အမ္မုန်နိဟပြည်၌ရှိသောလူတို့အား ဟောကြားသည့် အယ်လမာ၏စကားများနှင့် ထို့အတူ အာမြူးလက်၏စကားများ။ သူတို့သည်လည်း ထောင်ထဲ၌လှောင်ထားခံရ၍ သူတို့အထဲ၌ရှိသည့် ဘုရားသခင်၏ အလွန်တရာအံ့ဩဖွယ်ကောင်းသောတန်ခိုးတော်အားဖြင့်၊ ကယ်လွှတ်တော်မူခြင်းကို ခံရလေ၏။ ဤအရာတို့သည်ကား၊ အယ်လမာ၏မှတ်တမ်းအတိုင်း ဖြစ်ပေ၏။
အခန်းကြီး ၉ မှ ၁၄ အထိဖွဲ့စည်းပါဝင်၏။
အခန်းကြီး ၉
အယ်လမာသည် အမ္မုန်နိဟ၏လူတို့အား နောင်တရရန် မိန့်မှာ၏—နောက်ဆုံးသောကာလ၌ ကိုယ်တော်ရှင်သည် လာမန်အမျိုးသားတို့ကို ကရုဏာကြီးတော်မူလိမ့်မည်—နီဖိုင်းအမျိုးသားတို့သည် အလင်းကို စွန့်ပစ်လျှင်၊ လာမန်အမျိုးသားတို့အားဖြင့် ဖျက်ဆီးခံရလိမ့်မည်—ဘုရားသခင်၏သားတော်သည် မကြာမြင့်မီ ကြွလာတော်မူလိမ့်မည်—သူသည် နောင်တရသော၊ ဗတ္တိဇံခံသော၊ သူ၏နာမတော်ကို ယုံကြည်သောသူများကို ရွေးနှုတ်တော်မူလိမ့်မည်။ ဘီစီ ၈၂ ခန့်။
၁ ထိုမှတစ်ဖန်၊ ငါ၊ အယ်လမာသည်၊ အာမြူးလက်ကို ငါခေါ်၍ သွားပြီး၊ ဤလူများ သို့မဟုတ်၊ အမ္မုန်နိဟမြို့၌ရှိသောလူတို့အား၊ တစ်ဖန်ဟောပြောရမည်ဟု ဘုရားသခင်၏မိန့်မှာတော်မူခြင်းကို ခံရလေသောကြောင့်၊ အချိန်တန်လာသောအခါ၊ သူတို့ကို ဟောပြောရန် အစပြုလေလျှင်၊ ငါ့ကို သူတို့ရန်တွေ့စပြု၍ ဆိုလေသည်ကား၊
၂ အသင်သည် အဘယ်သူနည်း။ မြေကြီးကွယ်ပျောက်သွားလိမ့်မည်ဟု လူတစ်ဦးက ငါတို့ကို ဟောပြောသော်လည်း၊ ငါတို့သည် ထိုသူ၏သက်သေခံချက်ကို ယုံကြည်လိမ့်မည်ဟု သင်ထင်မှတ်သလော။
၃ ယခုတွင်၊ သူတို့သည် ကိုယ်ပြောသည့်စကားကို နားလည်ခြင်းမရှိကြ။ အကြောင်းမူကား၊ မြေကြီးကွယ်ပျောက်သွားလိမ့်မည်ကို သူတို့သိခြင်းမရှိကြ။
၄ သူတို့တစ်ဖန်ပြောလေသည်ကား၊ တစ်နေ့တည်းတွင် ဤမြို့ကြီးဖျက်ဆီးခံရလိမ့်မည်ဟု သင်ပရောဖက်ပြု၍ဟောသော်လည်း၊ သင်၏စကားများကို ငါတို့ယုံကြည်လိမ့်မည်မဟုတ်။
၅ ယခုတွင်၊ ထိုကဲ့သို့အံ့ဩဖွယ်ကောင်းသောအမှုများကို ဘုရားသခင်ပြုနိုင်တော်မူကြောင်း သူတို့သိခြင်းမရှိကြ။ အကြောင်းမူကား၊ သူတို့သည် စိတ်နှလုံးမာကျော၍၊ လည်ပင်းခိုင်မာသောလူများဖြစ်ကြ၏။
၆ ထိုကဲ့သို့သော ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအရာတို့၏အမှန်တရားကို သူတို့အား ဟောကြားစေရန် အခွင့်အာဏာကို ဤလူတို့၌ လူတစ်ဦးထက်ပိုပြီး မလွှဲအပ်သည့် ဘုရားသခင်သည်ကား၊ အဘယ်သူနည်းဟုလည်း သူတို့ဆိုလေ၏။
၇ သူတို့သည် ငါ့ကို ဖမ်းဆီးခြင်းငှာ ရှေ့တိုးလာကြ၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့ မဖမ်းဆီးကြ။ ငါသည်လည်း သူတို့ကို ဟောကြားခြင်းငှာ၊ ရဲရင့်စွာရပ်၍၊ ထိုမှတစ်ပါး၊ သူတို့ကို ရဲရင့်စွာ သက်သေခံ၍ ဆိုလေသည်ကား၊
၈ ရှုလော့၊ အို အသင် ဆိုးညစ်ပြီး၊ ဖောက်ပြန်သောအမျိုးတို့၊ အသင်တို့သည် သင်တို့ဘိုးဘေးတို့၏ နည်းဥပဒေသများကို မေ့ကြလေပြီတကား။ ထိုမှတစ်ပါး၊ သင်တို့သည် ဘုရားသခင်၏ပညတ်တော်တို့ကို လျင်မြန်စွာ မေ့ကြလေပြီတကား။
၉ ငါတို့အဘလေဟိသည် ဘုရားသခင်၏လက်တော်အားဖြင့် ယေရုရှလင်မြို့မှဝေးရာသို့ ဆောင်ယူတော်မူခြင်းခံရလေကြောင်း သင်တို့မအောက်မေ့ကြသလော။ သူတို့အားလုံး သူ့အားဖြင့် တောရိုင်းတစ်လျှောက်ပို့ဆောင်တော်မူခြင်းခံရလေကြောင်း သင်တို့မအောက်မေ့ကြသလော။
၁၀ ထို့အတူ၊ သူသည် ငါတို့ဘိုးဘေးတို့ကို သူတို့၏ရန်သူများလက်မှ အကြိမ်များစွာ ကယ်လွှတ်တော်မူခဲ့ပြီး၊ သူတို့ညီအစ်ကိုများ၏လက်ဖြင့် ဖျက်ဆီးခံရခြင်းမှပင် ကာကွယ်စောင့်မတော်မူခဲ့ကြောင်းကို သင်တို့အလွန်လျင်မြန်စွာမေ့ကြလေသလော။
၁၁ ထိုမှတစ်ပါး၊ သူ၏အတုမရှိသောတန်ခိုးတော်၊ သူ၏ကရုဏာတော်နှင့် သူ၏စိတ်ရှည်တော်မူခြင်းတို့ ငါတို့ထံသို့ မရှိလေလျှင်၊ ငါတို့သည် ယခုအချိန်မတိုင်မီကြာမြင့်စွာကတည်းက မြေကြီးမျက်နှာပြင်မှ ပယ်ရှင်းခြင်းကို ရှောင်လွှဲ၍ မရနိုင်ဘဲ ခံရပြီးဖြစ်လေ၍ အဆုံးမရှိသည့်ဝမ်းနည်းပူဆွေးမှုနှင့် အမင်္ဂလာသို့ လွှဲအပ်ခြင်းကို ခံရကောင်း ခံရပြီးဖြစ်လေမည်။
၁၂ ရှုလော့၊ ယခုတွင် သင်တို့ကို ငါဆိုသည်ကား၊ နောင်တရစေခြင်းငှာ သင်တို့ကို သူမိန့်မှာတော်မူ၏။ သင်တို့သည်လည်း နောင်တမရလျှင်၊ ဘုရားသခင်၏နိုင်ငံတော်ကို အလျှင်းအမွေမခံနိုင်ကြ။ သို့ရာတွင်၊ ရှုလော့၊ ဤအရာသည်ကား၊ အလုံးစုံမဟုတ်သေး—နောင်တရစေခြင်းငှာ သင်တို့ကို သူမိန့်မှာတော်မူလေပြီး၊ သို့မဟုတ်လျှင်၊ သင်တို့ကို မြေကြီးမျက်နှာပြင်မှ ရှင်းရှင်းဖျက်ဆီးတော်မူလိမ့်မည်။ ထိုမှတစ်ပါး၊ သင်တို့ကို အမျက်တော်ဖြင့် ဆုံးမ၍၊ သူ၏ပြင်းစွာသောအမျက်တော်သည် မငြိမ်းလတ္တံ့။
၁၃ ရှုလော့၊ သင်တို့သည် ငါ၏ပညတ်တော်များကို စောင့်ထိန်းသမျှ ထိုပြည်၌ အောင်မြင်လိမ့်မည်ဟု ဆို၍ ငါတို့အဘလေဟိကို သူမိန့်တော်မူကြောင်း သင်တို့ သတိမရသလော။ သင်တို့သည် ငါ၏ပညတ်တော်များကို မစောင့်ထိန်းသမျှ ကိုယ်တော်ရှင်၏မျက်မှောက်မှ ပယ်ရှင်းခံရလိမ့်မည်ဟု တစ်ဖန်မိန့်တော်မူ၏။
၁၄ ယခုတွင်၊ လာမန်အမျိုးသားတို့သည် ဘုရားသခင်၏ပညတ်တော်များကို မစောင့်ထိန်းလေ၍၊ ကိုယ်တော်ရှင်၏မျက်မှောက်မှ ပယ်ရှင်းခံရလေကြောင်း သင်တို့သတိရစေရန် ငါအလိုရှိ၏။ ယခုတွင်၊ ဤအမှုနှင့်စပ်လျဉ်း၍၊ ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကား၊ ပြည့်စုံလေပြီဖြစ်ကြောင်း ငါတို့သိမြင်ရပြီး၊ လာမန်အမျိုးသားတို့သည် ထိုပြည်၌ သူတို့၏လွန်ကျူးခြင်းများ အစပြုစဉ်ကတည်းက သူ၏မျက်မှောက်မှ ပယ်ရှင်းခံရကြလေပြီ။
၁၅ သို့သော်လည်း၊ သင်တို့ကို ငါဆိုသည်မှာ၊ သင်တို့သည် သင်တို့၏အပြစ်များ၌ ဆက်၍ရှိနေကြလျှင်၊ တရားစီရင်တော်မူရာနေ့၌၊ သူတို့အတွက်မူကား၊ သင်တို့အတွက်ထက် သာ၍သည်းခံနိုင်ဖွယ်၊ ထိုမှတစ်ပါး၊ သင်တို့သည် နောင်တမရလျှင်၊ သူတို့အတွက်မူကား၊ ယခုဘဝ၌၊ သင်တို့အတွက်ထက်၊ သာ၍သည်းခံနိုင်လောက်ဖွယ် ဖြစ်ပေလိမ့်မည်။
၁၆ အကြောင်းမူကား၊ လာမန်အမျိုးသားများသို့ ပေးထားတော်မူသော ကတိတော်များစွာရှိ၏။ သူတို့ကို အသိတရားမဲ့ခြင်းအခြေအနေ၌ ဆက်၍တည်ရှိစေသည့် သူတို့ဘိုးဘေးတို့၏ နည်းဥပဒေသများကြောင့်၊ ထိုအမှု ဖြစ်ရလေ၏။ ထို့ကြောင့်၊ ကိုယ်တော်ရှင်သည် သူတို့ကို ကရုဏာကြီးတော်မူ၍၊ ထိုပြည်၌ သူတို့၏အသက်တာကို ရှည်စေတော်မူလိမ့်မည်။
၁၇ အချို့သောအချိန်ကာလများတွင်၊ သူတို့သည် သူ၏နှုတ်ကပတ်တော်ကို ယုံကြည်စေရန်နှင့် သူတို့ဘိုးဘေးတို့၏နည်းဥပဒေသများ၏မမှန်ခြင်းကို သိစေရန် ဆောင်ခြင်းခံရ၍၊ သူတို့မှ များစွာသောသူတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပေလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူ၏နာမတော်အား ပဌနာပြုသောသူမှန်သမျှကို ကရုဏာကြီးတော်မူလိမ့်မည်။
၁၈ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် သင်တို့၏ဆိုးညစ်ခြင်း၌ ဆက်၍ပြုမြဲပြုကြမည်ဆိုလျှင်၊ ထိုပြည်၌ သင်တို့၏အသက်တာရှည်လိမ့်မည်မဟုတ်။ အကြောင်းမူကား၊ သင်တို့ကို တိုက်ခိုက်စေရန် လာမန်အမျိုးသားတို့ကို စေလွှတ်တော်မူလိမ့်မည်။ ထို့အတူ၊ သင်တို့သည် နောင်တရခြင်းမရှိလျှင်၊ သင်တို့မသိသည့်အချိန်၌ လာမန်အမျိုးသားတို့ရောက်လာ၍၊ ရှင်းရှင်းဖျက်ဆီးခြင်းဖြင့် ဆုံးမခံရလိမ့်မည်။ ထိုအမှုသည်လည်း၊ ကိုယ်တော်ရှင်၏ပြင်းစွာသောအမျက်တော်အတိုင်း ဖြစ်လိမ့်မည်။
၁၉ အကြောင်းမူကား၊ သူ၏လူတို့ကို ဖျက်ဆီးရန် သင်တို့ကို သင်တို့၏ဒုစရိုက်များ၌ ရှိနေကြစေခြင်းငှာ သူအခွင့်မပေးလတ္တံ့။ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ နီဖိုင်းလူမျိုးဟုခေါ်သည့် သူ၏လူတို့ကို လာမန်အမျိုးသားတို့ဖျက်ဆီးနိုင်စေခြင်းငှာ သူသာ၍အခွင့်ပေးလိုသည်မှာ သူတို့သည် အပြစ်များနှင့် လွန်ကျူးခြင်းများထဲသို့ လဲကျနိုင်မည်ဆိုလျှင်၊ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်၏အကြောင်းကို သူတို့အား ပေးထားသည့် များစွာသောအလင်းနှင့် များစွာသောအသိပညာရှိနေကြပြီးနောက်မှ၊
၂၀ ထိုမှတစ်ပါး၊ ဤမျှအထိ ကိုယ်တော်ရှင်အလွန်နှစ်သက်တော်မူသောလူမျိုးများ ဖြစ်လေပြီးနောက်မှ၊ အမှန်စင်စစ်၊ အခြားသောပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကိုပြောသူ၊ သို့မဟုတ်၊ လူမျိုးမှန်သမျှထက် နှစ်သက်တော်မူခြင်းကို ခံထားရလေပြီးနောက်မှ၊ ဖြစ်လေပြီးသော၊ ဖြစ်လျက်ရှိသော၊ ဖြစ်လတ္တံ့သော အရာခပ်သိမ်းတို့ကို သူတို့၏ဆန္ဒ၊ သူတို့၏ယုံကြည်ခြင်းနှင့် ဆုတောင်းခြင်းများအတိုင်း ဖော်ပြထားလေပြီးနောက်မှ၊
၂၁ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် အကြည့်အရှုကြွလာတော်မူခြင်းကို ခံရလျက်၊ ကောင်းကင်တမန်နှင့် စကားပြောလျက်၊ ကိုယ်တော်ရှင်၏အသံအားဖြင့် ဟောတော်မူခြင်းကို ခံထားရလျက်၊ ထို့အတူ၊ ပရောဖက်ပြုဟောသောဝိညာဉ်နှင့်၊ ဗျာဒိတ်တော်ဝိညာဉ်ရှိလျက်၊ များစွာသောဆုကျေးဇူးများဖြစ်သည့်၊ အခြားသောဘာသာစကားများဖြင့် ပြောခြင်းဆုကျေးဇူး၊ ဟောပြောခြင်းဆုကျေးဇူး၊ သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးနှင့် ဘာသာပြန်ခြင်းဆုကျေးဇူးတို့လည်းရှိလျက်၊
၂၂ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်၏လက်အားဖြင့်၊ ယေရုရှလင်နယ်မြေမှ ဘုရားသခင်ကယ်လွှတ်တော်မူလေပြီးနောက်မှ၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ဖျားနာခြင်းဘေးနှင့် အမျိုးမျိုးသောရောဂါမှန်သမျှတို့မှ ကယ်တင်ခြင်းကို ခံရလျက်၊ သူတို့သည် ဖျက်ဆီးခြင်းကို မခံရစေကြောင်း အားကြီး၍လာခဲ့ပြီးနောက်မှ၊ ကျွန်ခံရာမှ တစ်ကြိမ်ပြီးတစ်ကြိမ်၊ ဆောင်ယူတော်မူခြင်းကို ခံရလျက်၊ ယခုတိုင်အောင် ထိန်းသိမ်း၍၊ ကာကွယ်စောင့်မတော်မူခြင်းကို ခံရလေပြီးနောက်မှ ဖြစ်လေသတည်း။ သူတို့သည်လည်း၊ အမျိုးမျိုးသောအရာတို့ဖြင့် ကြွယ်ဝသည့်တိုင်အောင် အောင်မြင်ကြ၏—
၂၃ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ ကိုယ်တော်ရှင်၏လက်တော်မှ များစွာသောကောင်းချီးမင်္ဂလာများကို ရရှိလေပြီးသောဤလူတို့သည် သူတို့၌ရှိထားပြီးဖြစ်လေသည့် အလင်းနှင့် အသိပညာကို ဆန့်ကျင်ပြီး၊ လွန်ကျူးကြလျှင်၊ သင်တို့ကို ငါဆိုသည်ကား၊ ဤကဲ့သို့သောအခြေအနေမျိုးဖြစ်လျှင်၊ လွန်ကျူးခြင်းထဲသို့ သူတို့လဲကျလျှင်၊ လာမန်အမျိုးသားတို့အတွက်မူကား၊ ထိုသူတို့အတွက်ထက် သာ၍ အတိုင်းထက်အလွန်သည်းခံနိုင်ဖွယ်ဖြစ်ပေလိမ့်မည်။
၂၄ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်၏ကတိတော်များကို လာမန်အမျိုးသားတို့အား ပေးထားလေ၏။ သို့ရာတွင်၊ သင်တို့လွန်ကျူးကြလျှင်၊ သင်တို့ထံသို့ပေးမည်မဟုတ်။ အကြောင်းမူကား၊ သင်တို့သည် သူ့ကိုဆန့်ကျင်၍ ပုန်ကန်မည်ဆိုလျှင်၊ မြေကြီးမျက်နှာပြင်မှ ရှင်းရှင်းဖျက်ဆီးခံရမည်ကို ကိုယ်တော်ရှင်အတည့်အလင်း ကတိပေးထား၍၊ ခိုင်မြဲစွာ စီရင်ဆုံးဖြတ်ထားခြင်း မရှိလေသလော။
၂၅ ယခုမူကား၊ ဖျက်ဆီးခြင်းကို သင်တို့မခံရစေခြင်းငှာဟူသော ဤအကြောင်းကြောင့်၊ ကိုယ်တော်ရှင်သည် သူ၏ကောင်းကင်တမန်တို့ကို သူ၏များစွာသောလူတို့ထံသို့ အကြည့်အရှုကြွရောက်စေခြင်းငှာ၊ စေလွှတ်တော်မူ၍၊ သူတို့အား ဟောကြားလျက်၊ သူတို့က ဤလူတို့ထံသွားပြီးဆို၍ ဟစ်ကြော်ရမည်ကား၊ သင်တို့ နောင်တရကြလော့။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် နီးကပ်လာပေပြီ။
၂၆ ယခုအချိန်မှစ၍၊ များစွာသောနေ့များမကြာမီတွင်လည်း၊ ဘုရားသခင်၏သားတော်သည် မိမိဘုန်းတော်ကိုဆောင်၍ ကြွလာတော်မူလိမ့်မည်။ သူ၏ဘုန်းတော်သည်ကား၊ ကျေးဇူးတော်၊ ဖြောင့်မှန်ခြင်း၊ သမ္မာတရားတို့နှင့်ပြည့်သည့်၊ သည်းခံခြင်း၊ ကရုဏာတော်၊ စိတ်ရှည်ခြင်းတို့နှင့်ပြည့်သည့် ဘုရားသခင်၏ တစ်ပါးတည်းသော သားတော်၏ ဘုန်းတော်ဖြစ်၍၊ သူ့လူမျိုးတို့၏တောင်းလျှောက်ခြင်းကို နားညောင်းတော်မူရာ၌ လည်းကောင်း၊ သူတို့၏ဆုတောင်းခြင်းများကို ဖြေကြားတော်မူရာ၌ လည်းကောင်း၊ လျင်မြန်၏။
၂၇ ရှုဦးလော့၊ သူ၏နာမတော်၌ယုံကြည်ခြင်းအားဖြင့်၊ နောင်တရခြင်းအလို့ငှာ၊ ဗတ္တိဇံခံမည့်သူတို့ကို ရွေးနှုတ်တော်မူခြင်းငှာ၊ သူကြွလာတော်မူ၏။
၂၈ ထို့ကြောင့်၊ ကိုယ်တော်ရှင်၏လမ်းကို ပြင်ဆင်ကြလော့၊ အကြောင်းမူကား၊ ခပ်သိမ်းသော လူသားတို့သည် ရှိကြပြီးလေသည့်အတိုင်း၊ မိမိတို့အကျင့်များ၏အကျိုးကျေးဇူးကို ရိတ်သိမ်းရမည့်အချိန်သည် နီးကပ်လာပေပြီ—ထိုသူတို့သည် ဖြောင့်မတ်လျက်ရှိကြလေလျှင်၊ ယေရှုခရစ်တော်၏တန်ခိုးတော်နှင့် ကယ်လွှတ်ခြင်းတို့အတိုင်း၊ မိမိတို့စိတ်ဝိညာဉ်များ၏ ကယ်တင်ခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဆိုးလျက်ရှိလေလျှင်လည်း၊ နတ်ဆိုး၏တန်ခိုးနှင့် ဖမ်းဆီးချုပ်နှောင်ခြင်းတို့အတိုင်း၊ သူတို့ဝိညာဉ်များ၏အပြစ်ဒဏ်ရောက်ခြင်းကို ရိတ်သိမ်းရလိမ့်မည်။
၂၉ ယခုတွင်၊ ရှုလော့၊ ဤအရာသည်ကား၊ လူတို့ကို ဟစ်ကြော်လျက်ရှိသည့် ကောင်းကင်တမန်၏အသံဖြစ်၏။
၃၀ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့သည် ငါ၏ညီအစ်ကိုများဖြစ်၍၊ ချစ်ခြင်းကို ခံသင့်လျက်၊ နောင်တရခြင်းနှင့်ထိုက်တန်သည့် အကျင့်တို့ကို ဖြစ်စေသင့်သည်မှာ၊ သင်တို့စိတ်နှလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်၍ အလွန်မာကျောလေသောကြောင့်၊ ထို့အတူ သင်တို့သည် ပျောက်ဆုံးပြီး၊ ကျရှုံးသည့်လူများဖြစ်ကြသောကြောင့်ပေတည်း။
၃၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ငါအယ်လမာသည် ဤစကားများကို ပြောလေပြီးလျှင်၊ ရှုလော့၊ သူတို့သည် စိတ်နှလုံးမာကျောပြီး၊ လည်ပင်းခိုင်မာသောလူများဖြစ်ကြသည်ဟု ဆိုသောကြောင့် ငါ့ကို လူတို့အမျက်ထွက်ကြ၏။
၃၂ သူတို့သည် ပျောက်ဆုံးပြီး၊ ကျရှုံးသည့်လူများဖြစ်၏ဟု ငါဆိုသောကြောင့်လည်း ငါ့ကို အမျက်ထွက်၍၊ ထောင်ထဲ၌လှောင်ထားခြင်းငှာ၊ ဖမ်းဆီးရန် ကြိုးစားအားထုတ်ကြ၏။
၃၃ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ ထိုကာလ၌ ငါ့ကိုဖမ်းဆီး၍၊ ထောင်ထဲ၌လှောင်ထားစေကြောင်း သူတို့ကို ကိုယ်တော်ရှင်အခွင့်ပေးတော်မမူခဲ့။
၃၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာမြူးလက်သည်လည်းထွက် သွား၍ရပ်ပြီး၊ သူတို့ကို ဟောပြောခြင်းငှာ အစပြု၏။ ယခုမူကား၊ အာမြူးလက်၏စကားများကို အလုံးစုံရေးထားခြင်းမဟုတ်။ သို့သော်လည်း၊ သူ့စကားများ၏တစ်စိတ်တစ်ပိုင်းကို ဤကျမ်း၌ ရေးထား၏။