အခန်းကြီး ၆၁
ပါဟောရန်သည် မော်ရော်နိုင်းအား အစိုးရကိုဆန့်ကျင်၍ ထကြွသောင်းကျန်းခြင်းနှင့် ပုန်ကန်ခြင်းတို့အကြောင်းကို ပြောပြ၏—ဘုရင့်လူများသည် ဇရဟင်မလကို သိမ်းပိုက်၍ လာမန်အမျိုးသားတို့နှင့် မိဿဟာဖွဲ့ကြ၏—ပါဟောရန်သည် သူပုန်တို့တစ်ဖက်၌ စစ်အကူတောင်း၏။ ဘီစီ ၆၂ ခန့်။
၁ ရှုလော့၊ ယခုတွင် အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းသည် သူ၏အမှာစာကို အုပ်ချုပ်သူမင်းထံသို့ပို့ပြီးနောက် မကြာမြင့်မီတွင်၊ အုပ်ချုပ်သူမင်းပါဟောရန်ထံမှ အမှာစာတစ်စောင်ကို လက်ခံရရှိ၏။ သူလက်ခံရရှိသည့် ဤစကားများသည်ကား၊
၂ ဤပြည်၏အုပ်ချုပ်သူမင်းဖြစ်သည့် ငါပါဟောရန်သည် ဤစကားများကို တပ်၏ဗိုလ်ချုပ်မင်းဖြစ်သူ မော်ရော်နိုင်းထံသို့ ပို့လိုက်ပါ၏။ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ငါသည် သင်တို့၏ကြီးစွာသောဆင်းရဲဒုက္ခများ၌ ဝမ်းမြောက်သည်မဟုတ်၊ အမှန်စင်စစ်၊ ထို့အမှုသည် ငါ၏စိတ်ဝိညာဉ်ကို ဝမ်းနည်းပူဆွေးစေ၏။
၃ သို့ရာတွင်၊ ရှုလော့၊ သင်တို့၏ဆင်းရဲဒုက္ခများ၌ ဝမ်းမြောက်သောသူများရှိ၏။ ထိုမှတစ်ပါး၊ သူတို့သည် ငါ့ကို၊ ထို့အတူ၊ လွတ်လပ်သူများဖြစ်သည့် ငါ၏လူမျိုးတို့ကိုလည်း ဆန့်ကျင်၍ ပုန်ကန်ထကြွလျက်၊ ထိုမှတစ်ပါး၊ ထကြွသောသူတို့မှာ အလွန်များ၏။
၄ ထိုသူတို့သည်ကား၊ တရားပလ္လင်ကို ငါ့ထံမှ ဖယ်ရှားရန်ကြိုးစားအားထုတ်သူများ၊ ဤကြီးစွာသောဒုစရိုက်၏ အကြောင်းရင်းဖြစ်သောသူများပေတည်း။ အကြောင်းမူကား၊ သူတို့သည် များစွာသောမြှောက်ပင့်ခြင်းတို့ကို အသုံးပြု၍၊ များစွာသောလူတို့၏စိတ်နှလုံးကို လှည့်ဖြားခေါ်ဆောင်သွားခြင်းက ငါတို့ ၌ ပြင်းထန်သော ဆင်းရဲဒုက္ခတို့၏အကြောင်းရင်းကို ဖြစ်စေလိမ့်မည်။ ငါတို့၏ရိက္ခာများကို မပေးဘဲထား၍၊ ငါတို့၏လွတ်လပ်သူများကိုလည်း ဟန့်တားသဖြင့်၊ သင်တို့ထံသို့ မလာနိုင်ကြ။
၅ ရှုဦးလော့၊ သူတို့သည် ငါ့ကို သူတို့ရှေ့မှ နှင်ထုတ်သဖြင့်၊ ငါသည်လည်း များနိုင်သမျှများစွာရရှိနိုင်သမျှသော လူတို့နှင့်အတူ ဂိဒေါင်ပြည်သို့ ထွက်ပြေးလေပြီ။
၆ ရှုဦးလော့၊ ငါသည် ပြည်၏ဤအရပ်တစ်လျှောက်သို့ ကြေညာချက်ကို ထုတ်ပြန်လေပြီ။ ရှုဦးလော့၊ သူတို့သည်လည်း သူတို့တိုင်းပြည်နှင့် သူတို့လွတ်လပ်ခွင့်ကို ကာကွယ်ရာ၌ လက်နက်စွဲကိုင်ရန်နှင့် ငါတို့အပေါ်ပြုခဲ့သော မတရားမှုများကို လက်တုံ့ပြန်ရန်၊ ငါတို့ထံသို့ နေ့တိုင်းစုဝေးလာနေကြ၏။
၇ ထို့အတူ၊ ငါတို့ထံသို့ လာကြသဖြင့်၊ ငါတို့ကို ဆန့်ကျင်၍ပုန်ကန်ထကြွသောသူတို့သည် ခုခံသည်ကို ခံရ၏၊ ထိုမှတစ်ပါး၊ ငါတို့ကို ကြောက်ရွံ့သဖြင့်၊ ဆန့်ကျင်စစ်တိုက်ရန် ထွက်မလာဝံ့ကြ။
၈ သူတို့သည် ထိုပြည် သို့မဟုတ် ဇရဟင်မလမြို့ကို သိမ်းယူ၍၊ သူတို့အပေါ်၌ မင်းကြီးတစ်ပါးကို ခန့်အပ်ထားရာ၊ ထိုမင်းကြီးသည် လာမန်အမျိုးသားတို့၏မင်းကြီးထံသို့ သူနှင့် မဟာမိတ်ဖွဲ့ပါမည့်အကြောင်း ရေးလေ၏။ ထိုမဟာမိတ်ဖွဲ့ရာတွင်၊ ဇရဟင်မလမြို့ကို ထိန်းသိမ်းရန် သူသဘောတူ၍၊ ထိုထိန်းသိမ်းခြင်းက လာမန်အမျိုးသားတို့အား ထိုပြည်၏ကျန်ကြွင်းသောအရပ်တို့ကို အနိုင်ရရန်စွမ်းဆောင်နိုင်စေလျက်၊ လာမန်အမျိုးသားတို့အားဖြင့် ဤလူမျိုးတို့အနိုင်ခံရသောအချိန်တွင်၊ သူတို့အပေါ်၌ မင်းအဖြစ်ခန့်ထားခံရမည်ဟု ထင်မှတ်၏။
၉ ယခုမူကား၊ သင်၏အမှာစာထဲ၌၊ သင်သည် ငါ့ကို အပြစ်တင်လေပြီ။ သို့ရာတွင်၊ ငါ့အဖို့ အရေးမကြီး။ ငါသည်အမျက်မထွက်၊ သင်၏စိတ်နှလုံးကြီးမြတ်ခြင်း၌ အမှန်ပင်ရွှင်လန်းဝမ်းမြောက်ခြင်းသာရှိ၏။ ငါ၊ ပါဟောရန်သည် ငါ့လူမျိုးတို့၏အခွင့်အရေးများနှင့် လွတ်လပ်ခြင်းကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းငှာ၊ ငါ၏တရားပလ္လင်ကိုထိန်းသိမ်းရန်မှတစ်ပါး၊ အခွင့်အာဏာအတွက် ကြိုးစားအားထုတ်သည်မဟုတ်။ ငါ၏စိတ်ဝိညာဉ်သည် ငါတို့ကို ဘုရားသခင်လွတ်လပ်စေတော်မူလေပြီဖြစ်သော ထိုလွတ်လပ်ခြင်း၌ မြဲမြံစွာတည်၏။
၁၀ ယခုမူကား၊ ရှုလော့၊ ငါတို့သည် အသွေးသွန်းလောင်းသည့်တိုင်အောင်ပင် ဆိုးညစ်ခြင်းကို တွန်းလှန်ကြမည်။ လာမန်အမျိုးသားတို့ သူတို့နေရင်းပြည်၌ နေမည်ဆိုလျှင်၊ ငါတို့သည် သူတို့အသွေးကို မသွန်းလောင်းလိုကြ။
၁၁ ငါတို့သည် ငါတို့၏ ညီအစ်ကိုများ ငါတို့ကို ဆန့်ကျင်၍ ပုန်ကန်ထကြွခြင်းနှင့် ဓားကိုစွဲကိုင်ခြင်းတို့ မပြုလိုကြလျှင်၊ သူတို့အသွေးကို မသွန်းလောင်းလိုကြ။
၁၂ ဘုရားသခင်၏တရားတော်မူခြင်းနှင့်စပ်လျဉ်း၍၊ ငါတို့ကိုယ်ကို ကျွန်ခံရာထမ်းပိုး၏လွှမ်းမိုးခြင်း ခံရရန် မရှိမဖြစ်လိုအပ်မည်ဆိုလျှင်၊ သို့မဟုတ် ထိုကဲ့သို့ပြုရန် ငါတို့ကို သူမိန့်တော်မူလျှင်၊ ငါတို့ပြုလိုကြ၏။
၁၃ သို့ရာတွင်၊ ရှုလော့၊ ငါတို့အား ငါတို့ရန်သူများ၏လွှမ်းမိုးခြင်းကို ခံရစေခြင်းငှာ မိန့်တော်မမူ၊ ငါတို့ သူ့ကို ကိုးစားရမည့်အကြောင်း၊ သူသည်လည်း ငါတို့ကို ကယ်လွှတ်တော်မူမည့်အကြောင်းကိုသာ မိန့်တော်မူ၏။
၁၄ ထို့ကြောင့်၊ ငါ၏ချစ်လှစွာသောညီအစ်ကိုမော်ရော်နိုင်း၊ ငါတို့သည် မကောင်းမှုကို တွန်းလှန်ကြကုန်အံ့။ ငါတို့၏လွတ်လပ်ခွင့်ကို ထိန်းသိမ်းထားနိုင်ခြင်းငှာ၊ ငါတို့၏စကားများဖြင့် မတွန်းလှန်နိုင်သည့် မကောင်းမှုမှန်သမျှကို၊ အထူးသဖြင့်၊ ပုန်ကန်ခြင်း၊ ဖောက်ပြန်ခြင်း အစရှိသောအရာတို့ကို ငါတို့၏ဓားများဖြင့် တွန်းလှန်ကြကုန်အံ့။ ငါတို့အသင်းတော်၏ ကြီးစွာသောအထူးအခွင့်အရေး၊ ထို့အတူ၊ ငါတို့၏ရွေးနှုတ်ရှင်နှင့် ငါတို့၏ဘုရားသခင်၏အမှုတို့၌ ငါတို့ ရွှင်လန်းဝမ်းမြောက်နိုင်ကြစေကြောင်းပင်တည်း။
၁၅ ထို့ကြောင့်၊ သင်၏လူအနည်းငယ်တို့နှင့်အတူ၊ ငါ့ထံသို့ အလျင်အမြန်လာလော့။ ကျန်ကြွင်းသောသူတို့ကို လေဟိနှင့် တေအန်ကမ်တို့၏တာဝန်၌ ထားခဲ့လော့။ သူတို့၌ရှိသည့် လွတ်လပ်ခွင့်စိတ်သဘောလည်းဖြစ်သည့် ဘုရားသခင်၏ဝိညာဉ်တော်အတိုင်း၊ ပြည်၏ထိုအရပ်၌ စစ်တိုက်ခြင်းကို စီမံစေခြင်းငှာ၊ သူတို့ကို အခွင့်ပေးလော့။
၁၆ ရှုလော့၊ ငါ့ထံသို့ သင်မလာနိုင်မီအထိ သူတို့မပျက်စီးနိုင်ကြစေခြင်းငှာ၊ ငါသည် အနည်းငယ်သောရိက္ခာတို့ကို သူတို့ထံသို့ ပို့လေပြီ။
၁၇ ဤအရပ်သို့ သင်တို့ချီတက်လာရာ၌ သင်တို့ရနိုင်သမျှသော တပ်အင်အားကို အတူတကွစုဝေးလော့။ ငါတို့အထဲ၌ရှိသည့် ငါတို့ဘုရားသခင်၏ခွန်အားအတိုင်း၊ ငါတို့သည် ထိုသဘောကွဲလွဲသောသူများကို အလျင်အမြန်သွား၍တိုက်ကြမည်။
၁၈ ငါတို့သည် လေဟိနှင့် တေအန်ကမ်ထံသို့ ပို့နိုင်ရန်၊ ပို၍များသောစားစရာကို ရရှိနိုင်ခြင်းငှာ၊ ဇရဟင်မလမြို့ကိုလည်း သိမ်းယူကြမည်။ ထိုမှတစ်ပါး၊ ငါတို့သည် သူတို့ကို ကိုယ်တော်ရှင်၏ခွန်အားဖြင့် သွား၍တိုက်မည်၊ ဤကြီးစွာသောဒုစရိုက်ကိုလည်း အဆုံးသတ်ကြမည်။
၁၉ ယခုမူကား၊ မော်ရော်နိုင်း၊ ငါသည် သင်၏အမှာစာကို လက်ခံရရှိ၍ အမှန်ပင်ဝမ်းမြောက်၏။ အကြောင်းမူကား၊ ငါတို့၏ညီအစ်ကိုတို့ကို သွား၍တိုက်ရန် ငါတို့အနေဖြင့် တရားခြင်းရှိမရှိ၊ ငါတို့အဘယ်သို့ပြုရမည့်အကြောင်းကို ငါအတော်အသင့်စိုးရိမ်၏။
၂၀ သို့ရာတွင်၊ သူတို့နောင်တမရလျှင်၊ သင်သည် သူတို့ကို သွား၍တိုက်ရမည်ဟု သင့်ကို ကိုယ်တော်ရှင်မိန့်တော်မူကြောင်း သင်ဆိုလေပြီ။
၂၁ သင်သည် လေဟိနှင့် တေအန်ကမ်တို့အား ကိုယ်တော်ရှင်အားဖြင့် ဧကန်အမှန် ခွန်အားဖြည့်ပေးလော့။ ကြောက်ရွံ့ခြင်းမရှိရန် ပြောလော့၊ အကြောင်းမူကား၊ ဘုရားသခင်သည် သူတို့ကို၊ ထိုမှတစ်ပါး၊ ဘုရားသခင်လွတ်လပ်စေတော်မူလေပြီဖြစ်သော ထိုလွတ်လပ်ခြင်း၌၊ မြဲမြံစွာတည်သောသူခပ်သိမ်းတို့ကိုလည်း ကယ်လွှတ်တော်မူလိမ့်မည်။ ယခုမူကား၊ ငါသည် ငါ၏ချစ်လှစွာသောညီအစ်ကို မော်ရော်နိုင်းထံသို့ရေးသည့် အမှာစာကို အဆုံးသတ်၏။