အခန်းကြီး ၃၁
အယ်လမာသည် ဖောက်ပြန်သင်းကွဲသော ဇော်ရမ်အမျိုးသားတို့ကို ပြန်လည်ခေါ်ဆောင်ခြင်းငှာ၊ သာသနာပြုခြင်းကို ဦးဆောင်၏—ဇော်ရမ်အမျိုးသားတို့သည် ခရစ်တော်ကို ငြင်းပယ်ကြ၏၊ မှားသော ရွေးကောက်ခြင်း အယူအဆကို ယုံကြည်ကြ၏၊ အသေမှတ်ထားသော ဆုတောင်းခြင်းများဖြင့် ကိုးကွယ်ကြ၏—သာသနာပြုများသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ကြ၏—သူတို့၏ဆင်းရဲဒုက္ခများကို ခရစ်တော်၌ ဝမ်းမြောက်ခြင်းက လွှမ်းမိုး၏။ ဘီစီ ၇၄ ခန့်။
၁ ယခုတွင်အချိန်တန်လာသောအခါ၊ ကော်ရိဟောသေပြီးနောက်၊ ဇော်ရမ်အမျိုးသားတို့သည် ကိုယ်တော်ရှင်၏လမ်းစဉ်များကို မှောက်လှန်နေသည်၊ သူတို့၏ ခေါင်းဆောင်ဖြစ်လေသူ ဇော်ရမ်သည်လည်း လူတို့၏စိတ်နှလုံးကို စကားမပြောနိုင်သည့် ရုပ်တုတို့အား ဦးညွှတ်ပျပ်ဝပ်စေရန် ပို့ဆောင်နေသည်ဟူသောသတင်းစကားကို ရရှိသည့် အယ်လမာသည်၊ လူတို့၏ ဒုစရိုက်ကြောင့်၊ သူ၏စိတ်နှလုံး တစ်ဖန် ဝမ်းနည်းစပြု၏။
၂ အကြောင်းမူကား၊ ထိုအရာမှာ အယ်လမာအတွက်၊ မိမိလူတို့၌ ရှိသည့် ဒုစရိုက်အကြောင်းကို သိရခြင်းမှာ၊ ကြီးစွာသောဝမ်းနည်းခြင်း၏ အကြောင်းရင်းဖြစ်၏။ ထို့ကြောင့်၊ နီဖိုင်းအမျိုးသားတို့ထံမှ ဇော်ရမ်အမျိုးသားတို့ကွဲကွာခြင်းကြောင့် သူ၏စိတ်နှလုံးသည် အလွန်ဝမ်းနည်း၏။
၃ ယခုတွင်၊ ဇော်ရမ်အမျိုးသားတို့သည် ဇရဟင်မလပြည်၏ အရှေ့အရပ်၌ရှိသော၊ ပင်လယ်ကမ်းနား၌ နယ်နိမိတ်ပိုင်းခြားလုနီးပါးဖြစ်နေသော၊ ယေရှုန်ပြည်၏တောင်ဘက်၊ လာမန်အမျိုးသားတို့နှင့် ပြည့်လျက်ရှိသည့် တောရိုင်းဖြစ်သော တောင်ဘက်တောရိုင်း၌ နယ်နိမိတ်ပိုင်းခြားနေသော အန္တိယောနုံဟု သူတို့ခေါ်သည့်ပြည်၌ သူတို့ကိုယ်သူတို့ အတူတကွ စုဝေးကြလေ၏။
၄ ယခုတွင်၊ နီဖိုင်းအမျိုးသားတို့သည် ဇော်ရမ်အမျိုးသားတို့နှင့် လာမန်အမျိုးသားတို့ ခင်မင်ရင်းနှီးသောဆက်ဆံရေး ရှိလာမည်ကိုလည်းကောင်း၊ ထိုအမှုမှာ နီဖိုင်းအမျိုးသားတို့ဘက်၌ ကြီးစွာသောဆုံးရှုံးခြင်း၏ အကြောင်း ဖြစ်လာမည်ကိုလည်းကောင်း ကြီးစွာစိုးရိမ်ကြ၏။
၅ ယခုမူကား၊ နှုတ်ကပတ်တော်ကို ဟောပြောခြင်းမှာ လူတို့အား ဖြောင့်မှန်သောအရာကို ပြုစေခြင်းငှာ၊ ပို့ဆောင်ရန် ကြီးစွာသော ဖြစ်နိုင်ခြေရှိလေ၏—ထိုမှတစ်ပါး၊ ထိုအမှုသည်ကား၊ လူတို့၏စိတ်အပေါ် ၌၊ ဓားသို့မဟုတ်၊ သူတို့ထံသို့ ဖြစ်ပျက်လေသည့် အခြားအရာတစ်စုံတစ်ခုထက် သာ၍အားကြီးသော အကျိုးရလဒ် ရှိလေ၏—ထို့ကြောင့်၊ အယ်လမာသည် ဘုရားသခင့်နှုတ်ကပတ်တော်၏ တန်ခိုးတော်ကို မိမိတို့စုံစမ်းရန် သင့်လျော်ပေ၏ဟု ဆင်ခြင်၏။
၆ ထို့ကြောင့်၊ သူသည် အမ္မုန်၊ အာရုန်နှင့် ဩမနာတို့ကို ခေါ်ခဲ့၏။ ဟိမနိကို ဇရဟင်မလပြည်ရှိ အသင်းတော်၌ ချန်ထားခဲ့၏။ သို့ရာတွင်၊ ရှေ့လူသုံးဦးနှင့်အတူ၊ မိလက်ပြည်၌ရှိသည့် အာမြူးလက်နှင့် ဇေဇရုမ်ကိုလည်း သူနှင့်အတူ ခေါ်ခဲ့၏။ ထို့အတူ၊ သူ၏သားများမှ နှစ်ယောက်ကိုလည်း ခေါ်ခဲ့၏။
၇ ယခုတွင်၊ သူ၏သားများမှ အကြီးဆုံးကို သူနှင့်အတူ၊ ခေါ်သွားခြင်းမရှိခဲ့။ ထိုသူ၏အမည်မှာ ဟေလမန်ဖြစ်၏။ သူနှင့်အတူ ခေါ်သွားခဲ့သောသူတို့၏အမည်များကား၊ ရှိဗလုန်နှင့် ကော်ရန်တန်တို့ ဖြစ်၏။ ဤအရာတို့သည်ကား၊ ဇော်ရမ်အမျိုးသားတို့ထံ နှုတ်ကပတ်တော်ကို ဟောပြောခြင်းငှာ သူနှင့်အတူ သွားခဲ့သူတို့၏အမည်များပေတည်း။
၈ ယခုတွင်၊ ဇော်ရမ်အမျိုးသားတို့သည်ကား၊ နီဖိုင်းအမျိုးသားတို့နှင့်သဘောကွဲလွဲသူများ ဖြစ်လေ၏။ ထို့ကြောင့်၊ သူတို့၌ ဟောပြောထားလေသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် ရှိလေ၏။
၉ သို့ရာတွင်၊ သူတို့သည် ကြီးစွာသော မှားယွင်းမှုများထဲသို့ လဲကျလေပြီ။ အကြောင်းမူကား၊ ဘုရားသခင်၏ ပညတ်တော်များနှင့်၊ ထုံးဥပဒေသများကို မောရှေ၏ပညတ်တရားအတိုင်း စောင့်ထိန်းရန် အားထုတ်လိုခြင်း မရှိကြ။
၁၀ သွေးဆောင်ဖြားယောင်းခြင်းထဲသို့ မဝင်နိုင်စေခြင်းငှာ၊ ဘုရားသခင်ထံသို့ နေ့စဉ် ဆုတောင်းခြင်းနှင့် ပဌနာပြုခြင်းတို့၌ အဆက်မပြတ်ရှိနေစေရန် အသင်းတော်၏စီရင်ခြင်းများကို ကျင့်စောင့်လိုခြင်းလည်း မရှိကြ။
၁၁ ထိုမှတစ်ပါး၊ အချုပ်အားဖြင့်၊ သူတို့သည် ကိုယ်တော်ရှင်၏လမ်းစဉ်များကို အလွန်ကြိမ်ဖန်များစွာ မှောက်လှန်ကြ၏။ ထို့ကြောင့်၊ ဤအကြောင်းရင်းကြောင့်၊ အယ်လမာနှင့် သူ၏ညီအစ်ကိုတို့သည် သူတို့အား နှုတ်ကပတ်တော်ကို ဟောပြောခြင်းငှာ၊ ထိုပြည်ထဲသို့ သွားကြ၏။
၁၂ ယခုတွင်၊ သူတို့သည် ထိုပြည်ထဲသို့ ရောက်လာလေလျှင်၊ ရှုလော့၊ ဇော်ရမ်အမျိုးသားတို့ တရားဇရပ်များ ဆောက်လေသည်ကိုလည်းကောင်း၊ ကိုယ်တော်ရှင်၏နေ့ဟု သူတို့ခေါ်သည့်၊ သီတင်းပတ်၏နေ့တစ်နေ့တွင် သူတို့ကိုယ်သူတို့အတူတကွစုဝေးလျက်၊ အယ်လမာနှင့် သူ၏ညီအစ်ကိုတို့ မမြင်ဖူးလေသည့် နည်းမျိုးဖြင့် ကိုးကွယ်ကြသည်ကိုလည်းကောင်း တွေ့ရသဖြင့်၊ အံ့ဩကြ၏။
၁၃ အကြောင်းမူကား၊ သူတို့တရားဇရပ်၏ အလယ်၌၊ တည်ဆောက်ထားသော နေရာ၊ ဦးခေါင်းအထက်မြင့်သည့် ရပ်စရာနေရာတစ်ခုရှိလေ၏။ ထိုနေရာ၏ထိပ်မှာ လူတစ်ယောက်စာအတွက်သာဖြစ်၏။
၁၄ ထို့ကြောင့်၊ ကိုးကွယ်လိုသူမှန်သမျှသည် ထွက်လာရမည်၊ ထိုနေရာထိပ်၌ရပ်၍၊ မိမိလက်ကို ကောင်းကင်သို့ဆန့်လျက်၊ ကျယ်သောအသံနှင့် ဆို၍၊ တောင်းလျှောက်ရမည်ကား၊
၁၅ သန့်ရှင်းတော်မူသော၊ သန့်ရှင်းတော်မူသော ဘုရားသခင်။ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို အကျွန်ုပ်တို့ ယုံကြည်ပါ၏။ ကိုယ်တော်သည် သန့်ရှင်းတော်မူကြောင်း၊ ထို့အတူ ကိုယ်တော်သည် ဝိညာဉ်ဖြစ်လေကြောင်း၊ ထို့အတူ ကိုယ်တော်သည် ဝိညာဉ်ဖြစ်ကြောင်း၊ ထို့အတူ ကိုယ်တော်သည် ကာလအစဉ်အဆက် ဝိညာဉ်ဖြစ်လိမ့်မည့်အကြောင်း အကျွန်ုပ်တို့ယုံကြည်ပါ၏။
၁၆ သန့်ရှင်းတော်မူသော ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို၊ အကျွန်ုပ်တို့၏ညီအစ်ကိုများထံမှ ခွဲထုတ်တော်မူခဲ့ကြောင်း အကျွန်ုပ်တို့ ယုံကြည်ပါ၏။ အကျွန်ုပ်တို့၏ညီအစ်ကိုများထံသို့ သူတို့ဘိုးဘေးတို့၏ သူငယ်ဆန်ခြင်းအားဖြင့် လက်ဆင့်ကမ်းပေးခဲ့သည့် သူတို့၏နည်းဥပဒေသများကို အကျွန်ုပ်တို့ မယုံကြည်ကြပါ။ သို့ရာတွင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို၊ ကိုယ်တော်၏သန့်ရှင်းသောသားသမီးများ ဖြစ်စေရန် ရွေးကောက်တော်မူခဲ့လေကြောင်းကိုလည်းကောင်း၊ ထို့အတူ၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ခရစ်တော်ရှိလိမ့်မည်မဟုတ်ကြောင်းဖော်ပြတော်မူခဲ့လေသည်ကိုလည်းကောင်း အကျွန်ုပ်တို့ ယုံကြည်ပါ၏။
၁၇ သို့ရာတွင်၊ ကိုယ်တော်သည် မနေ့၊ ယနေ့နှင့် ကာလအစဉ်အဆက် မပြောင်းမလဲရှိတော်မူ၏။ အကျွန်ုပ်တို့ပတ်ဝန်းကျင်၌ ရှိသမျှသောသူတို့ ကိုယ်တော်၏အမျက်တော်အားဖြင့် ငရဲသို့ပစ်ချခံရဖို့ ရွေးကောက်ခံရစဉ်မှာ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကယ်တင်ခြင်းသို့ ရောက်ရစေခြင်းငှာ၊ ရွေးကောက်တော်မူလေပြီ။ အို ဘုရားသခင်၊ သန့်ရှင်းတော်မူခြင်းအတွက်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကျေးဇူးတော်ချီးမွမ်းပါ၏။ အကျွန်ုပ်တို့ညီအစ်ကိုတို့၏ စိတ်နှလုံးကို အကျွန်ုပ်တို့၏ဘုရားသခင် ကိုယ်တော်ထံမှ ဝေးစွာစွန့်ခွာစေခြင်းငှာ ပို့ဆောင်သည့်၊ သူတို့ကို ခရစ်တော်၌ ယုံကြည်ခြင်းဖြင့် ချည်နှောင်သည့်၊ သူတို့၏မိုက်မဲသော နည်းဥပဒေသများနောက်သို့ လှည့်ဖြား၍ ခေါ်ဆောင်သွားသည်ကို အကျွန်ုပ်တို့ မခံရနိုင်စေခြင်းငှာ၊ အကျွန်ုပ်တို့ကို ကိုယ်တော်ရွေးကောက်တော်မူလေသည့်အတွက်လည်း အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကျေးဇူးတော် ချီးမွမ်းပါ၏။
၁၈ ထိုမှတစ်ဖန်၊ အို ဘုရားသခင်၊ အကျွန်ုပ်တို့သည် ရွေးကောက်ခံရ၍၊ သန့်ရှင်းသောလူမျိုးဖြစ်သဖြင့်၊ ကိုယ်တော်ကို ကျေးဇူးတော် ချီးမွမ်းပါ၏။ အာမင်။
၁၉ ယခုတွင်၊ အချိန်တန်လာသောအခါ၊ အယ်လမာနှင့် သူ၏ညီအစ်ကိုများ၊ သူ၏သားများသည် ဤဆုတောင်းခြင်းများကို ကြားရလေသောအခါ၊ အတိုင်းထက်အလွန်အံ့ဩလေ၏။
၂၀ အကြောင်းမူကား၊ ရှုလော့၊ လူတိုင်းထွက်လာပြီးလျှင်၊ ဤတူသော ဆုတောင်းခြင်းများဖြင့် ပူဇော်ကြ၏။
၂၁ ယခုတွင်၊ ထိုနေရာကို ရာမုပတမ်ဟု သူတို့ခေါ်ကြ၏၊ သန့်ရှင်းသောစင်မြင့်ဟု အနက်ရ၏။
၂၂ ယခုတွင်၊ ဤစင်မြင့်မှနေ၍၊ လူတိုင်းသည် တူညီသောဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို ပူဇော်ကြ၏၊ သူ့အားဖြင့် ရွေးကောက်ခံရလေကြောင်း၊ သူတို့ကို သူတို့၏ညီအစ်ကိုများနောက်သို့ လှည့်ဖြားမခေါ်ဆောင်ခဲ့ကြောင်း၊ သူတို့တစ်စုံတစ်ခုမျှမသိသည့် ဖြစ်လာမည့်အရာတို့ကို ယုံကြည်စေရန် သူတို့စိတ်နှလုံးခိုးယူမခံရကြောင်း သူတို့၏ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းလျက်ရှိကြ၏။
၂၃ ယခုတွင်၊ လူခပ်သိမ်းတို့သည် ဤကဲ့သို့အားဖြင့် ကျေးဇူးတော်ချီးမွမ်းကြလေပြီးနောက်၊ မိမိတို့နေအိမ်များသို့ ပြန်လာ၍၊ သူတို့၏ထုံးစံအတိုင်း ကျေးဇူးတော်ချီးမွမ်းရန် သန့်ရှင်းသောစင်မြင့်သို့ သူတို့ကိုယ်သူတို့ တစ်ဖန် စည်းဝေးသည့်တိုင်အောင် သူတို့၏ဘုရားသခင်အကြောင်းကို ထပ်၍မပြောကြတော့။
၂၄ ယခုတွင်၊ အယ်လမာသည် ဤအမှုကို မြင်ရလျှင်၊ စိတ်နှလုံး ဝမ်းနည်းပူဆွေးလေ၏။ အကြောင်းမူကား၊ သူတို့သည် ဆိုးညစ်၍၊ ဖောက်ပြန်သော လူမျိုးဖြစ်လေ၏။ ထိုမှတစ်ပါး၊ သူတို့စိတ်နှလုံးကို ရွှေ၊ ငွေနှင့် အမျိုးမျိုးသော တင့်တယ်သည့် ပစ္စည်းများအပေါ်၌ ထားလေသည်ကို သူသိမြင်၏။
၂၅ ထိုမှတစ်ပါး၊ သူတို့စိတ်နှလုံးသည် မာနတရားဖြင့် ကြီးစွာသော ဝါကြွားခြင်းသို့တိုင်အောင် ဘဝင်မြင့်သည်ကိုလည်း သူတွေ့မြင်၏။
၂၆ သူသည်လည်း ကောင်းကင်ဘုံသို့ ကြွေးကြော်၍ တောင်းလျှောက်လေသည်ကား၊ အို အဘယ်မျှ၊ ကြာမြင့်ပါမည်နည်း၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် ကိုယ်တော်၏ကျွန်တို့အား၊ လူသားတို့၌ ထိုမျှလောက်ဆိုးရွားသည့် ဆိုးညစ်ခြင်းကို မြင်တွေ့စေခြင်းငှာ၊ ဤအောက်အရပ် ဇာတိကိုယ်ခန္ဓာ၌ နေထိုင်စေရန် အခွင့်ပေးမည်လော။
၂၇ ရှုတော်မူပါ၊ အို ဘုရားသခင်၊ သူတို့သည် ကိုယ်တော်ထံသို့ တောင်းလျှောက်ကြပါ၏။ သို့သော်လည်း၊ သူတို့စိတ်နှလုံးသည် မာနတရားနှင့် မွန်းလျက်ရှိပါ၏။ ရှုတော်မူပါ၊ အို ဘုရားသခင်၊ သူတို့သည် လောက၏အချည်းနှီးသောအရာတို့နှင့် ကြီးစွာပင် မာနထောင်လွှားလျက်ရှိစဉ်မှာ၊ ကိုယ်တော်ထံသို့ သူတို့၏နှုတ်ဖြင့် တောင်းလျှောက်ကြပါ၏။
၂၈ အို အကျွန်ုပ်၏ဘုရားသခင်၊ သူတို့၏ အဖိုးထိုက်သော အဝတ်၊ သူတို့၏လက်စွပ်များ၊ သူတို့၏လက်ကောက်များ၊ သူတို့၏ရွှေတန်ဆာများ၊ တန်ဆာဆင်ထားသည့် သူတို့၏ ခပ်သိမ်းသော အဖိုးထိုက်သည့်အရာများကို ရှုတော်မူပါ။ ရှုတော်မူပါဦး။ သူတို့စိတ်နှလုံးကို ထိုအရာတို့အပေါ်၌ ထားကြပါ၏။ သို့သော်လည်း၊ သူတို့သည် ကိုယ်တော်ထံသို့ တောင်းလျှောက်၍—အို ဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကျေးဇူးတော်ချီးမွမ်းပါ၏။ အကြောင်းမူကား၊ အခြားသောသူများ ပျက်စီးမည့်အချိန်တွင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏ ရွေးကောက်သောလူမျိုးဖြစ်ပါ၏ဟု ဆိုကြပါပြီ။
၂၉ ထိုမှတစ်ပါး၊ ခရစ်တော် ရှိလိမ့်မည်မဟုတ်သည်ကို သူတို့အား ကိုယ်တော်ဖော်ပြတော်မူကြောင်းကိုလည်း ဆိုကြပါ၏။
၃၀ အို ကိုယ်တော်ရှင်ဘုရားသခင်၊ ကိုယ်တော်သည် ထိုကဲ့သို့သော ဆိုးညစ်ခြင်းနှင့် သစ္စာမရှိခြင်းတို့ ဤလူမျိုးတို့၌ ရှိရမည်အကြောင်း အဘယ်မျှကြာအောင် အခွင့်ပေးတော်မူမည်နည်း။ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ချည့်နဲ့ခြင်းကို အကျွန်ုပ်သည်းခံနိုင်စေခြင်းငှာ အကျွန်ုပ်ကို ခွန်အားပေးတော်မူပါ။ အကြောင်းမူကား၊ အကျွန်ုပ်သည် ချည့်နဲ့ပါ၏။ ဤလူမျိုး၌ရှိသည့် ဆိုးညစ်ခြင်းက အကျွန်ုပ်၏စိတ်ဝိညာဉ်ကို နာကျင်စေပါ၏။
၃၁ အို ကိုယ်တော်ရှင်၊ အကျွန်ုပ်စိတ်နှလုံးသည် အလွန်ဝမ်းနည်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ခရစ်တော်အားဖြင့် နှစ်သိမ့်စေတော်မူပါ။ အို ကိုယ်တော်ရှင်၊ ဤလူမျိုး၏ဒုစရိုက်ကြောင့် အကျွန်ုပ်အပေါ်သို့ ကျရောက်လာမည့် ဤဆင်းရဲဒုက္ခများကို သည်းခံခြင်းဖြင့် အကျွန်ုပ်ခံစားနိုင်ရန် ခွန်အားရှိနိုင်ခြင်းငှာ၊ အကျွန်ုပ်ကို ကိုယ်တော်အခွင့်ပေးတော်မူပါ။
၃၂ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို နှစ်သိမ့်စေတော်မူပါ။ အကျွန်ုပ်ကိုလည်းကောင်း၊ အကျွန်ုပ်နှင့်အတူရှိကြသည့် အကျွန်ုပ်၏အပေါင်းအဖော် အလုပ်လုပ်ကြသူများကိုလည်းကောင်း အောင်မြင်မှုကို ပေးတော်မူပါ—အထူးသဖြင့်၊ အမ္မုန်၊ အာရုန်၊ ဩမနာ၊ အာမြူးလက်၊ ဇေဇရုမ်နှင့် အကျွန်ုပ်၏သားနှစ်ယောက်ကိုလည်းကောင်း—ထိုမှတစ်ပါး၊ ဤခပ်သိမ်းသောသူတို့ကိုပင် ကိုယ်တော်သည် နှစ်သိမ့်စေတော်မူပါ၊ အို ကိုယ်တော်ရှင်။ ထိုမှတစ်ပါး၊ ကိုယ်တော်သည် ခရစ်တော်အားဖြင့် သူတို့၏စိတ်ဝိညာဉ်ကို နှစ်သိမ့်စေတော်မူပါ။
၃၃ ဤလူမျိုး၏ဒုစရိုက်များကြောင့်၊ သူတို့အပေါ်ကျရောက်လာမည့် သူတို့၏ဆင်းရဲဒုက္ခများကို သူတို့ခံနိုင်ရည်ရှိနိုင်စေရန်၊ ခွန်အားရှိနိုင်ကြစေခြင်းငှာ၊ သူတို့ကို ကိုယ်တော်အခွင့်ပေးတော်မူပါ။
၃၄ အို ကိုယ်တော်ရှင်၊ အကျွန်ုပ်တို့သည် ခရစ်တော်အားဖြင့် ထိုသူတို့ကို ကိုယ်တော်ထံသို့ တစ်ဖန်ဆောင်ယူရာ၌ အောင်မြင်မှုရနိုင်စေခြင်းငှာ၊ အကျွန်ုပ်တို့ကို ကိုယ်တော်အခွင့်ပေးတော်မူပါ။
၃၅ ရှုတော်မူပါ။ အို ကိုယ်တော်ရှင်၊ ထိုသူတို့၏စိတ်ဝိညာဉ်များသည် အဖိုးထိုက်ကြပါ၏။ သူတို့မှ များစွာသောသူတို့သည် အကျွန်ုပ်တို့၏ ညီအစ်ကိုများဖြစ်ပါ၏။ ထို့ကြောင့်၊ အို ကိုယ်တော်ရှင်၊ အကျွန်ုပ်တို့သည် ဤအကျွန်ုပ်တို့၏ ညီအစ်ကိုများကို ကိုယ်တော်ထံသို့ တစ်ဖန် ဆောင်ယူနိုင်ခြင်းငှာ တန်ခိုးနှင့် ဉာဏ်ပညာကို အကျွန်ုပ်တို့အား ပေးတော်မူပါ။
၃၆ ယခုတွင်၊ အချိန်တန်လာသောအခါ၊ အယ်လမာသည် ဤစကားများကို ပြောပြီးလေလျှင်၊ သူ၏လက်ကို သူနှင့်အတူရှိလေသူခပ်သိမ်းတို့အပေါ် တင်လေ၏။ ရှုလော့၊ လက်ကို သူတို့အပေါ် တင်သောအချိန်တွင် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်လေ၏။
၃၇ ထို့နောက်တွင်ကား၊ သူတို့သည်၊ သူတို့ကိုယ်တိုင်အတွက်၊ အဘယ်သို့ စားရမည်ကိုသော်လည်းကောင်း၊ အဘယ်သို့ သောက်ရမည်ကိုသော်လည်းကောင်း၊ အဘယ်သို့ ဝတ်ရမည်ကိုသော်လည်းကောင်း စိုးရိမ်မနေကြဘဲ တစ်ဦးနှင့်တစ်ဦး သီးခြားစီခွဲကြ၏။
၃၈ ကိုယ်တော်ရှင်ကလည်း သူတို့ကို အစာငတ်ခြင်းမရှိရစေကြောင်း၊ ရေမငတ်ရစေကြောင်း၊ သူတို့အတွက် ပေးသနားတော်မူ၏။ ထိုမှတစ်ပါး၊ သူတို့အား ခရစ်တော်၌ ဝမ်းမြောက်ခြင်းဖြင့် လွှမ်းမိုးခံရလေသည်မှတစ်ပါး၊ အဘယ်ဆင်းရဲဒုက္ခမျိုးကိုမျှ မခံစားရစေခြင်းငှာ၊ ခွန်အားကိုလည်း ပေးတော်မူ၏။ ယခုတွင်၊ ဤအမှုသည်ကား၊ အယ်လမာ၏ ဆုတောင်းခြင်းအတိုင်း ဖြစ်လေ၏။ ဤအမှုသည်ကား၊ သူသည် ယုံကြည်ခြင်းဖြင့် ဆုတောင်းသောကြောင့်လည်း ဖြစ်လေသတည်း။