အခန်းကြီး ၄၇
အာမလိခိယသည် လာမန်အမျိုးသားတို့၏ ရှင်ဘုရင်ဖြစ်လာစေရန်၊ သစ္စာဖောက်ဖျက်ခြင်း၊ လူ့အသက်သတ်ခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်းတို့ကို အသုံးပြု၏—နီဖိုင်းအမျိုးသားသဘောထားကွဲလွဲသူတို့သည် လာမန်အမျိုးသားတို့ထက်ပို၍ ဆိုးညစ်ပြီး၊ ကြမ်းတမ်း၏။ ဘီစီ ၇၂ ခန့်။
၁ ယခုတွင်၊ ငါတို့မှတ်တမ်း၌ အာမလိခိယနှင့် တောရိုင်းထဲသို့ အတူထွက်ပြေးလေသူတို့အကြောင်းကို ငါတို့ပြန်ဆက်ကြမည်။ အကြောင်းမူကား၊ ရှုလော့၊ သူသည် သူနှင့်အတူလိုက်သောသူများကို ခေါ်ယူ၍၊ လာမန်အမျိုးသားတို့အကြား၊ နီဖိုင်းပြည်သို့ သွား၍၊ လာမန်အမျိုးသားတို့အား နီဖိုင်းလူမျိုးတို့ကို ဆန့်ကျင်ပြီးအမျက်ထွက်စေခြင်းငှာ၊ နှိုးဆော်သဖြင့်၊ လာမန်အမျိုးသားတို့၏မင်းကြီးသည် သူ၏ပြည်တစ်လျှောက်လုံးရှိ သူ၏လူမျိုးခပ်သိမ်းတို့၌၊ သူတို့သည် နီဖိုင်းအမျိုးသားတို့ကို ဆန့်ကျင်ပြီး၊ စစ်တိုက်သွားခြင်းငှာ သူတို့ကိုယ်သူတို့ အတူတကွ တစ်ဖန်စုဝေးရမည့်အကြောင်း ကြေညာချက်ကို ထုတ်ပြန်၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့ထံ ထိုကြေညာချက်ထွက်သွားလေသောအခါ၊လွန်စွာကြောက်လန့်ကြ၏။ ထိုမှတစ်ပါး မင်းကြီးအား စိတ်ဆိုးအောင်ပြုရမည်ကို ကြောက်ရွံ့ကြ၏။ သူတို့အသက် ဆုံးရှုံးမည်ကိုလည်းစိုးရိမ်ကြ၏။ နီဖိုင်းအမျိုးသားတို့ကိုဆန့်ကျင်၍၊ စစ်တိုက်သွားရမည်ကိုလည်း စိုးရိမ်၏။ ဤသို့အားဖြင့်အချိန်တန်လာသောခါ၊ သူတို့သည် မပြုလိုကြ၊ သို့မဟုတ်၊ သူတို့အထဲမှ အများစုသည် မင်းကြီး၏အမိန့်များကို မနာခံလိုကြ။
၃ ယခုမူကား၊ အချိန်တန်လာသောအခါ၊ မင်ကြီးသည် သူတို့၏မနာခံမှုများကြောင့် အမျက်ထွက်လေ၏။ ထို့ကြောင့်၊ အာမလိခိယအား၊ သူ၏အမိန့်တို့ကိုနာခံလေသည့် သူ၏တပ်အချို့ကို အုပ်ချုပ်ကွပ်ကဲခွင့်ပေး၏၊ ထွက်သွား၍၊ သူတို့ကို လက်နက်စွဲကိုင်စေရန် အနိုင်အထက်စီရင်ရမည့်အကြောင်းကိုလည်း အမိန့်ပေး၏။
၄ ယခုတွင်၊ ရှုလော့၊ အာမလိခိယ၏အလိုဆန္ဒမှာ၊ မကောင်းမှုကိုပြုရန် အလွန်ဉာဏ်များသောသူဖြစ်လေရကား၊ ထို့ကြောင့်၊ သူသည် လာမန်အမျိုးသားတို့၏မင်းကြီးကို နန်းချရန်၊ ထိုအကြံကို သူ့စိတ်နှလုံးထဲ၌ မှတ်ထား၏။
၅ ယခုမူကား၊ သူသည် မင်းကြီးကို ထောက်ခံသူ လာမန်အမျိုးသားတို့အထဲမှ အချို့ကိုအုပ်ချုပ်ကွပ်ကဲခွင့်ရရှိလေ၏။ မနာခံသောသူတို့၏နှစ်သက်ခြင်းကိုလည်း ရရှိခြင်းငှာ ကြိုးစားအားထုတ်၏။ ထို့ကြောင့်၊ ဩနိဒဟုခေါ်သည့် နေရာဆီသို့ ထွက်သွား၏။ အကြောင်းမူကား၊ ထိုအရပ်သို့ လာမန်အမျိုးသားခပ်သိမ်းတို့ ထွက်ပြေးလေပြီ။ သူတို့သည်လည်း တပ်များလာသည်ကို တွေ့မြင်လျှင်၊ သူတို့ကို ဖျက်ဆီးရန် လာကြလေပြီဟု ထင်မှတ်၍ လက်နက်ကိုင်စွဲရာနေရာ ဩနိဒသို့ ထွက်ပြေးကြ၏။
၆ သူတို့သည်လည်း နီဖိုင်းအမျိုးသားတို့ကို တိုက်ခိုက်ရန် ဩဇာခံရလိုမည်မဟုတ်ဟူသော သန္နိဌာန်ချသည့်ဆုံးဖြတ်ချက်ကို သူတို့စိတ်ထဲ၌ စွဲထားလျက်၊ လူတစ်ဦးကို သူတို့အပေါ်၌ ရှင်ဘုရင်နှင့် ခေါင်းဆောင်အဖြစ် ခန့်အပ်ထား၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် စစ်တိုက်ရန် ပြင်ဆင်ခြင်းငှာ၊ အန္တိပဟုခေါ်သည့် တောင်ထိပ်၌၊ သူတို့ကိုယ်သူတို့ အတူတကွ စုဝေးကြ၏။
၈ ယခုတွင်၊ သူတို့ကို မင်းကြီး၏အမိန့်များအတိုင်း စစ်တိုက်စေခြင်းမှာ အာမလိခိယ၏ကြံရွယ်ချက်မဟုတ်။ သို့ရာတွင်၊ ရှုလော့၊ သူ့ကိုယ်ကို သူတို့၏အုပ်ချုပ်သူအဖြစ်ထား၍၊ မင်းကြီးကိုနန်းချ၍၊ နိုင်ငံကို သိမ်းယူနိုင်ခြင်းငှာ၊ လာမန်အမျိုးသားတပ်များ၏ နှစ်သက်ခြင်းကို ရရှိရန်မှာ၊ သူ၏ကြံရွယ်ချက်ဖြစ်၏။
၉ ရှုဦးလော့၊ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူ၏တပ်ကို၊ အန္တိပတောင်အနီး၌ ရှိသော ချိုင့်ဝှမ်းထဲ၌ သူတို့၏တဲများကို ဆောက်စေ၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ညဉ့်အချိန်သို့ ရောက်လာလေလျှင်၊ သူသည် အန္တိပတောင်သို့ လျှို့ဝှက်သောသံတမန်ကို စေလွှတ်၍၊ တောင်ပေါ်၌ ရှိသောသူတို့၏ခေါင်းဆောင်၊ လေဟောတိဟု အမည်ရှိသူကို စကားပြောလိုသောကြောင့်၊ တောင်ခြေသို့ ဆင်းလာပါမည့်အကြောင်း၊ တောင်းဆို၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လေဟောတိသည် ထိုသတင်းစကားကို လက်ခံရရှိလေလျှင်၊ တောင်ခြေသို့ ဆင်းမသွားဝံ့။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာမလိခိယသည် သူ့ကို ဆင်းလာခဲ့ရန် တောင်းဆိုလျက်၊ ဒုတိယအကြိမ် တစ်ဖန်စေလွှတ်၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လေဟောတိကလည်း မဆင်းလို။ သူကလည်း တတိယအကြိမ်၊ တစ်ဖန်စေလွှတ်၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာမလိခိယသည်လေဟောတိကို တောင်ပေါ်မှ ဆင်းလာခဲ့ရန် မဖျောင်းဖျနိုင်ကြောင်း တွေ့ရလျှင်၊ လေဟောတိ၏ တပ်စခန်းနားသို့ ရောက်လုနီးသည်အထိ တောင်ပေါ်သို့ တက်၏။ လေဟောတိထံသို့လည်း သူ၏သတင်းစကားကို စတုတ္ထအကြိမ် တစ်ဖန်စေလွှတ်၍၊ သူ့ကို ဆင်းလာပါမည့်အကြောင်းနှင့်၊ သူနှင့်အတူ သူ့အစောင့်များကို ခေါ်လာပါမည့်အကြောင်း၊ တောင်းဆို၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လေဟောတိသည် အစောင့်များနှင့်အတူ အာမလိခိယထံသို့ ဆင်းလာလေလျှင်၊ အာမလိခိယသည်လည်း လေဟောတိကို တပ်များနှင့်အတူ၊ ညဉ့်အချိန်၌ဆင်းလာခဲ့ရန်၊ ထို့အတူ မင်းကြီးက သူ့ကို ကွပ်ကဲအုပ်ချုပ်ခွင့်ပေးထားသည့်၊ သူတို့တပ်စခန်းထဲမှ လူများကို ဝိုင်းထားရန် တောင်းဆို၏။ မိမိ (အာမလိခိယ) ကို တပ်တစ်ခုလုံး၏ ဒုတိယအကြီးအကဲအဖြစ်ခန့်မည်ဆိုလျှင်၊ သူတို့ကို လေဟောတိ၏လက်ထဲသို့ ပေးအပ်မည်ဖြစ်ကြောင်းကိုလည်းဆို၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လေဟောတိက သူ၏လူများနှင့်အတူ ဆင်းလာ၍၊ အာမလိခိယ၏လူများကို ဝိုင်းထားသဖြင့်၊ နေ့အာရုဏ်တက်ချိန်၌၊ မနိုးမီတွင်၊ သူတို့သည် လေဟောတိတပ်များ၏ ဝိုင်းထားခြင်းကို ခံရလေ၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ဝိုင်းထားခံရလေသည်ကို မြင်ကြလျှင်၊ ဖျက်ဆီးမခံရနိုင်စေခြင်းငှာ သူတို့ညီအစ်ကိုများနှင့် ပူးပေါင်းရန် အခွင့်ပေးပါမည့်အကြောင်း၊ အာမလိခိယကို တောင်းပန်ကြ၏။ ယခုတွင်၊ ဤအရာသည်ကား၊ အာမလိခိယအလိုရှိသောအရာ အမှန်ဖြစ်၏။
၁၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မင်းကြီး၏အမိန့်များကို ဆန့်ကျင်၍၊ သူ၏လူများကို ပေးအပ်၏။ ယခုတွင်၊ ဤအရာသည်ကား၊ အာမလိခိယသည် မင်းကြီးကို နန်းချခြင်းနှင့်စပ်လျဉ်းသည့် သူ့အကြံအစည်ကို ပြီးမြောက်နိုင်စေခြင်းငှာဟူသော သူအလိုရှိသည့်အရာပေတည်း။
၁၇ ယခုတွင်၊ သူတို့၏အကြီးအကဲမင်း အသတ်ခံရလျှင်၊ ဒုတိယအကြီးအကဲကို သူတို့၏အကြီးအကဲမင်းအဖြစ် ခန့်အပ်ရန်မှာ၊ လာမန်အမျိုးသားတို့၌ရှိသည့် ထုံးစံဖြစ်၏။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာမလိခိယသည် မိမိကျွန်များထဲမှ တစ်ယောက်ကို၊ လေဟောတိအား၊ အဆိပ်ကို နည်းနည်းချင်း ကျွေးစေသဖြင့် သေ၏။
၁၉ ယခုတွင်၊ လေဟောတိသေပြီးမှ၊ လာမန်အမျိုးသားတို့သည် အာမလိခိယကို မိမိတို့၏ ခေါင်းဆောင်နှင့် တပ်မှူးမင်းအဖြစ် ခန့်အပ်ကြ၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာမလိခိယသည် သူ၏တပ်များနှင့်အတူ၊ (သူ့အလိုဆန္ဒများကို ရရှိခဲ့လေသောကြောင့်) နီဖိုင်းပြည်သို့၊ မြို့တော်ဖြစ်လေသည့် နီဖိုင်းမြို့သို့ ချီတက်၏။
၂၁ မင်းကြီးသည်လည်း မိမိအစောင့်များနှင့်အတူ၊ သူ့ကို တွေ့ရန်ထွက်လာ၏။ အကြောင်းမူကား၊ အာမလိခိယသည် မိမိအမိန့်များကို ပြီးပြည့်စုံစေခဲ့လေပြီဟုလည်းကောင်း၊ အာမလိခိယသည် နီဖိုင်းအမျိုးသားတို့ကိုစစ်တိုက်သွားရန် အလွန်ကြီးစွာသောတပ်ကို အတူတကွ စုဆောင်းခဲ့လေပြီဟုလည်းကောင်း သူထင်မှတ်၏။
၂၂ သို့ရာတွင်၊ ရှုလော့၊ မင်းကြီးက သူ့ကို တွေ့ရန် ထွက်လာသောအခါတွင်၊ အာမလိခိယသည် မိမိကျွန်တို့ကို မင်းကြီးနှင့်တွေ့ရန် စေလွှတ်၏။ သူတို့သည်လည်း ထွက်သွား၍၊ မင်းကြီး၏ကြီးမြတ်ခြင်းကြောင့်၊ ရှိခိုးသကဲ့သို့ ရှေ့၌ ဦးညွှတ်ကြ၏။
၂၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မင်းကြီးသည် နီဖိုင်းအမျိုးသားတို့ထံမှ သူတို့ လက်ခံရယူသော ထုံးစံဖြစ်သည့် လာမန်အမျိုးသားတို့၏ထုံးစံအတိုင်း ငြိမ်းချမ်းခြင်းလက္ခဏာသက်သေအဖြစ်၊ သူတို့ကို ထူခြင်းငှာ လက်ကို ထုတ်၏။
၂၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ပထမဦးဆုံးသောသူကို မြေကြီးမှ ထူလျှင်၊ ရှုလော့၊ ထိုသူက မင်းကြီးအား နှလုံးကို ထိုး၍မြေကြီးသို့ လဲကျ၏။
၂၅ ယခုတွင်၊ မင်းကြီး၏ကျွန်များ ထွက်ပြေးသွားကြ၏။ အာမလိခိယ၏ကျွန်များကလည်း အော်ဟစ်လေသည်ကား၊
၂၆ ရှုလော့၊ မင်းကြီး၏ကျွန်များက နှလုံးကို ထိုးသဖြင့်၊ မင်းကြီး ကျဆုံးလေပြီ။ သူတို့ ထွက်ပြေးကြလေပြီ။ ရှုလော့၊ လာ၍ကြည့်လှည့်ကြလော့။
၂၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာမလိခိယသည် မိမိတပ်များကို ရှေ့သို့ချီတက်၍၊ မင်းကြီး၌ အဘယ်သို့ဖြစ်လေသည်ကို ကြည့်ရမည့်အကြောင်း အမိန့်ပေး၏။ သူတို့သည်လည်း ထိုနေရာသို့ ရောက်၍ မင်းကြီးကို သွေးထဲ၌ လဲနေသည်ကို တွေ့လေလျှင်၊ အာမလိခိယသည် အမျက်ထွက်ယောင်ဆောင်၍ ဆိုလေသည်ကား၊ မင်းကြီးကိုချစ်သည့်သူ အဘယ်သူမဆို ထွက်၍၊ သူ၏ကျွန်များကို ကွပ်မျက်ခြင်းငှာ လိုက်ကြလော့ဟု ဆို၏။
၂၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မင်းကြီးကိုချစ်သောသူခပ်သိမ်းတို့သည် ဤစကားများကို ကြားရလျှင်၊ ထွက်လာ၍ မင်းကြီး၏ကျွန်များကို နောက်က လိုက်ကြ၏။
၂၉ ယခုတွင်၊ မင်းကြီး၏ကျွန်များသည် သူတို့နောက်က တပ်တစ်တပ်လိုက်လာနေသည်ကို သိမြင်လျှင်၊ တစ်ဖန်ကြောက်လန့်သဖြင့်၊ တောရိုင်းထဲသို့ ထွက်ပြေးသွားကြ၏၊ ဇရဟင်မလပြည်ထဲသို့ လာ၍၊ အမ္မုန်လူမျိုးတို့နှင့် ပူးပေါင်းကြ၏။
၃၀ သူတို့ကို နောက်က လိုက်သည့် တပ်သည်လည်း အချည်းအနှီး နောက်ကလိုက်၍ ပြန်လာ၏။ ထိုကဲ့သို့အားဖြင့်၊ အာမလိခိယသည် သူ၏လှည့်စားခြင်းဖြင့် လူတို့၏စိတ်နှလုံးကို ရရှိ၏။
၃၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နက်ဖြန်နေ့၌ သူ၏တပ်နှင့်အတူ နီဖိုင်းမြို့ထဲသို့ ဝင်၍၊ မြို့ကို သိမ်းယူ၏။
၃၂ ယခုမူကား၊ အချိန်တန်လာသောအခါ၊ မိဖုရားသည် မင်းကြီးကွပ်မျက်ခံရသည့်အကြောင်းကို ကြားလေလျှင်—အာမလိခိယက သံတမန်တစ်ဦးကို မိဖုရားထံသို့ စေလွှတ်၍၊ မင်းကြီးသည် သူ့ကျွန်တို့အားဖြင့် ကွပ်မျက်ခံရသဖြင့်၊ မိမိတပ်နှင့်အတူ သူတို့ကို လိုက်ခဲ့သော်လည်း အချည်းအနှီးဖြစ်လျက်၊ လွတ်မြောက်သွားလေကြောင်း သူမကို အကြောင်းကြားသဖြင့်—
၃၃ ထို့ကြောင့်၊ မိဖုရားသည် ဤသတင်းစကားကို ကြားရလျှင်၊ အာမလိခိယကို ဤမြို့ရှိလူတို့အား ချမ်းသာပေးပါမည့်အကြောင်း တောင်းဆိုလျက် သတင်းပို့၏။ သူ့ကိုလည်း မိမိထံ ဝင်ရောက်ရန် တောင်းဆို၏။ မင်းကြီးသေခြင်းနှင့်စပ်လျဉ်း၍ သက်သေခံစေရန် သက်သေများကို သူနှင့်အတူ ခေါ်ဆောင်လာရမည့် အကြောင်းကိုလည်း တောင်းဆို၏။
၃၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာမလိခိယသည် မင်းကြီးကိုကွပ်မျက်သည့်ကျွန်၊ ထို့အတူ၊ သူနှင့်အတူရှိလေသူခပ်သိမ်းတို့ကို ခေါ်ယူ၍၊ မိဖုရားထိုင်သည့်နေရာသို့ ဝင်ရောက်၏။ သူတို့အားလုံးကလည်း မင်းကြီးသည် သူကိုယ်တိုင်၏ကျွန်များအားဖြင့် ကွပ်မျက်ခြင်းခံရလေကြောင်း သူမကို သက်သေခံကြ၏။ ကျွန်များ ထွက်ပြေးလေပြီ၊ ဤအမှုက သူတို့တစ်ဖက်၌ သက်သေခံသည်မဟုတ်လောဟု ဆိုကြ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် မင်းကြီးသေခြင်းနှင့်စပ်လျဉ်း၍ မိဖုရားကို ကျေနပ်စေ၏။
၃၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာမလိခိယသည် မိဖုရား၏နှစ်သက်မှုကို ရရှိအောင်ကြိုးစားအားထုတ်၍၊ အိမ်ထောင်ဖက်ပြု၏။ ထိုကဲ့သို့အားဖြင့်၊ သူ၏လှည့်စားခြင်းအားဖြင့်လည်းကောင်း၊ သူ၏ စဉ်းလဲသောကျွန်တို့၏အကူအညီအား ဖြင့်လည်းကောင်း နိုင်ငံကို ရရှိ၏။ ထိုမှတစ်ပါး၊ သူသည် ထိုပြည်တစ်လျှောက်လုံး၌၊ လာမန်အမျိုးသားများ၊ လေမွေလအမျိုးသားများ၊ ဣရှမေလအမျိုးသားများ၊ နီဖိုင်း၏လက်ထက်မှစ၍၊ မျက်မှောက်ကာလအထိတိုင်အောင် နီဖိုင်းအမျိုးသားသဘောကွဲလွဲသူခပ်သိမ်းတို့ ဖွဲ့စည်းပါဝင်သည့် လာမန်အမျိုးသားတို့၏ လူမျိုးခပ်သိမ်းတို့၌ မင်းကြီးအဖြစ် အသိအမှတ်ပြုခံရ၏။
၃၆ ယခုတွင်၊ ဤသဘောကွဲလွဲသူများသည် နီဖိုင်းအမျိုးသားတို့ထံမှ တူညီသောသွန်သင်ခြင်းနှင့် တူညီသောသတင်းအချက်အလက်တို့ကို ရရှိလေ၏၊ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်အကြောင်းကို တူညီသော အသိပညာဖြင့် သွန်သင် ခံရလေ၏။ သို့သော်လည်း၊ သူတို့ခွဲထွက်ပြီး များမကြာမီ၊ လာမန်အမျိုးသားများထက်၊ ပို၍မာကျောကြ၊ နောင်တမရ၊ ပို၍ရိုင်းစိုင်း၊ ပို၍ဆိုးညစ်၊ ပို၍ကြမ်းတမ်းလာလျက်—လာမန်အမျိုးသားတို့၏ နည်းဥပဒေသများကို ကျင့်သုံးလျက်၊ ပျင်းရိခြင်းနှင့် ကိလေသာလွန်ကျူးခြင်းကို အခွင့်ပေးလျက်ရှိကြ၏၊ ထိုမှတစ်ပါး၊ သူတို့၏ ဘုရားခင်ကိုယ်တော်ရှင်ကို လုံးဝမေ့လျော့လျက်ရှိသည်မှာ၊ ထူးဆန်းပေ၏။