အယ်လမာမှ သူ၏သား ဟေလမန်သို့ မိန့်မှာချက်များ
အခန်းကြီး ၃၆ နှင့် ၃၇ ဖွဲ့စည်းပါဝင်၏။
အခန်းကြီး ၃၆
အယ်လမာသည် ကောင်းကင်တမန်တစ်ပါးကို မြင်ပြီးနောက်၌ဖြစ်သည့် မိမိပြောင်းလဲခြင်းကို ဟေလမန်အား သက်သေခံ၏—သူသည် အပြစ်စီရင်ခံရသော စိတ်ဝိညာဉ်၏ နာကျင်မှုများကို ခံစားရ၏။ သူသည် ယေရှု၏ နာမတော်ကို ပဌနာပြုပြီးနောက်၊ ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူ ဖြစ်လေ၏—သာယာသောဝမ်းမြောက်ခြင်းက သူ၏စိတ်ဝိညာဉ်ကို ပြည့်စေ၏—သူသည် ဘုရားသခင်ကို ချီးမွမ်းလျက်ရှိသည့် ကောင်းကင်တမန်အစုအဝေးကို မြင်၏—များစွာသောပြောင်းလဲသူတို့သည် သူတွေ့ကြုံရ၊ မြင်ရသကဲ့သို့ တွေ့ကြုံရ၊ မြင်ရလေ၏။ ဘီစီ ၇၄ ခန့်။
၁ ငါ့သား၊ ငါ၏စကားများကို နားညောင်းလော့။ အကြောင်းမူကား၊ သင်သည် ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းသမျှ ထိုပြည်၌အောင်မြင်လိမ့်မည်ဖြစ်ကြောင်း သင့်အား ငါကျိန်ဆို၏။
၂ ငါတို့၏ဘိုးဘေးတို့ဖမ်းဆီးချုပ်နှောင်ခံရခြင်းအား သတိရခြင်းကို ငါပြုလေသကဲ့သို့ သင်ပြုစေရန် ငါအလိုရှိ၏။ အကြောင်းမူကား၊ သူတို့သည် ကျွန်ခံရာ၌ရှိ၍၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ဘုရားသခင်မှတစ်ပါး၊ အဘယ်သူကမျှ သူတို့ကို မကယ်လွှတ်နိုင်ခဲ့။ သူတို့ဆင်းရဲဒုက္ခရောက်စဉ်၌ ဧကန်အမှန် ကယ်လွှတ်တော်မူခဲ့၏။
၃ ယခုမူကား၊ အို ငါ့သား ဟေလမန်၊ ရှုလော့၊ သင်သည် ငယ်ရွယ်နုပျို၏။ ထို့ကြောင့်၊ ငါ၏စကားများကို ကြားနာ၍ ငါ့ထံမှ သင်ယူမည့်အကြောင်း သင့်ကို ငါတိုးလျှိုးတောင်းပန်၏။ အကြောင်းမူကား၊ ဘုရားသခင်ကို ကိုးစားသောသူမှန်သမျှ သူတို့၏စုံစမ်းခံရခြင်းများ၊ သူတို့၏ဒုက္ခများ၊ သူတို့၏ဆင်းရဲဒုက္ခများကျရောက်ချိန်၌ ထောက်မတော်မူခြင်းခံရ၍၊ နောက်ဆုံးသောနေ့ ၌ ချီးမြှောက်တော်မူခြင်း ခံရလိမ့်မည်ဖြစ်ကြောင်း ငါအမှန်သိ၏။
၄ သင်သည် ကိုယ်အလိုအလျောက် သိသည်ဟု ထင်မှတ်စေရန် ငါအလိုမရှိ—ဇာတိပကတိအားဖြင့်မဟုတ် ဝိညာဉ်ပကတိအားဖြင့်သာသိ၏။ လောကီစိတ်အားဖြင့်မဟုတ်၊ ဘုရားသခင်အားဖြင့်သာ သိ၏။
၅ ယခုတွင်၊ ရှုလော့၊ ငါဆိုသည်ကား၊ ငါ့ကို ဘုရားသခင်ဖြစ်ဖွားစေတော်မူခြင်း မရှိလေလျှင်၊ ဤအရာတို့ကို သိရမည်မဟုတ်။ သို့ရာတွင်၊ ဘုရားသခင်သိတော်မူလေပြီ။ ငါကိုယ်တိုင်၏ထိုက်တန်ခြင်း တစ်စုံတစ်ခုကြောင့်မဟုတ်၊ သူ၏သန့်ရှင်းသော ကောင်းကင်တမန်တို့၏နှုတ်အားဖြင့်၊ ဤအရာတို့ကို ငါ့အား ဖော်ပြတော်မူခဲ့လေပြီ။
၆ အကြောင်းမူကား၊ ငါသည် ဘုရားသခင်၏အသင်းတော်ကို ဖျက်ဆီးခြင်းငှာ၊ မောဇိယ၏သားများနှင့် သွားခဲ့၏။ သို့ရာတွင်၊ ရှုလော့၊ ဘုရားသခင်သည် ငါတို့ကို ရပ်တန့်စေရန်၊ သူ၏သန့်ရှင်းသောကောင်းကင်တမန်ကို လမ်းတစ်လျှောက်၌ စေလွှတ်တော်မူခဲ့၏။
၇ ရှုဦးလော့၊ သူသည် ငါတို့ကို မိုးချုန်းသံကဲ့သို့၊ မြွက်ဆိုလေသဖြင့်၊ ငါတို့ခြေအောက်ရှိ မြေကြီးတစ်ခုလုံးတုန်၏။ ငါတို့အားလုံးသည်လည်း မြေကြီးသို့ လဲကျခဲ့ကြ၏၊ အကြောင်းမူကား ကိုယ်တော်ရှင်ကို ကြောက်ရွံ့ခြင်းသည် ငါတို့အပေါ် ကျရောက်လာခဲ့၏။
၈ သို့ရာတွင်၊ ရှုလော့၊ အသံက ငါ့ကို ထလော့ဟု မြွက်ဆို၏။ ငါသည်လည်း ထ၍ရပ်လျှင်၊ ကောင်းကင်တမန်ကို မြင်၏။
၉ သူကလည်း ငါ့ကို မြွက်ဆိုသည်ကား၊ သင်သည် ကိုယ်တိုင် ဖျက်ဆီးခြင်း ခံလိုသော်လည်း၊ ဘုရားသခင်၏အသင်းတော်ကို ဖျက်ဆီးရန် မကြိုးစားတော့နှင့်။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် မြေကြီးသို့ လဲကျခဲ့၏။ သုံးရက်နှင့် သုံးညကြာအောင်ပင်၊ ငါ၏နှုတ်ကို မဖွင့်နိုင်ခဲ့၊ ငါ၏ခြေလက်တို့ကိုလည်း အသုံးမပြုနိုင်ခဲ့။
၁၁ ကောင်းကင်တမန်က ငါ့အား ထပ်၍ပြောသည့်အရာတို့ကိုလည်း ငါ၏ညီအစ်ကိုတို့ကြား၏။ သို့ရာတွင်၊ ထိုအရာတို့ကို ငါမကြား။ အကြောင်းမူကား—သင်သည် ကိုယ်တိုင် ဖျက်ဆီးခြင်းကိုခံလိုသော်လည်း၊ ဘုရားသခင်၏အသင်းတော်ကို ဖျက်ဆီးရန် မကြိုးစားတော့နှင့်—ဟူသော စကားကို ငါကြားရသောအခါ၊ ငါသည် ဖျက်ဆီးခံရကောင်းခံရနိုင်သည်ဟု စိုးရိမ်၍၊ ထိုမျှလောက်ကြီးစွာသော ကြောက်ရွံ့ခြင်းနှင့် အံ့အားသင့်ခြင်းတို့ဖြင့် စိတ်ထိခိုက်၍၊ မြေကြီးသို့ လဲကျသဖြင့်၊ မကြားရတော့။
၁၂ သို့ရာတွင်၊ ငါသည် ထာဝရစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းဖြင့် နှိပ်စက်ခံရ၏။ အကြောင်းမူကား၊ ငါ၏စိတ်ဝိညာဉ်သည် ငါ၏ခပ်သိမ်းသောအပြစ်တို့အားဖြင့် အကြီးမားဆုံးသော ပမာဏအထိ ညှဉ်းပန်းခံရ၏။
၁၃ ထိုမှတစ်ပါး၊ ငါ၏ခပ်သိမ်းသောအပြစ်များနှင့် ဒုစရိုက်များကို ငါအောက်မေ့၏။ ထိုအမှုကြောင့်၊ ငရဲ၏နာကျင်မှုများဖြင့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ရ၏။ ထိုမှတစ်ပါး၊ ငါသည် ငါ၏ဘုရားသခင်ကို ဆန့်ကျင်၍ ပုန်ကန်ကြောင်းနှင့် သူ၏သန့်ရှင်းသော ပညတ်တော်များကို မစောင့်ထိန်းကြောင်းကိုလည်း သိ၏။
၁၄ ထိုမှတစ်ပါး၊ ငါသည် သူ၏သားသမီးများစွာတို့ကို သတ်ခဲ့၊ သို့မဟုတ်၊ သူတို့ကို ပျက်စီးခြင်းသို့တိုင်အောင် လှည့်ဖြားခေါ်ဆောင်သွားခဲ့၏။ ထိုမှတစ်ပါး၊ အချုပ်အားဖြင့်၊ ငါ၏ဒုစရိုက်တို့သည်ကား၊ အလွန်ကြီးမားလေပြီဖြစ်၍ ဘုရားသခင်၏မျက်မှောက်သို့ ဝင်ရောက်ခြင်းဟူသည့် ငါ၏အဆုံးစွန်သော အတွေးက ငါ၏စိတ်ဝိညာဉ်ကို ပြောမပြတတ်အောင်ဖြစ်သော ထိတ်လန့်ခြင်းဖြင့် နှိပ်စက်၏။
၁၅ အို ငါသည် ငါ၏အကျင့်များအတိုင်း တရားစီရင်ခံရစေရန် ဘုရားသခင်၏မျက်မှောက်၌ ရပ်ရန် ပို့ဆောင် မခံရနိုင်စေကြောင်း၊ နှင်ထုတ်ခံရပြီးလျှင်၊ စိတ်ဝိညာဉ်နှင့် ကိုယ်ခန္ဓာ နှစ်ခုစလုံးဆိတ်သုဉ်းပါစေဟု တွေးမိပြီ။
၁၆ ယခုမူကား၊ ငါသည် အပြစ်စီရင်ခံရသော စိတ်ဝိညာဉ်၏နာကျင်မှုများနှင့်ကဲ့သို့ပင် သုံးရက်နှင့် သုံးညကြာအောင် နှိပ်စက်ခံရ၏။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၏အပြစ်များစွာတို့ကို အမှတ်ရှိခြင်းအားဖြင့် ငါညှဉ်းပန်းခံရသောအချိန်၌ ထိုကဲ့သို့သော စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းဖြင့် နှိပ်စက်ခံရစဉ်တွင် ရှုလော့၊ လောကီသားတို့၏အပြစ်များအတွက် အပြစ်ဖြေခြင်းငှာ၊ ဘုရားသခင်၏သားတော် ယေရှုခရစ်တော်၏ ကြွလာတော်မူခြင်းအကြောင်းနှင့်စပ်လျဉ်း၍၊ လူတို့အား၊ ငါ့အဘ၏ပရောဖက်ပြု၍ဟောခြင်းကို ကြားရသည်ကိုလည်း အောက်မေ့၏။
၁၈ ယခုတွင်၊ ငါ၏စိတ်က ဤအတွေးအပေါ် အာရုံစိုက်မိသောအခါ၊ ငါ၏စိတ်နှလုံး၌ တောင်းလျှောက်သည်ကား၊ အို ဘုရားသခင်၏ သားတော်ယေရှု၊ ခါးစွာသော သည်းခြေ၌ရှိ၍၊ သေခြင်း၏ ထာဝရတည်မြဲသောသံကြိုးများဖြင့် ရစ်ပတ်ထားခံရသည့် အကျွန်ုပ်ကို ကရုဏာထားတော်မူပါ။
၁၉ ယခုမူကား၊ ရှုလော့၊ ငါသည် ဤသို့တွေးမိပြီးနောက်၊ ငါ၏နာကျင်မှုများကို မအောက်မေ့နိုင်တော့။ ထိုမှတစ်ပါး၊ ငါ့အပြစ်များကို အမှတ်ရှိခြင်းဖြင့် ညှဉ်းပန်းခံရခြင်း မရှိတော့။
၂၀ အို ဝမ်းမြောက်ပေစွတကား၊ ငါမြင်ရသည့်အလင်းသည် အံ့ဩဖွယ်ကောင်းပေစွတကား၊ ထိုမှတစ်ပါး၊ ငါ၏စိတ်ဝိညာဉ်သည် ငါ၏နာကျင်မှုနှင့် လွန်စွာပြည့်သကဲ့သို့ပင် ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံပေစွတကား။
၂၁ ထိုမှတစ်ပါး၊ သင့်ကို ငါဆိုသည်ကား၊ ငါ့သား၊ ငါ၏နာကျင်မှုများကဲ့သို့ အလွန်ထူးကဲ၍၊ အလွန်ခါးလေသောအရာ တစ်စုံတစ်ခုမျှ မရှိနိုင်။ ထိုမှတစ်ပါး၊ သင့်ကို ငါတစ်ဖန်ဆိုသည်ကား၊ ငါ့သား၊ အခြား တစ်ဖက်တွင်၊ ငါ၏ဝမ်းမြောက်ခြင်းကဲ့သို့ အလွန်ထူးကဲ၍၊ သာယာသောအရာ တစ်စုံတစ်ခုမျှမရှိနိုင်။
၂၂ ထိုမှတစ်ပါး၊ ငါတို့အဘလေဟိမြင်သကဲ့သို့ပင်၊ ဘုရားသခင်သည် သူ၏ပလ္လင်တော်ပေါ်၌ ထိုင်တော်မူလျက်၊ မရေမတွက်နိုင်သော ကောင်းကင်တမန်အစုအဝေးတို့က သူတို့၏ဘုရားသခင်အား ဝန်းရံ၍ ချီမွမ်း၊ ထောမနာသီချင်းဆိုလျက်ရှိသည်ကို ငါမြင်ရသည်ဟု ထင်မိ၏။ ထိုမှတစ်ပါး၊ ငါ၏စိတ်ဝိညာဉ်ကလည်း ထိုနေရာ၌ နေလို၏။
၂၃ သို့ရာတွင်၊ ရှုလော့၊ ငါ၏ခြေလက်တို့သည် တစ်ဖန်အင်အားရရှိ၍၊ ငါသည် ခြေပေါ်မှာရပ်၍ ငါ့ကို ဘုရားသခင်ဖြစ်ဖွားစေတော်မူလေကြောင်း လူတို့အား ထင်ရှားစွာ ပြ၏။
၂၄ ထိုမှတစ်ပါး၊ ယင်းအချိန်မှစ၍ ယခုအထိတိုင်အောင်ပင်၊ ငါသည် မရပ်မနားဘဲအလုပ်လုပ်လေသည်ကား၊ လူတို့ကို နောင်တရခြင်းသို့ ဆောင်ယူနိုင်စေကြောင်း၊ ငါတွေ့ကြုံခဲ့သည့် အလွန်ဝမ်းမြောက်ခြင်းကို ကြုံစေရန် သူတို့ကိုဆောင်ယူနိုင်စေကြောင်း၊ သူတို့ကိုလည်း ဘုရားသခင်ဖြစ်ဖွားစေတော်မူ၍ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်နိုင်ကြစေကြောင်းတို့ပေတည်း။
၂၅ ထိုမှတစ်ပါး၊ ယခုမူကား၊ ရှုလော့၊ အို ငါ့သား၊ ကိုယ်တော်ရှင်သည် ငါ့အား ငါ့လုပ်အား၏ အသီးအပွင့်၌ အလွန်ကြီးစွာသောဝမ်းမြောက်ခြင်းကို ပေးတော်မူ၏။
၂၆ အကြောင်းမူကား၊ ငါ့ကို သူပေးတော်မူခဲ့သော နှုတ်ကပတ်တော်ကြောင့်၊ ရှုလော့၊ များစွာသောသူတို့ကို ဘုရားသခင်ဖြစ်ဖွားစေတော်မူလေပြီ။ ထို့အတူ၊ ငါတွေ့ကြုံလေသည့်အတိုင်း တွေ့ကြုံ၍၊ ငါမြင်လေသည့်အတိုင်း ကိုယ်တိုင်မြင်ရကြလေပြီ။ ထို့ကြောင့်၊ သူတို့သည် ငါပြောလေသည့် ဤအရာများအကြောင်းကို ငါသိသည့်အတိုင်း သိကြ၏။ ငါ့၌ ရှိသည့် အသိပညာသည်လည်း ဘုရားသခင်ထံမှ ဖြစ်လေသတည်း။
၂၇ ငါသည် စုံစမ်းခံရခြင်းများနှင့် ဒုက္ခအမျိုးမျိုးရှိစဉ်၌၊ ထိုမှတစ်ပါး၊ အမျိုးမျိုးသောဆင်းရဲဒုက္ခများရောက်စဉ်၌ ထောက်မတော်မူခြင်းကို ရလေပြီ။ ထိုမှတစ်ပါး၊ ဘုရားသခင်သည် ငါ့ကို ထောင်ထဲမှလည်းကောင်း၊ အချည်အနှောင်များမှလည်းကောင်း၊ သေခြင်းမှလည်းကောင်း ကယ်လွှတ်တော်မူလေ၏။ အကြောင်းမူကား၊ ငါသည် သူ့ကို ကိုးစားသဖြင့်၊ ငါ့ကို ယခုတိုင်အောင် ကယ်လွှတ်တော်မူလိမ့်မည်။
၂၈ ထို့အတူ၊ ငါ့ကို သူနှင့်အတူ ဘုန်းတော်၌ နေထိုင်စေခြင်းငှာ၊ နောက်ဆုံးသောနေ့၌ ချီးမြှောက်တော်မူလိမ့်မည်။ ထိုမှတစ်ပါး၊ ငါသည်လည်း သူ့ကို ကာလအစဉ်အဆက် ချီးမွမ်းမည်။ အကြောင်းမူကား၊ သူသည် ငါတို့ဘိုးဘေးတို့ကို အဲဂုတ္တုပြည်မှ ဆောင်တော်မူ၍၊ အဲဂုတ္တုလူတို့ကို ဧဒုံပင်လယ်ထဲ၌ နှစ်မြှုပ်ခဲ့၏။ ငါတို့ဘိုးဘေးတို့ကို သူ၏တန်ခိုးတော်အားဖြင့် ကတိတော်မြေထဲသို့လည်း ပို့ဆောင်တော်မူခဲ့၏။ ထိုမှတစ်ပါး၊ သူတို့ကို ကျွန်ခံရာနှင့် ဖမ်းဆီးချုပ်နှောင်ခြင်းတို့မှ အချိန်နှင့်အမျှ ကယ်လွှတ်တော်မူခဲ့၏။
၂၉ ထိုမှတစ်ပါး၊ သူသည် ငါတို့ဘိုးဘေးတို့ကို ယေရုရှလင်နယ်မြေမှလည်း ဆောင်တော်မူခဲ့၏။ သူတို့ကို ကျွန်ခံရာနှင့် ဖမ်းဆီးချုပ်နှောင်ခြင်းတို့မှလည်း သူ၏ထာဝရတည်မြဲသော တန်ခိုးတော်အားဖြင့် မျက်မှောက်ကာလအထိပင်၊ အချိန်နှင့်အမျှ ကယ်လွှတ်တော်မူခဲ့၏။ ငါသည်လည်း သူတို့ဖမ်းဆီးချုပ်နှောင်ခံရခြင်းကို အောက်မေ့ခြင်းဖြင့် အစဉ်သတိရလေပြီ။ ထိုမှတစ်ပါး၊ သင်သည် သူတို့ဖမ်းဆီးချုပ်နှောင်ခံရခြင်းကို ငါကဲ့သို့ပင် အောက်မေ့ခြင်းဖြင့် သတိရသင့်ပေ၏။
၃၀ သို့ရာတွင်၊ ရှုလော့၊ ငါ့သား၊ ဤအရာသည်ကား၊ အလုံးစုံမဟုတ်။ အကြောင်းမူကား၊ သင်သည် ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းသမျှ ထိုပြည်၌ အောင်မြင်လိမ့်မည်ဖြစ်ကြောင်းကို ငါသိသကဲ့သို့ သိသင့်၏။ သင်သည် ဘုရားသခင်၏ပညတ်တော်များကို မစောင့်ထိန်းသမျှ သူ၏မျက်မှောက်မှ ပယ်ရှင်းခံရလိမ့်မည်ဖြစ်ကြောင်းကိုလည်း သိသင့်၏။ ယခုတွင်၊ ဤအမှုသည်ကား၊ သူ၏နှုတ်ကပတ်တော်အတိုင်း ဖြစ်လေသတည်း။