အခန်းကြီး ၁၄
အယ်လမာနှင့် အာမြူးလက်သည် ထောင်ထဲ၌ လှောင်ထားခြင်းနှင့် ပြင်းစွာရိုက်ခြင်းကို ခံရ၏—ယုံကြည်သူများနှင့် သူတို့၏သန့်ရှင်းသည့်ကျမ်းစာများ မီးရှို့ခံရ၏—ဤအာဇာနည်တို့ကို ကိုယ်တော်ရှင်သည် ဘုန်းတော်ဖြင့် လက်ခံတော်မူ၏—ထောင်နံရံများကွဲ၍ ပြိုလဲ၏—အယ်လမာနှင့် အာမြူးလက်တို့လွတ်မြောက်ပြီး၊ သူတို့ကို ညှဉ်းဆဲသောသူများ ကွပ်မျက်ခံရ၏။ ဘီစီ ၈၂–၈၁ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် လူတို့အား ပြောဆိုခြင်းကို လက်စသတ်ပြီးနောက်တွင်၊ ၎င်းတို့အထဲမှ များစွာသောသူတို့သည် သူ၏စကားများကို ယုံကြည်၍၊ နောင်တရပြီး၊ ကျမ်းစာများကို စေ့စေ့ဖတ်စပြုကြ၏။
၂ သို့ရာတွင်၊ သူတို့မှ အများစုသည် အယ်လမာနှင့် အာမြူးလက်ကို ဖျက်ဆီးနိုင်ခြင်းငှာ အလိုရှိလေ၏။ အကြောင်းမူကား၊ ဇေဇရုမ်ကို ပြောသည့် သူ့စကားများ၏ပွင့်လင်းခြင်းကြောင့်၊ အယ်လမာကို သူတို့အမျက်ထွက်ကြ၏။ ထို့အတူ၊ အာမြူးလက်သည် သူတို့ကို မုသားပြောလေကြောင်းနှင့် သူတို့၏ဥပဒေကို ဆန့်ကျင်၍လည်းကောင်း၊ သူတို့ရှေ့နေများနှင့် တရားသူကြီးများကို ဆန့်ကျင်၍လည်းကောင်း ကဲ့ရဲ့ပြောဆိုလေကြောင်းကိုလည်း သူတို့ဆို၏။
၃ သူတို့သည် အယ်လမာနှင့် အာမြူးလက်တို့ကိုလည်း အမျက်ထွက်ကြ၏။ သူတို့၏ ဆိုးညစ်ခြင်းများတစ်ဖက်၌ အလွန်ပွင့်လင်းစွာ သက်သေခံလေသောကြောင့်လည်း လျှို့ဝှက်စွာသတ်ရန် ကြိုးစားအားထုတ်ကြ၏။
၄ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ သူတို့ကို မသတ်ကြ။ ဖမ်းဆီးပြီး၊ ခိုင်မာသောကြိုးများဖြင့်ချည်နှောင်၍ ထိုပြည်၏တရားသူကြီးချုပ်ရှေ့သို့သာ ခေါ်ဆောင်ကြ၏။
၅ လူတို့သည်လည်း ထွက်လာပြီး သူတို့တစ်ဖက်၌ သက်သေခံကြသည်ကား—ထိုသူတို့သည် ထိုပြည်နှင့် ထိုပြည်၌ နေထိုင်သည့် လူခပ်သိမ်းတို့အတွက်ဖြစ်သည့် ဥပဒေ၊ သူတို့၏ ရှေ့နေများနှင့် တရားသူကြီးများတို့ကို ဆန့်ကျင်၍ကဲ့ရဲ့ပြောဆိုလေကြောင်း သက်သေခံလျက်ရှိကြ၏။ ဘုရားသခင်တစ်ပါးတည်းသာလျှင်ရှိကြောင်းနှင့်၊ သူ၏သားတော်ကို လူတို့ထံစေလွှတ်သော်လည်း၊ သူတို့ကို ကယ်တင်လိမ့်မည်မဟုတ်ကြောင်းကိုလည်း သက်သေခံလေ၏။ လူတို့သည် အယ်လမာနှင့် အာမြူးလက်တို့တစ်ဖက်၌ ထိုကဲ့သို့များစွာသောအရာများကို သက်သေခံကြ၏။ ယခုတွင်၊ ဤအမှုကို ထိုပြည်၏တရားသူကြီးချုပ်ရှေ့၌ ပြုလေ၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ပြောထားလေသောစကားများကြောင့်၊ ဇေဇရုမ်အံ့ဩလေ၏။ သူ၏မုသားစကားများအားဖြင့်၊ လူတို့၌ သူဖြစ်စေခဲ့သည့် အသိစိတ်ကွယ်ခြင်းတို့အကြောင်းကိုလည်း သူသိ၏။ သူကိုယ်တိုင်၏အပြစ်ရောက်ခြင်းကို သိခြင်းအားဖြင့် သူ၏ဝိညာဉ်သည် ညှဉ်းပန်းခံရစပြု၏။ ထိုမှတစ်ပါး၊ သူသည် ငရဲ၏ဘေးတို့ဖြင့်၊ ရစ်ပတ်ခြင်းကိုလည်း ခံရစပြု၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် လူတို့အား၊ ရှုလော့၊ ငါသည် အပြစ်ရောက်ပါပြီ။ ဤလူတို့သည် ဘုရားသခင်ရှေ့၌ အပြစ်ကင်းစင်ကြပါ၏ဟုဆို၍ ဟစ်ကြော်စပြု၏။ ထိုအချိန်မှစ၍ သူတို့အတွက်ကိုလည်း တောင်းပန်စပြု၏။ သို့ရာတွင်၊ အသင်သည်လည်း နတ်ဆိုး၏လွှမ်းမိုးခြင်းကို ခံရလေပြီလောဟု သူ့ကို လူတို့ကဲ့ရဲ့ပြောဆိုကြ၏။ သူ့ကို တံတွေးဖြင့်ထွေးပြီး၊ သူနှင့်အတူ၊ အယ်လမာနှင့် အာမြူးလက်တို့က ပြောထားလေသောစကားများကို ယုံကြည်သောသူများကိုလည်း၊ သူတို့အထဲမှ နှင်ထုတ်ကြ၏။ ထိုသူတို့ကို နှင်ထုတ်ပြီး၊ ကျောက်ခဲများဖြင့်ပစ်စေခြင်းငှာ လူများကို စေလွှတ်ကြ၏။
၈ ထိုသူတို့၏ဇနီးများနှင့် ကလေးများကို အတူတကွ ဆောင်ယူ၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်သူ သို့မဟုတ် ယုံကြည်ရန် သွန်သင်ပေးခြင်းခံရသူမှန်သမျှကို မီးထဲသို့ ပစ်ချစေ၏။ သန့်ရှင်းသည့်ကျမ်းစာများပါရှိသော သူတို့၏မှတ်တမ်းများကိုလည်း ဆောင်ယူ၍၊ မီးလောင်မြိုက်၍ ပျက်စီးစေခြင်းငှာ၊ မီးထဲသို့ ပစ်ချကြ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် အယ်လမာနှင့် အာမြူးလက်တို့ကို ခေါ်ဆောင်၍၊ မီးလောင်မြိုက်ခံရသောသူတို့၏ ပျက်စီးခြင်းကို ကြည့်မြင်နိုင်စေခြင်းငှာ အသက်စတေးခံရရာ နေရာသို့ သယ်ဆောင်သွားကြ၏။
၁၀ မီးထဲ၌ လောင်မြိုက်ခံရသည့် မိန်းမများနှင့် ကလေးများတို့၏နာကျင်မှုကို အာမြူးလက် မြင်ရသောအခါ၊ သူသည်လည်း နာကျင်၍ အယ်လမာကို ဆိုလေသည်ကား၊ ဤအလွန်ဆိုးရွားသော မြင်ကွင်းကို ငါတို့အဘယ်သို့အားဖြင့် ကြည့်မြင်နိုင်ကြမည်နည်း။ ထို့ကြောင့်၊ ငါတို့အထဲ၌ရှိသည့် ဘုရားသခင်၏တန်ခိုးတော်ကို ပြ၍၊ သူတို့ကို မီးလျှံမှ ကယ်တင်ကြကုန်အံ့။
၁၁ သို့ရာတွင်၊ အယ်လမာက ဆိုလေသည်ကား၊ ငါ့လက်ကို မဆန့်ရမည့်အကြောင်း၊ ဝိညာဉ်တော်က ငါ့ကို အတင်းစေခိုင်း၏။ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် သူတို့ကို ဘုန်းတော်ဖြင့်၊ သူ့ထံသို့ လက်ခံတော်မူ၍၊ ဤအမှုကို သူတို့ပြုနိုင်မည့်အကြောင်း၊ သို့မဟုတ် သူ၏အမျက်တော်ဖြင့် သူတို့အပေါ်စီရင်တော်မူမည့် တရားစီရင်တော်မူခြင်းများကို တရားမျှတနိုင်စေခြင်းငှာ၊ သူတို့စိတ်နှလုံး၏မာကျောခြင်းအတိုင်း၊ ဤအမှုကို သူတို့ထံ လူတို့ပြုနိုင်မည့်အကြောင်း သူအခွင့်ပေးတော်မူ၏။ အပြစ်မရှိသောသူတို့၏အသွေးသည်လည်း သူတို့တစ်ဖက်၌ သက်သေအဖြစ်ရှိလိမ့်မည်။ ထိုမှတစ်ပါး၊ နောက်ဆုံးသောနေ့၌ သူတို့တစ်ဖက်၌ ကြီးစွာအော်ဟစ်ကြလိမ့်မည်။
၁၂ ယခုတွင်၊ အာမြူးလက်က အယ်လမာကို ဆိုသည်မှာ၊ ရှုလော့၊ သူတို့သည် ငါတို့ကိုလည်း လောင်မြိုက်စေကောင်း လောင်မြိုက်စေလိမ့်မည်။
၁၃ အယ်လမာကလည်း၊ ကိုယ်တော်ရှင်၏အလိုတော်အတိုင်း ဖြစ်ပါစေ။ သို့ရာတွင်၊ ရှုလော့၊ ငါတို့၏အမှုသည် မပြီးဆုံးသေး။ ထို့ကြောင့်၊ သူတို့သည် ငါတို့ကို လောင်မြိုက်စေခြင်းမရှိဟု ဆို၏။
၁၄ ယခုတွင်၊ အချိန်တန်လာသောအခါ၊ မီးထဲသို့ပြစ်ချခံရလေသောသူတို့၏ ကိုယ်ခန္ဓာများနှင့်၊ ထို့အတူ၊ သူတို့နှင့် အတူ ပစ်ချခံရသောမှတ်တမ်းများသည်လည်း လောင်မြိုက်လေလျှင်၊ ချည်နှောင်ခံရသည့် အယ်လမာနှင့် အာမြူးလက်တို့ရှေ့ ၌ ထိုပြည်၏တရားသူကြီးချုပ်သည် လာ၍ရပ်ပြီး၊ လက်ဖြင့် သူတို့ပါးကို ပြင်းစွာရိုက်၍ ဆိုလေသည်ကား၊ အဘယ်သို့ဖြစ်သည်ကို သင်တို့မြင်ရပြီးမှ၊ ဤလူတို့ကို ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပြစ်ချရမည့်အကြောင်း၊ သင်တို့တစ်ဖန် ဟောပြောကြဦးမည်လော။
၁၅ ရှုလော့၊ မီးထဲသို့ ပစ်ချခံရသောသူတို့ကို ကယ်တင်ရန် သင်တို့၌ တန်ခိုးမရှိကြောင်း သင်တို့သိမြင်ကြပြီ။ သူတို့သည် သင်၏ယုံကြည်ခြင်းနှင့်တူသောသူများဖြစ်သော်လည်း ဘုရားသခင်က သူတို့ကို မကယ်တင်။ တရားသူကြီးသည် သူတို့ပါးကို တစ်ဖန်ရိုက်ပြန်၍၊ သင်တို့ကိုယ်တိုင်အတွက် အဘယ်သို့ပြောမည်နည်းဟု မေးမြန်း၏။
၁၆ ယခုတွင်၊ ဤတရားသူကြီးသည်ကား၊ ဂိဒေါင်ကို ကွပ်မျက်ခဲ့သည့် နေဟော၏ အသင်းနှင့် ယုံကြည်ခြင်းအတိုင်းရှိလေ၏။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အယ်လမာနှင့် အာမြူးလက်တို့သည် သူ့အား အဘယ်အရာကိုမျှ မဖြေကြ။ သူ့တို့ကို တစ်ဖန်ပြင်းစွာရိုက်ပြီးနောက်၊ ထောင်ထဲ၌ လှောင်ထားစေခြင်းငှာ အရာရှိတို့ထံသို့ အပ်နှံ၏။
၁၈ သူတို့ထောင်ထဲ၌လှောင်ထားခံရပြီး၊ သုံးရက်ကြာလေလျှင်၊ နေဟော၏ဘာသာကို ယုံကြည်သည့် များစွာသော ရှေ့နေများ၊ တရားသူကြီးများ၊ ယဇ်ပုရောဟိတ်များ၊ ဆရာများရောက်လာကြ၏။ သူတို့ကိုတွေ့ရန် ထောင်ထဲသို့လာ၍၊ ကျမ်းစကားများစွာတို့အကြောင်းကို မေးမြန်းကြ၏။ သို့ရာတွင်၊ အဘယ်အရာကိုမျှ၊ မဖြေကြ။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးသည် သူတို့ရှေ့၌ ရပ်၍၊ ဆိုလေသည်ကား၊ သင်တို့သည် ဤလူတို့၏စကားများကို အဘယ့်ကြောင့် မဖြေကြသနည်း။ သင်တို့ကို မီးလျှံထဲသို့ ပို့နိုင်ခွင့် ငါ့၌ရှိကြောင်း သိခြင်းမရှိကြသလော။ စကားပြောရန်လည်း သူတို့ကို အမိန့်ပေး၏။ သို့ရာတွင် အဘယ်အရာကိုမျှ မဖြေကြ။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ထွက်ခွာသွားပြီး၊ သူတို့လမ်းသူတို့သွားကြ၏။ သို့ရာတွင်၊ နက်ဖြန်နေ့၌ တစ်ဖန်ရောက်လာကြပြန်၏။ တရားသူကြီးကလည်း သူတို့၏ပါးကို တစ်ဖန်ပြင်းစွာရိုက်ပြန်၏။ များစွာသောသူတို့သည်လည်း ရောက်လာပြီး၊ သူတို့ကို ပြင်းစွာရိုက်၍၊ ဆိုကြသည်ကား၊ သင်တို့သည် တစ်ဖန်ရပ်၍၊ ဤလူတို့ကို အပြစ်ရှာပြီး၊ ငါတို့၏ဥပဒေကို အပြစ်တင်ကြဦးမည်လော။ သင်တို့၌ ထိုကဲ့သို့၊ ကြီးစွာသောတန်ခိုး ရှိလျှင်၊ သင်တို့ကိုယ်သင်တို့အဘယ့်ကြောင့် မကယ်လွှတ်ကြသနည်း။
၂၁ ထိုကဲ့သို့သောအရာများစွာတို့ကို သူတို့အား ဆို၍၊ သူတို့အပေါ်၌၊ အံသွားခဲကြိတ်လျက်၊ တံတွေးဖြင့်ထွေးလျက်၊ ဆိုကြလေသည်ကား၊ ငါတို့အပြစ်စီရင်ခံရသောအခါ၊ အဘယ်ပုံကဲ့သို့ ရှိပါလိမ့်မည်နည်း။
၂၂ ထို့ကဲ့သို့သောအရာများစွာ၊ အမှန်စင်စစ်၊ ထိုကဲ့သို့သောအရာအမျိုးမျိုးဖြင့် သူတို့ကို ဆိုကြ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့ကို နေ့ပေါင်းများစွာ ပြက်ရယ်ပြုကြ၏။ သူတို့ကို မွတ်သိပ်စေခြင်းငှာ၊ စားစရာကိုလည်းကောင်း၊ ရေငတ်စေခြင်းငှာ ရေကိုလည်းကောင်း မပေးဘဲထားကြ၏။ သူတို့ထံမှ အဝတ်များကိုလည်း ယူ၍ အဝတ်မရှိ ဖြစ်လေ၏။ ထိုကဲ့သို့အားဖြင့် ခိုင်မာသောကြိုးများဖြင့် ချည်နှောင်ခြင်းကိုလည်းကောင်း၊ ထောင်ထဲ၌ လှောင်ထားခြင်းကိုလည်းကောင်း ခံရကြ၏။
၂၃ ဤသို့အားဖြင့်အချိန်တန်လာ၍ သူတို့သည် ထိုကဲ့သို့အားဖြင့်၊ နေ့ပေါင်းများစွာ ခံစားရပြီးနောက် (နီဖိုင်းလူမျိုးတို့ကို တရားသူကြီးများအုပ်စိုးခြင်းဒဿမနှစ်မြောက်၊ ဒဿမလ၊ တစ်ဆယ်နှစ်ရက်နေ့တွင် ဖြစ်၏) အမ္မုန်နိဟပြည်၏တရားသူကြီးချုပ်၊ သူတို့၏များစွာသောဆရာများနှင့် သူတို့၏ ရှေ့နေတို့သည် အယ်လမာနှင့် အာမြူးလက်တို့အား ကြိုးများဖြင့် ချည်နှောင်ထားရာထောင်ထဲသို့ သွားကြ၏။
၂၄ တရားသူကြီးချုပ်သည်လည်း ရှေ့၌ရပ်၍၊ သူတို့ကို တစ်ဖန်ပြင်းစွာရိုက်၍ ဆိုလေသည်ကား၊ သင်တို့၌ ဘုရားသခင်၏တန်ခိုးရှိလျှင်၊ သင်တို့ကိုယ်သင်တို့ ဤချည်နှောင်ခြင်းများမှ ကယ်လွှတ်ကြလော့။ ထို့နောက်မှ၊ သင်တို့၏စကားများအတိုင်း၊ ဤလူတို့အား၊ ကိုယ်တော်ရှင်ဖျက်ဆီးမည်ကို ငါတို့ယုံကြည်ကြမည်။
၂၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အားလုံးရှေ့သို့ထွက်၍ သူတို့ကို ပြင်းစွာရိုက်၍၊ နောက်ဆုံးသောသူအထိတိုင်အောင်ပင် တစ်ခုတည်းသောစကားကို ဆိုနေကြ၏။ နောက်ဆုံးသောသူ ဆိုပြီးလေသောအခါ၊ ဘုရားသခင်၏တန်ခိုးတော်သည် အယ်လမာနှင့် အာမြူးလက်တို့အပေါ်သို့ ရောက်၍ သူတို့သည်လည်း ထလာပြီး၊ သူတို့ခြေပေါ်တွင် ရပ်ကြ၏။
၂၆ အယ်လမာကလည်း အို ကိုယ်တော်ရှင်၊ အကျွန်ုပ်တို့သည် ဤကြီးစွာသောဆင်းရဲဒုက္ခများကို အဘယ်မျှကြာအောင် ခံစားရပါမည်နည်း။ အို ကိုယ်တော်ရှင်၊ ခရစ်တော်၌ရှိသော အကျွန်ုပ်တို့၏ယုံကြည်ခြင်းအတိုင်း၊ ကယ်လွှတ်ခြင်းသို့ ရောက်သည်တိုင်အောင်ပင် အကျွန်ုပ်တို့အား ခွန်အားကို ပေးသနားတော်မူပါဟုဆို၍ တောင်းလျှောက်၏။ သူတို့သည်လည်း မိမိတို့ကို ချည်နှောင်ထားသောကြိုးများကို ဖြတ်၏။ လူတို့သည်လည်း ဤအမှုကို မြင်လျှင်၊ ထွက်ပြေးစပြုကြ၏။ အကြောင်းမူကား၊ ဖျက်ဆီးခြင်းကို ကြောက်ရွံခြင်းသည် ထိုသူတို့အပေါ် ရောက်လာ၏။
၂၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့၏ကြောက်ရွံ့ခြင်းသည် အလွန်ကြီးမား၍ သူတို့သည် မြေကြီးသို့ လဲကျပြီး၊ ထောင်၏အပြင်တံခါးသို့ မရောက်ကြ။ မြေကြီးသည်လည်း ကြီးစွာလှုပ်၍၊ ထောင်နံရံများ နှစ်ခြမ်းကွဲ၍၊ မြေကြီးသို့ ပြိုလဲ၏။ အယ်လမာနှင့် အာမြူးလက်တို့ကို ပြင်းစွာရိုက်သည့် တရားသူကြီးချုပ်၊ ရှေ့နေများ၊ ယဇ်ပုရောဟိတ်များနှင့် ဆရာများသည်လည်း ထိုပြိုလဲခြင်းအားဖြင့် ကွပ်မျက်ခံရလေ၏။
၂၈ အယ်လမာနှင့် အာမြူးလက်တို့သည်လည်း ထောင်၏အပြင်သို့ ထွက်လာ၏။ နာလည်းမနာကြ။ အကြောင်းမူကား၊ ခရစ်တော်၌ရှိသော သူတို့၏ယုံကြည်ခြင်းအတိုင်း၊ ကိုယ်တော်ရှင်သည် သူတို့အား တန်ခိုးကို ပေးတော်မူလေ၏။ သူတို့သည် ထောင်အပြင်သို့ ချက်ချင်းထွက်လာကြ၏။ ချည်နှောင်ထားခြင်းများမှလည်း လွတ်ကြ၏။ ထောင်သည်လည်း မြေကြီးသို့ ပြိုလဲ၍၊ အယ်လမာနှင့် အာမြူးလက်တို့မှတစ်ပါး၊ ထိုထောင်နံရံအတွင်း၌ ရှိသောသူမှန်သမျှ ကွပ်မျက်ခံရလေ၏။ သူတို့သည်လည်း မြို့ထဲသို့ ချက်ချင်း ဝင်လာကြ၏။
၂၉ ယခုတွင်၊ လူတို့သည် ကြီးစွာသောအသံဗလံများကို ကြား၍၊ အကြောင်းရင်းကို သိခြင်းငှာ လူအစုအဝေးလိုက် အတူတကွ ပြေး၍လာကြ၏။ အယ်လမာနှင့် အာမြူးလက်တို့ ထောင်၏အပြင်သို့ ထွက်လာကြသည်ကိုလည်းကောင်း၊ ထိုထောင်နံရံများ မြေကြီးသို့ ပြိုလဲလေသည်ကိုလည်းကောင်း သူတို့မြင်ကြလေလျှင်၊ ရုတ်တရက် ကြီးစွာကြောက်ရွံ့၍၊ ဆိတ်သည် မိမိသားငယ်တို့နှင့်အတူ ခြင်္သေ့နှစ်ကောင်ထံမှ ထွက်ပြေးသကဲ့သို့ပင် အယ်လမာနှင့် အာမြူးလက်တို့၏မျက်မှောက်မှ ထွက်ပြေးကြလေ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် အယ်လမာနှင့် အာမြူးလက်တို့၏မျက်မှောက်မှ ထွက်ပြေးကြလေသတည်း။