သင်တို့ကိုလိုက်ခေါ်၍၊ လိုက်ခေါ်နေလျက်ရှိသေးသော်ငြားလည်း သင်တို့သည် သူ့အသံကို စေ့စေ့နားမထောင်လိုကြပါတကား။
၃၈ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ကောင်းသောသိုးထိန်းသည် သင်တို့ကို ခေါ်၏။ ထိုမှတစ်ပါး၊ ခရစ်တော်၏နာမတော်ဖြစ်သည့် သူကိုယ်တိုင်၏နာမတော်အားဖြင့် သင်တို့ကိုခေါ်၏။ သင်တို့သည် ထိုနာမအားဖြင့် သင့်တို့ကိုခေါ်သည့် ကောင်းသောသိုးထိန်း၏အသံကို စေ့စေ့နားမထောင်လျှင်၊ ရှုလော့၊ သင်တို့သည် ကောင်းသောသိုးထိန်း၏ သိုးများမဟုတ်ကြ။
၃၉ ယခုမူကား၊ သင်တို့သည် ကောင်းသောသိုးထိန်း၏ သိုးများမဟုတ်လျှင်၊ အဘယ်သိုးခြံမှ ဖြစ်ကြသနည်း။ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ နတ်ဆိုးသည် သင်တို့၏သိုးထိန်းဖြစ်၍ သင်တို့သည် သူ၏သိုးခြံမှ ဖြစ်ကြ၏။ ယခုမူကား၊ အဘယ်သူသည် ဤအရာကို ငြင်းဆိုနိုင်သနည်း။ ရှုလော့၊ ဤအရာကို ငြင်းဆိုသူမှန်သမျှသည် မုသားပြောသူနှင့် နတ်ဆိုး၏သားဖြစ်သည်ဟု သင်တို့ကို ငါဆို၏။
၄၀ အကြောင်းမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ကောင်းမြတ်သောအရာမှန်သမျှသည် ဘုရားသခင်ထံမှ လာပြီး၊ ဆိုးသောအရာမှန်သမျှသည် နတ်ဆိုးထံမှ လာ၏။
၄၁ ထို့ကြောင့်၊ လူသည် ကောင်းမြတ်သောအမှုများကို ပြုလျှင်၊ ကောင်းသောသိုးထိန်း၏အသံကို စေ့စေ့နားထောင်၍၊ နောက်သို့ လိုက်၏။ သို့ရာတွင်၊ ဆိုးသောအမှုများကို ပြုသူမှန်သမျှသည် နတ်ဆိုး၏သားဖြစ်၏။ အကြောင်းမူကား၊ ထိုသူသည် နတ်ဆိုး၏အသံကို စေ့စေ့နားထောင်၍ နောက်သို့ လိုက်၏။
၄၂ ဤအရာကို ပြုသူမှန်သမျှသည်လည်း သူ့ထံမှ မိမိအဖိုးအခကို ရရှိရမည်။ ထို့ကြောင့်၊ သူသည် ကောင်းမြတ်သောအမှုခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ အသေဖြစ်လျက်၊ သူ၏အဖိုးအခအဖြစ် ဖြောင့်မတ်ခြင်းနှင့်စပ်ဆိုင်သည့်အရာတို့၌ သေခြင်းကို ရရှိ၏။
၄၃ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ ငါ့စိတ်ဝိညာဉ်၏စွမ်းအားနှင့် ငါဟောပြောသောကြောင့်၊ ငါ့ကို သင်တို့ကြားနာစေရန် ငါအလိုရှိ၏။ အကြောင်းမူကား၊ ရှုလော့၊ သင်တို့မတိမ်းမှားနိုင်စေခြင်းငှာ၊ ငါသည် ရှင်းလင်းစွာပြော၍၊ သို့မဟုတ်၊ ဘုရားသခင်၏ပညတ်တော်များအတိုင်း ပြောလေပြီ။
၄၄ အကြောင်းမူကား၊ ခရစ်တော်ယေရှု၌ရှိသည့်၊ ဘုရားသခင်၏သန့်ရှင်းသောအသင်းအတိုင်း ဤကဲ့သို့အားဖြင့်ဟောပြောစေခြင်းငှာ၊ ငါ့ကို ဆင့်ခေါ်၏။ ထိုမှတစ်ပါး၊ ဖြစ်လာမည့်အရာများနှင့်စပ်လျဉ်း၍ ငါတို့ဘိုးဘေးတို့ပြောထားလေသောအရာများကို ဤလူတို့ထံ ရပ်၍၊ သက်သေခံရန် ငါ့ကို မိန့်မှာ၏။
၄၅ ဤအရာသည်ကား၊ အလုံးစုံမဟုတ်။ ဤအရာတို့ကို ငါကိုယ်တိုင် သိသည်ဟု သင်တို့ မထင်မြင်သလော။ ရှုလော့၊ ငါပြောလေသည့်အရာများ မှန်ကန်သည်ကို ငါသိကြောင်း သင်တို့ကို သက်သေခံ၏။ ထိုအရာတို့ဧကန်အမှန်ဖြစ်ခြင်းကို ငါသိကြောင်း အဘယ်သို့အားဖြင့် သင်တို့ထင်မြင်သနည်း။
၄၆ ရှုလော့၊ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ထိုအရာတို့ကို ငါ့အား ဖော်ပြထားတော်မူသည်ဟု သင်တို့ကို ငါဆို၏။ ရှုလော့၊ ငါသည် ဤအရာတို့ကို ကိုယ်အလိုအလျောက် သိနိုင်ရန် ရက်ပေါင်းများစွာ အစာရှောင်၍ဆုတောင်းခဲ့လေပြီ။ ယခုမူကား၊ ထိုအရာတို့မှန်ကန်ကြောင်း ကိုယ်အလိုအလျောက်သိ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်ဘုရားသခင်သည် သူ၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ထိုအရာတို့ကို ငါ့အား ထင်ရှားစွာပြထားတော်မူလေပြီ။ ဤအရာသည်ကား၊ ငါ့အထဲ၌ရှိသော ဗျာဒိတ်တော်ဝိညာဉ်လည်း ဖြစ်၏။
၄၇ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ငါတို့၏ဘိုးဘေးတို့ ပြောထားလေသောစကားများမှန်ကန်ကြောင်း၊ ဘုရားသခင့်ဝိညာဉ်တော်၏ ထင်ရှားစွာပြတော်မူခြင်းအားဖြင့်လည်း ငါ့အထဲ၌ရှိသော ပရောဖက်ပြုဟောသောဝိညာဉ်အတိုင်း၊ ထိုကဲ့သို့ပင်၊ ငါ့ကို ဖော်ပြတော်မူလေပြီ။
၄၈ သင်တို့ကို ငါဆိုသည်ကား၊ ဖြစ်လာမည့်အရာများနှင့်စပ်လျဉ်း၍၊ သင်တို့ကို ငါပြောမည့်အရာမှန်သမျှသည် မှန်ကန်ကြောင်း ကိုယ်အလိုအလျောက်သိ၏။ ထို့အတူ၊ သင်တို့ကို ငါဆိုသည်ကား၊ အထူးသဖြင့်၊ သားတော်၊ ခမည်းတော်၏တစ်ပါးတည်းသောသားတော်၊ ကျေးဇူးတော်၊ ကရုဏာတော်၊ သမ္မာတရားတို့နှင့် ပြည့်သည့် ယေရှုခရစ်တော် ကြွလာတော်မူလိမ့်မည်ကို ငါသိ၏။ ရှုဦးလော့၊ သူသည်ကား၊ လောကီသားတို့၏အပြစ်များ၊ အထူးသဖြင့်၊ သူ၏နာမတော်၌ မြဲမြံစွာယုံကြည်သောလူတိုင်း၏ အပြစ်များကို ယူဆောင်သွားသူလည်း ဖြစ်၏။
၄၉ ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ဤအရာသည်ကား၊ အမှန်စင်စစ်၊ ငါ၏ချစ်လှစွာသောညီအစ်ကိုများ၊ ထိုပြည်ထဲ၌ နေသူမှန်သမျှအား ဟောပြောခြင်းငှာလည်းကောင်း၊ ထိုမှတစ်ပါး၊ အသက်ကြီးသူနှင့်အသက်ငယ်သူနှစ်မျိုးစလုံး၊ ကျွန်နှင့်လူလွတ်နှစ်မျိုးစလုံးတို့အား ဟောပြောခြင်းငှာလည်းကောင်း၊ ထိုမှတစ်ပါး၊ လူကြီးနှင့် လူလတ်နှစ်မျိုးစလုံးနှင့် ကြီးပြင်းလာသောမျိုးဆက်တို့အား အမှန်စင်စစ်၊ သူတို့သည် နောင်တရ၍ တစ်ဖန်မွေးခြင်းကိုခံရမည့်အကြောင်း၊ ဟောပြောခြင်းငှာလည်းကောင်း ငါ့ကို ခေါ်သွင်းသော အသင်းပေတည်း။
၅၀ ထိုမှတစ်ပါး၊ ဝိညာဉ်တော်မိန့်တော်မူသည်ကား၊ နောင်တရကြလော့၊ ခပ်သိမ်းသော အသင်မြေကြီးစွန်းသားတို့။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် မကြာမြင့်မီတည်လုနီးပေပြီ။ ထိုမှတစ်ပါး၊ ဘုရားသခင်၏သားတော်သည် သူ၏ဘုန်းတော်ကို ဆောင်၍၊ သူ၏အစွမ်း၊ အာနုဘော်၊ တန်ခိုးတော်နှင့် အစိုးရတော်မူခြင်းတို့ကို ဆောင်၍ ကြွလာတော်မူ၏။ ထိုမှတစ်ပါး၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့ကိုငါဆိုသည်မှာ၊ ဝိညာဉ်တော်မိန့်တော်မူသည်ကား၊ ရှုလော့၊ မြေကြီးတစ်ခုလုံး၏ရှင်ဘုရင်၊ ထို့အတူ ကောင်းကင်ဘုံမှရှင်ဘုရင်၏ဘုန်းတော်သည် အလွန်မကြာမြင့်မီတွင်၊ ခပ်သိမ်းသော လူသားတို့၌ တောက်ပတော်မူလိမ့်မည်။
၅၁ ထို့အတူ၊ ဝိညာဉ်တော်ကလည်း ငါ့ကို မိန့်တော်မူ၍၊ အမှန်စင်စစ် ကြီးစွာသောအသံဖြင့် ဟစ်တော်မူ၍ ဆိုလေသည်ကား၊ ထွက်သွားပြီး၊ ဤလူတို့ကို ဆိုရမည်မှာ—နောင်တရကြလော့၊ အကြောင်းမူကား၊ သင်တို့သည် နောင်တမရလျှင်၊ ကောင်းကင်နိုင်ငံတော်ကို အလျှင်းအမွေမခံနိုင်။
၅၂ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်မှာ၊ ဝိညာဉ်တော်မိန့်တော်မူလေသည်ကား၊ ရှုလော့၊ ပုဆိန်ကို အပင်၏အမြစ်၌ ချထားပြီ။ ထို့ကြောင့်၊ ကောင်းသောအသီးကို မသီးသောအပင်မှန်သမျှသည် ခုတ်လှဲ၍ မီးထဲသို့၊ အမှန်စင်စစ်၊ သတ်၍မရနိုင်၊ မငြိမ်းနိုင်သောမီးထဲသို့ပင် ပစ်ချခံရလိမ့်မည်။ ကြည့်ရှု၍ သတိရလော့၊ သန့်ရှင်းတော်မူသောဘုရားက ထိုအရာကို ဟောကြားတော်မူလေ၏။
၅၃ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် ဤဟောပြောခြင်းများကို ငြင်းဆိုနိုင်သလော။ ထိုမှတစ်ပါး၊ သင်တို့သည် ဤအရာတို့ကို ပယ်ရှား၍၊ သန့်ရှင်းတော်မူသောဘုရားကို သင်တို့၏ခြေဖြင့် နင်းနိုင်ကြသလော။ ထိုမှတစ်ပါး၊ သင်တို့သည် သင်တို့၏မာနစိတ်နှလုံးဖြင့် မာနထောင်လွှားနိုင်ကြသလော။ ထိုမှတစ်ပါး၊ သင်တို့သည် အဖိုးထိုက်သောအဝတ်များကိုဝတ်ခြင်းနှင့် သင်တို့စိတ်နှလုံးကို လောက၏အချည်းနှီးသောအရာများဖြစ်သည့် သင်တို့၏စည်းစိမ်ဥစ္စာများအပေါ်မှာထားခြင်း၌ ဆက်၍ပြုမြဲပြုလျက်ရှိကြဦးမည်လော။
၅၄ ထိုမှတစ်ပါး၊ သင်တို့သည် တခြားတစ်ဦးထက် သာ၍ကောင်းမြတ်သည်ဟု ထင်မြင်ခြင်း၌ ဆက်၍ပြုမြဲပြုကြမည်လော။ ထိုမှတစ်ပါး၊ သူတို့ကိုယ်သူတို့နှိမ့်ချ၍ ဘုရားသခင်၏သန့်ရှင်းသောအသင်းနောက်သို့လိုက်၍၊ ထိုနည်းအားဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်ကြောင့် သန့်ရှင်း စင်ကြယ်စေခြင်း ရှိ၍၊ ဤအသင်းတော်ထဲသို့ ရောက်ခဲ့ပြီး၊ နောင်တရခြင်းနှင့်ထိုက်တန်သည့် အကျင့်များ ပြုလျက်ရှိသော သင်၏ညီအစ်ကိုတို့ကို ညှဉ်းဆဲခြင်း၌ သင်တို့ဆက်၍ပြုမြဲပြုကြမည်လော—
၅၅ ထိုမှတစ်ပါး၊ သင်တို့သည် ဆင်းရဲသားများနှင့် ချို့တဲ့သောသူတို့အား ကျောခိုင်းခြင်းနှင့်၊ သင်တို့၏ဥစ္စာကို ထိုသူတို့အား မပေးဘဲဆိုင်းငံ့ထားခြင်းတို့၌ ဆက်၍ပြုမြဲပြုကြမည်လော။
၅၆ နောက်ဆုံးအနေဖြင့်၊ သင်တို့၏ဆိုးညစ်ခြင်း၌ ဆက်၍ပြုမြဲပြုကြမည့် ခပ်သိမ်းသောသင်တို့၊ သင်တို့ကို ငါဆိုသည်မှာ၊ ဤသူတို့သည်ကား၊ အလျင်အမြန်နောင်တမရလျှင်၊ ခုတ်လှဲ၍ မီးထဲသို့ ပစ်ချခံရမည့်သူများဖြစ်၏။
၅၇ ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ကောင်းသောသိုးထိန်း၏အသံနောက်သို့ လိုက်လိုသူ ခပ်သိမ်းသောသင်တို့၊ သင်တို့သည် ဆိုးညစ်သူများထဲမှထွက်၍ အသီးအခြားနေလျက်၊ သူတို့၏ မစင်ကြယ်သောအရာတို့ကို မထိကြနှင့်။ ရှုဦးလော့၊ အမည်များ ပယ်ဖျောက်ခြင်းခံရ၍၊ ဆိုးညစ်သောသူတို့၏အမည်များသည် ဖြောင့်မတ်သောသူတို့၌ ရေတွက်မခံရသည်မှာ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပြီးပြည့်စုံနိုင်စေကြောင်းဖြစ်၍၊ မိန့်တော်မူလေသည်ကား၊ ဆိုးညစ်သောသူတို့၏အမည်များသည် ငါ့လူမျိုးတို့၏အမည်များနှင့် မရောနှောရလတ္တံ့။
၅၈ အကြောင်းမူကား၊ ဖြောင့်မတ်သောသူတို့၏အမည်များကို အသက်စာစောင်၌ ရေးထားမည်ဖြစ်၍၊ ထိုသူတို့အား ငါ၏လက်ယာဘက်၌ အမွေခံရာကို ပေးတော်မူမည်ဟု ဖြစ်လေသတည်း။ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ သင်တို့သည် ဤအရာနှင့်ဆန့်ကျင်၍ အဘယ်ပြောစရာရှိသနည်း။ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် ထိုအရာနှင့်ဆန့်ကျင်၍ ပြောလျှင်၊ ထိုပြောခြင်းကား၊ အရေးမကြီး။ အကြောင်းမူကား၊ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ပြီးပြည့်စုံရပေမည်။
၅၉ အကြောင်းမူကား၊ တောခွေးတို့ဝင်လာပြီး မိမိသိုးစုတို့ကို ကိုက်စားခြင်းမရှိစေခြင်းငှာ များစွာသောသိုးများရှိသော်လည်း မကြည့်ရှုမစောင့်ရှောက်သည့် အဘယ်သို့သောသိုးထိန်း သင်တို့၌ ရှိသနည်း။ ရှုဦးလော့၊ သူ၏သိုးစုသို့ တောခွေး ဝင်လာလျှင်၊ သူမောင်းမထုတ်သလော။ မှန်ပေ၏။ နောက်ဆုံး၌၊ သူသည် တတ်နိုင်လျှင်၊ ထိုတောခွေးကို ဖျက်ဆီးလိမ့်မည်။
၆၀ ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ကောင်းသောသိုးထိန်းသည် သင်တို့ကို လိုက်၍ခေါ်၏။ သင်တို့သည်လည်း သူ၏အသံကို စေ့စေ့နားထောင်လျှင်၊ သူသည် သင်တို့ကို သူ၏သိုးခြံထဲသို့ သွင်း၍ သင်တို့သည် သူ၏သိုးများ ဖြစ်ကြ၏။ ထို့အတူ၊ သင်တို့ဖျက်ဆီးမခံရနိုင်စေခြင်းငှာ၊ အလွန်ဆာလောင်မွတ်သိပ်သော တောခွေးများကို သင်တို့၌ဝင်ရန် အခွင့်မပေးရမည့်အကြောင်း သင်တို့ကို သူမိန့်မှာ၏။
၆၁ ယခုမူကား၊ ငါပြောထားလေသည့်စကားများကို သင်တို့လုပ်ဆောင်ရန်၊ အားထုတ်ရမည့်အကြောင်း၊ ငါ့ကို မိန့်မှာတော်မူခဲ့သူ၏ဘာသာစကားအတိုင်း ငါအယ်လမာမိန့်မှာ၏။
၆၂ အသင်းတော်နှင့် ဆိုင်သောသူ သင်တို့ကို ငါသည် မိန့်မှာခြင်းအားဖြင့် ဟောပြောလျက်၊ အသင်းတော်နှင့် မဆိုင်သောသူတို့အား သင်တို့သည်လည်း အသက်ပင်၏အသီးကို သုံးဆောင်သောသူများဖြစ်စေခြင်းငှာ၊ လာလော့၊ နောင်တရခြင်းအလို့ငှာ၊ ဗတ္တိဇံခံကြလော့ဟု ဆို၍ ဖိတ်ခေါ်ခြင်းအားဖြင့်၊ ငါဟောပြော၏။