အယ်လမာက သူ၏သား ကော်ရန်တန်သို့ မိန့်မှာချက်များ
အခန်းကြီး ၃၉ မှ ၄၂ အထိ ဖွဲ့စည်းပါဝင်၏။
အခန်းကြီး ၃၉
ကာမအပြစ်သည် စက်ဆုပ်ရွံရှာဖွယ်တစ်ခုဖြစ်၏—ကော်ရန်တန်၏အပြစ်များက ဇော်ရမ်အမျိုးသားတို့အား နှုတ်ကပတ်တော်ကို လက်ခံခြင်းမှ တားဆီး၏—ခရစ်တော်၏ ရွေးနှုတ်ခြင်းသည် ၎င်း၏အလျင်ကျသည့် သစ္စာရှိသောသူများကို ကယ်တင်ခြင်း၌ နောက်ကြောင်းပြန် အကျုံးဝင်၏။ ဘီစီ ၇၄ ခန့်။
၁ ယခုမူကား၊ ငါ့သား၊ သင်၏အစ်ကိုအား ငါပြောသောအရာထက် ငါ့၌ သင့်ကိုထပ်၍ပြောစရာ အတော်အသင့်ရှိ၏။ အကြောင်းမူကား၊ ရှုလော့၊ သင်သည် သင့်အစ်ကို၏ တည်ငြိမ်မြဲမြံခြင်း၊ သူ၏သစ္စာရှိခြင်းနှင့် ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းရာ၌ သူ၏လုံ့လဝီရိယရှိခြင်းတို့ကို ဂရုမပြုမိလေသလော။ ရှုလော့၊ သူသည် သင့်အတွက် ပုံသက်သေကောင်းအဖြစ် မပြလေသလော။
၂ အကြောင်းမူကား၊ ဇော်ရမ်လူမျိုးတို့အထဲ၌ ငါ၏စကားများကို သင့်အစ်ကိုကဲ့သို့ သင်အလွန်များစွာ ပမာဏမပြု။ ယခုတွင်၊ ဤအရာမှာ သင့်တစ်ဖက်၌ ငါပြောလိုသောအရာပေတည်း။ သင်သည် သင်၏ခွန်အားနှင့် သင်၏ဉာဏ်ပညာတို့၌ ဆက်၍ဝါကြွား၏။
၃ ဤအရာသည်ကား အလုံးစုံ မဟုတ်၊ ငါ့သား။ သင်သည် ငါ့အဖို့ စိတ်ပူစရာကို ပြုခဲ့၏။ အကြောင်းမူကား၊ သင်သည် အမှုတော်ဆောင်ခြင်းကို ကျောခိုင်း၍၊ လာမန်အမျိုးသားတို့၏ နယ်နိမိတ်အကြား၊ ဇိရုန်ပြည်ထဲသို့သွား၍၊ ပြည့်တန်ဆာဣသဗေလနောက်သို့ လိုက်၏။
၄ ထိုမှတစ်ပါး၊ သူမသည် များစွာသောသူတို့၏စိတ်နှလုံးကို ခိုးယူသွား၏။ သို့ရာတွင်၊ ငါ့သား၊ ဤအရာသည်ကား၊ သင့်အတွက် အကြောင်းပြချက်မဟုတ်။ သင့်ကို ယုံကြည်လွှဲအပ်ထားလေသည့် အမှုတော်ဆောင်ခြင်း၌ သင်ဆက်ကပ်သင့်လေပြီ။
၅ ငါ့သား၊ ဤအမှုများသည် ကိုယ်တော်ရှင်အမြင်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ကြောင်း၊ အမှန်စင်စစ်၊ အပြစ်မရှိသောသူ၏အသွေးကို သွန်းလောင်းခြင်း သို့မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်ကို ငြင်းဆိုခြင်းတို့မှတစ်ပါး၊ ခပ်သိမ်းသောအပြစ်တို့ထက် စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံး ဖြစ်ကြောင်း သင်မသိသလော။
၆ အကြောင်းမူကား၊ ရှုလော့၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို သင့်အထဲ၌ တစ်ကြိမ်ကိန်းဝပ်လေပြီးမှ သူ့ကို ငြင်းဆို၍၊ သူ့ကို ငြင်းဆိုကြောင်းကိုလည်း သိလျှင်၊ ရှုလော့၊ ဤအမှု သည်ကား၊ ခွင့်မလွှတ်နိုင်သော အပြစ်ပေတည်း။ ထိုမှတစ်ပါး၊ ဘုရားသခင်၏ အလင်းနှင့် အသိပညာကို ဆန့်ကျင်၍ လူ့အသက်ကိုသတ်သောသူ အဘယ်သူပင်ဖြစ်စေ၊ ထိုသူအတွက်လည်း ခွင့်လွှတ်ခြင်းကို ရရှိရန် မလွယ်ကူ။ ငါ့သား၊ သင့်ကို ငါဆိုသည်ကား၊ ထိုသူအတွက် ခွင့်လွှတ်ခြင်းတစ်ကြိမ်ရရှိရန် မလွယ်ကူပေ။
၇ ယခုမူကား၊ ငါ့သား၊ သင်သည် အလွန်ကြီးစွာသောပြစ်မှုနှင့် အပြစ်မရောက်ခဲ့လေကြောင်း ဘုရားသခင်ကို ငါဆုတောင်း၏။ သင်၏ကောင်းကျိုးအတွက် မဟုတ်လေလျှင်၊ ငါသည် သင်၏စိတ်ဝိညာဉ်ကို ညှဉ်းပန်းရန် သင်၏ပြစ်မှုများကို ဆက်၍မပြောလိုတော့။
၈ သို့ရာတွင်၊ ရှုလော့၊ သင်သည် သင်၏ပြစ်မှုများကို ဘုရားသခင်ထံမှ မကွယ်ဝှက်နိုင်။ နောင်တမရလျှင်၊ ၎င်းတို့သည် နောက်ဆုံးသောနေ့တွင် သင့်တစ်ဖက်၌ သက်သေအဖြစ် ရှိလိမ့်မည်။
၉ ယခုတွင်၊ ငါ့သား၊ သင်သည် နောင်တရပြီးလျှင်၊ သင်၏အပြစ်များကို စွန့်ပစ်၍၊ သင့်မျက်လုံး၏တပ်မက်မှုနောက်သို့ မလိုက်တော့နှင့်၊ ဤအရာခပ်သိမ်းတို့၌သာ သင့်ကိုယ်သင် ငြင်းဆန်လော့။ အကြောင်းမူကား၊ သင်သည် ဤသို့မပြုလျှင်၊ ဘုရားသခင်၏နိုင်ငံတော်ကို အလျှင်းအမွေမခံနိုင်။ အို သတိရလော့၊ သင့်အပေါ်၌ ခံယူလော့၊ ဤအမှုများ၌ သင့်ကိုယ်သင် ငြင်းဆန်လော့။
၁၀ သင်၏ဆောင်ရွက်ရာအမှုများ၌လည်း သင်၏အစ်ကိုကြီးများနှင့် တိုင်ပင်၍ သင့်အပေါ်၌ ခံယူရန် ငါမှာကြား၏။ အကြောင်းမူကား၊ သင်သည် ငယ်ရွယ်၍ သင်၏အစ်ကိုများအားဖြင့် ခွန်အားဖြည့်ခြင်းကို လိုအပ်လျက်ရှိ၏။ သူတို့၏အကြံကိုလည်း ပမာဏပြုလော့။
၁၁ အချည်းနှီးဖြစ်သော သို့မဟုတ်၊ မိုက်မဲသောအရာတစ်စုံတစ်ခုအားဖြင့် သင့်ကိုယ်ကို လှည့်ဖြားခေါ်ဆောင်သွားစေရန် အခွင့်ပေးခြင်း မပြုနှင့်။ သင့်စိတ်နှလုံးကို ထိုဆိုးညစ်သောပြည့်တန်ဆာများနောက်သို့ တစ်ဖန်လှည့်ဖြား၍ခေါ်ဆောင်သွားစေခြင်းငှာ၊ နတ်ဆိုးကို အခွင့်ပေးခြင်းမပြုနှင့်။ ရှုလော့၊ အို ငါ့သား၊ သင်သည် ဇော်ရမ်အမျိုးသားတို့အပေါ်၌ ကြီးစွာသောဒုစရိုက်ကို ဆောင်ယူခဲ့လေပြီတကား။ အကြောင်းမူကား၊ သူတို့သည် သင်၏အပြုအမူများကို မြင်ပြီးနောက်၊ ငါ၏စကားများကို မယုံကြည်လိုကြ။
၁၂ ယခုမူကား၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်က ငါ့ကို မိန့်တော်မူလေသည်မှာ၊ ကောင်းမြတ်သည်ကို ပြုရန် သင်၏သားသမီးများကိုမှာကြားလော့၊ များစွာသောလူမျိုးတို့ကို ပျက်စီးခြင်းသို့ သူတို့လှည့်ဖြား၍ခေါ်ဆောင်မသွားစေခြင်းငှာပေတည်း။ ထို့ကြောင့်၊ ငါ့သား၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့၏၊ သင့်ကို မှာကြားသည်ကား၊ သင်၏ဒုစရိုက်များမှ ရှောင်ကြဉ်ရမည့်အကြောင်း၊
၁၃ ကိုယ်တော်ရှင်ထံသို့ သင်၏စိတ်၊ အစွမ်းသတ္တိ၊ ခွန်အားရှိသမျှနှင့် ပြန်လာရမည့်အကြောင်း၊ စိတ်နှလုံးတို့ကို ဆိုးညစ်စွာပြုစေရန် လှည့်ဖြားခေါ်ဆောင်မသွားတော့နှင့်။ သူတို့ထံ ပြန်သွား၍သာ သင်၏အမှားများနှင့် သင်ပြုလေသည့် မတရားမှုများကို အသိအမှတ်ပြုရမည့်အကြောင်း တို့ပေတည်း။
၁၄ စည်းစိမ်ဥစ္စာတို့ကိုသော်လည်းကောင်း၊ လောက၏အချည်းအနှီးသော အရာတို့ကို သော်လည်းကောင်း ရှာဖွေခြင်းမပြုနှင့်။ အကြောင်းမူကား၊ ရှုလော့၊ သင်သည် ထိုအရာတို့ကို သင်နှင့်အတူ သယ်၍မသွားနိုင်။
၁၅ ယခုမူကား၊ ငါ့သား၊ သင့်ကို၊ ခရစ်တော်၏ ကြွလာတော်မူခြင်းအကြောင်း ငါအတော်အသင့်ပြောလို၏။ ရှုလော့၊ ငါဆိုသည်ကား၊ သူသည် လောကီသားတို့၏ အပြစ်များကို ယူဆောင်သွားရန် ဧကန်အမှန် ကြွလာတော်မူမည့်သူပေတည်း။ ထိုမှတစ်ပါး၊ ကယ်တင်ခြင်း၏ ဝမ်းသာစရာသတင်းကို သူ၏လူမျိုးတို့အား ဟောကြားရန် ကြွလာတော်မူ၏။
၁၆ ယခုမူကား၊ ငါ့သား၊ ဤအမှုသည်ကား၊ ဤလူမျိုးတို့အား ဤဝမ်းသာစရာသတင်းများကို ဟောကြား၍ သူတို့စိတ်ကိုပြင်ဆင်ခြင်းငှာ၊ အမှန်စင်စစ်၊ ကယ်တင်ခြင်းကို သူတို့ထံသို့ ရောက်စေကြောင်း၊ သူကြွလာတော်မူသည့်အချိန်၌ နှုတ်ကပတ်တော်ကို ကြားနာရန် သူတို့သားသမီးများ၏စိတ်ကို သူတို့ပြင်ဆင်နိုင်စေကြောင်း သင်အခေါ်ခံရလေသည့် အမှုတော်ဆောင်ခြင်းပေတည်း။
၁၇ ယခုမူကား၊ ငါသည် ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ သင်၏စိတ်ကို အတော်အသင့်သက်သာစေမည်။ ရှုလော့၊ သင်သည်ဤအရာတို့ကို အဘယ့်ကြောင့် အလွန်ကြာမြင့်စွာသောအချိန်ကတည်းက ကြိုတင်၍သိထားရသည်ကို အံ့ဩ၏။ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ဘုရားသခင်အတွက်၊ ယခုအချိန်၌ရှိသည့် စိတ်ဝိညာဉ်တစ်ခုသည် သူကြွလာတော်မူသည့်အချိန်၌ရှိမည့် စိတ်ဝိညာဉ်တစ်ခုကဲ့သို့ အဖိုးမထိုက်သလော။
၁၈ ရွေးနှုတ်ခြင်းအစီအစဉ်ကို သူတို့သားမြေးများနည်းတူ၊ ဤလူမျိုးတို့အား ဖော်ပြရန် မလိုအပ်သလော။
၁၉ ကိုယ်တော်ရှင်အတွက် ယခုအချိန်၌ ငါတို့ထံသို့ ဝမ်းသာစရာသတင်းများကို ဟောကြားစေခြင်းငှာ သူ၏ကောင်းကင်တမန်ကို စေလွှတ်ရန် ငါတို့၏သားမြေးတို့ထံစေလွှတ်သကဲ့သို့၊ သို့မဟုတ် သူကြွလာတော်မူသည့်အချိန်နောက်၌ စေလွှတ်သကဲ့သို့ မလွယ်ကူသလော။