ကျမ်းစာများ
အယ်လမာ ၂၀


အခန်းကြီး ၂၀

ကိုယ်တော်ရှင်သည် အမ္မုန်ကို ထောင်ထဲ၌ လှောင်ထား​ခံရသော သူ၏ညီအစ်ကိုတို့ကို ကယ်လွှတ်​စေခြင်းငှာ မိဒေါနိပြည်သို့ စေလွှတ်၏—အမ္မုန်နှင့်​လာမောနိတို့သည် ထိုပြည်​တစ်ခုလုံး၏​မင်းကြီး​ဖြစ်သူ လာမောနိ၏​အဘကို တွေ့၏—အမ္မုန်သည် မိမိ​ညီအစ်ကိုတို့အား လွှတ်​ပေးခြင်းကို အတည်​ပြုပေး​စေရန် မင်းအိုကြီးကို အနိုင်​အထက်​စီရင်၏။ ဘီစီ ၉၀ ခန့်။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် ထိုပြည်၌ အသင်းတော်​တစ်ပါးကို တည်ထောင်​လေပြီးလျှင်၊ လာမောနိ​မင်းကြီးသည် အမ္မုန်ကို မိမိ​အဘထံ ပြနိုင်ခြင်းငှာ သူနှင့်​အတူ နီဖိုင်းပြည်သို့ လိုက်ရန် တောင်းဆို၏။

ကိုယ်တော်ရှင်၏​အသံကလည်း အမ္မုန်ထံသို့ ရောက်လာ၍ မိန့်တော်မူ​လေသည်ကား၊ သင်သည် နီဖိုင်းပြည်သို့ တက်​မသွားရ၊ အကြောင်းမူကား၊ ရှုလော့၊ မင်းကြီးသည် သင်၏​အသက်ကို သတ်ရန်​ကြိုးစား​လိမ့်မည်။ မိဒေါနိ​ပြည်သို့သာ သင် သွားလော့။ အကြောင်းမူကား၊ ရှုလော့၊ သင်၏​အစ်ကို အာရုန်၊ မြူလော်ကိနှင့် အမ္မတို့​သည်လည်း ထောင်ထဲ၌ ရှိကြ၏။

ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ အမ္မုန်သည် ဤအရာကို​ကြားလျှင်၊ လာမောနိအား၊ ရှုလော့၊ ငါ၏​အစ်ကိုနှင့် ညီအစ်ကိုတို့သည် မိဒေါနိပြည်၌ ထောင်ထဲမှာ ရှိ၍၊ သူတို့ကို ကယ်လွှတ်ရန် ငါ​သွားမည်ဟု​ဆို၏။

ယခုတွင်၊ လာမောနိက၊ အမ္မုန်ကို ဆိုလေသည်ကား၊ ကိုယ်တော်ရှင်၏​ခွန်အားဖြင့်၊ ခပ်သိမ်းသော​အရာတို့ကို သင်ပြုနိုင်ကြောင်း ငါသိ၏။ သို့ရာတွင်၊ ရှုလော့၊ ငါသည် သင်နှင့်​အတူ မိဒေါနိ​ပြည်သို့ သွားမည်။ အကြောင်းမူကား၊ အန္တိရောမနော​အမည်ရှိ၊ မိဒေါနိ​ပြည်၏​မင်းကြီးသည် ငါ၏​အဆွေ​ခင်ပွန်း​တစ်ဦး​ဖြစ်၏။ ထို့ကြောင့်၊ ငါသည် ထိုပြည်၏​မင်းကြီးကို ချော့၍​ပြောနိုင်ခြင်းငှာ မိဒေါနိ​ပြည်သို့ သွားမည်။ သူသည်လည်း သင်၏​ညီအစ်ကိုတို့ကို ထောင်ထဲမှ ထုတ်ပေး​လိမ့်မည်။ ယခုတွင်၊ သင်၏​ညီအစ်ကိုတို့ ထောင်ထဲ၌​ရှိလေကြောင်း၊ သင့်ကို အဘယ်သူ​ပြောသနည်းဟု လာမောနိက ဆို၏။

အမ္မုန်ကလည်း ဆိုလေသည်ကား၊ ဘုရားသခင်​မှတစ်ပါး၊ အဘယ်သူမျှ ငါ့ကို မပြောလေပြီ။ ငါ့ကို သူမိန့်တော်မူ​သည်ကား—သင်၏​ညီအစ်ကိုတို့ကို သွား၍ ကယ်လွှတ်လော့။ အကြောင်းမူကား၊ သူတို့သည် မိဒေါနိ​ပြည်၌​ထောင်ထဲမှာ ရှိကြလေပြီ။

ယခုတွင်၊ လာမောနိသည် ဤအရာကို ကြားလေလျှင်၊ ကျွန်တို့အား သူ၏​မြင်းများနှင့် မြင်းရထားတို့ကို အသင့်​ပြင်ဆင်​စေ၏။

အမ္မုန်ကိုလည်း၊ လာလော့၊ ငါသည် သင်နှင့်​အတူ မိဒေါနိ​ပြည်သို့ သွား၍၊ သင်၏​ညီအစ်ကိုတို့ကို ထောင်ထဲမှ ထုတ်ပေးရန် ထိုအရပ်၌ မင်းကြီးကို တောင်းပန်မည်ဟု ဆို၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ္မုန်နှင့် လာမောနိတို့ ထိုအရပ်သို့ ခရီးသွား​စဉ်တွင်၊ သူတို့သည် ထိုပြည်​တစ်ခုလုံး၏​မင်းကြီး​ဖြစ်သူ လာမောနိ၏​အဘကို တွေ့ကြ၏။

ရှုဦးလော့၊ လာမောနိ၏​အဘက သူ့အား၊ ငါ့သားတို့နှင့် ငါ၏​လူတို့​အတွက် ပွဲကို​ငါပြုရာ ထိုကြီးစွာသောနေ့၌ သင်သည် အဘယ်ကြောင့် ပွဲသို့​မလာသနည်းဟု ဆို၏။

၁၀ မုသား​ပြောသူ၏​အမျိုးအနွယ်မှ တစ်ဦး​ဖြစ်သည့် ဤနီဖိုင်း​အမျိုးသားနှင့်​အတူ၊ သင် အဘယ်​အရပ်သို့ သွားမည်​နည်းဟုလည်း ဆို၏။

၁၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမောနိသည် သူ့ကို စိတ်ပျက်မည်​စိုးရိမ်သဖြင့် မိမိ​အဘယ်အရပ်သို့​သွားမည့်​အကြောင်း ပြော​ပြ၏။

၁၂ သူ၏​နိုင်ငံ၌ နှောင့်နှေး​ရခြင်း​အကြောင်း​ရင်းခပ်သိမ်းတို့ကြောင့်၊ သူ့အဘ​ပြင်ဆင်​ထားလေသော ပွဲသို့ မသွား​ခဲ့ရကြောင်းကိုလည်း ပြောပြ၏။

၁၃ ယခုတွင်၊ လာမောနိက ဤအရာခပ်သိမ်းတို့ကို ပြန်၍​ပြောပြ​ပြီးလေလျှင်၊ ရှုလော့၊ သူ့အဘသည် အမျက်​ထွက်၍၊ လာမောနိ၊ သင်သည် မုသား​ပြော​သူ၏​သားများ​ဖြစ်သော ဤနီဖိုင်း​အမျိုးသားတို့ကို ကယ်လွှတ်ရန် အကြံ​ရှိ၏။ ရှုလော့၊ သူသည် ငါတို့၏​ဘိုးဘေးတို့​ထံမှ လုယူ၏။ ယခုမူကား၊ သူ၏​သားမြေးတို့​သည်လည်း ငါတို့​ဥစ္စာ​ပစ္စည်းများကို လုယူ​နိုင်ခြင်းငှာ၊ သူတို့၏​စဉ်းလဲခြင်းနှင့် မုသား​ပြောခြင်းတို့ဖြင့် ငါတို့ကို လှည့်စားနိုင်ခြင်းငှာ ငါတို့​ထံလာ​ကြလေပြီဟု​ဆိုလျှင် သူအံ့ဩ​လေ၏။

၁၄ ယခုတွင်၊ လာမောနိ၏​အဘသည် သူ့အား အမ္မုန်ကို ဓားဖြင့်​ကွပ်မျက်​ရမည့်​အကြောင်း အမိန့်​ပေး၏။ မိဒေါနိ​ပြည်သို့​မသွားရမည့်အကြောင်း၊ သူနှင့်​အတူ ဣရှမေလ​ပြည်သို့သာ ပြန်သွား​ရမည့်​အကြောင်း အမိန့်​ပေး၏။

၁၅ သို့ရာတွင်၊ လာမောနိက ဆိုလေသည်ကား၊ အကျွန်ုပ်သည် အမ္မုန်ကို ကွပ်မျက်မည်​မဟုတ်။ ဣရှမေလ​ပြည်သို့လည်း ပြန်သွားမည်​မဟုတ်။ သို့ရာတွင်၊ အကျွန်ုပ်သည် အမ္မုန်၏​ညီအစ်ကိုတို့ကို လွှတ်​ပေးနိုင်ခြင်းငှာ မိဒေါနိ​ပြည်သို့​သွားမည်။ အကြောင်းမူကား၊ သူတို့သည် မှန်သော​ဘုရားသခင်၏ ဖြောင့်မတ်သော​သူများနှင့် သန့်ရှင်းသော​ပရောဖက်များ​ဖြစ်ကြောင်း အကျွန်ုပ်​သိ၏။

၁၆ ယခုတွင်၊ သူ၏​အဘသည် ဤစကားများကို​ကြားလျှင်၊ အမျက်​ထွက်၍၊ သူ့ကို မြေကြီးသို့​လဲကျစေရန် ခုတ်ဖြတ်​နိုင်ခြင်းငှာ ဓားကို ဆွဲ၏။

၁၇ သို့ရာတွင်၊ အမ္မုန်က ရှေ့သို့​ထွက်၍ ဆိုလေ​သည်ကား၊ ရှုလော့၊ သင်သည် သင်၏​သားကို မကွပ်မျက်ရ။ သို့သော်လည်း၊ သူသေရမည်​ဆိုလျှင်၊ သင့်ထက်​သာ၍ ကောင်းမြတ်ပေ၏။ အကြောင်း​မူကား၊ ရှုလော့၊ သူသည် သူ၏​အပြစ်များမှ နောင်တရ​ပြီးလေပြီ။ သို့ရာတွင်၊ သင်သည် ယခု​အချိန်၌ သင်၏​အမျက်နှင့်၊ သေရမည်​ဆိုလျှင်၊ သင်၏​ဝိညာဉ်သည် ကယ်တင်ခြင်းသို့ မရောက်နိုင်။

၁၈ ထိုမှတစ်ဖန်၊ သင်ရှောင်​ကြဉ်ရမည်မှာ မဖြစ်မနေ​လိုအပ်​ပေ၏။ အကြောင်းမူကား၊ သင်၏သားကို ကွပ်မျက်လျှင်၊ သူသည် အပြစ်​မရှိသော​သူဖြစ်၍၊ လက်တုံ့​ပြန်ခြင်းကို သင့်​အပေါ်သို့ ကျရောက်​စေရန်၊ သူ၏​အသွေးသည် မြေကြီးမှ​နေ၍ သူ၏​ဘုရားသခင်​ကိုယ်တော်ရှင်​ထံသို့ တောင်းလျှောက်​လိမ့်မည်။ သင်သည်လည်း သင်၏​ဝိညာဉ်ကို ဆုံးရှုံးကောင်း ဆုံးရှုံး​လိမ့်မည်။

၁၉ ယခုတွင်၊ အမ္မုန်က ဤစကားများကို ဆိုပြီးလေလျှင်၊ ငါ့သားကို ငါကွပ်မျက်လျှင်၊ အပြစ်​မရှိသော​သူ၏​အသွေးကို သွန်းလောင်းကြောင်း၊ ငါသိ၏။ သူ့ကို ဖျက်ဆီးရန် ကြိုးစား​အားထုတ်သော​သူမှာ သင်ဖြစ်သော​ကြောင့်​ပင်တည်း။

၂၀ အမ္မုန်ကို ကွပ်မျက်ခြင်းငှာ သူ့လက်ကိုလည်း ဆန့်လေ၏။ သို့ရာတွင်၊ အမ္မုန်သည် သူ၏​တိုက်ခိုက်ခြင်းကို ခံနိုင်​ရည်​ရှိ၍၊ လက်ကိုလည်း​ရိုက်ချသဖြင့်၊ အသုံး​မပြု​နိုင်ချေ။

၂၁ ယခုတွင်၊ မင်းကြီးသည် အမ္မုန် သူ့ကို ကွပ်မျက်​နိုင်ကြောင်း သိမြင်လျှင်၊ သူ့​အသက်ကို ချမ်းသာ​ပေးပါမည့်​အကြောင်း၊ အမ္မုန်ကို တောင်းပန်​စပြု၏။

၂၂ သို့ရာတွင်၊ အမ္မုန်သည် မိမိဓားကို မြှောက်၍၊ ရှုလော့၊ ငါ၏​ညီအစ်ကိုတို့ ထောင်ထဲမှ အထုတ်ခံရနိုင်စေခြင်းငှာ ငါ့အား သင်အခွင့်​မပေးလျှင်​၊ သင့်ကို ငါခုတ်မည်ဟု ဆိုလေ၏။

၂၃ ယခုတွင်၊ မင်းကြီးသည် သူ့အသက်​ဆုံးရှုံး​ရမည်ကို ကြောက်ရွံ့လျက်၊ သင်သည် ငါ့ကို ချမ်းသာ​ပေးမည်ဆိုလျှင်၊ သင်တောင်း​ဆိုသမျှ၊ နိုင်ငံ၏​တစ်ဝက်ကိုပင် ငါ​ပေးမည်ဟု ဆို၏။

၂၄ ယခုတွင်၊ အမ္မုန်သည် မင်းအိုကြီး​အပေါ်၌ မိမိအလို​အတိုင်း​ပြုရန် အရှိန်​ဩဇာသက်​ရောက်​လေသည်ကို သိမြင်လျှင်၊ ဆိုလေ​သည်ကား၊ သင်သည် အကျွန်ုပ်၏​ညီအစ်ကိုတို့ကို ထောင်ထဲမှ လွှတ်နိုင်စေကြောင်း၊ ထို့အတူ၊ လာမောနိကိုလည်း သူ့နိုင်ငံကို ထိန်းသိမ်းထားနိုင်​စေကြောင်း၊ အခွင့်​ပေး၍၊ သူ့ကို မကျေ​မနပ်​မဖြစ်၊ သူစဉ်းစား​သမျှသော​အမှုတို့၌ သူ့အလို​ဆန္ဒများ အတိုင်း​ပြုနိုင်​စေကြောင်း၊ အခွင့်ကိုသာ​ပေးမည်​ဆိုလျှင်၊ ထို့နောက်တွင်၊ ငါသည် သင့်ကို ချမ်းသာ​ပေးမည်။ သို့မဟုတ်လျှင်၊ သင့်ကို မြေကြီးသို့​လဲကျစေရန် ငါခုတ်​ဖြတ်မည်။

၂၅ ယခုတွင်၊ အမ္မုန်က ဤစကားများကို ပြော​ပြီးလေလျှင်၊ မင်းကြီးသည် အသက်​ချမ်းသာ​ရသောကြောင့် ရွှင်လန်း​ဝမ်းမြောက်​စပြု၏။

၂၆ သူသည် အမ္မုန်၌ သူ့ကို​ဖျက်ဆီးရန် ဆန္ဒ​မရှိလေ​ကြောင်းကိုလည်း သိမြင်၏၊ ထို့အတူ သူ့သားနှင့်​စပ်လျဉ်း၍၊ သူ့၌​ရှိသည့် ကြီးစွာသော​ချစ်ခြင်းကို သိမြင်လေလျှင်၊ လွန်စွာ​အံ့ဩ၍ ဆိုလေ​သည်ကား၊ သင့်​ညီအစ်ကိုတို့ကို ငါလွှတ်​ပေးပြီး၊ ငါ့သား လာမောနိ သူ့နိုင်ငံကို ထိန်းသိမ်းထား​စေကြောင်း အခွင့်​ပေးရမည်​ဟူသည်ကား သင်အလို​ရှိလေသည့် ဤအကြောင်းအလုံး​စုံဖြစ်​လေသောကြောင့်၊ ငါ့သားကို ဤအချိန်မှ​စ၍ ကာလ​အစဉ်​အဆက် သူ့နိုင်ငံကို ထိန်းသိမ်းထားနိုင်​စေကြောင်း သင့်ကို ငါအခွင့်​ပေးမည်။ ငါသည် သူ့ကို မအုပ်ချုပ်​တော့လတ္တံ့—

၂၇ ထို့အတူ၊ ငါသည် သင်၏​ညီအစ်ကိုတို့ကို ထောင်မှ လွှတ်နိုင်​စေကြောင်းကိုလည်း သင့်အား အခွင့်​ပေး၍၊ သင်နှင့် သင်၏​ညီအစ်ကိုတို့သည် ငါ၏နိုင်ငံထဲ၌ ငါ့ထံသို့ လာနိုင်​ပေ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို တွေ့ရန် ကြီးစွာ​အလို​ရှိ၏။ မင်းကြီးသည် သူပြောလေသည့်​စကားများ၊ ထို့အတူ သူ၏​သား​လာမောနိ ပြောထားလေသော​စကားများ၌လည်း ကြီးစွာ​အံ့ဩလေ၏၊ ထို့ကြောင့် သင်ယူရန် အလို​ရှိလေ၏။

၂၈ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ္မုန်နှင့် လာမောနိတို့သည် မိဒေါနိ​ပြည်ဆီသို့ သူတို့၏​လမ်းခရီးကို ဆက်၍​သွားကြ၏။ လာမောနိ​သည်လည်း ထိုပြည်ရှိ မင်းကြီး၏မျက်လုံးများ၌ နှစ်သက်ခြင်း ခံရလေ၏။ ထို့ကြောင့်၊ အမ္မုန်၏​ညီအစ်ကိုတို့ကို ထောင်ထဲမှ ဆောင်ခဲ့လေ၏။

၂၉ အမ္မုန်သည် သူတို့ကို​တွေ့သော​အခါ၊ အလွန်​ဝမ်းနည်းလေ၏။ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် အဝတ်​မရှိ၍၊ ခိုင်မာသော​ကြိုးများဖြင့် ချည်နှောင်​ခံရသောကြောင့် သူတို့၏​အရေပြားများ လွန်စွာ​ပွန်းပဲ့၏။ အစာ​ငတ်မွတ်ခြင်း၊ ရေငတ်ခြင်းနှင့် အမျိုးမျိုးသော ဆင်းရဲ​ဒုက္ခ​ဝေဒနာတို့ကိုလည်း ခံစား​ရလေ၏။ သို့သော်လည်း၊ သူတို့၏ ဒုက္ခ​ဝေဒနာ​ခံစား​ရခြင်းတို့ကို သည်းခံကြ၏။

၃၀ ထိုကဲ့သို့​ဖြစ်ခဲ့လေသည့်​အတိုင်း၊ သာ၍​မာကျောပြီး၊ သာ၍​လည်ပင်း​ခိုင်မာသော​သူများ၏ လက်ထဲသို့ ကျရောက်ရန်​သည်ကား၊ ထိုသူတို့၏​ကံကြမ္မာ​ဖြစ်လေ၏။ ထို့ကြောင့်၊ သူတို့၏​စကားများကို စေ့စေ့နားမ​ထောင်လိုကြ၊ သူတို့ကို နှင်ထုတ်၍၊ ပြင်းစွာ​ရိုက်၍၊ မိဒေါနိ​ပြည်သို့ ရောက်သည့်​တိုင်အောင်ပင်၊ တစ်အိမ်မှ​တစ်အိမ်၊ တစ်နေရာမှ တစ်နေရာသို့ မောင်းနှင်ခဲ့ လေ၏။ ထိုအရပ်၌ သူတို့ကို ဖမ်းဆီး၍၊ ထောင်ထဲ၌​လှောင်ထားပြီး၊ ခိုင်မာသော​ကြိုးများဖြင့် ချည်နှောင်၍ ရက်ပေါင်းများစွာ​ကြာအောင် ထောင်ထဲ၌ လှောင်ထားခြင်းကို ခံရလေလျက်၊ လာမောနိနှင့် အမ္မုန်တို့​အားဖြင့် ကယ်လွှတ်ခြင်းကို ခံရလေ၏။