အခန်းကြီး ၆၂
မော်ရော်နိုင်းသည် ဂိဒေါင်ပြည်ရှိ ပါဟောရန်ကို ကူညီခြင်းငှာ၊ ချီတက်၏—သူတို့တိုင်းပြည်ကို ကာကွယ်ရန်ငြင်းဆိုသည့် ဘုရင့်လူများသည် အသေသတ်ခံရ၏—ပါဟောရန်နှင့်မော်ရော်နိုင်းသည် နီဖိုင်းဟပြည်ကို ပြန်လည်သိမ်းယူကြ၏—များစွာသောလာမန်အမျိုးသားတို့သည် အမ္မုန်လူမျိုးတို့နှင့် ပူးပေါင်းကြ၏—တေအန်ကမ်သည် အမ်မော်ရုန်ကိုကွပ်မျက်၍၊ ပြန်ပြီးကွပ်မျက်ခံရ၏—လာမန်အမျိုးသားတို့သည် ထိုပြည်မှ နှင်ထုတ် ခံရ၏၊ ငြိမ်းချမ်းခြင်းကို တည်ဆောက်၏—ဟေလမန်သည် အမှုတော်ဆောင်ခြင်းသို့ ပြန်လာ၍၊ အသင်းတော်ကို တည်ထောင်၏။ ဘီစီ ၆၂–၅၇ ခန့်။
၁ ယခုမူကား၊ မော်ရော်နိုင်းသည် ဤအမှာစာကို လက်ခံရရှိပြီးလျှင်၊ ပါဟောရန်သည်ကား၊ သူ့တိုင်းပြည်၏ လွတ်လပ်ခွင့်နှင့် အမှုတို့၌ သစ္စာဖျက်သောသူမဟုတ်ဟူသော သူ၏သစ္စာရှိခြင်းကြောင့်၊ သူ့စိတ်နှလုံးသည် ရဲရင့်၍ အလွန်ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် ပြည့်စုံ၏။
၂ သို့ရာတွင်၊ သူသည် ပါဟောရန်ကို သူ၏တရားပလ္လင်မှ ဖယ်ရှားသောသူတို့၏ ဒုစရိုက်ကြောင့်၊ ထိုမှတစ်ပါး၊ အချုပ်အားဖြင့်၊ သူတို့တိုင်းပြည်၊ ထို့အတူ၊ သူတို့ဘုရားသခင်ကို ဆန့်ကျင်၍ ပုန်ကန်သောသူတို့ကြောင့် လွန်စွာငိုကြွေးမြည်တမ်း၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းသည် ပါဟောရန်၏အလိုဆန္ဒအတိုင်း အရေအတွက်အနည်းငယ်သောလူတို့ကို ခေါ်၍၊ လေဟိနှင့် တေအန်ကမ်တို့ကို သူ့တပ်၏ကျန်ကြွင်းသောသူတို့အပေါ်အုပ်ချုပ်ကွပ်ကဲခွင့်ပေးခဲ့လျက်၊ ဂိဒေါင်ပြည်ဆီသို့ ချီတက်၏။
၄ သူဝင်သည့် အရပ်မှန်သမျှတို့၌လည်း လွတ်လပ်ခြင်းအလံကိုထူ၍၊ ဂိဒေါင်ပြည်သို့ သူ၏ချီတက်ခြင်းတစ်လျှောက်လုံးတွင်၊ ရနိုင်သမျှသော တပ်အင်အားကို ရယူ၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထောင်ပေါင်းများစွာတို့သည် သူ၏အလံသို့ အတူတကွစုဝေး၍၊ ကျွန်ခံရာသို့မရောက်နိုင်စေခြင်းငှာ၊ သူတို့၏လွတ်လပ်ခွင့်ကို ကာကွယ်ရာ၌ သူတို့၏ ဓားများကို စွဲကိုင်ကြ၏။
၆ ထိုကဲ့သို့အားဖြင့်၊ မော်ရော်နိုင်းသည် သူ၏ချီတက်ခြင်းတစ်လျှောက်လုံး၌ ရနိုင်သမျှသောလူတို့ကို အတူတကွစုဝေး၍၊ ဂိဒေါင်ပြည်သို့ လာ၍၊ သူ၏တပ်အင်အားကို ပါဟောရန်၏အင်အားစုများနှင့် ပူးပေါင်းသဖြင့်၊ သူတို့သည်အလွန်အားကြီးလာလျက်၊ လွတ်လပ်သောသူများကို ဇရဟင်မလပြည်မှ နှင်ထုတ်ရာ၊ ထိုပြည်ကို သိမ်းယူသော ထိုသဘောကွဲလွဲသောသူတို့၏ဘုရင်ဖြစ်သူ ပါချု၏လူများထက်ပင် ပို၍အားကြီးလာကြ၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းနှင့်ပါဟောရန်တို့သည် မိမိတို့တပ်များနှင့်အတူ၊ ဇရဟင်မလပြည်ထဲသို့ ဆင်းလာ၍၊ မြို့ကို သွား၍တိုက်၏၊ ပါချု၏လူတို့နှင့် ရင်ဆိုင်၍ သူတို့သည် စစ်တိုက်ကြ၏။
၈ ရှုဦးလော့၊ ပါချုသည် ကွပ်မျက်ခံရ၍၊ သူ၏လူတို့သည်လည်း စစ်အကျဉ်းသားအဖြစ် သိမ်းယူခံရ၏။ ပါဟောရန်သည်လည်း သူ၏တရားပလ္လင်သို့ ပြန်လည်ပို့ဆောင်ခံရ၏။
၉ ပါချု၏လူများ၊ ဖမ်းဆီး၍ ထောင်ထဲ၌လှောင်ထားခံရသော ထိုဘုရင့်လူများသည် ဥပဒေအတိုင်း စစ်ဆေးခံရ၏။ ဥပဒေအတိုင်း သေဒဏ်ပေးသည်ကိုလည်း ခံရကြ၏။ အထူးသဖြင့်၊ ပါချု၏ထိုလူများ၊ ထိုဘုရင့်လူများ၊ သူတို့တိုင်းပြည်ကိုကာကွယ်ရာ၌ လက်နက်စွဲကိုင်လိုခြင်းမရှိသော်လည်း သူတို့ကို ဆန့်ကျင်တိုက်ခိုက်လိုသောသူများသည် အသေသတ်ခံရကြ၏။
၁၀ ထိုကဲ့သို့အားဖြင့်၊ သူတို့တိုင်းပြည်၏ ဘေးလွတ်ခြင်းအတွက်၊ ဤဥပဒေကို တင်းကျပ်စွာ ကျင့်စောင့်ရန် လိုအပ်လာ၏။ ထိုမှတစ်ပါး၊ သူတို့၏လွတ်လပ်ခွင့်ကို ငြင်းဆိုလျက်တွေ့ရသူမှန်သမျှသည် ဥပဒေအတိုင်း အလျင်အမြန်သေဒဏ်ပေးခံရကြ၏။
၁၁ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ်တရားသူကြီးများအုပ်စိုးခြင်း သုံးဆယ်နှစ်မြောက် ပြီးဆုံး၏။ မော်ရော်နိုင်းနှင့် ပါဟောရန်တို့သည် ဇရဟင်မလပြည်သို့ ငြိမ်းချမ်းခြင်းကို ပြန်လည်ဆောင်ယူလျက်၊ မိမိတို့၏လူမျိုးတို့၌၊ လွတ်လပ်ခွင့်အမှုတွင် သစ္စာမရှိသောသူခပ်သိမ်းတို့ကို သေဒဏ်ပေး၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းလူမျိုးတို့အပေါ်တရားသူကြီးများအုပ်စိုးခြင်း သုံးဆယ်တစ်နှစ်မြောက်အစတွင်၊ မော်ရော်နိုင်းသည် ရိက္ခာများ၊ ထို့အတူ၊ လူခြောက်ထောင်ရှိသည့်တပ်တစ်တပ်ကို ဟေလမန်ထံသို့ ပြည်၏ထိုအရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ ကူညီခြင်းငှာ ချက်ချင်းစေလွှတ်၏။
၁၃ ထို့အတူ သူသည် လူခြောက်ထောင်ရှိသည့် တပ်တစ်တပ်ကို လုံလောက်သောစားစရာနှင့်အတူ၊ လေဟိနှင့်တေအန်ကမ်တို့၏တပ်များဆီသို့လည်း ပို့စေ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့တစ်ဖက်တွင် ထိုပြည်ကို အင်အားခိုင်မာစေရန် ဤအမှုကို ပြု၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းနှင့် ပါဟောရန်တို့သည် ဇရဟင်မလပြည်၌ များစွာသောလူတို့ကို ချန်ထားလျက်၊ များစွာသောလူတို့နှင့်အတူ၊ နီဖိုင်းဟမြို့ ၌ လာမန်အမျိုးသားတို့ကို ဖျက်ဆီးရန် သန္နိဌာန်ချလျက် ထိုပြည်ဆီသို့ ချီတက်သွားကြ၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုပြည်ဆီသို့ ချီတက်စဉ်တွင်၊ လာမန်အမျိုးသားတို့၏ များစွာသောလူတစ်စုကို ဖမ်းဆီး၍၊ သူတို့အထဲမှ များစွာကို ကွပ်မျက်၍၊ သူတို့၏ရိက္ခာများနှင့် စစ်တိုက်ရာလက်နက်များကို သိမ်းယူ၏။
၁၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့ကို ဖမ်းဆီးပြီးမှ၊ နီဖိုင်းအမျိုးသားတို့တစ်ဖက်၌ သူတို့၏စစ်တိုက်ရာလက်နက်များကို မစွဲကိုင်တော့ဟူသော ပဋိညာဉ်ကို ပြုစေ၏။
၁၇ ဤပဋိညာဉ်ကို ပြုပြီးမှ၊ သူတို့ကို အမ္မုန်လူမျိုးတို့နှင့်အတူ နေထိုင်ရန်စေလွှတ်၏။ ကွပ်မျက်မခံရသောသူတို့၏အရေအတွက်မှာ လေးထောင်ခန့်ရှိ၏။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့ကို စေလွှတ်ပြီးလျှင်၊ နီဖိုင်းဟပြည်သို့ မိမိတို့၏ချီတက်ခြင်းကို ဆက်၍ပြုကြ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် နီဖိုင်းဟမြို့သို့ ရောက်လာလျှင်၊ နီဖိုင်းဟမြို့အနီးရှိ၊ နီဖိုင်းဟလွင်ပြင်၌ သူတို့တဲများကို ဆောက်ကြ၏။
၁၉ ယခုတွင်၊ မော်ရော်နိုင်းသည် လာမန်အမျိုးသားတို့ကို၊ လွင်ပြင်၌ မိမိတို့ဆီထွက်လာ၍ စစ်တိုက်စေရန် အလိုရှိလေ၏။ သို့ရာတွင်၊ လာမန်အမျိုးသားတို့သည် သူတို့၏အလွန်ကြီးစွာသောရဲရင့်ခြင်းကို သိ၍၊ သူတို့၏အရေအတွက်များခြင်းကို မြင်၍၊ ထို့ကြောင့်၊ သူတို့ဆီသို့ ထွက်မလာဝံ့ကြချေ။ ထို့ကြောင့်၊ စစ်တိုက်ရန် ထိုနေ့တွင် ထွက်မလာကြ။
၂၀ ညဉ့်အချိန်သို့ရောက်လာသောအခါ၊ မော်ရော်နိုင်းသည် ညဉ့်၏မှောင်မိုက်ထဲသို့ ထွက်သွား၍၊ မြို့၏အဘယ်အရပ်၌ လာမန်အမျိုးသားတို့ သူတို့၏တပ်နှင့် တပ်စခန်းချသည်ကို စူးစမ်းခြင်းငှာ၊ တံတိုင်းထိပ်ပေါ်သို့တက်၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် အရှေ့ဘက်ပိုင်း၊ တံခါးပေါက်အနီး၌ ရှိကြ၏၊ အားလုံးအိပ်ပျော်လျက်ရှိကြ၏။ ယခုမူကား၊ မော်ရော်နိုင်းသည် မိမိတပ်သို့ ပြန်လာ၍၊ တံတိုင်းထိပ်မှနေ၍ တံတိုင်းအတွင်းပိုင်းထဲသို့ဆင်းသွားရန် ခိုင်မာသောကြိုးများနှင့် လှေကားတို့ကို အလျင်အမြန်ပြင်ဆင်စေ၏။
၂၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းသည် သူ၏လူတို့ကို၊ ရှေ့သို့ချီတက်၍၊ တံတိုင်းထိပ်ပေါ်သို့တက်စေ၍၊ သူတို့ကိုယ်တိုင် မြို့အတွင်းပိုင်း၊ အမှန်စင်စစ်၊ လာမန်အမျိုးသားတို့ တပ်များနှင့် တပ်စခန်းမချသည့်နေရာ အနောက်ဘက်ပိုင်းသို့ပင် ဆင်းသွားစေ၏။
၂၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့အားလုံးသည် ညဉ့်အချိန်တွင်၊ သူတို့၏ခိုင်မာသောကြိုးများနှင့် သူတို့၏လှေကားများဖြင့် မြို့တွင်းသို့ ဆင်းသွားကြ၏။ ထိုကဲ့သို့အားဖြင့်၊ နံနက်သို့ရောက်လာသောအခါ၊ သူတို့အားလုံး မြို့တံတိုင်းများအတွင်း၌ ရှိကြလေပြီ။
၂၄ ယခုမူကား၊ လာမန်အမျိုးသားတို့သည် နိုးလာ၍၊ မော်ရော်နိုင်း၏တပ်များ တံတိုင်းများအတွင်း၌ ရှိလေကြောင်းကို မြင်လျှင်၊ လွန်စွာကြောက်လန့်ကြသည်မှာ၊ ဝင်ပေါက်မှ ထွက်ပြေးကြသည့်တိုင်အောင်ပင်တည်း။
၂၅ ယခုမူကား၊ မော်ရော်နိုင်းသည် မိမိရှေ့မှသူတို့ထွက်ပြေးနေသည်ကို မြင်လျှင်၊ မိမိလူတို့ကို သူတို့ဆီသို့ ချီတက်၍၊ များစွာသောသူတို့ကို ကွပ်မျက်စေ၏၊ အခြားများစွာသောသူတို့ကိုလည်း ဝိုင်းထားလျက်၊ စစ်အကျဉ်းသားများအဖြစ် ဖမ်းဆီးစေ၏။ သူတို့အထဲမှ ကျန်ကြွင်းသောသူတို့သည်လည်း ပင်လယ်ကမ်းနားအနီး နယ်နိမိတ်အရပ်ရှိ မော်ရော်နိုင်းပြည်သို့ ထွက်ပြေးကြ၏။
၂၆ ထိုကဲ့သို့မော်ရော်နိုင်းနှင့် ပါဟောရန်တို့သည် တစ်ဦးတစ်ယောက်မျှမဆုံးရှုံးဘဲနှင့် နီဖိုင်းဟမြို့ကို ရရှိ၏။ လာမန်အမျိုးသားတို့၌မူကား ကွပ်မျက်ခံရသောသူ များစွာရှိလေ၏။
၂၇ ယခုတွင်၊ အချိန်တန်လာသောအခါ၊ စစ်အကျဉ်းသား လာမန်အမျိုးသားများစွာတို့သည် အမ္မုန်လူမျိုးတို့နှင့် ပူးပေါင်းရန်နှင့် လွတ်လပ်သောလူများဖြစ်လာရန် အလိုရှိကြ၏။
၂၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အလိုရှိသူမှန်သမျှကို၊ သူတို့အလိုဆန္ဒများအတိုင်း အခွင့်ပေး၏။
၂၉ ထို့ကြောင့်၊ လာမန်အမျိုးသားစစ်အကျဉ်းသားခပ်သိမ်းတို့သည် အမ္မုန်လူမျိုးတို့နှင့် ပူပေါင်း၍၊ လွန်စွာအလုပ်လုပ်ခြင်း၊ မြေကြီးကိုထွန်ယက်ခြင်း၊ အမျိုးမျိုးသောစပါးနှင့် သိုးစု၊ နွားစုအမျိုးမျိုးတို့ စိုက်ပျိုးမွေးမြူခြင်းတို့ကို အစပြုကြ၏။ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းအမျိုးသားတို့သည် ကြီးစွာသောဝန်မှ သက်သာရာရ၏။ အမှန်စင်စစ်၊ လာမန်အမျိုးသား စစ်အကျဉ်းသားတို့နှင့်စပ်လျဉ်းသည့်ဝန်မှ သက်သာရာရ၏။
၃၀ ယခုတွင်၊ အချိန်တန်လာသောအခါ၊ မော်ရော်နိုင်း နီဖိုင်းဟမြို့ကို ရရှိခဲ့ပြီးနောက်၊ များစွာသောစစ်အကျဉ်းသားတို့ကို ဖမ်းဆီးခြင်းက လာမန်အမျိုးသားတို့၏တပ်ကို လွန်စွာလျော့နည်းစေ၏၊ စစ်အကျဉ်းသားများအဖြစ် ဖမ်းဆီးခံရသော နီဖိုင်းအမျိုးသားတို့ကို ပြန်လည်ရရှိခြင်းက မော်ရော်နိုင်း၏တပ်ကို လွန်စွာခွန်အားဖြည့်ပေး၏။ ထို့ကြောင့်၊ မော်ရော်နိုင်းသည် နီဖိုင်းဟပြည်မှ လေဟိပြည်သို့ ထွက်သွား၏။
၃၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည် မိမိတို့ကို မော်ရော်နိုင်း လာ၍တိုက်ခိုက်လျက်ရှိသည်ကို မြင်လျှင်၊ တစ်ဖန်ကြောက်လန့်၍၊ မော်ရော်နိုင်း၏တပ်ရှေ့မှ ထွက်ပြေးကြ၏။
၃၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းနှင့် သူ၏တပ်သည် သူတို့ကို မြို့တစ်မြို့မှတစ်မြို့သို့ လိုက်ကြ၏၊ လေဟိနှင့် တေအန်ကမ်တို့ တွေ့သည့်တိုင်အောင်ပင်တည်း။ လာမန်အမျိုးသားတို့သည်လည်း ပင်လယ်ကမ်းနားအနီး နယ်နိမိတ်အရပ်တို့၌ပင်ဆင်း၍၊ မော်ရော်နိုင်းပြည်သို့ ရောက်လာသည့်တိုင်အောင် လေဟိနှင့် တေအန်ကမ်တို့ထံမှ ထွက်ပြေးကြ၏။
၃၃ လာမန်အမျိုးသားတို့၏တပ်များသည်လည်း အားလုံးအတူတကွစုဝေးသဖြင့်၊ မော်ရော်နိုင်းပြည်၌ အုပ်စုတစ်စုတည်းရှိကြ၏။ ယခုတွင်၊ လာမန်အမျိုးသားတို့၏ မင်းကြီးအမ်မော်ရုန်သည်လည်း သူတို့နှင့်အတူရှိ၏။
၃၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်း၊ လေဟိနှင့် တေအန်ကမ်တို့သည် သူတို့၏တပ်များနှင့်အတူ၊ မော်ရော်နိုင်းပြည်၏ နယ်နိမိတ်ပတ်ဝန်းကျင်တို့၌ စခန်းချသဖြင့်၊ လာမန်အမျိုးသားတို့သည် တောင်ဘက်အရပ်တွင် တောရိုင်းအနီးနယ်နိမိတ်တို့၌လည်းကောင်း၊ အရှေ့ဘက်အရပ်တွင် တောရိုင်းအနီးနယ်နိမိတ်တို့၌လည်းကောင်း ဝိုင်းပတ်ထား ခံရကြ၏။
၃၅ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် ညဉ့်အချိန်၌ စခန်းချကြ၏။ အကြောင်းမူကား၊ ရှုလော့၊ နီဖိုင်းအမျိုးသားတို့နှင့်၊ လာမန်အမျိုးသားတို့သည်လည်း ဝေးစွာချီတက်ရခြင်းကြောင့် မောပန်းကြ၏။ ထို့ကြောင့်၊ သူတို့သည်လည်း တေအန်ကမ်မှတစ်ပါး၊ ညဉ့်အချိန်၌ အဘယ်ဥပါယ်တံမျဉ်ကိုမျှ မဆုံးဖြတ်ကြ။ အကြောင်းမူကား၊ သူသည် အမ်မော်ရုန်ကို လွန်စွာအမျက်ထွက်၏။ အမ်မော်ရုန်နှင့် သူ၏အစ်ကို အာမလိခိယတို့မှာ၊ အလွန်များစွာသောစစ်တိုက်ခြင်းနှင့် အသွေးသွန်းလောင်းခြင်း၊ ထိုမှတစ်ပါး၊ အလွန်များစွာသော ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့၏ အကြောင်းရင်းဖြစ်သည့်၊ သူတို့နှင့် လာမန်အမျိုးသားတို့ကြားရှိ ကြီးမား၍၊ တာရှည်သည့်စစ်တိုက်ခြင်း၏ အကြောင်းရင်းဖြစ်လေပြီဟု မှတ်ယူသောကြောင့်ပင်တည်း။
၃၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တေအန်ကမ်သည် အမျက်ထွက်၍ လာမန်အမျိုးသားတို့၏တပ်စခန်းအတွင်းသို့ ထွက်သွား၏၊ မြို့တံတိုင်းများပေါ်မှ ဆင်း၏။ ကြိုးတစ်ချောင်းဖြင့် တစ်နေရာမှ တစ်နေရာသို့သွား၍၊ မင်းကြီးကို တွေ့လျှင်၊ လှံတိုနှင့်ပစ်ရာ နှလုံးအနီးသို့စူး၏။ သို့ရာတွင်၊ ရှုလော့၊ မင်းကြီးသည် မသေမီ၊ သူ့ကျွန်တို့ကို နှိုးသဖြင့် သူတို့သည်လည်း တေအန်ကမ်ကို လိုက်၍ ကွပ်မျက်ကြ၏။
၃၇ ယခုတွင်၊ အချိန်တန်လာသောအခါ၊ လေဟိနှင့် မော်ရော်နိုင်းသည် တေအန်ကမ်သေသည်ကို သိရလျှင်၊ အလွန်ဝမ်းနည်းကြ၏။ အကြောင်းမူကား၊ ရှုလော့၊ သူသည်ကား၊ သူ၏တိုင်းပြည်အတွက်၊ ရဲရင့်စွာတိုက်ခိုက်ခဲ့သူတစ်ဦးဖြစ်၏။ ထိုမှတစ်ပါး၊ လွတ်လပ်ခြင်း၌ စစ်မှန်သောအဆွေခင်ပွန်းတစ်ဦးဖြစ်၏။ အလွန်ပြင်းထန်သော ဆင်းရဲဒုက္ခများစွာတို့ကို ခံစားရ၏။ သို့ရာတွင်၊ ရှုလော့၊ သူသေ၍ မြေကြီးပေါ်၌ နေထိုင်သူခပ်သိမ်းတို့၏ သွားရာလမ်းသို့ သွားလေပြီ။
၃၈ ယခုတွင်၊ အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းသည် နက်ဖြန်နေ့၌ ရှေ့သို့ချီတက်၍ လာမန်အမျိုးသားတို့ထံသို့ရောက်၍၊ သူတို့ကို ကြီးစွာသောသိမ်းရုံးသတ်ဖြတ်ခြင်းဖြင့် ကွပ်မျက်ကြ၏။ ထိုပြည်မှလည်း နှင်ထုတ်ကြ၏။ သူတို့သည်လည်း ထွက်ပြေး၍၊ ထိုအချိန်တွင် နီဖိုင်းအမျိုးသားတို့ထံသို့ ပြန်၍ပင်မလာကြ။
၃၉ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ်တရားသူကြီးများအုပ်စိုးခြင်း သုံးဆယ်တစ်နှစ်မြောက် ပြီးဆုံး၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့၌ နှစ်ပေါင်းများစွာကြာအောင်၊ စစ်တိုက်ခြင်းများ၊ အသွေးသွန်းလောင်းခြင်းများ၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ဆင်းရဲဒုက္ခရှိလေ၏။
၄၀ နီဖိုင်းလူမျိုးတို့၌ လူ့အသက်ကိုသတ်ခြင်းများ၊ တိုက်ခိုက်ခြင်းများ၊ ငြင်းခုံခြင်းများနှင့် အမျိုးမျိုးသောဒုစရိုက်များလည်း ရှိလေ၏။ သို့သော်လည်း၊ ဖြောင့်မတ်သောသူတို့၏အကျိုးအတွက်၊ အထူးသဖြင့်၊ ဖြောင့်မတ်သောသူတို့၏ဆုတောင်းခြင်းများကြောင့်၊ သူတို့သည် ချမ်းသာရကြ၏။
၄၁ သို့ရာတွင်၊ ရှုလော့၊ နီဖိုင်းအမျိုးသားတို့နှင့် လာမန်အမျိုးသားတို့ကြား၌ စစ်တိုက်ခြင်း၏အလွန်တာရှည်သောအချိန်ကြောင့်၊ များစွာသောသူတို့သည် မာကျောလာကြ၏။ စစ်တိုက်ခြင်း၏အလွန်တာရှည်သောအချိန်ကြောင့်ပင်ဖြစ်၏။ များစွာသောသူတို့မှာ ဆင်းရဲဒုက္ခများကြောင့် ပျော့ပျောင်းလာ၍၊ ဘုရားသခင်ရှေ့၌ သူတို့ကိုယ်သူတို့ နက်လှစွာသောနှိမ့်ချခြင်းဖြင့်ပင် နှိမ့်ချကြ၏။
၄၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းသည် လာမန်အမျိုးသားတို့ရန်မှ အကာအကွယ်အမဲ့ဆုံးဖြစ်သော ထိုပြည်၏အရပ်တို့ကို လုံလုံလောက်လောက်အားကြီးသည့်တိုင်အောင်၊ အင်အားခိုင်မာစေပြီးနောက်၊ ဇရဟင်မလမြို့သို့ ပြန်လာ၏။ ဟေလမန်သည်လည်း၊ သူ၏အမွေခံရာအရပ်သို့ ပြန်လာ၏။ နီဖိုင်းလူမျိုးတို့၌ ငြိမ်းချမ်းခြင်းကို နောက်တစ်ကြိမ်ထပ်၍ တည်ဆောက်ခြင်း ရှိ၏။
၄၃ မော်ရော်နိုင်းသည်လည်း မိမိတပ်များအား အုပ်ချုပ်ကွပ်ကဲခွင့်ကို သူ၏သား မော်ရော်နိဟအမည်ရှိသောသူ၏လက်ထဲသို့ ပေးအပ်၏။ သူ့အသက်တာ၏ကျန်ကြွင်းချိန်ကို ငြိမ်းချမ်းစွာ ကုန်လွန်နိုင်စေခြင်းငှာ၊ မိမိအိမ်သို့ ပြန်၍အနားယူ၏။
၄၄ ပါဟောရန်သည်လည်း သူ၏တရားပလ္လင်သို့ ပြန်သွား၏။ ဟေလမန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူတို့အား ဟောပြောခြင်းငှာ၊ သူ့အပေါ်၌ တစ်ဖန်ခံယူ၏။ အကြောင်းမူကား၊ အလွန်များစွာသော စစ်တိုက်ခြင်းများနှင့် ရန်တွေ့ခြင်းများကြောင့်၊ အသင်းတော်၌ စည်းမျဉ်းတစ်ခုကို တစ်ဖန်ပြုဖို့ရာ မရှိမဖြစ်လိုအပ်လာ၏။
၄၅ ထို့ကြောင့်၊ ဟေလမန်နှင့် သူ၏ညီအစ်ကိုတို့သည် ထွက်သွား၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို များစွာသောတန်ခိုးဖြင့်ဟောပြောလျက်၊ များစွာသောလူတို့ကို သူတို့၏ဆိုးညစ်ခြင်းအကြောင်း နားသွင်းခြင်းက၊ သူတို့အပြစ်များမှနောင်တရ၍ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ထံသို့ ဗတ္တိဇံခံစေ၏။
၄၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ထိုပြည်တစ်လျှောက်လုံး၌ ဘုရားသခင်၏အသင်းတော်ကို တစ်ဖန် တည်ထောင်ကြ၏။
၄၇ ထိုမှတစ်ပါး၊ ဥပဒေနှင့်စပ်လျဉ်း၍၊ စည်းမျဉ်းတို့ကိုလည်း ပြု၏။ သူတို့၏ တရားသူကြီးများနှင့် တရားသူကြီးချုပ်တို့သည်လည်း ရွေးကောက်ခံရကြ၏။
၄၈ နီဖိုင်းလူမျိုးတို့သည်လည်း ထိုပြည်၌ တစ်ဖန်အောင်မြင်စပြု၏၊ ထိုပြည်၌ တစ်ဖန် ပွားများစပြုလျက်၊ အလွန်အင်အားကြီးစပြုလာ၏။ အလွန်ကြွယ်ဝဖွံ့ဖြိုးစလည်းပြု၏။
၄၉ သို့ရာတွင်၊ သူတို့၏စည်းစိမ်ဥစ္စာများ၊ သို့မဟုတ် သူတို့၏ခွန်အား၊ သို့မဟုတ် သူတို့၏အောင်မြင်ခြင်း ရှိသော်ငြားလည်း သူတို့၏မာနမျက်လုံးများဖြင့်ဘဝင်မမြင့်ကြ။ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ကို အောက်မေ့ရန်လည်း မနှေးကွေးကြ။ ရှေ့တော်၌ သူတို့ကိုယ်သူတို့လွန်စွာ နှိမ့်ချခြင်းသာရှိကြ၏။
၅၀ ထိုမှတစ်ပါး၊ သူတို့အတွက် အဘယ်သို့ကြီးစွာသောအမှုများကို ကိုယ်တော်ရှင် ပြုတော်မူလေကြောင်း၊ သူတို့ကို သေခြင်းမှလည်းကောင်း၊ အနှောင်အဖွဲ့များမှလည်းကောင်း၊ အကျဉ်းထောင်များမှလည်းကောင်း၊ အမျိုးမျိုးသောဆင်းရဲဒုက္ခများမှလည်းကောင်း သူကယ်လွှတ်တော်မူလေပြီးလျှင်၊ သူတို့ရန်သူများ၏လက်မှ ကယ်လွှတ်တော်မူလေကြောင်းကိုလည်း သတိရကြ၏။
၅၁ ထို့အတူ၊ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ထံသို့ အစဉ်မပြတ် ဆုတောင်း၍၊ ကိုယ်တော်ရှင်က သူ၏ကတိအတိုင်း သူတို့ကို ကောင်းချီးပေးတော်မူသဖြင့် သူတို့သည် ထိုပြည်၌ အားကြီးလျက် အောင်မြင်လာကြ၏။
၅၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤအရာခပ်သိမ်းတို့ ဖြစ်ပျက်လေ၏။ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း သုံးဆယ်ငါးနှစ်မြောက်တွင် ဟေလမန်သေ၏။