အခန်းကြီး ၄
အယ်လမာသည် အထောင်အသောင်းသောပြောင်းလဲသူများကို ဗတ္တိဇံပေး၏—ဒုစရိုက်သည် အသင်းတော်သို့ ဝင်လာ၍၊ အသင်းတော်၏တိုးတက်မှု ဆီးတားခံရ၏—နီဖိုင်းဟကို တရားသူကြီးချုပ်အဖြစ် ခန့်အပ်၏—အယ်လမာသည် ယဇ်ပုရောဟိတ်မင်းအဖြစ် အမှုတော်ဆောင်ခြင်း၌ သူ့ကိုယ်ကိုဆက်ကပ်၏။ ဘီစီ ၈၆–၈၃ ခန့်။
၁ ယခုတွင်၊ အချိန်တန်လာသောအခါ၊ နီဖိုင်းလူမျိုးတို့အပေါ်တရားသူကြီးများအုပ်စိုးခြင်း ဆဌမမြောက်နှစ်တွင်၊ ဇရဟင်မလပြည်၌ ရန်တွေ့ခြင်းများသော်လည်းကောင်း၊ စစ်တိုက်ခြင်းများသော်လည်းကောင်း မရှိချေ။
၂ သို့ရာတွင်၊ လူတို့သည် ဒုက္ခရောက်ကြ၊ အမှန်စင်စစ်၊ မိမိတို့ညီအစ်ကိုများ၊ ထို့အတူ၊ မိမိတို့သိုးစုများနှင့် နွားစုများ ဆုံးရှုံးခြင်းကြောင့်လည်းကောင်း၊ ထို့အတူ၊ လာမန်အမျိုးသားတို့အားဖြင့် ခြေဖြင့်နင်းချေပြီး၊ ဖျက်ဆီးခံရသည့် မိမိတို့၏စပါးလယ်ကွင်းများ ဆုံးရှုံးခြင်းကြောင့်လည်းကောင်း ကြီးစွာဒုက္ခရောက်ကြ၏။
၃ သူတို့၏ဆင်းရဲဒုက္ခများမှာ အလွန်ကြီးမားလှ၍ လူတိုင်း ငိုကြွေးမြည်တမ်းရ၏။ ထိုအမှုသည်ကား၊ သူတို့၏ဆိုးညစ်ခြင်းနှင့် သူတို့၏စက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့်၊ သူတို့အပေါ်လွှတ်တော်မူသည့် ဘုရားသခင်၏တရားစီရင်တော်မူခြင်းများဖြစ်သည်ဟု သူတို့ယုံကြည်ကြ၏။ ထို့ကြောင့်၊ သူတို့၏တာဝန်ကို အောက်မေ့စေခြင်းငှာ သူတို့နှိုးဆော်ခံရ၏။
၄ သူတို့သည် အသင်းတော်ကိုလည်း ပို၍ပြည့်စုံစွာ တည်ထောင်စပြုကြ၏။ ထိုမှတစ်ပါး၊ များစွာသောသူတို့သည် ဇိဒုန်ရေ၌ ဗတ္တိဇံခံ၍၊ ဘုရားသခင်၏အသင်းတော်သို့ ဝင်ကြ၏။ ထိုမှတစ်ပါး၊ အဘအယ်လမာ၏လက်ဖြင့် အသင်းတော်၏လူတို့အပေါ် ယဇ်ပုရောဟိတ်မင်းအဖြစ်ခန့်ထားခံရသူ အယ်လမာ၏လက်ဖြင့် ဗတ္တိဇံခံကြ၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း သတ္တမမြောက်နှစ်တွင်၊ သုံးထောင်ငါးရာခန့်ရှိသောလူတို့သည် ဘုရားသခင်၏အသင်းတော်သို့ ကိုယ်တိုင်ပေါင်းစည်း၍ ဗတ္တိဇံခံကြ၏။ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း သတ္တမမြောက်နှစ်ပြီးဆုံး၏။ ထိုကာလတစ်ခုလုံး၌လည်း အဆက်မပြတ်ငြိမ်းချမ်းခြင်းရှိလေ၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်းအဌမမြောက်နှစ်တွင်၊ အသင်းတော်၏လူတို့သည် သူတို့၏အလွန်များသောစည်းစိမ်ဥစ္စာများ၊ ထို့အတူ သူတို့၏ ဖဲချောများ၊ ထို့အတူ သူတို့၏ပိတ်ချောများကြောင့်လည်းကောင်း၊ ထို့အတူ သူတို့၏များစွာသောသိုးစုများနှင့် နွားစုများ၊ ထို့အတူ သူတို့၏ရွှေနှင့် သူတို့၏ငွေ၊ ထို့အတူ သူတို့ကြိုးစားအားထုတ်မှုကြောင့် ရရှိလေသည့် အမျိုးမျိုးသော အဖိုးထိုက်သည့်အရာများကြောင့်လည်းကောင်း မာနကြီးစပြုလာကြ၏။ သူတို့သည် အလွန်အဖိုးထိုက်သည့် အဝတ်များကို ဝတ်ဆင်စပြု၍၊ ဤအရာခပ်သိမ်းတို့၌လည်း သူတို့၏မာနမျက်လုံးများဖြင့် ဘဝင်မြင့်ကြ၏။
၇ ယခုတွင်၊ ဤအရာသည်ကား၊ အယ်လမာသို့၊ ထိုမှတစ်ပါး၊ အသင်းတော်၌ ဆရာများ၊ ယဇ်ပုရောဟိတ်များနှင့် အသင်းလူကြီးများအဖြစ် အယ်လမာခန့်ထားသည့် များစွာသောလူများကို များစွာဆင်းရဲဒုက္ခရောက်စေခြင်း၏ အကြောင်းရင်းဖြစ်၏။ အကြောင်းမူကား၊ သူတို့မှ များစွာသောသူတို့သည် မိမိတို့မြင်သည့် ဆိုးညစ်ခြင်းများ မိမိတို့လူများကြား၌ အစပြုလေတော့မည်ဖြစ်သောကြောင့်၊ ပြင်းစွာဝမ်းနည်းပူဆွေးကြ၏။
၈ အကြောင်းမူကား၊ အသင်းတော်မှလူတို့ သူတို့၏မာနမျက်လုံးများဖြင့် ဘဝင်မြင့်ရန်နှင့် သူတို့စိတ်နှလုံးကို စည်းစိမ်ဥစ္စာနှင့် လောက၏အချည်းအနှီးသောအရာများအပေါ်၌ ထားရန် အစပြု၍၊ တစ်ယောက်ကို တစ်ယောက် မထီမဲ့မြင်ပြုရန်အစပြုကြ၊ သူတို့စိတ်အလိုဆန္ဒအတိုင်း မယုံကြည်သူများကို ညှဉ်းဆဲစပြုကြသည်ကို ကြီးစွာသောဝမ်းနည်းမှုနှင့် သူတို့မြင်တွေ့ရ၏။
၉ ထိုကဲ့သို့အားဖြင့်၊ တရားသူကြီးများအုပ်စိုးခြင်းဤအဌမမြောက်နှစ်တွင်၊ အသင်းတော်၏လူတို့၌ ကြီးစွာသောတိုက်ခိုက်ခြင်းများ၊ အထူးသဖြင့်၊ ဂုဏ်ပြိုင်ခြင်းများ၊ ရန်တွေ့ခြင်းများ၊ ရန်ငြိုးထားခြင်းများ၊ ညှဉ်းဆဲခြင်းများ၊ ဘုရားသခင်၏အသင်းတော်နှင့် မဆိုင်သောသူတို့၏ မာနထက်ပင် သာလွန်သောမာနရှိစပြုကြ၏။
၁၀ ထိုကဲ့သို့အားဖြင့်၊ တရားသူကြီးများအုပ်စိုးခြင်းအဌမမြောက်နှစ် ပြီးဆုံး၏။ အသင်းတော်၏ဆိုးညစ်ခြင်းသည်လည်း အသင်းတော်နှင့် မဆိုင်သောသူများအတွက် ကြီးစွာသော ထိမိ၍လဲစရာတုံး ဖြစ်လေ၏။ ထိုကဲ့သို့အားဖြင့်၊ အသင်းတော်သည် တိုးတက်မှု ကျဆုံးစပြု၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နဝမမြောက်နှစ်အစတွင်၊ အယ်လမာသည် အသင်းတော်၏ဆိုးညစ်ခြင်းကိုသိမြင်၍၊ အသင်းတော်၏ပုံသက်သေမှာ၊ မယုံကြည်သူများကို ဒုစရိုက်တစ်ခုမှ တခြားတစ်ခုသို့ ပို့ဆောင်စပြုသည်ကိုလည်း သူသိမြင်၏။ ထိုကဲ့သို့အားဖြင့်၊ လူတို့၏ပျက်စီးခြင်းကို ဖြစ်ပေါ်စေလျက်ရှိ၏။
၁၂ ထိုမှတစ်ပါး၊ လူတို့၌ ကြီးစွာသောမမျှတခြင်း၊ အချို့သောသူများသည် မိမိတို့မာနဖြင့် ဘဝင်မြင့်လျက်၊ အခြားသူတို့ကို မထီမဲ့မြင်ပြုလျက်၊ ချို့တဲ့သောသူနှင့် အဝတ်မရှိသောသူ၊ အစာမွတ်သိပ်သောသူ၊ ရေငတ်သောသူနှင့် ဖျားနာ၍ ဒုက္ခရောက်သောသူတို့ကို ကျောခိုင်းလျက်ရှိသည်ကို သူသိမြင်၏။
၁၃ ယခုတွင်၊ ဤအမှုမှာ၊ လူတို့၌ ငိုကြွေးမြည်တမ်းခြင်း၏ ကြီးစွာသောအကြောင်းရင်းဖြစ်ရသည်ကား၊ အခြားသောသူတို့သည် ပရောဖက်ပြုဟောသောဝိညာဉ်အတိုင်း ကြွလာတော်မူမည့် ခရစ်တော်ကိုအကြောင်းပြု၍၊ မိမိတို့၏ဥစ္စာများကို ဆင်းရဲသားများနှင့် ချို့တဲ့သောသူတို့အား မျှ၍ပေးခြင်း၊ မွတ်သိပ်သောသူတို့အား အစာကျွေးခြင်း၊ အမျိုးမျိုးသော ဆင်းရဲဒုက္ခဝေဒနာများခံစားခြင်း အစရှိသည်တို့ကိုပြု၍၊ သူတို့၏မစခြင်းကို လိုအပ်လျက်ရှိသောသူတို့အား မစလျက်၊ သူတို့ကိုယ်ကို နှိမ့်ချလျက်ရှိစဉ်တွင်၊
၁၄ ထိုကဲ့သို့အားဖြင့်၊ သူတို့၏အပြစ်များမှလွှတ်ခြင်းကို ထိန်းသိမ်းထားလျက်၊ ယေရှုခရစ်တော်၏အလိုတော်နှင့် တန်ခိုးတော်အတိုင်း၊ သေသူတို့၏ရှင်ပြန်ထမြောက်ခြင်းရှိ၍၊ သေခြင်း၏ကြိုးများမှ ကယ်လွှတ်တော်မူခြင်းတို့ကြောင့်၊ ကြီးစွာသော ဝမ်းမြောက်ခြင်းနှင့် ပြည့်လျက်၊ ထိုနေ့ကို မျှော်လင့်လျက်ရှိကြ၏။
၁၅ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အယ်လမာသည် ဘုရားသခင်၏နှိမ့်ချသောတပည့်တော်များ၏ ဆင်းရဲဒုက္ခများနှင့်၊ သူတို့အပေါ်သို့ စုပုံခဲ့သည့် သူ့လူတို့မှ ကျန်ကြွင်းသောသူတို့၏ ညှဉ်းဆဲခြင်းများကို မြင်လျက်၊ သူတို့၏ခပ်သိမ်းသော မမျှတခြင်းများကို မြင်လျက်၊ အလွန်ဝမ်းနည်းစပြု၏။ အဘယ်သို့ပင်ဖြစ်စေ၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် သူ့ကိုစွန့်တော်မမူ။
၁၆ သူသည် အသင်းတော်၏အသင်းလူကြီးများမှ ဉာဏ်ပညာရှိသောသူတစ်ဦးကိုလည်း ရွေးချယ်ပြီး၊ ပေးထားလေသောဥပဒေများအတိုင်း၊ ဥပဒေများကို ပြဌာန်းသတ်မှတ်နိုင်ခွင့် ထိုသူ၌ရှိနိုင်စေခြင်းငှာ လူတို့၏မဲဆန္ဒအတိုင်း အခွင့်ပေးလျက်၊ လူတို့၏ ဆိုးညစ်ခြင်းနှင့် ပြစ်မှုများအတိုင်း သက်ရောက်စေ၏။
၁၇ ယခုတွင် ဤလူ၏အမည်ကား၊ နီဖိုင်းဟဖြစ်ပြီး၊ တရားသူကြီးချုပ်အဖြစ် ခန့်အပ်ခံရ၏။ သူသည် လူတို့ကို တရားစီရင်ခြင်းငှာနှင့် အုပ်ချုပ်ခြင်းငှာ တရားပလ္လင်၌ ထိုင်၏။
၁၈ ယခုတွင်၊ အယ်လမာသည် အသင်းတော်အပေါ်၌ ယဇ်ပုရောဟိတ်မင်းအမှုအရာကို ထိုသူ့အား မပေးဘဲ ယဇ်ပုရောဟိတ်မင်းအမှုအရာကို မိမိ၌ ထိန်းသိမ်းထား၏။ တရားပလ္လင်ကိုသာ နီဖိုင်းဟသို့ ပေးအပ်၏။
၁၉ ဤအမှုကို သူပြုသည်မှာလည်း၊ သူ၏လူမျိုးတို့၌၊ သို့မဟုတ် နီဖိုင်းလူမျိုးတို့၌ သူကိုယ်တိုင် သွားလာနိုင်စေကြောင်း၊ သူတို့၏တာဝန်ကို အောက်မေ့စေရန် နှိုးဆော်၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သူတို့အား သူဟောပြောနိုင်စေကြောင်း၊ သူတို့ကို သူပြန်လည်တောင်းဆိုနိုင်ခြင်းငှာ၊ သူတို့တစ်ဖက်၌ စင်ကြယ်သောသက်သေခံချက်အားဖြင့် သက်သေခံခြင်းမှတစ်ပါး၊ အခြားနည်းလမ်းမရှိသည်ကို သိမြင်၍၊ သူ၏လူတို့၌ ရှိသည့် ခပ်သိမ်းသောမာနနှင့် ပရိယာယ်၊ ခပ်သိမ်းသောရန်တွေ့ခြင်းများကို ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် သူရပ်တန့်နိုင်စေကြောင်းတို့ပင်တည်း။
၂၀ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့၌ တရားသူကြီးများအုပ်စိုးခြင်း နဝမမြောက်နှစ်စတင်ချိန်တွင်၊ အယ်လမာသည် တရားပလ္လင်ကို နီဖိုင်းဟသို့ လွှဲအပ်၍၊ ဗျာဒိတ်တော်နှင့် ပရောဖက်ပြုချက်ဝိညာဉ်အတိုင်း၊ ဘုရားသခင်၏သန့်ရှင်းသောအသင်း၏ ယဇ်ပုရောဟိတ်မင်းအခွင့်အာဏာအတွက်၊ နှုတ်ကပတ်တော်ကို သက်သေခံခြင်းအတွက် သူ့ကိုယ်ကို လုံးလုံးဆက်ကပ်လေ၏။