အခန်းကြီး ၂၃
ဘာသာရေးလွပ်လပ်ခွင့်ကို ကြေညာ၏—ပြည်ခုနစ်ပြည်နှင့် မြို့များရှိ လာမန်အမျိုးသားတို့ ပြောင်းလဲကြ၏—သူတို့ကိုယ်ကို အန္တိနီဖိုင်းလေဟိအမျိုးသားများဟု ခေါ်ကြ၏၊ ကျိန်ခြင်းမှလည်း လွတ်မြောက်ကြ၏—အာမလက်လူတို့နှင့် အာမြူလုန်အမျိုးသားတို့သည် သမ္မာတရားကို ငြင်းပယ်ကြ၏။ ဘီစီ ၉၀–၇၇ ခန့်။
၁ ရှုလော့၊ ယခုတွင် အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့၏ မင်းကြီးသည် မိမိလူမျိုးခပ်သိမ်းတို့၌ အမ္မုန်ကိုဖြစ်စေ၊ အာရုန်ကိုဖြစ်စေ၊ ဩမနာကိုဖြစ်စေ၊ ဟိမနိကိုဖြစ်စေ မဖမ်းဆီးရမည့်အကြောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သွား၍ ဟောပြောမည့် သူတို့၏ညီအစ်ကိုတို့မှ အဘယ်သူ့ကိုမဆို၊ သူတို့အဘယ် နေရာ၌ ရှိသည်ဖြစ်စေ၊ မိမိတို့ပြည်၏အဘယ်အရပ်၌ ရှိသည်ဖြစ်စေ၊ မဖမ်းဆီးရမည့်အကြောင်း၊ ကြေညာချက်ကို ထုတ်ပြန်၏။
၂ ထိုမှတစ်ပါး၊ သူတို့ကို ချည်နှောင်ရန်၊ သို့မဟုတ် ထောင်ထဲ၌လှောင်ထားရန်၊ မဖမ်းဆီးရမည့်အကြောင်း၊ သူတို့ကို တံတွေးဖြင့်ထွေးခြင်း၊ ပြင်းစွာရိုက်ခြင်း၊ မိမိတို့၏တရားဇရပ်များမှနှင်ထုတ်ခြင်း၊ ရိုက်ပုတ်ခြင်း မပြုရမည့်အကြောင်း၊ သူတို့ကို ကျောက်ခဲနှင့် မပစ်ရမည့်အကြောင်း၊ သို့ရာတွင် မိမိတို့အိမ်များ၊ မိမိတို့ဗိမာန်တော်များနှင့် မိမိတို့ ဝတ်ပြုရာဌာနများသို့ လွတ်လပ်စွာဝင်ရောက်ခွင့် ရှိစေရမည့်အကြောင်း စီရင်ချက်ကို ထုတ်ပြန်၏။
၃ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် အလိုဆန္ဒရှိသည့်အတိုင်း သွား၍ ဟောပြောနိုင်ကြ၏။ အကြောင်းမူကား၊ မင်းကြီးနှင့် သူ၏အိမ်သူအိမ်သားခပ်သိမ်းတို့သည် ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲကြလေပြီ။ ထို့ကြောင့်၊ သူ၏လူမျိုးတို့ကို၊ သူတို့ဘိုးဘေးတို့၏ ဆိုးညစ်သောနည်းဥပဒေသများအကြောင်း နားသွင်းနိုင်စေခြင်းငှာလည်းကောင်း၊ သူတို့အားလုံးသည် ညီအစ်ကိုများဖြစ်၍၊ လူ့အသက်ကို သတ်ခြင်း၊ လုယက်ခြင်း၊ ခိုးယူခြင်း၊ သူ့သားမယားအား ပြစ်မှားခြင်းကို ကျူးလွန်ခြင်း၊ တစ်စုံတစ်ခုသော ဆိုးညစ်ခြင်းကိုကျူးလွန်ခြင်း မပြုသင့်ကြောင်း၊ သူတို့ကို နားသွင်းနိုင်ခြင်းငှာလည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အဆီးအတား မရှိစေဘဲ၊ ထိုပြည်တစ်လျှောက်သို့ ရောက်နိုင်စေခြင်းငှာ၊ သူ၏ကြေညာချက်ကို ထိုပြည်တစ်လျှောက်ရှိ သူ၏လူမျိုးတို့ဆီသို့ ထုတ်ပြန်၏။
၄ ယခုမူကား၊ အချိန်တန်လာသောအခါ၊ မင်းကြီး ဤကြေညာချက်ကို ထုတ်ပြန်ပြီးလေလျှင်၊ အာရုန်နှင့် သူ၏ညီအစ်ကိုတို့သည် တစ်မြို့မှ တစ်မြို့၊ ကိုးကွယ်ရာတစ်အိမ်မှ တခြားတစ်အိမ်သို့ သွား၍၊ ထိုပြည်တစ်လျှောက် လာမန်အမျိုးသားတို့၌၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောရန်နှင့် သွန်သင်ပေးရန် အသင်းတော်များကို တည်ထောင်၍၊ ယဇ်ပုရောဟိတ်များနှင့် ဆရာများကို ခန့်ထားလျက်ရှိကြ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် ကြီးစွာသောအောင်မြင်မှုရရှိစပြု၏။
၅ ထို့အတူ၊ ထောင်ပေါင်းများစွာတို့သည် ကိုယ်တော်ရှင်အကြောင်းကို သိခြင်းပညာသို့ ဆောင်ခြင်းကို ခံရကြ၊ အမှန်စင်စစ်၊ ထောင်ပေါင်းများစွာတို့သည် နီဖိုင်းအမျိုးသားတို့၏ နည်းဥပဒေသများကို ယုံကြည်စေရန် ဆောင်ခြင်းကို ခံရကြ၏။ မျက်မှောက်ကာလအထိပင် လက်ဆင့်ကမ်း၍ ပေးလေသည့်မှတ်တမ်းများနှင့် ပရောဖက်ပြုဟောချက်များကိုလည်း သူတို့အား သွန်သင်ပေးလေ၏။
၆ ကိုယ်တော်ရှင် ဧကန်အမှန် အသက်ရှင်တော်မူသည့်အတိုင်း၊ များစွာသောသူတို့ ယုံကြည်ကြသကဲ့သို့၊ သို့မဟုတ် ဗျာဒိတ်တော်နှင့် ပရောဖက်ပြုဟောချက်ဝိညာဉ်၊ ထို့အတူ၊ သူတို့၌ အလွန်တရာအံ့ဩဖွယ်အမှုတို့ကို ပြုတော်မူလျက်ရှိသည့် ဘုရားသခင်၏တန်ခိုးတော်တို့အတိုင်း၊အမ္မုန်နှင့် သူ့ညီအစ်ကိုတို့၏ ဟောပြောခြင်းအားဖြင့်၊ များစွာသောသူတို့သည် သမ္မာတရားကို သိခြင်းသို့ ဆောင်ခြင်းခံရသကဲ့သို့—ထိုမှတစ်ပါး၊ သင်တို့ကို ငါဆိုသည်ကား၊ ကိုယ်တော်ရှင် အသက်ရှင်တော်မူသည့်အတိုင်း၊ သူတို့၏ ဟောပြောခြင်းများကို ယုံကြည်၍ ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲသည့် များစွာသော လာမန်အမျိုးသားတို့သည် အဘယ်တော့မျှ၊ မရွေ့လျော့ မဖောက်ပြန်ကြ။
၇ အကြောင်းမူကား၊ သူတို့သည် ဖြောင့်မတ်သောလူမျိုးများ ဖြစ်လာကြ၏။ သူတို့သည် မိမိတို့ပုန်ကန်ရာလက်နက်များကို ချပြီး၊ ဘုရားသခင်ကို ဆန့်ကျင်၍သော်လည်းကောင်း၊ မိမိတို့၏ညီအစ်ကိုတစ်ဦးကိုမျှလည်း ဆန့်ကျင်၍သော်လည်းကောင်း နောက်ထပ် တိုက်ခိုက်ခြင်းမရှိတော့။
၈ ယခုတွင်၊ ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲလေသောသူ ဤသူတို့သည်ကား၊
၉ ဣရှမေလပြည်၌ရှိလေသည့် လာမန်အမျိုးသားတို့၏လူများ၊
၁၀ ထို့အတူ၊ မိဒေါနိပြည်၌ရှိလေသည့် လာမန်အမျိုးသားတို့၏လူများ၊
၁၁ ထို့အတူ၊ နီဖိုင်းမြို့ ၌ရှိလေသည့် လာမန်အမျိုးသားတို့၏လူများ၊
၁၂ ထို့အတူ၊ ရှိလုမ်ပြည်၌ရှိလေသူ၊ ရှေမလုန်ပြည်၌ရှိလေသူ၊ လေမွေလမြို့ ၌ရှိလေသူ၊ ရှိမနိလုမ်မြို့ ၌ရှိလေသူ လာမန်အမျိုးသားတို့၏ လူများဖြစ်လေ၏။
၁၃ ဤအရာတို့သည်ကား၊ ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲလေသည့် လာမန်အမျိုးသားတို့၏ မြို့အမည်များ ဖြစ်၏။ ထို့အတူ၊ ဤသူတို့သည်ကား၊ သူတို့၏ပုန်ကန်ရာလက်နက်များ၊ အထူးသဖြင့်၊ သူတို့၏ ခပ်သိမ်းသောစစ်တိုက်ရာလက်နက်များကို ချလေသူများပေတည်း။ သူတို့အားလုံးသည် လာမန်အမျိုးသားများ ဖြစ်လေ၏။
၁၄ တစ်ဦးတည်းသောသူမှတစ်ပါး၊ အာမလက်လူများသည်လည်းကောင်း၊ အာမြူလုန်အမျိုးသားတို့မှ တစ်ဦးမျှသော်လည်းကောင်း၊ မပြောင်းလဲပေ။ သို့ရာတွင်၊ သူတို့သည် မိမိတို့စိတ်နှလုံးကိုလည်းကောင်း၊ သူတို့နေထိုင်ရာ ပြည်၏ထိုအပိုင်းရှိအရပ်မှန်သမျှ၊ အထူးသဖြင့်၊ သူတို့၏ ခပ်သိမ်းသော ရွာများနှင့် သူတို့၏ ခပ်သိမ်းသောမြို့များမှ လာမန်အမျိုးသားတို့၏ စိတ်နှလုံးကိုလည်းကောင်း မာကျောစေကြ၏။
၁၅ ထို့ကြောင့်၊ ငါတို့သည် လာမန်အမျိုးသားတို့ နောင်တရလျက်၊ သမ္မာတရားကို သိခြင်းသို့ ရောက်၍၊ ပြောင်းလဲလေရာ သူတို့မြို့များအားလုံးကို အမည်ပေးလေ၏။
၁၆ ယခုမူကား၊ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မင်းကြီးနှင့် ပြောင်းလဲခဲ့သောသူတို့သည် သူတို့၌ အမည်တစ်ခုရှိနိုင်ခြင်းငှာ အလိုရှိကြ၏။ ထိုနည်းအားဖြင့်၊ သူတို့၏ညီအစ်ကိုများနှင့် ခွဲခြားနိုင်ပေမည်။ ထို့ကြောင့်၊ မင်းကြီးသည် သူတို့ကို ခွဲခြားနိုင်စေခြင်းငှာ သူတို့အပေါ်မှာ ခံယူမည့် အမည်နှင့်စပ်လျဉ်း၍၊ အာရုန်နှင့်အတူ၊ သူတို့၏ယဇ်ပုရောဟိတ်တို့အထဲမှ များစွာတို့နှင့် တိုင်ပင်၏။
၁၇ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ သူတို့သည် မိမိတို့အမည်ကို အန္တိနီဖိုင်းလေဟိအမျိုးသားများဟု ခေါ်ကြ၏။ ဤအမည်ဖြင့် အခေါ်ခံ၍၊ လာမန်အမျိုးသားများဟု အခေါ်မခံရတော့။
၁၈ သူတို့သည် အလွန်လုံ့လဝီရိယရှိသော လူများဖြစ်စပြု၏။ ထိုမှတစ်ပါး၊ သူတို့သည် နီဖိုင်းအမျိုးသားများနှင့် ခင်မင်ကြ၏။ ထို့ကြောင့်၊ သူတို့သည် ခင်မင်ရင်းနှီးသောဆက်ဆံရေးကို တည်စပြု၍၊ ဘုရားသခင်၏ကျိန်ခြင်းသည်လည်း သူတို့အပေါ်၌မရှိတော့။