အခန်းကြီး ၂
အမ်လိဆိသည် ရှင်ဘုရင်ဖြစ်ရန်ကြိုးစား၏၊ လူတို့၏မဲဆန္ဒအားဖြင့် ငြင်းပယ်ခံရ၏—သူ၏နောက်လိုက်များက သူ့ကို ရှင်ဘုရင်ခန့််အပ်ကြ၏—အမ်လိဆိအမျိုးသားတို့သည် နီဖိုင်းအမျိုးသားများနှင့် စစ်တိုက်ပြီး အနိုင်ခံရကြ၏—လာမန်အမျိုးသားများနှင့် အမ်လိဆိအမျိုးသားတို့သည် အင်အားစုပူးပေါင်းပြီး၊ အနိုင်ခံရကြ၏—အယ်လမာသည် အမ်လိဆိကို ကွပ်မျက်၏။ ဘီစီ ၈၇ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့လက်ထက်ငါးနှစ်မြောက်အစတွင်၊ လူတို့၌ ငြင်းခုံခြင်း အစပြု၏။ အမ်လိဆိအမည်ရှိသော လူတစ်ဦးသည် အလွန်စဉ်းလဲပြီး၊ အထူးသဖြင့်၊ လောကီဉာဏ်ပညာ၌ ဉာဏ်ပညာရှိသောသူတစ်ဦးဖြစ်၍၊ ဂိဒေါင်ကိုဓားဖြင့်ကွပ်မျက်၍ ဥပဒေအတိုင်း သေဒဏ်ပေးခံရသောလူ၏အသင်းမှဖြစ်လျက်—
၂ ယခုတွင်၊ ဤအမ်လိဆိသည် မိမိ၏စဉ်းလဲခြင်းဖြင့် များစွာသောလူတို့ကို သူ့နောက်သို့ သွေးဆောင်ပြီးခေါ်ဆောင်သွား၍၊ အလွန်များသဖြင့် သူတို့အလွန်အားကြီးစပြု၏။ ထို့အတူ၊ သူတို့သည် အမ်လိဆိကို လူတို့အပေါ် ရှင်ဘုရင်အဖြစ်ခန့်ထားရန် ကြိုးစားစပြုကြ၏။
၃ ယခုတွင်၊ ဤအရာသည်ကား၊ အသင်းတော်၏လူများသို့၊ ထို့အတူ၊ အမ်လိဆိ၏ဖျောင်းဖျခြင်းဖြင့် သွေးဆောင်၍ခေါ်ဆောင်သွားမခံရလေသူခပ်သိမ်းသို့ နှိုးဆော်ခြင်းလည်းဖြစ်၏။ အကြောင်းမူကား၊ သူတို့၏ဥပဒေအရ၊ ထိုကဲ့သို့သောအမှုများကို လူတို့၏မဲဆန္ဒဖြင့် ခန့်ထားရမည့်အကြောင်း သူတို့သိကြ၏။
၄ ထို့ကြောင့်၊ အမ်လိဆိသည် လူတို့၏မဲဆန္ဒကို ရရှိရန် ဖြစ်နိုင်လေလျှင်၊ သူသည် ဆိုးညစ်သောသူတစ်ဦးဖြစ်သဖြင့်၊ အသင်းတော်၌ ရှိသောသူတို့၏ အခွင့်အရေးများနှင့် အထူးအခွင့်အရေးများကို ဖယ်ရှားပေလိမ့်မည်။ အကြောင်းမူကား၊ ထိုအရာမှာ ဘုရားသခင်၏ အသင်းတော်ကို ဖျက်ဆီးရန် သူ၏ရည်ရွယ်ချက်ဖြစ်လေ၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူတိုင်းသည် မိမိသဘောအတိုင်း၊ အမ်လိဆိကို နှစ်သက်၍ဖြစ်စေ၊ ဆန့်ကျင်၍ဖြစ်စေ များစွာသောငြင်းခုံခြင်းနှင့် အချင်းချင်းအံ့ဩဖွယ်သော ရန်တွေ့ခြင်းများရှိလျက်၊ သီးခြားသောအုပ်စုများအဖြစ် ထိုပြည်တစ်လျှောက်လုံး၌ သူတို့ကိုယ်သူတို့ အတူတကွစည်းဝေးကြ၏။
၆ သူတို့သည် ထိုအမှုနှင့်စပ်လျဉ်းပြီး၊ မိမိတို့ဆန္ဒကို ထုတ်ဖော်၍ပြခြင်းငှာ၊ ထိုကဲ့သို့အားဖြင့်၊ သူတို့ကိုယ်သူတို့အတူတကွ စည်းဝေးကြ၏။ ထိုအမှုများကို တရားသူကြီးတို့ရှေ့မှာ တင်ပြကြ၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောခါ၊ လူတို့၏ဆန္ဒမှာ အမ်လိဆိနှင့် ဆန့်ကျင်လျက်ရှိရာ၊ သူသည် လူတို့အပေါ် ရှင်ဘုရင်အဖြစ်ခန့်ထားမခံရ။
၈ ယခုတွင်၊ ဤအမှုသည် သူ့ကို ဆန့်ကျင်သောသူတို့၏စိတ်နှလုံးကို လွန်စွာဝမ်းမြောက်စေ၏။ သို့ရာတွင်၊ အမ်လိဆိသည် သူ့ကိုထောက်ခံသောသူတို့အား သူ့ကိုမထောက်ခံသောသူများတစ်ဖက်၌ အမျက်ထွက်စေခြင်းငှာ နှိုးဆော်၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့ကိုယ်သူတို့အတူတကွစုဝေး၍၊ အမ်လိဆိအား သူတို့ရှင်ဘုရင်အဖြစ်ခန့်ထားကြ၏။
၁၀ ယခုတွင်၊ အမ်လိဆိသည် သူတို့အပေါ်၌ ရှင်ဘုရင်အဖြစ်ခန့်ထားခံရလေလျှင်၊ သူတို့၏ညီအစ်ကိုတို့ကို ဆန့်ကျင်၍ လက်နက်စွဲကိုင်ရန် အမိန့်ပေး၏။ ဤသို့ပြုခြင်းသည်ကား၊ သူတို့ကို သူ၏ဩဇာခံဖြစ်နိုင်စေကြောင်းပင်တည်း။
၁၁ ယခုတွင်၊ အမ်လိဆိ၏လူတို့ကို အမ်လိဆိ၏အမည်အားဖြင့် ခွဲခြား၍၊ အမ်လိဆိအမျိုးသားများဟု ခေါ်၏။ ကျန်ကြွင်းသောသူများကို နီဖိုင်းအမျိုးသားများ သို့မဟုတ်၊ ဘုရားသခင်၏လူမျိုးများဟု ခေါ်၏။
၁၂ ထို့ကြောင့်၊ နီဖိုင်းအမျိုးသားတို့၏လူများသည် အမ်လိဆိအမျိုးသားတို့၏ရည်ရွယ်ချက်ကို သတိပြုမိသဖြင့်၊ ထိုသူတို့နှင့် ရင်ဆိုင်ရန် ပြင်ဆင်ကြ၏။ အထူးသဖြင့်၊ သူတို့ကိုယ်၌ ဓားများနှင့်၊ ထို့အတူ ဓားကောက်များနှင့်၊ ထို့အတူ လေးများနှင့်၊ ထို့အတူ မြားများနှင့်၊ ထို့အတူ ကျောက်ခဲများနှင့်၊ ထို့အတူ လောက်လွှဲများနှင့်၊ ထို့အတူ အမျိုးမျိုးသော စစ်တိုက်ရာလက်နက်မှန်သမျှနှင့် စွဲကိုင်စေကြ၏။
၁၃ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် အမ်လိဆိအမျိုးသားတို့လာသည့်အချိန်၌ ရင်ဆိုင်ခြင်းငှာ ပြင်ဆင်ကြ၏။ သူတို့အရေအတွက်အလိုက်၊ ခန့်အပ်ထားသော ဗိုလ်များ၊ ထို့အတူ ဗိုလ်မင်းများ၊ ထို့အတူ ဗိုလ်ချုပ်မင်းများရှိ၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အမ်လိဆိသည် မိမိလူတို့အား အမျိုးမျိုးသောစစ်တိုက်ရာလက်နက်မှန်သမျှကို စွဲကိုင်စေ၏။ သူတို့ညီအစ်ကိုများနှင့် ဆန့်ကျင်၍ စစ်တိုက်ရာတွင် ဦးဆောင်စေရန် သူ၏လူများအပေါ် အုပ်ချုပ်သူများနှင့် ခေါင်းဆောင်များကိုလည်း ခန့်အပ်၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အမ်လိဆိအမျိုးသားတို့သည် ဇရဟင်မလပြည်တစ်လျှောက်စီးဆင်းသည့် ဇိဒုန်မြစ်၏အရှေ့အရပ်ရှိ၊ အာမနိဟူတောင်ပေါ်သို့ တက်လာလျက်၊ ထိုနေရာ၌ နီဖိုင်းအမျိုးသားများနှင့် စစ်တိုက်စပြုကြ၏။
၁၆ ယခုတွင်၊ အယ်လမာသည် နီဖိုင်းလူမျိုးတို့၏ တရားသူကြီးချုပ်နှင့် အုပ်ချုပ်သူဖြစ်၍၊ ထို့ကြောင့်၊ အမ်လိဆိအမျိုးသားတို့ကို ဆန့်ကျင်၍ စစ်တိုက်ခြင်းငှာ၊ သူ့လူများနှင့်၊ အထူးသဖြင့်၊ သူ့ဗိုလ်များ၊ ဗိုလ်ချုပ်မင်းများနှင့် အမှန်စင်စစ်၊ သူ့တပ်ဦးမှနေ၍ တက်သွား၏။
၁၇ သူတို့သည်လည်း၊ ဇိဒုန်၏အရှ့အရပ်ရှိ တောင်ကုန်းပေါ်၌ အမ်လိဆိအမျိုးသားတို့ကို ကွပ်မျက်စပြု၏။ အမ်လိဆိအမျိုးသားတို့သည်လည်း နီဖိုင်းအမျိုးသားတို့ကို ကြီးစွာသောအင်အားဖြင့် တိုက်ခိုက်၍၊ နီဖိုင်းအမျိုးသားတို့မှ များစွာတို့သည် အမ်လိဆိအမျိုးသားတို့ရှေ့၌ ကျရှုံးကြ၏။
၁၈ သို့သော်လည်း၊ ကိုယ်တော်ရှင်သည် နီဖိုင်းအမျိုးသားတို့ကို ခွန်အားဖြည့်ပေးတော်မူ၍၊ အမ်လိဆိအမျိုးသားတို့ကို ကြီးစွာသော သိမ်းရုံးသတ်ဖြတ်ခြင်းဖြင့် ကွပ်မျက်သဖြင့် သူတို့ရှေ့မှ ထွက်ပြေးစပြုကြ၏။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းအမျိုးသားတို့သည် ထိုတစ်နေ့လုံး၊ အမ်လိဆိအမျိုးသားများကို လိုက်၍၊ များစွာသောသိမ်းရုံးသတ်ဖြတ်ခြင်းဖြင့် ကွပ်မျက်သဖြင့်၊ အမ်လိဆိအမျိုးသား တစ်သောင်းနှစ်ထောင်ငါးရာသုံးဆယ်နှစ်ဦး ကွပ်မျက်ခံရ၏။ နီဖိုင်းအမျိုးသား ခြောက်ထောင်ငါးရာခြောက်ဆယ်နှစ်ဦးလည်း ကွပ်မျက်ခံရ၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အယ်လမာသည် အမ်လိဆိအမျိုးသားများကိုမလိုက်နိုင်တော့လျှင်၊ နေဟော၏ ဓားဖြင့်ကွပ်မျက်ခံရသည့် ဂိဒေါင်၏အမည်အတိုင်း ခေါ်သည့် ဂိဒေါင်ချိုင့်ဝှမ်း၌၊ သူ၏လူတို့အား သူတို့တဲများကိုဆောက်စေ၏။ ဤချိုင့်ဝှမ်း၌၊ နီဖိုင်းအမျိုးသားတို့သည် သူတို့တဲများကို ညဉ့်အချိန်တွင် ဆောက်ကြ၏။
၂၁ အယ်လမာသည်လည်း အမ်လိဆိအမျိုးသားတို့၏ ကျန်ကြွင်းသောသူများနောက်သို့ လိုက်စေရန် သူလျှိုများကို စေလွှတ်သည်မှာ ထိုသူတို့၏အကြံအစည်များနှင့် ထိုသူတို့၏လျှို့ဝှက်အကြံအစည်များကို သိနိုင်ခြင်းငှာဖြစ်၏၊ ထိုကဲ့သို့အားဖြင့်၊ သူတို့တစ်ဖက်၌ မိမိကိုယ်ကို ကာကွယ်နိုင်၍၊ မိမိလူတို့အား ဖျက်ဆီးခံရခြင်းမှ ကာကွယ်စောင့်ရှောက်နိုင်ခြင်းငှာဖြစ်၏။
၂၂ ယခုတွင်၊ အမ်လိဆိအမျိုးသားများ၏တပ်စခန်းကို စောင့်ကြည့်စေခြင်းငှာ၊ စေလွှတ်ခံရသောသူများကား၊ ဇေရမ်၊ အာမနော်၊ မန်တိနှင့် လင်မဟာဟု ခေါ်သောသူများဖြစ်၏။ ဤသူတို့သည်ကား၊ အမ်လိဆိအမျိုးသားတို့၏တပ်စခန်းကို စောင့်ကြည့်စေခြင်းငှာ၊ သူတို့လူများနှင့် ထွက်သွားသောသူများဖြစ်၏။
၂၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နက်ဖြန်နေ့၌၊ သူတို့သည် ကြီးစွာအံ့ဩ၍၊ များစွာ ကြောက်ရွံ့ခြင်းဖြင့်၊ နီဖိုင်းအမျိုးသားတို့၏တပ်စခန်းသို့ ကြီးစွာသောလျင်မြန်ခြင်းဖြင့် ပြန်လာ၍ ဆိုလေသည်ကား၊
၂၄ ရှုလော့၊ ငါတို့သည် အမ်လိဆိအမျိုးသားတို့၏ ရိက္ခာတပ်နောက်သို့ လိုက်သွား၍၊ ငါတို့ကို ကြီးစွာအံ့ဩစေသည်မှာ၊ နီဖိုင်းပြည်သို့သွားရာလမ်း၊ ဇရဟင်မလပြည်အထက်၊ မိနုန်ပြည်၌ လာမန်အမျိုးသားတို့၏မြောက်မြားစွာသော ဗိုလ်ခြေတို့ကို ငါတို့မြင်ခဲ့ရ၏။ ရှုဦးလော့၊ အမ်လိဆိအမျိုးသားတို့သည် ထိုသူတို့နှင့် ပူးပေါင်းကြလေပြီ၊
၂၅ ထိုပြည်၌ ငါတို့၏ညီအစ်ကိုတို့ကို တိုက်ခိုက်လျက်ရှိ၍၊ သူတို့၏သိုးစုများ၊ သူတို့၏ဇနီးများ၊ သူတို့၏ကလေးများနှင့်အတူ ရှေ့မှနေ၍ ငါတို့မြို့ဆီသို့ ထွက်ပြေးလာကြပြီ။ ငါတို့ အလျင်အမြန်မပြုလျှင်၊ ထိုသူတို့သည် ငါတို့မြို့၏ပိုင်ဆိုင်မှုများကို ရယူ၍၊ ငါတို့၏အဘများ၊ ငါတို့၏ဇနီးများနှင့် ငါတို့၏သားသမီးများသည်လည်း ကွပ်မျက်ခံရကြပေမည်။
၂၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းလူမျိုးတို့သည် သူတို့တဲများကို ယူပြီး၊ ဂိဒေါင်ချိုင့်ဝှမ်းမှနေ၍ သူတို့၏မြို့ဖြစ်သည့် ဇရဟင်မလမြို့သို့ ထွက်ခွာသွားကြ၏။
၂၇ ရှုဦးလော့၊ ဇိဒုန်မြစ်ကို သူတို့ဖြတ်ကူးကြစဉ်တွင်၊ သမုဒ္ဒရာသဲလုံးတမျှ မြောက်မြားလှသော လာမန်အမျိုးသားများနှင့် အမ်လိဆိအမျိုးသားတို့က ဖျက်ဆီးခြင်းငှာ လာရောက်တိုက်ခိုက်ကြ၏။
၂၈ သို့သော်လည်း၊ နီဖိုင်းအမျိုးသားတို့သည် ကိုယ်တော်ရှင်၏လက်တော်အားဖြင့် ခွန်အားဖြည့်ပေးတော်မူခြင်းခံရလျက်၊ ရန်သူများလက်မှ သူတို့ကို ကယ်လွှတ်တော်မူမည့်အကြောင်း သူ့ထံသို့ စိတ်အားထက်သန်စွာဆုတောင်းကြ၏။ ထို့ကြောင့်၊ ကိုယ်တော်ရှင်က သူတို့၏တောင်းလျှောက်ခြင်းများကို ကြားတော်မူ၍၊ ခွန်အားဖြည့်ပေးတော်မူသဖြင့် လာမန်အမျိုးသားတို့နှင့် အမ်လိဆိအမျိုးသားတို့သည် သူတို့ရှေ့၌ ကျဆုံးကြ၏။
၂၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အယ်လမာသည် အမ်လိဆိနှင့် မျက်နှာချင်းဆိုင်၍ ဓားနှင့် တိုက်ခိုက်၏။ သူတို့သည် အချင်းချင်း ပြင်းထန်စွာတိုက်ခိုက်ကြ၏။
၃၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အယ်လမာသည် ဘုရားသခင်၏လူဖြစ်၍၊ များစွာသောယုံကြည်မှုဖြင့် ကျင်လည်စေလျက်၊ အို ကိုယ်တော်ရှင်၊ အကျွန်ုပ်သည် ဤလူတို့ကို ကယ်တင်၍၊ ကာကွယ်စောင့်မနိုင်စေကြောင်း၊ ကိုယ်တော်၏လက်၌ တန်ဆာတစ်ခုဖြစ်နိုင်စေခြင်းငှာ၊ ကရုဏာထားတော်မူ၍၊ အကျွန်ုပ်အသက်ကို ချမ်းသာပေးတော်မူပါဟုဆို၍ တောင်းလျှောက်၏။
၃၁ ယခုတွင်၊ အယ်လမာသည် ဤစကားများကို ပြောပြီးလေလျှင်၊ အမ်လိဆိနှင့် တစ်ဖန်တိုက်ခိုက်၏။ သူသည်လည်း ခွန်အားဖြည့်ခြင်းခံရသဖြင့် အမ်လိဆိကို ဓားဖြင့် ကွပ်မျက်၏။
၃၂ သူသည် လာမန်အမျိုးသားတို့၏မင်းကြီးနှင့်လည်း တိုက်ခိုက်၏။ သို့ရာတွင်၊ လာမန်အမျိုးသားတို့၏မင်းကြီးသည် အယ်လမာရှေ့မှ နောက်ကိုပြန်၍ထွက်ပြေးပြီး၊ သူ၏ကိုယ်ရံတော်များကို အယ်လမာနှင့် တိုက်ခိုက်စေရန် စေလွှတ်၏။
၃၃ သို့ရာတွင်၊ အယ်လမာသည် သူ့ကိုယ်ရံတော်များနှင့်အတူ၊ လာမန်အမျိုးသားတို့မင်းကြီး၏ကိုယ်ရံတော်များကို တိုက်ခိုက်ရာ ထိုသူတို့ကို ကွပ်မျက်၍၊ ပြန်လည်နှင်ထုတ်သည့်တိုင်အောင်ပင်တည်း။
၃၄ ထိုကဲ့သို့အားဖြင့်၊ သူသည် မြေကြီးကို၊ အထူးအားဖြင့်၊ ဇိဒုန်မြစ်၏အနောက်ဘက် ကမ်းပါးကို ရှင်းလင်း၏။ ကွပ်မျက်ခံရလေသည့် လာမန်အမျိုးသားတို့၏ကိုယ်ခန္ဓာတို့ကို ဇိဒုန်မြစ်ရေထဲသို့ ပြစ်ချလျက်၊ ထို့ကဲ့သို့ပြုခြင်းအားဖြင့်၊ သူ၏လူတို့ဖြတ်ကူးရန် နေရာရပြီး၊ ဇိဒုန်မြစ်၏အနောက်ဘက်ကမ်း၌ လာမန်အမျိုးသားတို့နှင့် အမ်လိဆိအမျိုးသားတို့ကို တိုက်ခိုက်နိုင်ခြင်းငှာဖြစ်၏။
၃၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဇိဒုန်မြစ်ကို သူတို့အားလုံး ဖြတ်ကူးပြီးလေလျှင်၊ လာမန်အမျိုးသားတို့နှင့် အမ်လိဆိအမျိုးသားတို့သည် မရေတွက်နိုင်လောက်အောင် အလွန်မြောက်မြားလှသော်ငြားလည်း သူတို့ရှေ့မှ ထွက်ပြေးစပြုကြ၏။
၃၆ သူတို့သည် နီဖိုင်းအမျိုးသားတို့ရှေ့မှထွက်ပြေး၍ ပြည်၏နယ်နိမိတ်ထက်သာ၍ဝေးသော၊ အနောက်မြောက်အရပ်ရှိ တောရိုင်းဆီသို့ပြေးကြ၏။ နီဖိုင်းအမျိုးသားတို့သည်လည်း သူတို့ကို အစွမ်းသတ္တိရှိသမျှနှင့် လိုက်၍၊ ကွပ်မျက်ကြ၏။
၃၇ ထိုမှတစ်ပါး၊ သူတို့သည် အရပ်ရပ်၌ ရင်ဆိုင်ရ၍၊ ကွပ်မျက်ခံရ၏၊ အနောက်အရပ်နှင့် မြောက်အရပ်တို့၌ ကွဲပြားပြန့်ကျဲသည့်တိုင်အောင်၊ ဟာမောင့်ဟုခေါ်သည့် တောရိုင်းသို့ ရောက်လေသည့်တိုင်အောင် နှင်ထုတ်ခံရ၏။ ထိုအရပ်သည်ကား၊ ရိုင်းစိုင်းပြီး အလွန်ဆာလောင်မွတ်သိပ်သည့်သားရဲတို့ ထကြွသည့် တောရိုင်း၏အစိတ်အပိုင်းလည်းဖြစ်လေ၏။
၃၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ များစွာသောသူတို့သည် ဒဏ်ရာများကြောင့် တောရိုင်းထဲ၌ သေ၍၊ ထိုသားရဲများနှင့် မိုးကောင်းကင်မှလင်းတတို့၏ ကိုက်စားခြင်းကို ခံရလေ၏။ သူတို့၏ အရိုးများကိုလည်း၊ တွေ့ရပြီး၊ မြေကြီးပေါ်၌ စုပုံလျက်ရှိလေသတည်း။