အခန်းကြီး ၄၀
ခရစ်တော်သည် ခပ်သိမ်းသောလူသားတို့၏ ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ပေါ်စေ၏—ဖြောင့်မတ်လျက် သေသူတို့သည် အတိသုခဘုံသို့သွားကြ၏၊ ဆိုးညစ်သောသူတို့သည် အပြင်အရပ်မှောင်မိုက်သို့သွား၍ သူတို့၏ရှင်ပြန်ထမြောက်ရာကာလကို စောင့်နေကြ၏—ခပ်သိမ်းသောအရာတို့သည် ရှင်ပြန်ထမြောက်ခြင်း၌ မိမိတို့၏ ပကတိ၊ စုံလင်သောကိုယ်သို့ ပြန်လည်ပေါင်းစည်းခံရလိမ့်မည်။ ဘီစီ ၇၄ ခန့်။
၁ ယခုတွင်၊ ငါ့သား၊ သင့်ကို ငါထပ်၍ပြောလိုသောအရာ အတော်အသင့်ရှိ၏။ အကြောင်းမူကား၊ သေသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်စပ်လျဉ်း၍ သင်၏စိတ် စိုးရိမ်သည်ကို ငါသိမြင်၏။
၂ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ရှင်ပြန်ထမြောက်ခြင်းမရှိ—သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ ငါဆိုလိုသည်ကား၊ ဤသေခြင်းရှိသောအရာသည် သေခြင်းမရှိရာကို မခြုံ၊ ဤပုပ်ပျက်ခြင်းသည် မပုပ်ပျက်ခြင်းကို မခြုံ—သည်မှာ ခရစ်တော်ကြွလာတော်မူခြင်းမတိုင်မီအထိပင်တည်း။
၃ ရှုလော့၊ သူသည် သေသူတို့၏ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ပေါ်စေ၏။ သို့ရာတွင်၊ ရှုလော့၊ ငါ့သား၊ ရှင်ပြန်ထမြောက်ခြင်းသည် ယခုမဖြစ်သေး။ ယခုတွင်၊ နက်နဲသောအရာတစ်ခုကို သင့်အား ငါဖွင့်ပြမည်။ သို့သော်လည်း၊ တားဆီးထားသည့် နက်နဲသောအရာများစွာရှိသဖြင့်၊ ဘုရားသခင်ကိုယ်တိုင်မှတစ်ပါး၊ အဘယ်သူမျှမသိ။ သို့ရာတွင်၊ ငါသိနိုင်ခြင်းငှာ၊ ဘုရားသခင်ထံ လုံ့လဝီရိယထက်သန်စွာ မေးလျှောက်ထားလေသည့် အရာတစ်ခုကို သင့်အား ပြမည်—ထိုအရာသည်ကား၊ ရှင်ပြန်ထမြောက်ခြင်းအကြောင်းပေတည်း။
၄ ရှုလော့၊ ခပ်သိမ်းသောသူတို့ သေရာမှ ထွက်လာမည့် စီရင်တော်မူနှင့်သော အချိန်ကာလတစ်ခုရှိ၏။ ယခုတွင်၊ အဘယ်သောအခါ၌ ဤအချိန်ကာလကျရောက်လာမည်ကို အဘယ်သူမျှမသိ။ သို့ရာတွင်၊ စီရင်တော်မူနှင့်သောအချိန်ကာလကို ဘုရားသခင်သိတော်မူ၏။
၅ ယခုတွင်၊ လူသားတို့ သေရာမှ ထွက်လာမည့်အချိန်သည်ကား၊ ပထမအချိန်ဖြစ်စေ၊ ဒုတိယအချိန်ဖြစ်စေ၊ တတိယအချိန်ဖြစ်စေ အရေးမကြီး။ အကြောင်းမူကား၊ ဘုရားသခင်သည် ဤအရာခပ်သိမ်းတို့ကို သိတော်မူ၏။ ဤသို့ဖြစ်မည်ကို သိရန် ငါ့အတွက် လုံလောက်ပေပြီ—ခပ်သိမ်းသောသူတို့ သေခြင်းမှ ထမြောက်လိမ့်မည့် စီရင်တော်မူနှင့်သော ကာလတစ်ခုရှိ၏။
၆ ယခုတွင်၊ သေခြင်းအချိန်ကာလနှင့် ရှင်ပြန်ထမြောက်ခြင်းအချိန်ကာလကြားတွင်၊ ကာလအပိုင်းအခြားတစ်ခု ရှိရပေမည်။
၇ ယခုမူကား၊ ဤသေခြင်းအချိန်ကာလမှ ရှင်ပြန်ထမြောက်ခြင်းအတွက် စီရင်တော်မူနှင့်သော အချိန်ကာလအထိ လူသားတို့၏စိတ်ဝိညာဉ်များ အဘယ်သို့ ဖြစ်လာလိမ့်မည်နည်းဟု ငါမေးလို၏။
၈ ယခုတွင်၊ လူသားတို့အတွက် ထမြောက်ရန်၊ တစ်ခုထက်ပိုသော အချိန်ကာလကို စီရင်တော်မူနှင့်လျှင်လည်း အရေးမကြီး။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့မှာ တစ်ချိန်တည်း၌ မသေသဖြင့်၊ ဤအမှုသည် အရေးမကြီး။ ဘုရားသခင်အဖို့၊ အားလုံးသည်ကား၊ ကာလတစ်ရက်သာဖြစ်၏၊ လူသားအနေဖြင့်သာလျှင် အချိန်ကာလကို တိုင်းထွာ၏။
၉ ထို့ကြောင့်၊ လူသားတို့အတွက် သေခြင်းမှ ထမြောက်မည့် စီရင်တော်မူနှင့်သော အချိန်ကာလတစ်ခုရှိ၏။ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့၏ အချိန်ကာလကြား၌လည်း ကာလအပိုင်းအခြားတစ်ခုရှိ၏။ ယခုမူကား၊ ထိုအချိန်ကာလအပိုင်းအခြားနှင့်စပ်လျဉ်း၍၊ လူသားတို့၏စိတ်ဝိညာဉ်များ အဘယ်သို့ဖြစ်လာမည်ဟူသည်ကား၊ ငါသိရန် ကိုယ်တော်ရှင်ထံ လုံ့လဝီရိယထက်သန်စွာမေးလျှောက်ထားလေသောအရာပေတည်း။ ဤအရာမှာငါသိသည့်အရာ၏ အကြောင်းလည်းဖြစ်၏။
၁၀ ခပ်သိမ်းသောသူတို့သည် ထမြောက်မည့် အချိန်ကာလသို့ ရောက်သောအခါတွင်၊ လူသားအတွက် စီရင်တော်မူနှင့်သော အချိန်ကာလမှန်သမျှကို ဘုရားသခင်သိတော်မူကြောင်း သိကြလိမ့်မည်။
၁၁ ယခုတွင်၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့ကြား၌ရှိသော ဝိညာဉ်တို့နှင့်စပ်လျဉ်း၍မူကား—ရှုလော့၊ ခပ်သိမ်းသောလူသားတို့၏ ဝိညာဉ်များသည် ဤသေခြင်းရှိသောကိုယ်ခန္ဓာမှ ထွက်ခွာသွားလျှင်သွားချင်း၊ အမှန်စင်စစ်၊ ခပ်သိမ်းသောလူသားတို့၏ဝိညာဉ်များသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ရှင်ရာအသက်ကိုပေးသည့် ထိုဘုရားသခင်ထံ မူလနေအိမ်သို့ ဆောင်ယူ ခံရမည့်အကြောင်း ကောင်းကင်တမန်အားဖြင့် ငါ့ကို ဖော်ပြတော်မူ၏။
၁၂ ထို့နောက်တွင်ကား၊ အချိန်တန်လာလတ္တံ့သောအခါ၊ ဖြောင့်မတ်သောသူတို့၏ ဝိညာဉ်များကို အတိသုခဘုံဟုခေါ်သည့် ပျော်ရွှင်ခြင်း၏နေရာ၊ ချမ်းသာခြင်း၏နေရာ၊ သူတို့၏ ခပ်သိမ်းသော ဒုက္ခများ၊ ခပ်သိမ်းသောစိတ်ညှိုးငယ်ခြင်းနှင့် ဝမ်းနည်းခြင်းတို့မှ ချမ်းသာရလိမ့်မည့် ငြိမ်းချမ်းခြင်း၏နေရာထဲသို့ လက်ခံတော်မူ၏။
၁၃ ထို့နောက်တွင်ကား၊ အချိန်တန်လာလတ္တံ့သောအခါ၊ ဆိုးညစ်သောသူတို့၏၊ အမှန်စင်စစ်၊ ဆိုးသောသူတို့၏ ဝိညာဉ်များသည်—ရှုလော့၊ သူတို့၌ ကိုယ်တော်ရှင်၏ဝိညာဉ်တော် တစ်ချို့တစ်ဝက်သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း မရှိကြ။ ရှုလော့၊ သူတို့သည် ကောင်းသောအကျင့်အစား၊ ဆိုးသောအကျင့်ကို ရွေးချယ်ကြ၏။ ထို့ကြောင့်၊ နတ်ဆိုး၏ဝိညာဉ်သည် သူတို့အထဲသို့ဝင်၍၊ သူတို့၏ခန္ဓာအိမ်ကို သိမ်းယူသောကြောင့်—သူတို့သည် အပြင်အရပ် မှောင်မိုက်ထဲသို့ နှင်ထုတ်ခံရလိမ့်မည်။ ထိုအရပ်၌ ငိုကြွေးခြင်း၊ ထို့အတူ မြည်တမ်းခြင်း၊ ထို့အတူ အံသွားခဲကြိတ်ခြင်းတို့ ရှိလိမ့်မည်။ ဤသို့ဖြစ်ရသည်ကား၊ နတ်ဆိုး၏အလိုအားဖြင့် ဖမ်းဆီးချုပ်နှောင်ရာသို့ ပို့ဆောင်ခံရလျက်၊ သူတို့ကိုယ်တိုင်၏ဒုစရိုက်ကြောင့်ပေတည်း။
၁၄ ယခုတွင်၊ ဤအရာသည်ကား၊ မှောင်မိုက်၌ရှိသည့် ဆိုးညစ်သောသူတို့၏ စိတ်ဝိညာဉ်များ၏အခြေအနေ၊ ထိုမှတစ်ပါး၊ သူတို့အပေါ်သို့ ဘုရားသခင်၏အမျက်တော် မီးကဲ့သို့သောဒေါသကို မျှော်လင့်လျက်ရှိသည့် အလွန်ဆိုးရွားသော ကြောက်လန့်ဖွယ်အခြေအနေ ဖြစ်၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် ဖြောင့်မတ်သောသူတို့ အတိသုခဘုံ၌ရှိသကဲ့သို့ပင်၊ သူတို့ရှင်ပြန်ထမြောက်ခြင်း၏ အချိန်ကာလတိုင်အောင်၊ ဤအခြေအနေ၌ ဆက်၍ရှိနေကြ၏။
၁၅ ယခုတွင်၊ ရှင်ပြန်ထမြောက်ခြင်းမတိုင်မီ၌ စိတ်ဝိညာဉ်၏ ဤပျော်ရွှင်ခြင်းအခြအနေနှင့် ဤဝမ်းနည်းပူဆွေးမှုအခြေအနေတို့ကို ပထမရှင်ပြန်ထမြောက်ခြင်းဟု နားလည်သူအချို့ရှိ၏။ ထိုမှတစ်ပါး၊ ဝိညာဉ်သို့မဟုတ် စိတ်ဝိညာဉ်ကို ထမြောက်စေခြင်းနှင့် ပျော်ရွှင်ခြင်း သို့မဟုတ် ဝမ်းနည်းပူဆွေးခြင်းသို့ လွှဲအပ်ပေးခြင်းကို ဆိုခဲ့လေသောစကားများအတိုင်း၊ ရှင်ပြန်ထမြောက်ခြင်းဟု ခေါ်နိုင်ကြောင်း ငါလက်ခံ၏။
၁၆ ရှုဦးလော့၊ ပထမရှင်ပြန်ထမြောက်ခြင်း၊ သေခြင်းမှ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသို့တိုင်အောင်၊ ရှိလေပြီးသူ၊ ယခုရှိသူ၊ နောင်ရှိလာမည့်သူအားလုံးတို့၏ ရှင်ပြန်ထမြောက်ခြင်း ရှိကြောင်းကိုလည်း တစ်ဖန်ဆိုထားလေပြီ။
၁၇ ယခုတွင်၊ ဤနည်းအားဖြင့် ဆိုထားလေသည့် ဤပထမရှင်ပြန်ထမြောက်ခြင်းကို စိတ်ဝိညာဉ်တို့နှင့် ၎င်းတို့၏ ပျော်ရွှင်ခြင်းသို့မဟုတ် ဝမ်းနည်းပူဆွေးခြင်းသို့ လွှဲအပ်ခြင်း၏ ရှင်ပြန်ထမြောက်ခြင်းဖြစ်နိုင်သည်ဟု ငါတို့ မထင်မှတ်ကြ။ ဤသို့ဆိုလိုသည်ဟု သင်မထင်မှတ်နိုင်။
၁၈ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သို့ရာတွင်၊ အာဒံ၏လက်ထက်မှစ၍ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအထိ၊ ရှိခဲ့ပြီးလေသောသူတို့၏ စိတ်ဝိညာဉ်နှင့် ကိုယ်ခန္ဓာပြန်လည်ပေါင်းစည်းခြင်းကို ဆိုလို၏။
၁၉ ယခုတွင်၊ ဆိုခဲ့လေသော ဖြောင့်မတ်သောသူများနှင့် ဆိုးညစ်သူများ၏ စိတ်ဝိညာဉ်များနှင့် ကိုယ်ခန္ဓာတို့သည်လည်း တစ်ချိန်တည်း၌ ပေါင်းစည်းလိမ့်မည်ဟု ငါမဆို။ ခပ်သိမ်းသောသူတို့ ထွက်လာကြောင်းကို ငါဆိုရန်လုံလောက်ပေပြီ။ သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ သူတို့၏ ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်တော်ရှင်ပြန်ထမြောက်ခြင်း၏နောက်မှ သေသောသူများ၏ရှင်ပြန်ထမြောက်ခြင်းမတိုင်မီတွင် ဖြစ်ပေါ်၏။
၂၀ ယခုတွင်၊ ငါ့သား၊ သူတို့၏ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအချိန်၌ ဖြစ်ပေါ်သည်ဟု ငါမဆို။ သို့ရာတွင်၊ ရှုလော့၊ ဖြောင့်မတ်သောသူတို့၏ စိတ်ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့သည် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံထဲသို့ သူတက်၍သွားတော်မူသောအခါ၌ ပြန်လည်ပေါင်းစည်း၏ဟူသော ငါ့သဘောကို ပြောပြခြင်းဖြစ်၏။
၂၁ သို့ရာတွင်၊ ထိုအမှုသည် သူ၏ရှင်ပြန်ထမြောက်ခြင်းအချိန်၌ဖြစ်သည်ဟုလည်းကောင်း၊ သို့မဟုတ် ထို့နောက်၌ ဖြစ်ပေါ်သည်ဟုလည်းကောင်း ငါမဆို၊ ကိုယ်ခန္ဓာ၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့၏ကြား၌ ကာလအပိုင်းအခြားတစ်ခုရှိကြောင်းနှင့် သေသူများ ထွက်လာ၍၊ စိတ်ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့ ပြန်လည်ပေါင်းစည်းလျက်၊ သူတို့၏အကျင့်များအတိုင်း တရားစီရင်ခံရရန်၊ ဘုရားသခင်ရှေ့၌ ရပ်ရန် ဆောင်ယူခံရမည့်၊ ဘုရားသခင်အားဖြင့် စီရင်တော်မူနှင့်လေသောအချိန်ထိတိုင်အောင်၊ စိတ်ဝိညာဉ်၏ ပျော်ရွှင်ခြင်း၌ သို့မဟုတ် ဝမ်းနည်းပူဆွေးခြင်း၌ အခြေအနေတစ်ခုရှိကြောင်း ဤမျှအထိ ငါဆို၏။
၂၂ ထိုမှတစ်ပါး၊ ဤအမှုသည်ကား၊ ပရောဖက်တို့၏နှုတ်ဖြင့် ဟောပြောလေပြီးသည့်အရာတို့၏ ပြန်လည်ဆောင်ယူခြင်းကို ဖြစ်ပေါ်စေ၏။
၂၃ စိတ်ဝိညာဉ်သည် ကိုယ်ခန္ဓာသို့၊ ထို့အတူ၊ ကိုယ်ခန္ဓာသည် စိတ်ဝိညာဉ်သို့ ပြန်လည်ပေါင်းစည်းလိမ့်မည်။ ထိုမှတစ်ပါး၊ ခြေလက်နှင့် အရိုးအဆစ်မှန်သမျှသည် မိမိကိုယ်ခန္ဓာသို့ ပြန်လည်ပေါင်းစည်းလိမ့်မည်။ အမှန်စင်စစ်၊ ဦးခေါင်းမှ ဆံချည်တစ်မျှင်မျှ မပျောက်ဆုံးရ။ ခပ်သိမ်းသောအရာတို့သည် မိမိတို့၏ ပကတိ၊ စုံလင်သောကိုယ်သို့သာ ပြန်လည်ပေါင်းစည်းခံရလိမ့်မည်။
၂၄ ယခုမူကား၊ ငါ့သား၊ ဤအရာသည်ကား၊ ပရောဖက်တို့၏နှုတ်က ဟောထားလေသည့် ပြန်လည်ဆောင်ယူခြင်းပေတည်း—
၂၅ ထိုအခါတွင်၊ ဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်၌ တောက်ပလိမ့်မည်။
၂၆ သို့ရာတွင်၊ ရှုလော့၊ ကြောက်ရွံ့ဖွယ်ကောင်းသော သေခြင်းသည် ဆိုးညစ်သောသူတို့အပေါ်သို့ ကျရောက်လာမည်။ အကြောင်းမူကား၊ သူတို့သည် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအရာတို့၌ သေ၏။ သူတို့သည် မစင်ကြယ်သဖြင့်၊ မစင်ကြယ်သောအရာသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်။ သို့ရာတွင်၊ သူတို့သည်နှင်ထုတ်ခံရကြ၏၊ သူတို့လုပ်အား၏ သို့မဟုတ် ဆိုးသောအရာဖြစ်သည့် သူတို့အကျင့်၏ အသီးအပွင့်ကို သုံးဆောင်ရန်လည်း လွှဲအပ်ခံရ၏။ သူတို့သည် ခါးသောဖလားမှ အနယ်အဖတ်ကိုလည်း သောက်ကြ၏။