အခန်းကြီး ၁၀
လေဟိသည် မနာရှေအမျိုးမှ ဆင်းသက်၏—အာမြူးလက်သည် အယ်လမာကို ဂရုစိုက်ရမည့်အကြောင်း၊ ကောင်းကင်တမန်ထံမှ မိန့်မှာချက်ကို ပြန်လည်၍ ပြောပြ၏—ဖြောင့်မတ်သောသူများ၏ ဆုတောင်းခြင်းများက လူတို့ကို ချမ်းသာရစေ၏—မဖြောင့်မတ်သောရှေ့နေများနှင့် တရားသူကြီးတို့သည် လူတို့အတွက် ဖျက်ဆီးခြင်းအုတ်မြစ်ကို တည်ကြ၏။ ဘီစီ ၈၂ ခန့်။
၁ ယခုတွင်၊ အမ္မုန်နိဟပြည်၌ ရှိသောလူတို့ကို၊ အာမြူးလက်ဆို၍ ဟောပြောသည့် ဤစကားများမူကား၊
၂ ငါသည်ကား၊ အာမြူးလက်ဖြစ်၏။ ငါသည်ကား၊ အာမိနဒိ၊ ဘုရားသခင်၏လက်ချောင်းတော်ဖြင့် ရေးထားသည့် ဗိမာန်တော်နံရံပေါ်ရှိစာများကို အနက်ဖွင့်သူ ထိုအာမိနဒိ၏အမျိုးအနွယ်ဖြစ်သောဣရှမေလ၏သားဖြစ်သူ ဂိဒေါန၏သားဖြစ်၏။
၃ ထို့အတူ၊ အာမိနဒိသည်ကား၊ ညီအစ်ကိုတို့အားဖြင့် အဲဂုတ္တုပြည်သို့ အရောင်းခံရသည့် ယောသပ်၏သားဖြစ်သော၊ မနာရှေအမျိုးအနွယ်ဖြစ်သူ၊ ယေရုရှလင်နယ်မြေမှ ထွက်လာသူ လေဟိ၏သားဖြစ်သော နီဖိုင်း၏အမျိုးအနွယ်တစ်ဦးဖြစ်၏။
၄ ရှုဦးလော့၊ ငါသည်ကား၊ ငါ့ကိုသိသောလူများ၌၊ မနည်းသေးသော အသရေထင်ရှားသည့် သူတစ်ဦးလည်းဖြစ်၏။ ထိုမှတစ်ပါး၊ ရှုဦးလော့၊ ငါ့၌ များစွာသောဆွေမျိုးများနှင့် အဆွေခင်ပွန်းများလည်းရှိ၏။ ထို့အတူ၊ ငါ၏ကြိုးစားအားထုတ်ခြင်းအားဖြင့်၊ စည်းစိမ်ဥစ္စာများစွာတို့ကိုလည်း ရရှိခဲ့လေပြီ။
၅ သို့သော်လည်း၊ ဤအရာခပ်သိမ်းတို့ရှိစေကာမူ၊ ငါသည် ကိုယ်တော်ရှင်၏လမ်းစဉ်များ၊ သူ၏နက်နဲတော်မူခြင်းနှင့် အံ့ဩဖွယ်ကောင်းသောတန်ခိုးတော်တို့အကြောင်းကို အဘယ်သောအခါကမျှ များစွာမသိလေခဲ့။ ငါဆိုသည်ကား၊ ဤအရာတို့၏အကြောင်းကို ငါအဘယ်သောအခါကမျှ၊ များစွာမသိလေကြောင်းကို ဆို၏။ သို့ရာတွင်၊ ရှုလော့၊ ငါသည် အထင်မှားမိ၏။ အကြောင်းမူကား၊ ငါသည် သူ၏နက်နဲတော်မူခြင်းများနှင့် အံ့ဩဖွယ်ကောင်းသောတန်ခိုးတော်၊ ထိုမှတစ်ပါး၊ ဤလူတို့၏ အသက်ကို ကာကွယ်စောင့်မတော်မူခြင်းကိုပင် မြင်ပြီးလေပြီ။
၆ သို့သော်လည်း၊ ငါ့စိတ်နှလုံးကို ငါမာကျောစေ၏၊ အကြောင်းမူကား၊ ငါသည် အကြိမ်များစွာ အခေါ်ခံရပြီး၊ နားမထောင်လို။ ထို့ကြောင့်၊ ငါသည် ဤအရာများအကြောင်းကို သိပေ၏၊ သို့သော်လည်း ငါမသိလို။ ထိုကြောင့်၊ တရားသူကြီးများအုပ်စိုးခြင်းဆယ်နှစ်မြောက်ဖြစ်သည့် ဤခုနစ်လမြောက် လေးရက်နေ့ထိတိုင်အောင်ပင် ငါ့စိတ်နှလုံး၌ ဆိုးညစ်ခြင်းဖြင့်၊ ဘုရားသခင်အား ဆန့်ကျင်၍ ပုန်ကန်ခြင်းကို ဆက်၍ပြု၏။
၇ ငါသည် အလွန်နီးစပ်ရာ ဆွေမျိုးတစ်ဦးကို တွေ့ရန် ခရီးသွားနေစဉ် ကိုယ်တော်ရှင်၏ကောင်းကင်တမန်တစ်ပါးပေါ်လာပြီး ငါ့ကို မြွက်ဆိုလေသည်ကား၊ အာမြူးလက်၊ သင့်အိမ်သို့ ပြန်သွားလော့။ အကြောင်းမူကား၊ သင်သည် ကိုယ်တော်ရှင်၏ပရောဖက်တစ်ပါးကို၊ အထူးသဖြင့်၊ ဘုရားသခင်ရွေးကောက်ထားတော်မူသောလူဖြစ်သည့် သန့်ရှင်းသောသူကို ကျွေးမွေးရမည်။ အကြောင်းမူကား၊ ဤလူတို့၏အပြစ်များကြောင့်၊ ထိုသူသည် ရက်ပေါင်းများစွာ၊ အစာရှောင်လေသဖြင့်၊ အစာမွတ်သိပ်သူတစ်ဦးဖြစ်၏။ သူ့ကို သင့်အိမ်မှာလက်ခံ၍၊ ကျွေးမွေးရမည်။ သူသည်လည်း သင်နှင့် သင်၏မိသားစုကို ကောင်းချီးပေးလိမ့်မည်။ ကိုယ်တော်ရှင်၏ကောင်းချီးမင်္ဂလာသည်လည်း သင်နှင့် သင်၏မိသားစုအပေါ်၌ ကိန်းဝပ်တော်မူပေလိမ့်မည်။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ကောင်းကင်တမန်၏အသံကို နာခံ၍ ငါ့အိမ်ဆီသို့ ပြန်လာခဲ့၏။ ထိုနေရာသို့သွားစဉ်တွင်၊ သင့်အိမ်၌ လက်ခံရမည်ဟု ကောင်းကင်တမန်မြွက်ဆိုလေသောသူကို တွေ့၏—ရှုဦးလော့၊ ထိုသူသည်ကား၊ ဘုရားသခင်၏အမှုတော်များအကြောင်း သင်တို့ကို ပြောနေလေသည့် ဤလူပင်ဖြစ်၏။
၉ ထိုသူသည် သန့်ရှင်းသောသူတစ်ဦးဖြစ်ကြောင်း၊ ကောင်းကင်တမန်က ငါ့ကို မြွက်ဆို၏။ သို့ဖြစ်၍၊ ဘုရားသခင်၏ကောင်းကင်တမန်မြွက်ဆိုခဲ့သောကြောင့်၊ ထိုသူသည် သန့်ရှင်းသောသူတစ်ဦးဖြစ်ကြောင်း ငါသိ၏။
၁၀ ထိုမှတစ်ဖန်၊ သူသက်သေခံလေသောအရာများမှန်ကန်ကြောင်း ငါသိ၏။ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ကိုယ်တော်ရှင်သည် အသက်ရှင်တော်မူသည့်အတိုင်း၊ ဤအရာတို့ကို ငါ့အား ထင်ရှားစွာပြစေခြင်းငှာ၊ ထိုကဲ့သို့ပင်၊ သူ၏ကောင်းကင်တမန်ကို စေလွှတ်တော်မူခဲ့၏။ ဤအမှုကို သူပြုလေသည်မှာ၊ ဤအယ်လမာ ငါ့အိမ်၌ နေထိုင်စဉ်တွင်ဖြစ်၏။
၁၁ အကြောင်းမူကား၊ ရှုလော့၊ သူသည် ငါ၏မိသားစုကို ကောင်းချီးပေးလေ၏။ ငါနှင့် ငါ၏မိန်းမများ၊ ငါ၏သားသမီးများ၊ ငါ၏အဘနှင့် ဆွေမျိုးသားချင်းတို့ကိုလည်း ကောင်းချီးပေး၏။ အထူးသဖြင့်၊ ငါ၏ခပ်သိမ်းသော ဆွေမျိုးတို့ကိုပင် သူကောင်းချီးပေး၍၊ ကိုယ်တော်ရှင်၏ကောင်းချီးမင်္ဂလာသည် သူမိန့်တော်မူသည့်အတိုင်း ငါတို့အပေါ်၌ ကိန်းဝပ်တော်မူလေ၏။
၁၂ ယခုမူကား၊ အာမြူးလက်က ဤစကားများကို ပြောလေပြီးလျှင်၊ လူတို့သည် သူတို့စွပ်စွဲခံရသည့် အမှုများ၊ ထို့အတူ၊ ဖြစ်လာမည့်အရာတို့အကြောင်းကို သူတို့အထဲရှိပရောဖက်ပြုဟောသောဝိညာဉ်အတိုင်း သက်သေခံသူ သက်သေတစ်ဦးထက်ပို၍ရှိလေသည်ကို သိမြင်လျက်၊ အံ့ဩစပြုကြ၏။
၁၃ သို့သော်လည်း၊ ပြစ်မှုဟု ထင်ရဟန်ရှိအောင်ပြုနိုင်သောအရာ၊ သို့မဟုတ် သူတို့တစ်ဖက်ရှိသက်သေအတိုင်း၊ ဥပဒေနှင့်အညီတရားစီရင်ခြင်းခံရစေခြင်းငှာလည်းကောင်း၊ သူတို့ ကွပ်မျက်ခံရနိုင်စေခြင်းငှာ၊ သို့မဟုတ် ထောင်ထဲ၌ လှောင်ထားခံရနိုင်စေခြင်းငှာလည်းကောင်း၊ စဉ်းလဲသောအစီအမံများအားဖြင့် သူတို့၏စကားများကို အကွက်ဆင်ဖမ်း၍၊ သူတို့တစ်ဖက်၌ သက်သေရှာခြင်းငှာ သူတို့ကို မေးမြန်းရန် ကြံရွယ်သူအချို့ ထိုသူတို့၌ရှိလေ၏။
၁၄ ယခုတွင်၊ သူတို့ကို ဖျက်ဆီးရန် ကြိုးစားအားထုတ်ကြသူတို့သည်ကား၊ ရှေ့နေများဖြစ်ကြပြီး၊ တရားသူကြီးများရှေ့ ၌၊ ထိုသူတို့၏အမှုစစ်ဆေးရာကာလတွင်၊ သို့မဟုတ်၊ လူတို့၏ ပြစ်မှုများကို စစ်ဆေးရာကာလတွင်၊ ဥပဒေကို စီမံဆောင်ရွက်စေခြင်းငှာ လူတို့ငှားရမ်းထားသော သို့မဟုတ်၊ ခန့်အပ်ထားသောသူများဖြစ်ကြ၏။
၁၅ ယခုတွင်၊ ဤရှေ့နေတို့သည်ကား၊ လူတို့၏ပရိယာယ်ခပ်သိမ်းနှင့် စဉ်းလဲခြင်းတို့ကို သင်ယူထားကြ၏။ ဤသို့ပြုခြင်းမှာ သူတို့အလုပ်၌ စွမ်းဆောင်နိုင်ရန် ကျွမ်းကျင်နိုင်စေခြင်းငှာဖြစ်၏။
၁၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် အာမြူးလက်ကို မေးမြန်းစပြု၍၊ ထိုသို့ပြုခြင်းအားဖြင့်၊ သူ၏စကားများနှင့် ဆန့်ကျင်ဘက်ပြုနိုင်စေခြင်းငှာ၊ သို့မဟုတ်၊ သူပြောမည့်စကားများကို ရှေ့နောက်မညီနိုင်စေခြင်းငှာပေတည်း။
၁၇ ယခုတွင်၊ သူတို့အကြံအစည်များအကြောင်း အာမြူးလက်သိနိုင်သည်ကို သူတို့မသိကြ။ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ သူ့ကိုမေးမြန်းစပြု၍၊ သူတို့အကြံကို သိမြင်၍၊ ဆိုလေသည်ကား၊ အို အသင် ဆိုးညစ်ပြီး၊ ဖောက်ပြန်သောအမျိုးတို့၊ အသင် ရှေ့နေများနှင့် သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့သည် နတ်ဆိုး၏အုတ်မြစ်ကို ချလျက်ရှိကြပြီ။ အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ သန့်ရှင်းသောသူများကို ဖမ်းခြင်းငှာ ကျော့ကွင်းနှင့် ထောင်ချောက်ကို ချလျက်ရှိကြပြီ။
၁၈ သင်တို့သည်၊ ဖြောင့်မတ်သောသူ၏လမ်းများကို မှောက်လှန်ရန် ကြံစည်လျက်ရှိပြီး၊ ဤလူတို့ကို ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်သည့်တိုင်အောင်ပင်၊ ဘုရားသခင်၏အမျက်တော်ကို သင်တို့ဦးခေါင်းပေါ်သို့ ရောက်စေကြလေပြီ။
၁၉ ထိုမှတစ်ပါး၊ ငါတို့၏နောက်ဆုံးသော ရှင်ဘုရင်ဖြစ်သည့် မောဇိယသည် နိုင်ငံကို လွှဲအပ်တော့မည်ပြုစဉ်က အပ်နှင်းရမည့်သူ တစ်ဦးမျှမရှိသောကြောင့်၊ ဤလူတို့ကို သူတို့မဲဆန္ဒအားဖြင့် အုပ်ချုပ်စေဟု ကောင်းစွာဆို၏—အမှန်စင်စစ်၊ ဤလူတို့၏မဲဆန္ဒသည် ဒုစရိုက်ကိုရွေးချယ်သည့်အချိန်ကျရောက်လာလျှင်၊ ဆိုလိုသည်ကား၊ ဤလူတို့သည် လွန်ကျူးခြင်းထဲသို့ လဲကျသည့်အချိန်ကျရောက်လာလျှင်၊ ဖျက်ဆီးခံရရန်အချိန်တန်ပြီဟု သူကောင်းစွာဆိုခဲ့၏။
၂၀ ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ကိုယ်တော်ရှင်သည် သင်တို့၏ဒုစရိုက်များကို ကောင်းစွာတရားစီရင်တော်မူ၏။ သူသည် ဤလူတို့ကို မိမိကောင်းကင်တမန်တို့၏အသံအားဖြင့် ကောင်းစွာဟစ်ကြော်သည်ကား၊ သင်တို့နောင်တရကြလော့၊ နောင်တရကြလော့၊ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ။
၂၁ ထိုမှတစ်ပါး၊ သူ၏ကောင်းကင်တမန်တို့၏အသံအားဖြင့် ကောင်းစွာဟစ်ကြော်သည်ကား၊ ငါသည် လက်ထဲ၌ ဖြောင့်မှန်ခြင်းနှင့် တရားမျှတခြင်းတို့ဖြင့် ငါ၏လူတို့၌ ဆင်းလာတော်မူမည်။
၂၂ ထိုမှတစ်ပါး၊ သင်တို့ကို ငါဆိုသည်မှာ၊ ယခုအချိန်၌ ထိုပြည်တွင် ရှိလေသော ဖြောင့်မတ်သူတို့၏ဆုတောင်းခြင်းများကြောင့် မဟုတ်လေလျှင်၊ သင်တို့သည် ယခုမှာပင်၊ ရှင်းရှင်းဖျက်ဆီးခြင်းဖြင့် ဆုံးမခံရပေလိမ့်မည်။ ထိုအမှုသည် နောဧလက်ထက်က လူများကိုကဲ့သို့ ရေလွှမ်းမိုးခြင်းအားဖြင့်မဟုတ်သော်လည်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး အားဖြင့်လည်းကောင်း၊ ကာလနာဘေးနှင့် ဓားဘေးတို့အားဖြင့်လည်းကောင်း ဖြစ်ပေလိမ့်မည်။
၂၃ သို့ရာတွင်၊ ဖြောင့်မတ်သောသူတို့၏ ဆုတောင်းခြင်းများကြောင့်၊ သင်တို့သည် ချမ်းသာရ၏။ ယခုတွင်၊ သင်တို့သည် ဖြောင့်မတ်သောသူတို့ကို သင်တို့အထဲမှ နှင်ထုတ်လျှင်မူကား၊ ကိုယ်တော်ရှင်သည် မိမိလက်တော်ကို မရုပ်သိမ်းလတ္တံ့။ သို့ရာတွင်၊ သူ၏ ပြင်းစွာသောအမျက်တော်ဖြင့်၊ သင်တို့တစ်ဖက်၌ ကြွလာတော်မူလိမ့်မည်။ ထို့နောက်တွင်ကား၊ သင်တို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးအားဖြင့်လည်းကောင်း၊ ကာလနာဘေးအားဖြင့်လည်းကောင်း၊ ဓားဘေးအားဖြင့်လည်းကောင်း ဒဏ်ခတ်တော်မူခြင်းကို ခံရလိမ့်မည်။ သင်တို့နောင်တမရလျှင်၊ အချိန်ကာလသည် မကြာမြင့်မီရောက်လုနီးပေပြီ။
၂၄ ယခုမူကား၊ အချိန်တန်လာသောအခါ၊ လူတို့သည် အာမြူးလက်ကို သာ၍အမျက်ထွက်ပြီး၊ ဟစ်အော်ကြလေသည်ကား၊ ဤလူသည် ငါတို့၏ဖြောင့်မတ်သောဥပဒေများနှင့် ငါတို့ရွေးချယ်ထားသည့် ငါတို့၏ဉာဏ်ပညာရှိသောရှေ့နေများကို ဆန့်ကျင်၍ ကဲ့ရဲ့ပြောဆိုလေပြီ။
၂၅ သို့ရာတွင်၊ အာမြူးလက်သည် လက်ကို ဆန့်ပြီး၊ သူတို့ကို သာ၍ပြင်းထန်စွာအော်ဟစ်၍ဆိုလေသည်ကား၊ အို အသင် ဆိုးညစ်ပြီး၊ ဖောက်ပြန်သောအမျိုးတို့၊ စာတန်သည် သင်တို့စိတ်နှလုံးကို အဘယ်ကြောင့်၊ ကြီးစွာလွှမ်းမိုးခြင်းရှိလေပြီနည်း။ သင်တို့သည် သင်တို့ကိုယ်တိုင်ကို သူ့အား အဘယ်ကြောင့်၊ အရှုံးပေး၍၊ သင်တို့မျက်စိများကို ကွယ်စေရန်၊ သင်တို့ကို သူအစိုးရနိုင်စေပြီး၊ အမှန်တရားရှိသည့်အတိုင်းပြောထားလေသော ထိုစကားများကို နားမလည်နိုင်ဘဲရှိစေလိမ့်မည်နည်း။
၂၆ အကြောင်းမူကား၊ ရှုလော့၊ ငါသည် သင်တို့၏ဥပဒေကို ဆန့်ကျင်၍ သက်သေခံလေသလော။ သင်တို့နားမလည်ကြ။ ငါသည် သင်တို့၏ဥပဒေကို ဆန့်ကျင်၍ပြောလေပြီဟု သင်တို့ဆိုကြ၏။ သို့ရာတွင်၊ ငါသည် ထိုသို့မပြော၊ သင်တို့၏ဥပဒေကို ထောက်မ၍သာပြောလေသဖြင့်၊ သင်တို့ကို ပြစ်ဒဏ်ချမှတ်ခြင်းသို့ ရောက်စေပြီ။
၂၇ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ဤလူတို့အား ဖျက်ဆီးခြင်း၏ အုတ်မြစ်ကို သင်တို့ရှေ့နေများနှင့် သင်တို့တရားသူကြီးများ၏မတရားမှုအားဖြင့် တည်စပြုလျက်ရှိပေပြီ။
၂၈ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အာမြူးလက်သည် ဤစကားများကို ပြောလေပြီးလျှင်၊ လူတို့သည် သူ့ကိုဆို၍ ဆန့်ကျင်အော်ဟစ်လေသည်ကား၊ ယခုတွင်၊ ဤလူသည် နတ်ဆိုး၏သားဖြစ်သည်ကို ငါတို့သိပြီ။ အကြောင်းမူကား၊ သူသည် ငါတို့ကို မုသားပြော၏။ ငါတို့၏ဥပဒေကို ဆန့်ကျင်၍ ပြောလေပြီ။ ယခုမူကား၊ သူဆန့်ကျင်၍မပြောလေကြောင်း ဆို၏။
၂၉ ထိုမှတစ်ဖန်၊ သူသည် ငါတို့၏ရှေ့နေများနှင့် ငါတို့၏တရားသူကြီးများကို ဆန့်ကျင်၍ ကဲ့ရဲ့ပြောဆိုလေပြီ။
၃၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူ့ကိုဆန့်ကျင်သည့် ဤအမှုများကို သူတို့သတိရကြရမည့်အကြောင်း၊ သူတို့၏စိတ်နှလုံးထဲသို့ ရှေ့နေတို့က သွင်းထားကြ၏။
၃၁ ထို့အတူ၊ သူတို့အထဲ၌ ဇေဇရုမ်ဟုအမည်ရှိသော သူတစ်ဦးရှိလေ၏။ ယခုတွင်၊ သူသည်ကား၊ အာမြူးလက်နှင့် အယ်လမာတို့ကို စွပ်စွဲရာတွင် ရှေ့ဆုံးကဖြစ်၍၊ သူတို့၌ အကျွမ်းကျင်ဆုံးသောသူတို့မှ တစ်ဦးဖြစ်လျက်၊ လူတို့၌ ပြုစရာအမှုအရေး များစွာရှိလေ၏။
၃၂ ယခုတွင်၊ ဤရှေ့နေတို့၏ ရည်ရွယ်ချက်မှာ အကျိုးအမြတ်ရရန်ဖြစ်၏။ သူတို့အမှုဆောင်သည့်အတိုင်း အကျိုးအမြတ်ကို ရရှိကြ၏။