အခန်းကြီး ၁၅
အယ်လမာနှင့် အာမြူးလက်သည် ဇိဒုမ်သို့သွား၍ အသင်းတော်ကို တည်ထောင်ကြ၏—အယ်လမာသည် အသင်းတော်သို့ဝင်ရောက်သူ ဇေဇရုမ်ကို အနာကင်းစေ၏—များစွာသောသူတို့ ဗတ္တိဇံခံကြပြီး အသင်းတော်အောင်မြင်၏—အယ်လမာနှင့် အာမြူးလက်သည် ဇရဟင်မလပြည်သို့ သွားကြ၏။ ဘီစီ ၈၁ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အယ်လမာနှင့် အာမြူးလက်သည် ထိုပြည်မှ ထွက်ခွာသွားစေရန် မိန့်မှာခံရ၍၊ ထွက်ခွာသွားပြီး၊ ဇိဒုမ်ပြည်ထဲသို့ပင် ရောက်ကြ၏။ ရှုဦးလော့၊ အယ်လမာ၏စကားများကို ယုံကြည်သောကြောင့်၊ နှင်ထုတ်ခံရ၊ ကျောက်ခဲနှင့်အပစ်ခံရသူ၊ အမ္မုန်နိဟပြည်မှ ထွက်ခွာသွားသည့် လူခပ်သိမ်းတို့ကို ထိုနေရာ၌ တွေ့ကြ၏။
၂ ထိုသူတို့၏ဇနီးများနှင့် ကလေးများ၌ ဖြစ်ပျက်လေသည့်အရာမှန်သမျှ၊ ထို့အတူ၊ သူတို့ကိုယ်တိုင်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ သူတို့၏လွတ်မြောက်နိုင်သောတန်ခိုးနှင့် စပ်လျဉ်း၍လည်းကောင်း ပြန်လည်၍ ပြောပြကြ၏။
၃ ဇေဇရုမ်သည်လည်း သူ၏ဆိုးညစ်ခြင်းကြောင့်၊ သူ့စိတ်၏ ကြီးစွာသောအတိဒုက္ခများကဖြစ်စေသည့် အပူပြင်းသော အဖျားရောဂါဖြင့် ဇိဒုမ်၌ ဖျားနာ၍ လဲ၏။ အကြောင်းမူကား၊ အယ်လမာနှင့် အာမြူးလက်တို့ မရှိကြတော့ဟု ထင်မှတ်၏။ သူ၏ဒုစရိုက်များကြောင့်၊ သူတို့ကွပ်မျက်ခံရလေပြီဟုလည်း ထင်မှတ်၏။ ထို့အတူ၊ ဤကြီးစွာသောအပြစ်နှင့် သူ၏အခြားသောအပြစ်များစွာတို့က သူ့စိတ်ကို လွတ်မြောက်ခြင်းမရှိလေဘဲ အလွန်ဝမ်းနည်းပူဆွေးလာစေသည့်တိုင်အောင် ညှဉ်းပန်း၏။ ထို့ကြောင့် သူသည် လောင်ကျွမ်းသောအပူရှိန်နှင့် အလွန်ပြင်းစွာဖျားစပြု၏။
၄ ယခုတွင်၊ အယ်လမာနှင့် အာမြူးလက်တို့ ဇိဒုမ်ပြည်၌ရှိသည်ဟု သူကြားသောအခါ၊ စိတ်နှလုံးရဲရင့်ခြင်းသို့ ရောက်စပြု၏။ သူတို့ကို သူ့ထံသို့ လာစေလို၍၊ သတင်းစကားကို သူတို့ထံသို့ ချက်ချင်း စေလွှတ်၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည်လည်း မိမိတို့ထံစေလွှတ်သည့် သတင်းစကားကို နာခံလျက်၊ ချက်ချင်းသွား၍၊ အိမ်ထဲသို့ရောက်လျှင် ဇေဇရုမ်ကို တွေ့၏။ အိပ်ရာထက်၌ ဖျားနာ၍၊ အပူပြင်းသော အဖျားရောဂါနှင့် အလွန်အားနည်းလျက်ရှိသည်ကိုလည်း တွေ့ကြ၏။ သူ၏စိတ်သည်လည်း၊ သူ့ဒုစရိုက်များကြောင့် အလွန်ဝမ်းနည်းပူဆွေး၏။ သူတို့ကို မြင်လျှင်၊ လက်ကို ဆန့်၏၊ သူ့ကို အနာကင်းစေပါမည့်အကြောင်းကိုလည်း သူတို့ကို တိုးလျှိုးတောင်းပန်၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အယ်လမာသည် သူ့အား လက်ကိုဆွဲ၍ဆိုသည်ကား၊ ကယ်တင်ခြင်းကို ရောက်စေသည့် ခရစ်တော်၏ တန်ခိုးတော်ကို သင်ယုံကြည်သလော။
၇ သူကလည်း ဟုတ်ကဲ့။ အသင် သွန်သင်ပေးလေသော စကားမှန်သမျှကို အကျွန်ုပ် ယုံကြည်ပါ၏ဟုဆို၍ ဖြေ၏။
၈ သင်သည် ခရစ်တော်၏ရွေးနှုတ်ခြင်း၌ ယုံကြည်လျှင်၊ အနာကင်းနိုင်၏ဟု အယ်လမာက ဆို၏။
၉ သူကလည်း၊ ဟုတ်ကဲ့။ အကျွန်ုပ်သည် သင်၏စကားများအတိုင်း ယုံကြည်ပါ၏ဟု ဆို၏။
၁၀ ထို့နောက်တွင်၊ အယ်လမာက ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်သည်မှာ အို အကျွန်ုပ်တို့၏ဘုရားသခင်ကိုယ်တော်ရှင်၊ ဤလူကို ကရုဏာထားတော်မူပါ၊ ခရစ်တော်၌ရှိသော သူ၏ယုံကြည်ခြင်းအတိုင်း သူ့ကို အနာကင်းစေတော်မူပါဟု ဆို၏။
၁၁ အယ်လမာက ဤစကားများကို ပြောပြီးလေလျှင်၊ ဇေဇရုမ်သည် သူ့ခြေဖြင့် ထခုန်၍လှမ်းသွားစပြု၏။ ဤအမှုကို ပြုလေ၍၊ ခပ်သိမ်းသောလူတို့သည် ကြီးစွာအံ့ဩလေ၏။ ဤအကြောင်းအရာသည်လည်း ဇိဒုမ်ပြည်တစ်လျှောက်ပျံ့နှံ့သွား၏။
၁၂ အယ်လမာသည်လည်း ဇေဇရုမ်ကို ကိုယ်တော်ရှင်ထံ ဗတ္တိဇံပေးရာ၊ သူသည် ထိုအချိန်မှစ၍ လူတို့ကို ဟောပြောစပြု၏။
၁၃ အယ်လမာသည် ဇိဒုမ်ပြည်၌ အသင်းတော်ကိုလည်း တည်ထောင်၍၊ ဗတ္တိဇံခံရန်အလိုရှိသောသူမှန်သမျှကို ကိုယ်တော်ရှင်ထံသို့ ဗတ္တိဇံပေးရန်၊ ယဇ်ပုရောဟိတ်များနှင့် ဆရာများကို ခန့်ထား၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုသူတို့အလွန်များလေ၏။ အကြောင်းမူကား၊ သူတို့သည် ဇိဒုမ်ပတ်ဝန်းကျင်ဒေသတစ်ခုလုံးမှ အစုအဖွဲ့လိုက် ဝင်လာ၍၊ ဗတ္တိဇံခံကြလေ၏။
၁၅ သို့ရာတွင်၊ အမ္မုန်နိဟပြည်၌ရှိသော လူတို့နှင့်စပ်လျဉ်း၍မူကား၊ သူတို့သည် စိတ်နှလုံးမာကျောပြီး၊ လည်ပင်းခိုင်မာသောလူများအဖြစ် ဆက်၍ရှိလျက်နေသေး၏။ အယ်လမာနှင့် အာမြူးလက်တို့၏ တန်ခိုးမှန်သမျှကို နတ်ဆိုးထံမှလာသည်ဟု ယိုးစွပ်လျက်၊ သူတို့၏အပြစ်များမှလည်း နောင်တရခြင်းမရှိကြ။ အကြောင်းမူကား၊ သူတို့သည် နေဟော၏ဘာသာကို ယုံကြည်သူများဖြစ်၍၊ သူတို့၏အပြစ်များမှ နောင်တရခြင်းကို မယုံကြည်ကြ။
၁၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အယ်လမာနှင့် အာမြူးလက်တွင်၊ အာမြူးလက်သည် ဘုရားသခင်၏နှုတ်ကပတ်တော်အတွက်၊ အမ္မုန်နိဟပြည်၌ရှိသည့် သူ၏ရွှေ၊ ငွေနှင့် အဖိုးထိုက်သောအရာမှန်သမျှတို့ကို စွန့်ပစ်သဖြင့် ယခင်က သူ၏မိတ်ဆွေဖြစ်ခဲ့ဖူးသူများနှင့် ထို့အတူ၊ သူ၏အဘနှင့် သူ့ဆွေမျိုးတို့၏ ငြင်းပယ်ခြင်းကို ခံရလျက်ရှိ၏။
၁၇ ထို့ကြောင့်၊ အယ်လမာသည် ဇိဒုမ်၌ အသင်းတော်ကို တည်ထောင်လေပြီးနောက်တွင်၊ ကြီးစွာသောစစ်ဆေးခြင်းကို မြင်လျက်၊ ထိုမှတစ်ပါး၊ လူတို့သည် စာတန်ထံမှသော်လည်းကောင်း၊ သေခြင်းမှသော်လည်းကောင်း၊ ဖျက်ဆီးခြင်းမှသော်လည်းကောင်း၊ ကယ်လွှတ်ခံရစေခြင်းငှာ၊ ယဇ်ပလ္လင်ရှေ့၌ ဘုရားသခင်ကို ကိုးကွယ်ရန်၊ စောင့်လျက်၊ အစဉ်မပြတ်ဆုတောင်းလျက်၊ သူတို့၏ဝတ်ပြုရာဌာနများတွင်၊ မိမိမာနစိတ်နှလုံးနှင့်စပ်လျဉ်း၍၊ စစ်ဆေးခံရသည်ကိုလည်းကောင်း၊ ဘုရားသခင်ရှေ့၌ သူတို့ကိုယ်သူတို့ နှိမ့်ချစပြုသည်ကိုလည်းကောင်း၊ သူတို့ကိုယ်သူတို့ အတူတကွစည်းဝေးစပြုကြသည်ကိုလည်းကောင်း မြင်လျက်ရှိ၏—
၁၈ ယခုတွင်၊ ငါပြောလေသည့်အတိုင်း၊ အယ်လမာသည် ဤအရာခပ်သိမ်းတို့ကို မြင်လေပြီးသောကြောင့် အာမြူးလက်ကို ခေါ်၍၊ ဇရဟင်မလပြည်သို့ လာ၍ သူ့အိမ်သို့ ခေါ်ပြီး၊ သူအတိဒုက္ခရောက်နေချိန်၌ အကူအညီပေး၍ ကိုယ်တော်ရှင်ကို ယုံကြည်ခြင်း၌ ခွန်အားဖြည့်စေ၏။
၁၉ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်းဒဿမမြောက်နှစ် ပြီးဆုံး၏။