အခန်းကြီး ၃၀
အန္တိခရစ်၊ ကော်ရိဟောသည် ခရစ်တော်ကို၊ အပြစ်ဖြေခြင်းမင်္ဂလာကို၊ ထို့အတူ ပရောဖက်ပြုဟောသောဝိညာဉ်ကို လှောင်ပြောင်သရော်၏—သူသည် ဘုရားသခင်မရှိ၊ လူသား၏ကျရှုံးခြင်းမရှိ၊ အပြစ်အတွက် ပြစ်ဒဏ်မရှိ၊ ခရစ်တော်လည်းမရှိဟု သွန်သင်၏—အယ်လမာသည် ခရစ်တော်ကြွလာတော်မူမည်ကိုလည်းကောင်း၊ ဘုရားသခင်ရှိတော်မူကြောင်း၊ အရာခပ်သိမ်းတို့က ရည်ညွှန်းသည်ကိုလည်းကောင်း သက်သေခံ၏—ကော်ရိဟောသည် နိမိတ်လက္ခဏာကို တောင်းဆို၍၊ ထိခိုက်ခံရပြီး ဆွံ့အသွား၏—နတ်ဆိုးသည် ကော်ရိဟောထံသို့ ကောင်းကင်တမန်၏အသွင်ဖြင့် ပေါ်လာပြီး၊ အဘယ်သို့ပြောရမည်ကို သွန်သင်၏—ကော်ရိဟောသည် နင်းချေခံရပြီးသေ၏။ ဘီစီ ၇၆–၇၄ ခန့်။
၁ ရှုလော့၊ ယခုတွင်၊ အချိန်တန်လာသောအခါ၊ ယေရှုန်ပြည်၌ အမ္မုန်အမျိုးသားတို့ကို တည်ထောင်လေပြီးနောက်တွင်၊ ထိုမှတစ်ပါး၊ လာမန်အမျိုးသားတို့သည်လည်း ထိုပြည်မှ နှင်ထုတ်ခံရ၍၊ သူတို့၏အသေကောင်တို့ကိုလည်း ထိုပြည်မှလူတို့ သင်္ဂြိုဟ်ပြီးနောက်တွင်—
၂ ယခုတွင်၊ အရေအတွက်များလှခြင်းကြောင့် သူတို့၏အသေကောင်များကို ရေတွက်မထား။ နီဖိုင်းအမျိုးသားတို့၏ အသေကောင်များကိုလည်း ရေတွက်မထားပေ—သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ သူတို့၏အသေကောင်များကို သူတို့သင်္ဂြိုဟ်ပြီးနောက်တွင်၊ ထို့အတူ၊ အစာရှောင်ရာ၊ ငိုကြွေးမြည်တမ်းရာနှင့် ဆုတောင်းရာနေ့များနောက်တွင် (ထိုအမှုသည်ကား၊ နီဖိုင်းလူမျိုးတို့၌ တရားသူကြီးများအုပ်စိုးခြင်းတစ်ဆယ့်ခြောက်နှစ်မြောက်၌ ဖြစ်လေ၏) ထိုပြည်တစ်လျှောက်လုံး၌ အဆက်မပြတ်ငြိမ်းချမ်းခြင်းရှိစပြု၏။
၃ ထိုမှတစ်ပါး၊ လူမျိုးတို့သည် ကိုယ်တော်ရှင်၏ပညတ်တော်များကို စောင့်ထိန်းရန် အားထုတ်ကြ၏။ သူတို့သည် မောရှေ၏ပညတ်တရားအတိုင်း ဘုရားသခင်၏ ဘိသိက်မင်္ဂလာများကို ကျင့်စောင့်ရာ၌ တင်းကျပ်စွာပြုကြ၏။ အကြောင်းမူကား၊ သူတို့သည် မောရှေ၏ပညတ်တရားကို ပြီးပြည့်စုံစေသည်တိုင်အောင် စောင့်ထိန်းရန် သွန်သင်ခံရလေ၏။
၄ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများ အုပ်စိုးခြင်း တစ်ဆယ့်ခြောက်နှစ်မြောက် တစ်နှစ်လုံးတွင်၊ လူတို့၌ နှောင့်ယှက်ခြင်းမရှိခဲ့။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်းတစ်ဆယ်ခုနစ် နှစ်မြောက်စတင်ချိန်တွင်၊ အဆက်မပြတ် ငြိမ်းချမ်းခြင်း ရှိလေ၏။
၆ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ တစ်ဆယ်ခုနစ်နှစ်မြောက်နှစ်၏ နောက်ဆုံးပိုင်းကာလတွင်၊ ဇရဟင်မလပြည်ထဲသို့ လူတစ်ဦးရောက်လာပြီး၊ ထိုသူမှာ အန္တိခရစ်ဖြစ်၏။ အကြောင်းမူကား၊ ထိုသူသည် ခရစ်တော်ကြွလာတော်မူခြင်းအကြောင်း၊ ပရောဖက်တို့ဟောပြောထားသည့် ပရောဖက်ပြုဟောချက်များကို ဆန့်ကျင်၍ လူတို့အား ဟောပြောစပြု၏။
၇ ယခုတွင်၊ လူသား၏ယုံကြည်မှုနှင့်ဆန့်ကျင်၍၊ ဥပဒေမရှိ။ အကြောင်းမူကား၊ လူသားတို့ကို မတူညီသောအခြေအနေသို့ ရောက်စေသည့် ဥပဒေရှိရမည်ဆိုလျှင်၊ ဘုရားသခင်၏ပညတ်တော်များနှင့် လုံးဝဆန့်ကျင်၏။
၈ ကျမ်းစာလာသည်ကား၊ သင်တို့သည် အဘယ်သူ့ကို အစေခံမည်ကို ယနေ့ရွေးကြလော့။
၉ ယခုတွင်၊ လူသားသည် ဘုရားသခင်ကို အစေခံရန် အလိုရှိလျှင်၊ ယင်းသည်ကား ထိုသူ၏ အထူးအခွင့်အရေးဖြစ်၏။ ပို၍တိတိကျကျဆိုရသော်၊ ထိုသူသည် ဘုရားသခင်ကို ယုံကြည်လျှင်၊ ယင်းသည်ကား၊ သူ့ကို အစေခံရန် ထိုသူ၏အထူးအခွင့်အရေး ဖြစ်၏။ သို့ရာတွင်၊ သူ့ကိုမယုံကြည်လျှင်၊ ထိုသူကို အပြစ်ဒဏ်ပေးရန် ဥပဒေမရှိ။
၁၀ သို့ရာတွင်၊ ထိုသူသည် လူ့အသက်ကို သတ်လျှင်၊ သေခြင်းသို့တိုင် အပြစ်ဒဏ်ပေးခံရ၏။ လုယူလျှင်လည်း အပြစ်ဒဏ်ပေးခံရ၏။ ခိုးယူလျှင်လည်း အပြစ်ဒဏ်ပေးခံရ၏။ သူ့သားမယားအား ပြစ်မှားခြင်းကို ကျူးလွန်လျှင်လည်း အပြစ်ဒဏ်ပေးခံရ၏။ အမှန်စင်စစ်၊ ဤခပ်သိမ်းသော ဆိုးညစ်ခြင်းတို့အတွက် သူတို့အပြစ်ဒဏ်ပေးခံရ၏။
၁၁ လူသားတို့သည် မိမိတို့ပြစ်မှုများအတိုင်း တရားစီရင်ခံရရန် ဥပဒေရှိ၏။ သို့သော်လည်း၊ လူသား၏ယုံကြည်ခြင်းနှင့် ဆန့်ကျင်၍ ဥပဒေမရှိ။ ထို့ကြောင့်၊ လူသားသည် မိမိပြုသော ပြစ်မှုများအတွက်သာ အပြစ်ဒဏ်ပေးခံရ၏။ ထို့ကြောင့်၊ ခပ်သိမ်းသောလူသားတို့သည် တူညီသောအခြေအနေ၌ ရှိကြ၏။
၁၂ ကော်ရိဟောအမည်ရှိ ဤအန္တိခရစ် (ပညတ်တရားကလည်း သူ့အပေါ် လွှမ်းမိုးခြင်း မရှိနိုင်) သည် လူတို့အား၊ ခရစ်တော်မရှိမည့်အကြောင်းကို ဟောပြောစပြု၏။ သူက ဤသို့ဆိုလျက် ဟောပြောလေသည်ကား၊
၁၃ အို မိုက်မဲ၍ အချည်းအနှီးဖြစ်သောမျှော်လင့်ခြင်းဖြင့် ချုပ်ချယ်ခံရသည့် အသင်တို့၊ သင်တို့ကိုယ်သင်တို့ ထိုကဲ့သို့သော မိုက်မဲသည့်အရာများဖြင့် အဘယ့်ကြောင့် ဝန်လေးစေကြသနည်း။ ခရစ်တော်ကို အဘယ့်ကြောင့် သင်တို့မျှော်လင့်ကြသနည်း။ အကြောင်းမူကား၊ ဖြစ်လာမည့်အရာ တစ်စုံတစ်ခုကို အဘယ်သူမျှမသိနိုင်။
၁၄ ရှုလော့၊ ပရောဖက်ပြုဟောချက်များဟု သင်တို့ခေါ်သည့်၊ သန့်ရှင်းသောပရောဖက်တို့မှ လက်ဆင့်ကမ်း၍ပေးထားသည်ဟု သင်တို့ပြောသည့် ဤအရာတို့သည်ကား၊ သင်တို့ဘိုးဘေးတို့၏ မိုက်မဲသောနည်းဥပဒေသများဖြစ်ပေ၏။
၁၅ ထိုအရာတို့၏ ဧကန်အမှန်ဖြစ်ခြင်းကို အဘယ်သို့အားဖြင့် သင်တို့သိကြသနည်း။ ရှုလော့၊ သင်တို့မမြင်ရသည့် အရာများအကြောင်းကို သင်တို့မသိနိုင်ကြ။ ထို့ကြောင့်၊ ခရစ်တော်ရှိလိမ့်မည်ကို သင်တို့မသိနိုင်ကြ။
၁၆ သင်တို့သည် မျှော်လင့်၍၊ သင်တို့၏အပြစ်များမှလွှတ်ခြင်းကို မြင်ရကြောင်း ပြောကြ၏။ သို့ရာတွင်၊ ရှုလော့၊ ယင်းသည်ကား၊ ထိန်းမနိုင်သိမ်းမရသောစိတ်၏ အကျိုးရလဒ်ဖြစ်၏။ ထို့အတူ၊ မမှန်ကန်သည့်အရာတို့အကြောင်း ယုံကြည်ခြင်းထဲသို့ ခေါ်ဆောင်သွားသည့် သင်တို့ဘိုးဘေးတို့၏နည်းဥပဒေသများကြောင့်၊ သင်တို့စိတ်၏ဤရူးသွပ်ခြင်း ပေတည်း။
၁၇ သာ၍များပြားသည့် ထိုကဲ့သို့သောအရာတို့ကိုလည်း သူတို့ကိုဟောပြော၏၊ လူသားတို့၏အပြစ်အတွက်၊ ပြုထားလေသော အပြစ်ဖြေခြင်းမင်္ဂလာမရှိနိုင်၊ သို့ရာတွင် လူသားတိုင်း ယခုဘဝ၌ လူသတ္တဝါ၏ပြုမူကျင့်ကြံပုံအတိုင်း တွေ့ကြုံရ၏။ ထို့ကြောင့်၊ လူသားတိုင်း ကိုယ့်အထုံဝါသနာအတိုင်း အောင်မြင်ကြောင်းနှင့် လူသားတိုင်း ကိုယ့်ခွန်အားအတိုင်း အနိုင်ရလျက်၊ လူသားပြုသမျှသောအရာသည် ပြစ်မှုမဟုတ်ကြောင်း ပြောပြလျက်ရှိ၏။
၁၈ ထိုကဲ့သို့အားဖြင့်၊ သူသည် များစွာသောသူတို့၏ စိတ်နှလုံးကို လှည့်ဖြားခေါ်ဆောင်သွားလျက်၊ သူတို့၏ဆိုးညစ်ခြင်းများ၌ ဦးခေါင်းမော့စေလျက်၊ ထိုမှတစ်ပါး၊ များစွာသောမိန်းမများနှင့်၊ ထို့အတူ ယောက်ျားများကိုလည်း မတရားသောမေထုန်အမှုများကို ကျူးလွန်ကြစေရန် လှည့်ဖြားခေါ်ဆောင်သွားလျက်—လူသားသည် သေလျှင်၊ ဘဝပြီးဆုံးခြင်းဖြစ်သည်ဟု သူတို့ကို ဟောပြော၏။
၁၉ ယခုတွင်၊ ဤလူသည် ယခင်က လာမန်လူမျိုးများဖြစ်လေသည့် အမ္မုန်လူမျိုးတို့၌ ဤအရာများကို ဟောပြောခြင်းငှာ၊ ယေရှုန်ပြည်သို့လည်း သွားရောက်၏။
၂၀ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် နီဖိုင်းအမျိုးသားတို့မှ များစွာသောသူတို့ထက် ပို၍ဉာဏ်ပညာရှိကြ၏။ အကြောင်းမူကား၊ သူ့ကို ဖမ်းဆီး၍ ချည်နှောင်ပြီး၊ ထိုလူမျိုးတို့၌ ယဇ်ပုရောဟိတ်မင်းဖြစ်လေသူအမ္မုန်၏ရှေ့သို့ သူတို့ခေါ်ဆောင်ကြ၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုသူ့ကို ပြည်မှ နှင်ထုတ်စေ၏။ ထိုသူသည် ဂိဒေါင်ပြည်ထဲသို့ ဝင်၍ လူတို့ကိုလည်း ဟောပြောစပြု၏။ ဤနေရာ၌ သူသည် များစွာသောအောင်မြင်မှုမရ။ အကြောင်းမူကား၊ သူသည် ဖမ်းဆီး၍ချည်နှောင်ခံရပြီး၊ ယဇ်ပုရောဟိတ်မင်းနှင့် ထိုပြည်ရှိတရားသူကြီးချုပ်ရှေ့သို့ ခေါ်ဆောင်ခံရ၏။
၂၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယဇ်ပုရောဟိတ်မင်းက သူ့ကို ဆိုလေသည်ကား၊ သင်သည် ကိုယ်တော်ရှင်၏လမ်းစဉ်များကို အဘယ့်ကြောင့် မှောက်လှန်ခြင်းငှာ သွားလာသနည်း။ သင်သည် ဤလူမျိုးတို့၏ရွှင်လန်းဝမ်းမြောက်ခြင်းကို နှောင့်ယှက်ခြင်းငှာ၊ ခရစ်တော်ရှိလိမ့်မည်မဟုတ်ဟု အဘယ့်ကြောင့် သွန်သင်သနည်း။ သင်သည် သန့်ရှင်းသောပရောဖက်တို့၏ ပရောဖက်ပြုဟောချက်ခပ်သိမ်းကို အဘယ့်ကြောင့် ဆန့်ကျင်၍ ဟောပြောသနည်း။
၂၃ ယခုတွင်၊ ယဇ်ပုရောဟိတ်မင်း၏အမည်ကား၊ ဂိဒေါနဖြစ်၏။ ကော်ရိဟောကလည်း သူ့ကို ဆိုလေသည်ကား၊ ငါသည် သင့်ဘိုးဘေးတို့၏ မိုက်မဲသောနည်းဥပဒေသများကို မသွန်သင်သောကြောင့်ပေတည်း။ ထို့အတူ၊ ငါသည် ဤလူမျိုးတို့အပေါ် တန်ခိုးနှင့် အခွင့်အာဏာကို အနိုင်အထက်သိမ်းယူခြင်းငှာ၊ ရှေးယဇ်ပုရောဟိတ်တို့တည်ထောင်သည့် မိုက်မဲသောဘိသိက်မင်္ဂလာများနှင့် စီရင်ခြင်းတို့ဖြင့် သူတို့ကိုယ်သူတို့ ချည်နှောင်ခြင်းငှာလည်းကောင်း၊ သူတို့ဦးခေါင်းကို မမော့နိုင်စေခြင်းငှာ၊ သင်၏စကားများအတိုင်းသာ နှိမ့်ချစေဖို့ အသိတရားကင်းမဲ့ရာ၌ ဆက်၍ထားခြင်းငှာလည်းကောင်း၊ သူတို့ကို သွန်သင်မပေးသောကြောင့်ပေတည်း။
၂၄ ဤလူမျိုးသည် လွတ်လပ်သောလူမျိုးဖြစ်ကြောင်း၊ သင်တို့ဆိုကြ၏။ ရှုလော့၊ သူတို့သည် ကျွန်ခံရာ၌ရှိကြ၏ဟု ငါဆို၏။ ထိုရှေးပရောဖက်ပြုဟောချက်များ မှန်ကန်ကြောင်းကို သင်တို့ဆိုကြ၏။ ရှုလော့၊ ထိုအရာတို့ မှန်ကန်ကြောင်း၊ သင်တို့မသိကြဟု ငါဆို၏။
၂၅ ဤလူမျိုးသည် မိဘ၏လွန်ကျူးခြင်းကြောင့် အပြစ်ရောက်ပြီး ကျရှုံးသောလူမျိုးဖြစ်ကြောင်း သင်တို့ဆိုကြ၏။ ရှုလော့၊ သူငယ်သည် ၎င်း၏မိဘများကြောင့် အပြစ်မရောက်ဟု ငါဆို၏။
၂၆ ထို့အတူ၊ ခရစ်တော်ကြွလာတော်မူမည့်အကြောင်းကိုလည်း သင်တို့ဆိုကြ၏။ သို့ရာတွင်၊ ရှုလော့၊ ခရစ်တော်ရှိလိမ့်မည်မဟုတ်ကြောင်း၊ သင်တို့ကို ငါဆို၏။ သူသည် လောကီသားတို့၏အပြစ်များအတွက် ကွပ်မျက်ခံတော်မူကြောင်းကိုလည်း သင်တို့ဆိုကြ၏—
၂၇ ထိုကဲ့သို့အားဖြင့်၊ သင်တို့သည် ဤလူမျိုးတို့ကို၊ သင်တို့ကိုယ်တိုင်၏ အလိုဆန္ဒများအတိုင်း၊ သင်တို့ဘိုးဘေးတို့၏ မိုက်မဲသောနည်းဥပဒေသများနောက်သို့ လှည့်ဖြားခေါ်ဆောင်သွားကြ၏။ ထို့အတူ၊ သင်တို့သည် သူတို့လက်၏အလုပ်ဖြင့် သင်တို့ကိုယ်သင်တို့ အလွန်စည်းစိမ်ယစ်မူးနိုင်ကြခြင်းငှာလည်းကောင်း၊ သူတို့ရဲရင့်စွာ မော့၍မကြည့်ဝံ့စေခြင်းငှာလည်းကောင်း၊ သူတို့၏အခွင့်အရေးများနှင့် အထူးအခွင့်အရေးများကို သူတို့မခံစားဝံ့စေခြင်းငှာလည်းကောင်း၊ သူတို့ကို ကျွန်ခံရာ၌ရှိလေသကဲ့သို့ပင် ဖိနှိပ်ထားကြ၏။
၂၈ ထိုမှတစ်ပါး၊ သူတို့၏ယဇ်ပုရောဟိတ်များကို စိတ်ပျက်စေမည်စိုးရိမ်ကြသဖြင့် သူတို့ကိုယ်ပိုင်ဖြစ်သည့်အရာကို အသုံးမပြုဝံ့ကြ။ ထိုယဇ်ပုရောဟိတ်တို့သည် သူတို့အလိုဆန္ဒများအတိုင်း လူတို့ကို ဝန်လေးစေကြ၏။ အကယ်၍၊ သူတို့၏စကားများအတိုင်း လူတို့မပြုကြလျှင်၊ ဘုရားသခင်ဟု သူတို့ဆိုသည့်—မသိသောဘုရား၊ မမြင်ဖူး၊ မသိဖူး၊ မရှိခဲ့ဖူး၊ ရှိလိမ့်မည်လည်းမဟုတ်သည့် ဘုရားကို စိတ်ပျက်စေလိမ့်မည့်အကြောင်း ယုံကြည်ရာသို့ သူတို့နည်းဥပဒေသများ၊ သူတို့အိပ်မက်များ၊ သူတို့စိတ်ကူးများ၊ သူတို့ရူပါရုံများနှင့် သူတို့၏ဟန်ဆောင်ထားသော နက်နဲရာတို့အားဖြင့်လည်း လူတို့ကို ဆောင်ကြလေပြီ။
၂၉ ယခုတွင်၊ ယဇ်ပုရောဟိတ်မင်းနှင့် တရားသူကြီးချုပ်တို့သည် ထိုသူ့စိတ်နှလုံး၏မာကျောခြင်းကို မြင်လျှင်၊ ထိုမှတစ်ပါး၊ ဘုရားသခင်ကိုပင် ဆန့်ကျင်၍ ကဲ့ရဲ့ပြောဆိုမည်ကို မြင်လျှင်၊ ထိုသူ၏စကားများကို ပြန်ကြားခြင်းတစ်ခုမျှ မပြုလိုကြတော့။ ထိုသူ့အား ချည်နှောင်ခြင်းကိုသာ ခံစေ၏။ အရာရှိတို့၏လက်သို့ လွှဲပေး၍၊ အယ်လမာနှင့် ထိုပြည်တစ်လျှောက်လုံး၌ အုပ်ချုပ်သူဖြစ်သည့် တရားသူကြီးချုပ်ရှေ့သို့ ခေါ်ဆောင်နိုင်ခြင်းငှာ ဇရဟင်မလပြည်သို့ ပို့၏။
၃၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် အယ်လမာနှင့် တရားသူကြီးချုပ်ရှေ့သို့ ခေါ်ဆောင်ခံရပြီးလေလျှင်၊ ဂိဒေါင်ပြည်ထဲ၌ သူပြုခဲ့သည့် နည်းအတိုင်းပင် ဆက်၍ပြု၏။ ထိုမှတစ်ပါး၊ သူသည် ဘုရားကို ဆက်၍ကဲ့ရဲ့၏။
၃၁ သူသည် အယ်လမာ၏ရှေ့ ၌ထ၍ မြည်တမ်းလျက်၊ ယဇ်ပုရောဟိတ်များနှင့် ဆရာတို့သည် လူတို့၏လုပ်အားဖြင့် စည်းစိမ်ယစ်မူးခြင်းအတွက် သူတို့ဘိုးဘေးတို့၏ မိုက်မဲသောနည်းဥပဒေသများနောက်သို့ လူတို့ကို လှည့်ဖြားခေါ်ဆောင်သွားသည်ဟု စွပ်စွဲလျက် ဆန့်ကျင်ကဲ့ရဲ့ ပြောဆို၏။
၃၂ ယခုတွင်၊ အယ်လမာက ဆိုလေသည်ကား၊ ဤလူတို့၏လုပ်အားအပေါ်မှာ ငါတို့ကိုယ်ငါတို့ စည်းစိမ်မယစ်မူးကြသည်ကို သင်သိ၏။ အကြောင်းမူကား၊ ရှုလော့၊ ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ငါ၏လူမျိုးတို့အား ဟောကြားခြင်းငှာ ဤပြည်တစ်လျှောက်သို့ များစွာခရီးသွားရသော်ငြားလည်း၊ တရားသူကြီးများအုပ်စိုးခြင်း စတင်သည်ကတည်းကပင် ယခုတိုင်အောင် ငါ၏အထောက်အမအတွက် ငါ့လက်ဖြင့် အလုပ်လုပ်လေ၏။
၃၃ အသင်းတော်၌ ငါဆောင်ရွက်လေသည့် အလုပ်များစွာရှိသော်ငြားလည်း၊ ငါ့အလုပ်အတွက် တစ်သေနိုင်းမျှပင် မရစဖူး။ တရားပလ္လင်၌ အမှုထမ်းစဉ်မှတစ်ပါး၊ ငါ၏ညီအစ်ကိုတို့တွင်လည်း တစ်ဦးမျှမရစဖူးပေ။ ထိုသို့ဆိုရာတွင်လည်း၊ ငါတို့အချိန်အတွက် ဥပဒေအတိုင်းသာလျှင် ရရှိ၏။
၃၄ ယခုမူကား၊ အသင်းတော်၌ ငါတို့၏အလုပ်များအတွက် အဘယ်အရာကိုမျှ ငါတို့မရရှိလျှင်၊ ငါတို့ညီအစ်ကိုများ၏ဝမ်းမြောက်ခြင်း၌ ငါတို့ ရွှင်လန်းဝမ်းမြောက်နိုင်ခြင်းငှာ၊ သမ္မာတရားကို ဟောကြားရန်မှတစ်ပါး၊ အသင်းတော်၌ အလုပ်လုပ်၍ ငါတို့အတွက် အဘယ်အကျိုးရှိလေသနည်း။
၃၅ ထိုသို့ဆိုလျှင်၊ ငါတို့ အကျိုးအမြတ်မရရှိသည်ကို သင်ကိုယ်တိုင်သိလျက်ရှိစဉ်၊ အကျိုးအမြတ်ရရန် ဤလူတို့အား၊ ငါတို့ဟောပြောသည်ဟု အဘယ်ကြောင့်၊ သင်ဆိုသနည်း။ ယခုမူကား၊ ဤလူတို့၏စိတ်နှလုံး၌ ထိုမျှလောက် ဝမ်းမြောက်ခြင်းကို ဖြစ်စေသည့်၊ ငါတို့လှည့်စားခြင်းကို သင်ယုံကြည်သလောဟုမေးလျှင်။
၃၆ ကော်ရိဟောကလည်း ဟုတ်ကဲ့ဟု ဖြေ၏။
၃၇ ထို့နောက်တွင်၊ ဘုရားသခင်ရှိတော်မူသည်ကို သင်ယုံကြည်သလောဟု အယ်လမာမေးလျှင်၊
၃၈ မယုံကြည်ဟု သူဖြေ၏။
၃၉ ယခုတွင်၊ အယ်လမာက ဆိုသည်ကား၊ သင်သည် ဘုရားသခင်ရှိတော်မူသည်ကို တစ်ဖန် ငြင်းဆိုဦးမည်လော။ ထို့အတူ၊ ခရစ်တော်ကိုလည်း ငြင်းဆိုမည်လော။ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ထို့အတူ၊ ခရစ်တော် ကြွလာတော်မူလိမ့်မည်ကိုလည်းကောင်း ငါသိ၏။
၄၀ ယခုမူကား၊ ဘုရားသခင်မရှိကြောင်း၊ သို့မဟုတ် ခရစ်တော်ကြွလာတော်မမူကြောင်း၊ သင့်၌ အဘယ်သက်သေရှိသနည်း။ သင့်စကားမှတစ်ပါး၊ အဘယ်အရာမျှ မရှိဟု သင့်ကို ငါဆို၏။
၄၁ သို့ရာတွင်၊ ရှုလော့၊ ဤအရာများ မှန်ကန်ကြောင်းကို သက်သေခံချက်အဖြစ် ငါ့၌ အလုံးစုံသောအရာတို့ ရှိ၏။ ထိုအရာတို့ မှန်ကန်ကြောင်း၊ သင့်ထံသို့ သက်သေခံချက်အဖြစ်လည်း သင့်၌ အလုံးစုံသောအရာတို့ ရှိပေ၏။ ထိုအရာတို့ကို သင်ငြင်းဆိုမည်လော။ သင်သည် ဤအရာတို့မှန်ကန်ကြောင်းကို ယုံကြည်သလော။
၄၂ ရှုလော့၊ သင်ယုံကြည်ကြောင်း ငါသိ၏။ သို့ရာတွင်၊ သင်သည် မုသားပြောသောဝိညာဉ်ဖြင့်လွှမ်းမိုးခံရ၏။ ဘုရားသခင်၏ဝိညာဉ်တော်ကို သင်ငြင်းပယ်သဖြင့်၊ ထိုအရာသည် သင့်အထဲ၌ နေရာမရှိ။ နတ်ဆိုးသည်သာ သင့်အပေါ် အစိုးရ၍၊ ဘုရားသခင်၏ သားသမီးတို့ကို ဖျက်ဆီးနိုင်ခြင်းငှာ၊ သင့်ကို စေလိုရာစေပြီး၊ စဉ်းလဲသောအကြံအစည်များကို ပြုလေ၏။
၄၃ ယခုတွင်၊ ကော်ရိဟောက အယ်လမာကို ဆိုသည်ကား၊ ဘုရားသခင်ရှိတော်မူကြောင်းနားသွင်းသည်ကို ငါခံယူနိုင်ရန်၊ ငါ့အား နိမိတ်လက္ခဏာကို သင် ပြမည်ဆိုလျှင်၊ အထူးသဖြင့်၊ သူ့ ၌တန်ခိုးရှိကြောင်း ငါ့ကို ပြလော့။ ထို့နောက်တွင်ကား၊ သင့်စကားများမှန်ကန်ခြင်း အကြောင်း ငါနားသွင်းခံမည်။
၄၄ သို့ရာတွင်၊ အယ်လမာက ဆိုသည်ကား၊ သင့်၌ နိမိတ်လက္ခဏာများ၊ အလုံအလောက်ရှိလေပြီ။ သင်သည် ဘုရားသခင်ကို စုံစမ်းမည်လော။ သင့်၌ ဤခပ်သိမ်းသော သင့်ညီအစ်ကိုတို့နှင့်၊ ထို့အတူ၊ သန့်ရှင်းသောပရောဖက် ခပ်သိမ်းတို့၏ သက်သေခံချက် ရှိလျက်ပင် ငါ့အား နိမိတ်လက္ခဏာကို ပြပါဟု သင်ဆိုမည်လော။ ကျမ်းစာများကို သင့်ရှေ့၌ ချထား၏။ ထိုမှတစ်ပါး၊ ဘုရားသခင်ရှိတော်မူကြောင်းကို ခပ်သိမ်းသောအရာတို့က ရည်ညွှန်း၏။ ထိုမှတစ်ပါး၊ မြေကြီးနှင့် ၎င်း၏မျက်နှာပြင်ပေါ်၌ရှိသမျှသောအရာတို့၊ ထိုမှတစ်ပါး၊ ၎င်း၏ရွေ့လျားရာလမ်း၊ ထိုမှတစ်ပါး၊ ၎င်းတို့၏ ပုံမှန်လမ်းကြောင်း၌ ရွေ့လျားသည့် ခပ်သိမ်းသောဂြိုဟ်များတို့က အထွဋ်အမြတ်ဖြစ်သည့် ဖန်ဆင်းရှင် ရှိတော်မူကြောင်းကို သက်သေခံပေ၏။
၄၅ သင်သည် ဘုရားသခင်မရှိဟု သူတို့ကို သက်သေခံလျက်၊ ဤလူတို့၏စိတ်နှလုံးကို လှည့်ဖြားခေါ်ဆောင်သွားလျက်၊ အရပ်ရပ်သို့ သွားဦးမည်လော။ သင်သည် ဤသက်သေခပ်သိမ်းကို ဆန့်ကျင်၍၊ ငြင်းဆိုနေဦးမည်လောဟု မေးလျှင်၊ သူကလည်း၊ ဟုတ်ပေ၏။ နိမိတ်လက္ခဏာကို ငါ့အား သင်တို့မပြလျှင်၊ ငါငြင်းဆိုမည်ဟု ဆို၏။
၄၆ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အယ်လမာက ဆိုလေသည်ကား၊ ရှုလော့၊ သင့်စိတ်နှလုံး၏မာကျောခြင်းကြောင့်၊ အထူးသဖြင့်၊ သင်၏စိတ်ဝိညာဉ် ဖျက်ဆီးခံရစေကြောင်း သမ္မာတရားဝိညာဉ်ကို သင်ဆီးတားလိမ့်မည်ဖြစ်၍ ငါဝမ်းနည်းပူဆွေး၏။
၄၇ သို့ရာတွင်၊ ရှုလော့၊ သင်၏မုသားပြောခြင်းနှင့် မြှောက်ပင့်သောစကားများအားဖြင့် များစွာသောစိတ်ဝိညာဉ်တို့ကို ဖျက်ဆီးရာသို့ဆောင်ရာလက်နက်ဖြစ်ရသည်ထက် သင်၏စိတ်ဝိညာဉ် ပျောက်ဆုံးခြင်းက၊ သာ၍ကောင်းပေ၏။ ထို့ကြောင့်၊ သင် တစ်ဖန်ငြင်းဆိုဦးမည်ဆိုလျှင်၊ ရှုလော့၊ ဘုရားသခင်ဒဏ်ခတ်တော်မူမည်ဖြစ်၍ သင် ဆွံ့အလာလိမ့်မည်။ သင်၏နှုတ်ကိုလည်း အဘယ်တော့မျှမဖွင့်နိုင်တော့လတ္တံ့၊ ဤလူတို့ကို အဘယ်တော့မျှ မလှည့်စားရတော့လတ္တံ့။
၄၈ ယခုတွင်၊ ကော်ရိဟောက ဆိုသည်ကား၊ ဘုရားသခင်ဖြစ်တည်ခြင်းကို ငါမငြင်းဆို၊ သို့ရာတွင်၊ ဘုရားသခင်ရှိကြောင်း ငါမယုံကြည်။ ငါ့အား နိမိတ်လက္ခဏာကို သင် မပြလျှင်၊ ငါယုံကြည်လိမ့်မည်မဟုတ်။
၄၉ ယခုတွင်၊ အယ်လမာက ဆိုသည်ကား၊ နိမိတ်လက္ခဏာအဖြစ်၊ ဤအမှုကို သင့်အား ငါပေး၍၊ သင်သည် ငါ၏စကားများအတိုင်း၊ ထိခိုက်ခံရပြီး ဆွံ့အသွားလိမ့်မည်။ ဘုရားသခင်၏နာမတော်အားဖြင့် ငါဆိုသည်ကား၊ သင်သည် ထိခိုက်ခံရပြီး ဆွံ့အသွားလိမ့်မည်ဖြစ်၍၊ စကားပြောနိုင်ခြင်း မရှိတော့လတ္တံ့။
၅၀ ယခုတွင်၊ အယ်လမာက ဤစကားများကို ပြောပြီးလေသောအခါ၊ ကော်ရိဟောသည် ထိခိုက်ခံရပြီး ဆွံ့အသွား၍၊ အယ်လမာ၏စကားများအတိုင်းပင်၊ စကားပြောနိုင်ခြင်းမရှိ။
၅၁ ယခုမူကား၊ တရားသူကြီးချုပ်သည် ဤအမှုကို မြင်လျှင်၊ သူ့လက်ကိုထုတ်၍၊ ကော်ရိဟောကို ရေး၍ ပြသည်မှာ၊ သင်သည် ဘုရားသခင်၏တန်ခိုးတော်အကြောင်း နားသွင်းခြင်းကို ခံပြီလော။ အယ်လမာအား အဘယ်သူထံ၌ သူ၏နိမိတ်လက္ခဏာကို ပြရစေရန် သင်အလိုရှိသနည်း။ သင့်အား နိမိတ်လက္ခဏာကို ပြရန် အခြားသူများကို သူဒုက္ခပေးစေကြောင်း၊ သင်အလိုရှိသလော။ ရှုလော့၊ သူသည် သင့်အား နိမိတ်လက္ခဏာကို ပြလေပြီ။ ယခုတွင်၊ သင်သည် ထပ်၍ငြင်းခုံဦးမည်လော။
၅၂ ကော်ရိဟောကလည်း သူ့လက်ကိုထုတ်ပြီး၊ ရေး၍ ပြလေသည်ကား၊ ငါသည် စကားမပြောနိုင်သဖြင့် ဆွံ့အသည်ကို သိ၏။ ထို့အတူ၊ ဤအမှုကို ငါ့အပေါ်သို့ရောက်စေသည်မှာ၊ ဘုရားသခင်၏တန်ခိုးတော်မှတစ်ပါး၊ အဘယ်အရာမျှ မရှိသည်ကိုလည်း ငါသိ၏။ ထိုမှတစ်ပါး၊ ဘုရားသခင်ရှိတော်မူလေသည်ကို ငါအစဉ်အမြဲသိပေ၏။
၅၃ သို့ရာတွင်၊ ရှုလော့၊ နတ်ဆိုးသည် ငါ့ကို လှည့်စားလေပြီ။ အကြောင်းမူကား၊ သူသည် ငါ့ထံသို့ ကောင်းကင်တမန်၏အသွင်ဖြင့် ပေါ်လာ၍ ဆိုလေသည်ကား၊ ဤလူတို့ကို သွား၍ ပြန်လည်ခေါ်ဆောင်လော့။ အကြောင်းမူကား၊ သူတို့အားလုံးသည် မသိသောဘုရားသခင်နောက်သို့ လမ်းလွဲကြလေပြီ။ ဘုရားသခင် မရှိဟုလည်း သူက ငါ့ကို ဆို၏။ ထိုမှတစ်ပါး၊ ငါပြောရမည့်အရာကို ငါ့အား သူသွန်သင်၏။ ငါသည်လည်း သူ၏စကားများကို သွန်သင်ပေး၏။ ထိုအရာတို့သည်ကား၊ လောကီစိတ်ကို နှစ်သက်စေသောကြောင့် ငါသွန်သင်ပေး၏။ ငါသည် များစွာသော အောင်မြင်မှု ရရှိလေသည့်တိုင်အောင် ထိုအရာတို့ကို သွန်သင်ပေးသဖြင့်၊ ၎င်းတို့မှန်ကန်သည်ဟု ငါအမှန်ယုံကြည်၏။ ဤအကြောင်းကြောင့်၊ ငါသည် သမ္မာတရားကို တားဆီး၍၊ ဤကြီးစွာသော ကျိန်ခြင်းကို ငါ့အပေါ်သို့ ရောက်စေလောက်သည့် တိုင်အောင်ပင်တည်း။
၅၄ ယခုတွင်၊ ဤသို့ သူဆိုလေပြီးလျှင်၊ ကျိန်ခြင်းကို သူ့ထံမှ ဖယ်ရှားခံရနိုင်စေခြင်းငှာ၊ အယ်လမာအား ဘုရားသခင်ထံသို့ ဆုတောင်းပေးပါမည့်အကြောင်း တိုးလျှိုးတောင်းပန်၏။
၅၅ သို့ရာတွင်၊ အယ်လမာက ဆိုလေသည်ကား၊ အကယ်၍၊ ဤကျိန်ခြင်းကို သင့်ထံမှ ဖယ်ရှားပေးလျှင်၊ သင်သည် ဤလူတို့၏စိတ်နှလုံးကို တစ်ဖန်လှည့်ဖြားခေါ်ဆောင်သွားဦးမည်လော။ ထို့ကြောင့်၊ ကိုယ်တော်ရှင်၏အလိုတော်အတိုင်းပင် သင့်ထံသို့ ဖြစ်လိမ့်မည်။
၅၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကျိန်ခြင်းကို ကော်ရိဟောထံမှ မဖယ်ရှားပေ။ သို့ရာတွင်၊ သူသည် နှင်ထုတ်ခံရသဖြင့်၊ စားစရာအတွက် တောင်းခံလျက် တစ်အိမ်မှတစ်အိမ်သို့ လှည့်လည်သွားလာ၏။
၅၇ ယခုတွင်၊ ကော်ရိဟောသို့ ဖြစ်ပျက်သည့်အရာ အကြောင်းကို ထိုပြည်တစ်လျှောက်လုံးသို့ ချက်ချင်း ပြောကြား၏။ ထိုမှတစ်ပါး၊ ကော်ရိဟော၏စကားများကို ယုံကြည်လေသောသူတို့ကို၊ အလားတူ တရားစီရင်တော်မူခြင်းများ သူတို့အပေါ်မကျရောက်စေခြင်းငှာ၊ အလျင်အမြန်နောင်တရကြရမည့်အကြောင်း ကြေညာလျက်၊ ထိုပြည်ရှိလူခပ်သိမ်းတို့ထံသို့ ကြေညာချက်ကို တရားသူကြီးချုပ်က ထုတ်ပြန်၏။
၅၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကော်ရိဟော၏ဆိုးညစ်ခြင်းအကြောင်း သူတို့အားလုံးကို နားသွင်း၏။ ထို့ကြောင့်၊ သူတို့သည် ကိုယ်တော်ရှင်ထံသို့ တစ်ဖန်ပြောင်းလဲကြ၏။ ကော်ရိဟော၏ထုံးစံအတိုင်းဖြစ်သည့် ဒုစရိုက်ကို ဤအမှုကအဆုံးသတ်စေ၏။ ကော်ရိဟောသည်လည်း မိမိအထောက်အမအတွက် စားစရာကို တောင်းခံလျက်၊ တစ်အိမ်မှ တစ်အိမ်သို့ လှည့်လည်သွားလာ၏။
၅၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် လူများကြားသို့၊ အထူးသဖြင့်၊ သူတို့ကိုယ်သူတို့ နီဖိုင်းအမျိုးသားတို့ထံမှ ခွဲထွက်လေပြီး၊ ဇော်ရမ်ဟု အမည်ရှိသောလူ၏ ဦးဆောင်ခြင်းကိုခံ၍ သူတို့ကိုယ်သူတို့ ဇော်ရမ်အမျိုးသားများဟု ခေါ်ကြလေသူများကြားသို့ ထွက်သွား၏—သူသည် ထိုသူတို့အကြား၊ ထွက်သွားစဉ်တွင်၊ ရှုလော့၊ သေသည့်တိုင်အောင်ပင်၊ သူ့အပေါ်၌ပြေးသွား၍ နင်းချေသည်ကို ခံရလေ၏။
၆၀ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ ကိုယ်တော်ရှင်၏လမ်းစဉ်များကို မှောက်လှန်သောသူ၏နိဂုံးပေတည်း။ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ နတ်ဆိုးသည် သူ့သားသမီးများကို နောက်ဆုံးသောနေ့၌ ထောက်မမည်မဟုတ်၊ ငရဲသို့သာ အလျင်အမြန် ဆွဲချမည့်အကြောင်းပေတည်း။