အခန်းကြီး ၃၄
ခရစ်တော်၌ရှိသည့် နှုတ်ကပတ်တော်သည် ကယ်တင်ခြင်းကို ဖြစ်စေကြောင်း၊ အာမြူးလက်က သက်သေခံ၏—အပြစ်ဖြေခြင်းမင်္ဂလာကို ပြုထားခြင်းမရှိလျှင်၊ လူသားခပ်သိမ်းတို့ ပျက်စီးရမည်—မောရှေ၏ပညတ်တရားတစ်ခုလုံးက ဘုရားသခင့်သားတော်၏ ယဇ်ပူဇော်ခြင်းကို ညွှန်ပြ၏—ရွေးနှုတ်ခြင်းထာဝရ အစီအစဉ်သည် ယုံကြည်ခြင်းနှင့် နောင်တရခြင်းတို့အပေါ်တွင် အခြေပြု၏—ဇာတိပကတိနှင့် ဝိညာဉ်ပကတိ ကောင်းချီးမင်္ဂလာများအတွက် ဆုတောင်းကြလော့—ယခုဘဝသည်ကား၊ လူသားတို့အတွက် ဘုရားသခင်နှင့် တွေ့ရန်ပြင်ဆင်ရာ အချိန်ဖြစ်၏—သင်တို့၏ကယ်တင်ခြင်းအတွက် ဘုရားသခင်ရှေ့၌ ကြောက်ရွံ့သောစိတ်နှင့် ကြိုးစားအားထုတ်ကြလော့။ ဘီစီ ၇၄ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အယ်လမာသည် သူတို့အား ဤစကားများကို ပြောလေပြီးမှ၊ မြေကြီးပေါ်ထိုင်လျှင်၊ အာမြူးလက်ကထ၍ဆိုလျက် သွန်သင်လေသည်ကား၊
၂ ငါ၏ညီအစ်ကိုတို့၊ ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ငါတို့က သင်တို့အား သွန်သင်ခဲ့သည့် ခရစ်တော်၏ ကြွလာတော်မူခြင်းနှင့်စပ်လျဉ်း၍၊ ပြောထားလေသည့် အရာများအကြောင်းကို သင်တို့မသိဘဲနေရမည်မှာ မဖြစ်နိုင်ဟု ငါတွေးမိ၏။ ထိုမှတစ်ပါး၊ ငါတို့ထံမှ သင်တို့ကူးပြောင်းခြင်းမတိုင်မီ သင်တို့အား ဤအရာတို့ကို များစွာသွန်သင်ခဲ့သည်ကိုလည်း ငါသိ၏။
၃ ထို့အတူ၊ သင်တို့၏ဆင်းရဲဒုက္ခများကြောင့်၊ သင်တို့ အဘယ်သို့ပြုရမည်အကြောင်း၊ ငါ၏ချစ်လှစွာသော ညီအစ်ကိုထံမှ ဖော်ပြသည်ကို သင်တို့အလိုရှိသဖြင့်၊ သင်တို့စိတ်ကို ပြင်ဆင်ရန် သူအတော်အသင့် ပြောလေပြီ။ ထိုမှတစ်ပါး၊ သင်တို့ကို သူတိုက်တွန်းသည်ကား၊ ယုံကြည်ခြင်းရှိစေရန်နှင့် သည်းခံကြစေကြောင်း—
၄ ထိုမှတစ်ပါး၊ သင်တို့သည် နှုတ်ကပတ်တော်ကောင်းမြတ်ခြင်း၏ လက္ခဏာသက်သေကို စမ်းသပ်ကြနိုင်စေခြင်းငှာ နှုတ်ကပတ်တော်ကို သင်တို့စိတ်နှလုံး၌ စိုက်စေသည့် တိုင်အောင် အလွန်များစွာသော ယုံကြည်ခြင်း ရှိကြစေကြောင်းပင်တည်း။
၅ နှုတ်ကပတ်တော်သည် ဘုရားသခင်၏သားတော်၌ ရှိမရှိ၊ သို့မဟုတ် ခရစ်တော်မရှိဘဲနေမည် ဟုတ်မဟုတ်ဟူသော သင်တို့၏စိတ်ထဲရှိ ကြီးစွာသောမေးခွန်းကိုလည်း ငါတို့သိမြင်လေပြီ။
၆ ခရစ်တော်၌ရှိသည့် နှုတ်ကပတ်တော်သည် ကယ်တင်ခြင်းကို ဖြစ်စေကြောင်း၊ သင်တို့ကို ငါ၏ညီအစ်ကို ကြိမ်ဖန်များစွာသက်သေပြသည်ကိုလည်း သင်တို့သိကြ၏။
၇ ရွေးနှုတ်ခြင်းသည် ဘုရားသခင်၏သားတော်အားဖြင့် ဖြစ်လာကြောင်းကို၊ ငါ၏ညီအစ်ကိုသည် ဇေနုတ်၏ စကားများကိုလည်းကောင်း၊ ဇေနော့၏ စကားများကိုလည်းကောင်း ကိုးကားပြ၏။ ဤအရာများ မှန်ကန်ကြောင်း သက်သေပြခြင်းငှာ၊ မောရှေ၏စကားများကိုလည်း ရည်ညွှန်းကိုးကား၏။
၈ ယခုမူကား၊ ရှုလော့၊ ဤအရာများမှန်ကန်ကြောင်းကို သင်တို့ထံသို့ ငါကိုယ်တိုင် သက်သေခံမည်။ ရှုလော့၊ ငါဆိုသည်ကား၊ ခရစ်တော်သည် သူ့လူမျိုးတို့၏လွန်ကျူးခြင်းများကို သူ့အပေါ်၌ ခံယူခြင်းငှာ၊ လူသားများသို့ ကြွလာတော်မူလိမ့်မည်ကိုလည်းကောင်း၊ လောကီသားတို့၏အပြစ်များအတွက် အပြစ်ဖြေတော်မူလိမ့်မည်ကိုလည်းကောင်း ငါသိ၏။ အကြောင်းမူကား၊ ထိုအမှုကို ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေပြီ။
၉ အပြစ်ဖြေခြင်းမင်္ဂလာကို ပြုထားရန် လိုအပ်ပေ၏။ အကြောင်းမူကား၊ ထာဝရဘုရားသခင်၏ ကြီးမြတ်သော အစီအစဉ်အရ၊ အပြစ်ဖြေခြင်းမင်္ဂလာကို ပြုထားရပေမည်။ သို့မဟုတ်လျှင်၊ လူသားခပ်သိမ်းတို့သည် ရှောင်လွှဲ၍မရဘဲ ပျက်စီးရပေမည်။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့သည် မာကျောကြလေပြီ။ ပြုထားရန် လိုအပ်လေသည့် အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့်မဟုတ်လျှင်၊ ခပ်သိမ်းသောသူတို့သည် ကျရှုံး၍ ပျောက်ဆုံးလျက်၊ ပျက်စီးရပေမည်။
၁၀ အကြောင်းမူကား၊ ကြီးမြတ်သော နောက်ဆုံးယဇ် ရှိရန်လိုအပ်ပေ၏။ အမှန်စင်စစ်၊ လူသားယဇ်မဟုတ်။ သားရဲယဇ်လည်း မဟုတ်၊ အဘယ်ငှက်၏ယဇ်မျှလည်းမဟုတ်ပေ။ အကြောင်းမူကား၊ ထိုအရာမှာ လူသား၏ယဇ်မဖြစ်လတ္တံ့။ အတိုင်းမသိသော ထာဝရယဇ်သာဖြစ်ရပေမည်။
၁၁ ယခုတွင်၊ တခြားသူတစ်ဦး၏ အပြစ်များအတွက် အပြစ်ဖြေမည့် မိမိကိုယ်တိုင်၏ အသွေးကို ယဇ်ပူဇော်နိုင်သူ တစ်စုံတစ်ဦးမျှမရှိ။ ယခုတွင်၊ အကြင်သူသည် လူ့အသက်ကို သတ်လျှင်၊ ရှုလော့၊ တရားမျှတသည့် ငါတို့၏ဥပဒေသည် ထိုသူ့ ညီအစ်ကို၏အသက်ကို နှုတ်ယူလိမ့်မည်လော။ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။
၁၂ သို့ရာတွင်၊ ဥပဒေသည် လူ့အသက်ကို သတ်သောသူ၏အသက်ကို လိုအပ်၏။ ထို့ကြောင့်၊ လောကီသားတို့၏အပြစ်များအတွက် လုံလောက်မည့် အတိုင်းမသိသော အပြစ်ဖြေခြင်းမင်္ဂလာထက် သာ၍ငယ်သောအရာမရှိနိုင်။
၁၃ ထို့ကြောင့်၊ ကြီးမြတ်သော နောက်ဆုံးယဇ် ရှိရန်လိုအပ်ပေ၏။ ထိုနောက်တွင် အသွေးသွန်းလောင်းခြင်း၊ ရပ်တန့်ခြင်း ရှိလိမ့်မည်၊ သို့မဟုတ် ရှိရန်လိုအပ်ပေလိမ့်မည်။ ထို့ကြောင့်၊ မောရှေ၏ပညတ်တရားကို ပြီးပြည့်စုံစေလိမ့်မည်။ အမှန်စင်စစ်၊ အငယ်ဆုံးသောစာလုံးနှင့် ဗိန္ဒုမှန်သမျှတို့ကို ပြီးပြည့်စုံစေလိမ့်မည်။ အဘယ်အရာမျှလည်း ကွယ်ပျောက်မသွားလတ္တံ့။
၁၄ ထို့အတူ၊ ဤအရာသည်ကား၊ အလုံးစုံတို့က ထိုကြီးမြတ်သည့် နောက်ဆုံးယဇ်ကို ညွှန်းဆိုလျက်ရှိသည့် ပညတ်တရား၏အနက်တစ်ခုလုံးဖြစ်၏။ ထိုကြီးမြတ်သည့် နောက်ဆုံးသောယဇ်သည် ဘုရားသခင်၏သားတော်၊ အမှန်စင်စစ် အတိုင်းမသိသော ထာဝရယဇ်ဖြစ်လိမ့်မည်။
၁၅ ထိုကဲ့သို့အားဖြင့်၊ သူသည် မိမိနာမတော်ကို ယုံကြည်မည့်သူမှန်သမျှထံသို့ ကယ်တင်ခြင်းကို ဆောင်ယူလာလိမ့်မည်။ ဤအမှုသည်ကား၊ အပြစ်ပေးခြင်းကို အနိုင်ရသည့် ကရုဏာတော်ဝမ်းကို ဖြစ်စေခြင်းငှာနှင့်၊ လူသားများသို့ နောင်တရခြင်းအလို့ငှာ၊ ယုံကြည်ခြင်းရှိနိုင်စေကြောင်း နည်းလမ်းများကို ဖြစ်စေခြင်းငှာဟူသော ဤနောက်ဆုံးယဇ်၏ ရည်ရွယ်ချက်ပေတည်း။
၁၆ ထိုကဲ့သို့အားဖြင့်၊ ကရုဏာတော်က အပြစ်ပေးခြင်း၏လိုအပ်ချက်များကို ပြီးပြည့်စေ၍၊ နောင်တရခြင်းအလို့ငှာ၊ယုံကြည်မှုပြုခြင်းမရှိသောသူသည် အပြစ်ပေးခြင်း ဥပဒေတစ်ခုလုံး၏ လိုအပ်ချက်များနှင့် ရင်ဆိုင်ရစဉ်မှာ၊ သူတို့ကို ဘေးလွတ်ရာလက်ဖြင့် ပွေ့ထားတော်မူ၏။ ထို့ကြောင့်၊ နောင်တရခြင်းအလို့ငှာ၊ ယုံကြည်ခြင်းရှိသူထံသို့သာလျှင်၊ ရွေးနှုတ်ခြင်းအတွက် ကြီးမြတ်သော ထာဝရအစီအစဉ်ကို ဖြစ်စေ၏။
၁၇ ထို့ကြောင့်၊ ငါ၏ညီအစ်ကိုတို့ နောင်တရခြင်းအလို့ငှာ၊ သင်တို့၏ ယုံကြည်ခြင်းကို ကျင့်သုံးရန် အစပြုနိုင်စေကြောင်း၊ သူ၏သန့်ရှင်းသောနာမတော်အား ပဌနာပြုရန် အစပြု၍၊ သင်တို့ကို ကရုဏာထားတော်မူမည့်အကြောင်း၊ သင်တို့ကို ဘုရားသခင်အခွင့်ပေးတော်မူပါစေ။
၁၈ ထိုမှတစ်ပါး၊ ကရုဏာတော်အတွက်၊ သူ့ထံသို့ တောင်းလျှောက်လော့။ အကြောင်းမူကား၊ သူသည် ကယ်တင်ခြင်းငှာ တန်ခိုးကြီး၏။
၁၉ ထိုမှတစ်ပါး၊ သင်တို့ကိုယ်သင်တို့ နှိမ့်ချ၍၊ သူ့ထံသို့ ဆုတောင်းခြင်း၌ အဆက်မပြတ် ရှိကြလော့။
၂၀ သင်တို့၏လယ်ကွင်းထဲ၌ သင်တို့ရှိသောအခါ၊ သင်တို့၏သိုးစုများအတွက်၊ သူ့ထံသို့ တောင်းလျှောက်ကြလော့။
၂၁ သင်တို့၏အိမ်ထဲ၌ နံနက်၊ နေ့လည်၊ ညဦးတို့တွင် သင်တို့၏အိမ်သူအိမ်သားခပ်သိမ်းတို့အတွက် သူ့ထံသို့ တောင်းလျှောက်ကြလော့။
၂၂ ထိုမှတစ်ပါး၊ သင်တို့ရန်သူတို့၏ အင်အားတစ်ဖက်၌၊ သူ့ထံသို့ တောင်းလျှောက်ကြလော့။
၂၃ ထိုမှတစ်ပါး၊ အလုံးစုံသောဖြောင့်မတ်ခြင်း၏ရန်သူဖြစ်သည့် နတ်ဆိုးတစ်ဖက်၌ သူ့ထံသို့ တောင်းလျှောက်ကြလော့။
၂၄ သင်တို့၏လယ်ကွင်းထဲရှိ ကောက်ပဲသီးနှံတို့ဖြင့် အောင်မြင်နိုင်ကြစေခြင်းငှာ ထိုအသီးအနှံတို့ အတွက် သူ့ထံသို့ တောင်းလျှောက်ကြလော့။
၂၅ သင်တို့၏လယ်မှ သိုးစုများတိုးပွားနိုင်စေခြင်းငှာ တောင်းလျှောက်ကြလော့။
၂၆ သို့ရာတွင်၊ ဤအရာသည်ကား အလုံးစုံတို့ မဟုတ်။ သင်တို့၏ ဆိတ်ညံရာအခန်းငယ်၊ သင်တို့၏ လျှို့ဝှက်သောနေရာနှင့် သင်တို့၏တောရိုင်းထဲ၌ သင်တို့၏စိတ်ဝိညာဉ်ကို သွန်းလောင်း၍ ဆုတောင်းရမည်။
၂၇ ထိုမှတစ်ပါး၊ သင်တို့သည် ကိုယ်တော်ရှင်ထံသို့ မတောင်းလျှောက်သောအခါ၌လည်း သင်တို့စိတ်နှလုံးကို ပြည့်ဝစေ၍၊ သင်တို့၏ကောင်းကျိုးနှင့် ထို့အတူ၊ သင်၏ပတ်ဝန်းကျင်၌ ရှိသောသူတို့၏ ကောင်းကျိုးအတွက် သူ့ထံသို့ဆုတောင်းခြင်း၌ အစဉ်မပြတ်အာရုံပြုကြလော့။
၂၈ ယခုမူကား၊ ရှုလော့၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ဤအရာသည်ကား၊ အလုံးစုံဖြစ်သည်ဟု သင်တို့မထင်မှတ်ကြစေကြောင်း ငါဆို၏။ အကြောင်းမူကား၊ သင်တို့သည် ဤအရာခပ်သိမ်းတို့ကို ပြုလေပြီးနောက်၊ ချို့တဲ့သောသူနှင့် အဝတ်မရှိသောသူတို့ကို ငြင်းပယ်၍၊ ဖျားနာသောသူနှင့် ဒုက္ခရောက်သောသူတို့ကို အကြည့်အရှုသွားခြင်းမရှိ၊ သင်တို့၌ ရှိကြသော်လည်း၊ လိုအပ်လျက်ရှိသောသူများအား သင်တို့၏ဥစ္စာတို့ကို မျှ၍ပေးခြင်းမရှိလျှင်—သင်တို့ကို ငါဆိုသည်ကား၊ ရှုလော့၊ သင်တို့၏ဆုတောင်းခြင်းသည် အချည်းနှီးဖြစ်၏၊ သင်တို့၌ အကျိုးမရှိ။ သင်တို့သည်လည်း ယုံကြည်ခြင်းကို ငြင်းဆိုသည့် သူတော်ကောင်းယောင်ဆောင်သော သူများကဲ့သို့ပင်တည်း။
၂၉ ထို့ကြောင့်၊ သင်တို့သည် ချစ်ခြင်းမေတ္တာရှိဖို့ မှတ်မထားလျှင် သန့်စင်အောင်ပြုလုပ်သူများက (ထိုအရာ အဖိုးမတန်သောကြောင့်) စွန့်ပစ်လိုက်၍၊ လူတို့၏ခြေအောက်၌ နင်းချေခံရသည့် ချော်ကဲ့သို့ပင်ဖြစ်၏။
၃၀ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ သင်တို့သည် အလွန်များစွာသော သက်သေများရရှိလေပြီးနောက်၊ ဤအရာတို့အကြောင်းကို သန့်ရှင်းသောကျမ်းစာများ သက်သေခံကြောင်း သိမြင်လျက်၊ ရှေ့သို့ထွက်လာ၍၊ နောင်တရခြင်း၏အကျိုးကို ဖြစ်စေရန် ငါအလိုရှိ၏။
၃၁ ထိုမှတစ်ပါး၊ သင်တို့သည် ရှေ့သို့ထွက်လာ၍၊ စိတ်နှလုံးကို နောက်ထပ်၍ မာကျောစေခြင်းမရှိစေကြောင်း ငါအလိုရှိ၏။ အကြောင်းမူကား၊ ရှုလော့၊ ယခုအချိန်သည်၊ သင်တို့ကယ်တင်ခြင်း၏ ကာလဖြစ်၏။ ထို့ကြောင့်၊ သင်တို့နောင်တရ၍၊ စိတ်နှလုံးကို မာကျောစေခြင်းမရှိလျှင်၊ ကြီးမြတ်သည့် ရွေးနှုတ်ခြင်း အစီအစဉ်ကို သင်တို့ထံသို့ ချက်ချင်းဖြစ်စေတော်မူလိမ့်မည်။
၃၂ အကြောင်းမူကား၊ ရှုလော့၊ ဤဘဝသည်၊ လူသားအတွက် ဘုရားသခင်နှင့်တွေ့ရန် ပြင်ဆင်ရာ အချိန်ဖြစ်၏။ ထိုမှတစ်ပါး၊ ရှုလော့၊ ဤဘဝကာလသည်၊ လူသားအတွက် မိမိတို့၏ အလုပ်များကို ဆောင်ရွက်ရာကာလပေတည်း။
၃၃ ယခုမူကား၊ ငါသည် သင်တို့ကို ယခင်ကပြောခဲ့သကဲ့သို့ပင်၊ သင်တို့၌ အလွန်များစွာသော သက်သေများရရှိလေသဖြင့်၊ ထို့ကြောင့်၊ သင်တို့၏နောင်တရခြင်းကာလကို အဆုံးတိုင်အောင်၊ ဖင့်နွှဲခြင်းမရှိရန် တိုးလျှိုးတောင်းပန်၏။ အကြောင်းမူကား၊ ထာဝရကာလအတွက် ပြင်ဆင်ခြင်းငှာ၊ ငါတို့အား ပေးထားခဲ့သည့် ယခုဘဝကာလ၏နောက်၌၊ ရှုလော့၊ ငါတို့သည် ယခုဘဝ၌ရှိစဉ်တွင်၊ ငါတို့၏အချိန်ကို တိုးတက်အောင်မပြုလျှင်၊ ထို့နောက်တွင်ကား၊ အလုပ် ဆောင်ရွက်နိုင်ခြင်းမရှိသော မှောင်မိုက်ခြင်း၏ညဉ့်အချိန် ကျရောက်လာ၏။
၃၄ သင်တို့သည် ထိုအလွန်ဆိုးရွားသော အကျပ်အတည်းသို့ဆောင်ခြင်းကို ခံရသောအချိန်ရောက်မှ ငါနောင်တရမည်ဟုလည်းကောင်း၊ ငါ၏ဘုရားသခင်ထံသို့ ငါပြန်လာမည်ဟုလည်းကောင်း မဆိုနိုင်ကြ။ မဟုတ်ပေ။ ဤသို့ မဆိုနိုင်ကြ။ အကြောင်းမူကား၊ ယခုဘဝမှ သင်တို့ ထွက်သွားသည့်အချိန်၌ သင်တို့၏ကိုယ်ခန္ဓာတို့ကို ပိုင်ဆိုင်သည့် ထိုတူသောဝိညာဉ်က၊ ထာဝရလောက၌ သင်တို့၏ကိုယ်ခန္ဓာကို ထိုတူသောဝိညာဉ်က ပိုင်ဆိုင်ရန် တန်ခိုးရှိပေလိမ့်မည်။
၃၅ အကြောင်းမူကား၊ ရှုလော့၊ သင်တို့၏နောင်တရခြင်းကာလကို သေခြင်းသို့တိုင်အောင်ပင် ဖင့်နွှဲလေလျှင်၊ ရှုလော့၊ သင်တို့သည် နတ်ဆိုးဝိညာဉ်၏ ဩဇာခံများ ဖြစ်လာ၍၊ သူသည် သင်တို့ကို သူ့ ၌ စည်းနှောင်လိမ့်မည်။ ထို့ကြောင့်၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်ကို သင်တို့အထဲမှ နှုတ်ယူ၍၊ သင်တို့ ၌ နေရာမရှိသဖြင့်၊ နတ်ဆိုးသည် သင်တို့အပေါ် အလုံးစုံသောအစိုးရခြင်း ရှိလေ၏။ ဤအမှုသည်ကား၊ ဆိုးညစ်သောသူတို့၏ နောက်ဆုံးဖြစ်ဟန်ပေတည်း။
၃၆ ဤအရာကို ငါသိသည်မှာ၊ ကိုယ်တော်ရှင်သည် မသန့်ရှင်းသောဗိမာန်များ၌ မနေထိုင်၊ ဖြောင့်မတ်သောသူတို့၏စိတ်နှလုံး၌သာ နေထိုင်ကြောင်းကို မိန့်တော်မူလေသောကြောင့်ပေတည်း။ ထိုမှတစ်ပါး၊ ဖြောင့်မတ်သောသူတို့သည် သူ၏နိုင်ငံတော်၌ ထိုင်ကြလိမ့်မည်၊ ထွက်မသွားကြတော့။၊ သို့ရာတွင် သူတို့၏ အဝတ်တန်ဆာများကို သိုးသငယ်၏အသွေးတော်အားဖြင့် ဖြူစင်စေလိမ့်မည်ဖြစ်ကြောင်းကိုလည်း သူမိန့်တော်မူလေ၏။
၃၇ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ငါအလိုရှိသည်မှာ၊ သင်တို့သည် ဤအရာတို့ကို အောက်မေ့ရမည့်အကြောင်း၊ ဘုရားသခင်ရှေ့၌ ကြောက်ရွံ့သောစိတ်နှင့် သင်တို့၏ကယ်တင်ခြင်းအတွက် ကြိုးစားအားထုတ်ရမည့်အကြောင်းနှင့်၊ ခရစ်တော်၏ကြွလာတော်မူခြင်းကို မငြင်းဆိုရတော့မည့်အကြောင်း၊
၃၈ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်၍ မတွန်းလှန်ကြတော့စေကြောင်း၊ လက်ခံရရှိ၍သာ၊ သင်တို့အပေါ်၌ ခရစ်တော်၏နာမတော်ကို ခံယူကြစေကြောင်း၊ သင်တို့ကိုယ်သင်တို့ မြေမှုန့်သို့တိုင် နှိမ့်ချ၍၊ သင်တို့အဘယ်အရပ်၌ရှိသည်ဖြစ်စေ၊ စိတ်ဝိညာဉ်ဖြင့်လည်းကောင်း၊ သမ္မာတရားဖြင့်လည်းကောင်း ဘုရားသခင်ကို ကိုးကွယ်ကြစေကြောင်း၊ သင်တို့အပေါ်၌ သူပေးတော်မူသည့် များစွာသော ကရုဏာတော်များနှင့် ကောင်းချီးမင်္ဂလာများအတွက်၊ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် နေ့စဉ်အသက်ရှင်ကြစေကြောင်းတို့ ပင်တည်း။
၃၉ ထိုမှတစ်ပါး၊ ငါ၏ညီအစ်ကိုတို့၊ သင်တို့သည် နတ်ဆိုး၏ သွေးဆောင်ဖြားယောင်းခြင်းများအားဖြင့်၊ လှည့်ဖြားခေါ်ဆောင်သွားမခံရနိုင်၍၊ သင့်တို့ကို သူအနိုင်မရနိုင်သဖြင့်၊ နောက်ဆုံးသောနေ့၌ သူ၏ဩဇာခံများ ဖြစ်မလာစေရန် ဆုတောင်းခြင်းဖြင့် အစဉ်မပြတ် စောင့်ကြည့်စေကြောင်းကိုလည်း ငါတိုက်တွန်း၏။ အကြောင်းမူကား၊ ရှုလော့၊ သူသည် သင်တို့ကို ကောင်းမြတ်သောအရာဖြင့် အကျိုးကျေးဇူးကို မပေး။
၄၀ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့ကို ငါတိုက်တွန်းလိုသည်မှာ၊ သည်းခံခြင်းရှိရန်နှင့် အမျိုးမျိုးသောဆင်းရဲဒုက္ခများကို သင်တို့သည်းခံနိုင်စေကြောင်း၊ သင်တို့၏ အလွန်ဆင်းရဲနွမ်းပါးခြင်းကြောင့် သင်တို့ကို နှင်ထုတ်ခဲ့သူများကဲ့သို့ အပြစ်ရှိသူများ ဖြစ်မလာစေခြင်းငှာ၊ သူတို့ကို ဆန့်ကျင်၍ ကဲ့ရဲ့ပြောဆိုခြင်းမရှိစေကြောင်း၊
၄၁ သို့ရာတွင်၊ သင်တို့သည် သည်းခံခြင်းရှိ၍၊ တစ်နေ့သောအချိန်၌ သင်တို့၏ခပ်သိမ်းသော ဆင်းရဲဒုက္ခများမှ အနားရလိမ့်မည်ဟူသော ခိုင်မာသည့် မျှော်လင့်ခြင်းဖြင့်၊ ထိုဆင်းရဲဒုက္ခများကို သည်းခံကြစေကြောင်းတို့ပင် ဖြစ်လေသတည်း။