လီယဟိုနာ
ဘုရားသခင်သည် ကျွန်ုပ်တို့အား ထောက်မပြီး ကာကွယ်စောင်မတော်မူလိမ့်မည်
သြဂုတ် ၂၀၂၄


“ဘုရားသခင်သည် ကျွန်ုပ်တို့အားထောက်မပြီး ကာကွယ်စောင်မတော်မူလိမ့်မည်၊” လီယဟိုနာ၊ သြ၊ ၂၀၂၄။

လစဉ် လီယဟိုနာ အမှာစကား၊ ဩဂုတ် ၂၀၂၄

ဘုရားသခင်သည် ကျွန်ုပ်တို့အား ထောက်မပြီး ကာကွယ်စောင်မတော်မူလိမ့်မည်

ခေါင်းဆောင်မော်ရော်နိုင်းလိုပဲ၊ ကျွန်တော်တို့က ဘဝမှာ ရင်ဆိုင်ရတဲ့တိုက်ပွဲတွေအတွက် မြင့်မြတ်တဲ့အကူအညီနဲ့ တန်ခိုးကို ရရှိနိုင်ပါတယ်။

ရုပ်ပုံ
လွတ်လပ်ခြင်း ကမ္ဗည်းစာကို ကိုင်ဆောင်ထားသည့် ခေါင်းဆောင် မော်ရော်နိုင်း

အဲရစ်ချောင်၏ သရုပ်ဖော်ပုံများ

ကျွန်တော်မော်မုန်ကျမ်းကို ပထမဆုံးဖတ်တုန်းက၊ နီဖိုင်းနဲ့လာမန်အမျိုးသားတွေကြားက စစ်ပွဲသမိုင်းကြောင်းတွေကို ဖတ်ခဲ့ရပါတယ်။ ခေါင်းဆောင်မော်ရော်နိင်းရဲ့ ယုံကြည်ခြင်း၊ စဉ်းစားဥာဏ်နဲ့ နည်းဗျူဟာတို့ကို ကျွန်တော်နှစ်သက်ခဲ့ပါတယ်၊ သူက အသက်၂၅နှစ်ပဲရှိသေးတဲ့အချိန်မှာ နီဖိုင်းစစ်တပ်တွေအားလုံးရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ပေးခံခဲ့ရတာပါ။ သူက ဥာဏ်ပညာရှိပြီး၊ သန်မာပြီး လိမ္မာပါးနပ်ခဲ့ပါတယ်။ သူက သူ့လူမျိုးတွေရဲ့ လွတ်လပ်မှုနဲ့ကောင်းကျိုးချမ်းသာအတွက် လုံးဝမြှုပ်နှံထားခဲ့ပါတယ်။ (ရှု အယ်လမာ ၄၈း၁၁-၁၂။)

စစ်ရေးဆိုင်ရာအောင်မြင်မှုအတွက် သူ့ကိုယ်သူဂုဏ်ပြုမယ့်အစား၊ မော်ရော်နိုင်းဟာ အဲဒီအောင်မြင်မှုကို ဘုရားသခင်နဲ့ စစ်မတိုက်တဲ့ အမျိုးသမီးနဲ့ကလေးငယ်တွေဆီကနေ သူ့စစ်တပ်ကလက်ခံရရှိတဲ့ မြင့်မြတ်တဲ့ပံ့ပိုးကူညီမှုကြောင့်လို့ မှတ်ယူခဲ့ပါတယ်။ သူကရှုံးနိမ့်သွားတဲ့ ရန်သူ့ခေါင်းဆောင်ကို ပြောခဲ့တယ်၊ “ကိုယ်တော်ရှင်သည် … သင်တို့ကို ငါတို့၏​လက်ထဲသို့ သူပေးအပ်​တော်မူခဲ့ကြောင်းကိုလည်း သင်တို့​သိမှတ်၏။ ယခုမူကား၊ ငါတို့ကို ဤကဲ့သို့​ပြုထား​တော်မူသည်မှာ ငါတို့၏​ဘာသာ​တရားနှင့်၊ ခရစ်တော်ကို ငါတို့၏​ယုံကြည်ခြင်းကြောင့်​ဖြစ်ကြောင်း … သင်တို့​နားလည်စေရန် ငါ​အလို​ရှိ၏။” အဲဒီနောက်မှာ မော်ရော်နိုင်းက ဤပရောဖက်ပြုထားတဲ့ အမြင်ကို ဝေမျှခဲ့ပါတယ်၊ “ငါတို့သည် ဘုရားသခင်အပေါ်၌လည်းကောင်း၊ ငါတို့၏ယုံကြည်ခြင်းအပေါ်၌လည်းကောင်း၊ ငါတို့၏ဘာသာတရားအပေါ်၌လည်းကောင်း၊ သစ္စာရှိသမျှကာလပတ်လုံး၊ ငါတို့ကို သူထောက်မတော်မူလျက်၊ ထိန်းသိမ်း၍ကာကွယ်စောင့်မတော်မူမည်ဖြစ်သည်” (အယ်လမာ ၄၄း၃၊၄)။

အချိန်ကြာလာတာနဲ့အမျှ၊ ကျွန်‌တော် သဘောပေါက်လာတာက မော်ရော်နိုင်းက ကျွန်တော်တို့ရဲ့ ခေတ်သစ်ကာလမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်အောင် နည်းလမ်းဥပဒေဿတွေကို ရေးဆွဲခဲ့တယ်ဆိုတာပါပဲ။ ကျွန်တော်တို့က လောကရဲ့ ကယ်တင်ရှင်ဖြစ်တဲ့၊ ယေရှုခရစ်တော်အပေါ်မှာ ယုံကြည်ခြင်းတည်ဆောက်တာနဲ့အမျှ၊ သူ့ရဲ့ တန်ခိုးတော်နဲ့ ကျွန်တော်တို့ကို ကောင်းချီပေးပါလိမ့်မယ်။ ဒါပေမယ့် အဲလိုလုပ်ဆောင်ဖို့နဲ့ ကျွန်တော်တို့က သူ့ကောင်းချီးတွေကို မှတ်မိဖို့အတွက်၊ ကျွန်တော်တို့က သူ့ရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့၊ အောင်ပွဲအတွက် နည်းဗျူဟာချမှတ်ဖို့၊ မော်ရော်နိုင်းက သူ့အသက်တာမှာ ပြင်ဆင်ပြီး တကယ့်တိုက်ပွဲတွေကို ရင်ဆိုင်ခဲ့သလိုပဲ ကျွန်တော်တို့ရင်ဆိုင်ရမယ့် အသွင်ဆောင်တိုက်ပွဲတွေအတွက်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က အဲလိုလုပ်မယ်ဆိုရင်၊ ကောင်းကင်ဘုံရှင်အဖနဲ့ ယေရှုခရစ်တော်တို့က ကျွန်တော်တို့ကို ထောက်မပြီး ကာကွယ်စောင်မတော်မူပါလိမ့်မယ်။

ကျွန်တော်တို့၏ရည်ရွယ်ချက်ကို နားလည်ခြင်း

မော်ရော်နိုင်းက လူတွေကို သူတို့က မည်သူဖြစ်ကြောင်း (အာဗြဟံပဋိညာဉ်ကို အမွေခံသူများ)၊ သူတို့က မည်သူ့ကလေးများဖြစ်ကြောင်း (ဘုရားသခင်၏ချစ်လှစွာသောကလေးများ)၊ သူတို့တိုက်ပွဲဝင်ရတဲ့အကြောင်းအရင်း (မိသားစု၊ ယုံကြည်ခြင်း၊ လွတ်လပ်မှု) တို့ကို ထပ်ခါထပ်ခါ သတိပေးခဲ့ပါတယ်။ မော်ရော်နိုင်းက သူရဲ့လူမျိုးတွေကို သူတို့ရဲ့အသက်ရှင်သန်မှုအတွက် နဲ့ ဖိနှိပ်မှုနဲ့ အချုပ်အနှောင်တွေကနေ လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်နေကြောင်း သွန်သင်ခဲ့ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့်၊ သူတို့ရဲ့ရန်သူတွေကတော့ တစ်ပါးသူများကို လက်အောက်ခံဘဝသွတ်သွင်းခြင်းအားဖြင့် ကိုယ်ပိုင်ဩဇာနဲ့ အာဏာဖြန့်ကျက်ဖို့ တိုက်ခိုက်ခဲ့ပါတယ်။

တချို့ နီဖိုင်းလူမျိုးတွေက ကိုယ်ကျိုးစီးပွားအတွက် လုပ်ပိုင်ခွင့်အာဏာကိုလုဖို့ ကြိုးစားနေချိန်မှာ၊ မော်ရော်နိုင်းက သူ့အင်္ကျီကို စုတ်ဖြဲပြီး အင်္ကျီစမှာ “ငါတို့၏ ဘုရားသခင်၊ ငါတို့၏ ဘာသာတရား၊ ထို့အတူ ငါတို့၏ လွတ်လပ်ခွင့်၊ ထို့အတူ ငါတို့၏ ငြိမ်းချမ်းခြင်း၊ ငါတို့၏ဇနီးများ နှင့် ငါတို့သားသမီးများ၏အထိမ်းအမှတ်” ဆိုပြီး သူ့သတင်းစကားရဲ့ အဓိကအစိတ်အပိုင်းတွေကို ရေးခဲ့ပါတယ်။ သူက တိုင်တစ်ခုရဲ့ အစွန်မှာ၊ “လွတ်လပ်ခြင်းကမ္ဗည်းစာ“၊ လို့ခေါ်တဲ့ အလံကို လွှင့်ထူပြီး လူတွေကို တိုက်ပွဲဟာ ဘာအတွက်ဖြစ်ကြောင်းနဲ့ သူတို့ကို အဲဒီအကြောင်းအရင်းဆီ လှုံ့ဆော်စည်းရုံးဖို့ အလံကို အသုံးပြုခဲ့ပါတယ်။ (ရှု အယ်လမာ ၄၆း၁၂-၁၃, ၁၉-၂၀။)

အသက်တာ၏ ဝိညာဉ်ရေးရာတိုက်ပွဲများ၌ “ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လှန်ကြရသည်မဟုတ်၊ … မှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်၎င်း … နတ်ဆိုးတို့နှင့်၎င်း ဆိုင်ပြိုင်တိုက်လှန်ရကြ၏” (ဧဖက်ဩဝါဒစာ ၆း၁၂)။ ကျွန်တော်တို့တွေလည်း၊ တိုက်ပွဲဝင်ခြင်းက ဘာအတွက်လဲဆိုတာ သတိချပ်ဖို့လိုပါတယ်။ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့၊ အသင်းလူကြီး နီးရယ်လ် အေ၊ မက်ဇ်ဝဲလ် ( ၁၉၂၆-၂၀၀၄)က၊ သူ့အတွေးတွေကို ထိမိပြီး၊ တိုတောင်းတဲ့ စကားပြောပုံစံနဲ့ ဖော်ပြခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာ၊ ကျွန်တာ်က လူနာခန်းထဲမှာရှိတဲ့ အသင်းလူကြီး မက်ဇ်ဝဲလ်ဆီကို သူမဆုံးခင် သွားရောက်ခဲ့ပါတယ်။ သူက သူ့ဆီလာတဲ့သူ ဒါမှမဟုတ် သူ့ကို ကူညီတဲ့သူတိုင်းကို အရမ်းကြင်နာတတ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းတွေက သူ့အခန်းတွေကို ဝင်သွားပြီးရင် ငိုပြီးထွက်လာကြပါတယ်။ ကျွန်တော်က “အသင်းလူကြီး မက်ဇ်ဝဲလ်၊ ဒါက အရမ်းခက်ခဲတာပဲဗျာ” လို့ သူ့ကိုပြောခဲ့ပါတယ်။ သူက တစ်ခစ်ခစ်ရယ်ပြီး ဒီလိုပြောခဲ့ပါတယ်၊ “အော်၊ ဒေးလ်ရယ် ၊ ကျွန်တော်တို့က သေမျိုးကမ္ဘာမှာ ရှင်သန်နေရတဲ့ ထာဝရဖြစ်တည်မှုတွေပဲ။ ရေမရှိတော့တဲ့ ငါးလိုပဲ၊ ကျွန်တော်တို့မှာ အရင်းအမြစ်တွေကုန်ခမ်းနေပါပြီ။ ထာဝရဆိုတဲ့ရှုထောင့်ကနေကြည့်မှသာ ဒါတွေအားလုံးကအဓိပ္ပါယ်ရှိလာမှာပါ။”

ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံဗီဇ၊ ထာဝရကံကြမ္မာနဲ့ ကျွန်တော်တို့ကို ဆန့်ကျင်နေတဲ့ အဖျက်စွမ်းအား အစုအဝေးကြီးကို ဘယ်တော့မှ မျက်ခြည်ပြတ်မသွားသင့်ပါဘူး။ ကောင်းကင်ဘုံရှင်အဘရဲ့ အစီအစဉ်ကို မှန်ကန်စွာနားလည်သဘောပေါက်ခြင်းက ကျွန်တော်တို့ရဲ့ထာဝရကယ်တင်ခံရခြင်းနဲ့ ဝိညာဉ်ရေးရာအချုပ်အနှောင်မှ လွတ်လပ်ခြင်းအတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ တွန်းအားဖြစ်စေပါတယ်။

ရုပ်ပုံ
ခံစစ်အတွက်ပြင်ဆင်နေသောလူများ

အောင်မြင်မှုအတွက်နည်းဗျူဟာချမှတ်ခြင်း

မော်ရော်နိုင်းက သူ့တပ်တွေ တိုက်ပွဲဝင်စဉ်ကာလတစ်လျှောက်မှာ၊ အောင်ပွဲသေချာစေဖို့ နည်းဗျူဟာရေးဆွဲခဲ့ပါတယ်။ ရန်သူတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ရည်ရွယ်ချက်တွေကို ရှာဖွေဖို့ သူလျှိုတွေကို အသုံးပြုခဲ့ပါတယ်။ သူက ပရောဖက်အယ်လမာဆီက လမ်းညွှန်ချက်ကို တောင်းခံခဲ့ပါတယ်။ အဲဒီနောက်မှာ မော်ရော်နိုင်းက အဲဒီပြောင်မြောက်တဲ့နည်းလမ်းကို တိုက်ပွဲရင်ဆိုင်ဖို့ ချဉ်းကပ်မှုမှာ အသုံးပြုခဲ့ပါတယ်။ သူက ခံစစ်အားနည်းတဲ့ မြို့တွေမှာ စစ်သည်များများချထားပြီး၊ လိုအပ်ချက်အရ အရင်းအမြစ်တွေကို ဖြန့်ကျက်ခဲ့ပါတယ်။ သူက နောက်ဆုံးရသတင်းအချက်အလက်တွေကို အခြေခံပြီး စစ်ရေးလုပ်ငန်းလည်ပတ်မှုအစီအစဉ်တွေကို ဗျူဟာမြောက်စွာ ချမှတ်ခဲ့ပါတယ်။

အဲဒါကြောင့် သူက ရန်သူ့တပ်တွေထက် အသာစီးရခဲ့ပါတယ်။ သူက အတိတ်ကအောင်မြင်မှုတွေနဲ့ ဘယ်တော့မှ ရောင့်ရဲမတင်းတိမ်တတ်ပါဘူး၊ အနာဂတ်စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ သူနဲ့သူ့စစ်တပ်ရဲ့ စွမ်း‌ဆောင်ရည်တွေကို ဆက်လက်တိုးမြှင့်ခဲ့ပါတယ်။

ဝိညာဉ်ရေးရာအဖျက်အမှောင့်တွေကို ရင်ဆိုင်ဖို့ ကျွန်‌တော်တို့တွေက အလားတူချဉ်းကပ်မှုမျိုးကိုအသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့က စေတန် ကျွန်တော်တို့အသက်တာမှာ ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာကို သတိပြုခြင်းဖြင့် စတင်နိုင်ပါတယ်။ သူက ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကနေ ကျွန်‌တော်တို့ကို လမ်းလွဲအောင် ကြိုးစားပါတယ်။ စုံစမ်းနှောင့်ယှက်ခြင်းနဲ့ကြုံရတဲ့အခါ၊ ကျွန်တော်တို့က ကိုယ်ကိုကိုယ် ဒီလိုပြန်မေးသင့်ပါတယ်၊

  • ငါ့ရဲ့လုပ်ရပ်က ဘုရားသခင်ရဲ့ ထုတ်ဖော်ထားတဲ့နှုတ်ကပတ်တော်နဲ့ ဘယ်လိုဆန့်ကျင်နေတာလဲ။

  • ဒီလိုလုပ်မယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ရှိလာမလဲ။

  • ဒီလုပ်ရပ်က ကမ္ဘာမြေပေါ်က ငါ့ရည်ရွယ်ချက်ကို ပြည့်စုံစေမှာလား။

ကျွန်တော်တို့က သေးငယ်တဲ့စုံစမ်းနှောင့်ယှက်ခြင်းတွေကိုတောင် အရှုံးပေးလိုက်ရတဲ့ နောက်ဆုံးရလဒ်တွေကိုလည်း သတိပြုသင့်ပါတယ်။ ကျွန်တော်တို့က စုံစမ်းနှောင့်ယှက်ခြင်းကို အရှုံးပေးလိုက်ရင်၊ “အဆိပ်ကိုနည်းနည်းချင်း” (အယ်လမာ ၄၇း၁၈၊ စားနေတာပဲဖြစ်ပါတယ်၊ ဆိုးညစ်တဲ့တန်ခိုးတွေက အသုံးပြုတဲ့ အထိရောက်ဆုံးဗျူဟာတစ်ခုဖြစ်ပြီး ဝိညာဉ်‌ရေးရာ သေဆုံးသွားစေနိုင်တဲ့ရလဒ်တွေကို ဦးတည်စေပါတယ်။

နောက်ပိုင်းကာလပရောဖက်ဆီကလက်ခံရရှိတဲ့ လမ်းညွန်ချက်ကို လိုက်နာခြင်းဖြင့် ကျွန်‌တော်တို့က စေတန်ရဲ့ စုံစမ်းနှောင့်ယှက်ခြင်းတွေကနေ ကိုယ့်ကိုကိုယ် ခုခံကာကွယ််နိုင်ပါတယ်။ အဲလိုလုပ်ခြင်းက ကျွန်တော်တို့ကို ထာဝရဆိုတဲ့ ရှုထောင့်ကနေ အမြဲကြည့်စေပြီး အဲဒီကနေတဆင့် ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေကို ဝေဖန်ပိုင်းခြားစေပါတယ်။ ကျွန်တော်တို့ရဲ့ အသက်တာတွေထဲမှာ နေရာပေါင်းစုံကပေါ်ထွက်လာမယ့် စုံစမ်းနှောင့်ယှက်ခြင်းတွေကို ရင်ဆိုင်ဖို့ နည်းဗျူဟာချမှတ်ခြင်းက ကျွန်တော်တို့ကို လက်ရှိအချိန်မှာ မှန်ကန်တဲ့‌ရွေးချယ်မှုတွေကို ပိုမိုပြုလုပ်စေပါတယ်။ ကြိုတင်ပြင်ဆင်ထားတဲ့ နည်းဗျူဟာတွေနဲ့ ချဉ်းကပ်မှုတွေက ကျွန်တော်တို့ရဲ့ ထာဝရရည်ရွယ်ချက်ကို အနှောင့်အယှက်တွေ ရန်ကကာကွယ်ပေးပါတယ်။

ဥပမာတစ်ခုကတော့ နည်းပညာပါ။ နည်းပညာဆိုတာ အသွား(၂)ဖက်ရှိတဲ့ ဓားလိုပါပဲ၊ ကျွန်တော်တို့ အသုံးပြုပုံပေါ်မူတည်ပြီး၊ အသုံးလည်းဝင်သလို ထိလည်းခိုက်စေပါတယ်။ ကျွန်တော်တို့ရဲ့ စက်ပစ္စည်းတွေကို အသိဥာဏ်ရှိစွာရွေးချယ်နိုင်အောင်၊ လူငယ်နဲ့လူကြီးတွေက “Taking Charge of Technology” နဲ့ For the Strength of Youth: A Guide for Making Choices ကို ကိုးကားဖတ်ရှုနိုင်ပါတယ် အဲဒါတွေက ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို သတိရစေပြီး၊ ယေရှုခရစ်တော်ဆီ လမ်းပြကာ၊ ကျွန်တော်တို့ရဲ့အသက်တာထဲကို သန့်ရှင်းသောဝိညာဉ်တော်ကို ဖိတ်ခေါ်ပေးပါတယ်။ နည်းပညာကို ဘယ်လို၊ ဘယ်အချိန်နဲ့ ဘယ်နေရာမှာ သုံးမယ်ဆိုတာစီစဉ်ခြင်းက ကျွန်တော်တို့ကို မရိုးဖြောင့်တဲ့၊ လောကပရိယာယ်တွေဆီကနေ ခုခံကာကွယ်ပေးပါလိမ့်မယ်။

ရုပ်ပုံ
နီဖိုင်းခံတပ်များကိုတိုက်ခိုက်နေသော လာမန်အမျိုးသားများ

အသွင်ဆောင်တိုက်ပွဲများအတွက် ပြင်ဆင်ခြင်း

ရောက်ရှိလာမယ့် တိုက်ပွဲတွေကို ကြိုတင်မျှော်မှန်းပြီး၊ မော်ရော်နိုင်းက သူ့လူမျိုးတွေကို သံချပ်အင်္ကျီ၊တွေ၊ ဒိုင်းတွေ၊ ခေါင်းဆောင်တွေနဲ့ အဝတ်ထူတွေကို တစ်ဦးချင်းစီပြင်ဆင်ပေးခဲ့ပါတယ်။ သူက မြို့တွေကို ခံတပ်တွေနဲ့ဝိုင်းလိုက်ပြီး၊ ပတ်ပတ်လည်မှာ မြေကြီးခဲတွေနဲ့ အကာအကွယ်တည်ဆောက်ကာ၊ သူ့လူမျိုးတွေကို တစ်စုတစ်စည်းတည်း ပြင်ဆင်ပေးခဲ့ပါတယ်။

ဝိညာဉ်‌‌ရေးရာမှာဆိုရင်၊ ကျွန်တော်တို့က ဘုရားသခင်ရဲ့ ပညတ်တော်တွေကို စောင့်ထိန်းခြင်းအားဖြင့် တစ်ဦးချင်း ပြင်ဆင်ရပါတယ်။ ကျွန်တော်တို့က ဘုရားသခင်နဲ့ ပဋိညာဉ်တွေကို ပြုလုပ်ထိန်းသိမ်းပြီး အဲဒါက ယေရှုခရစ်တော်ရဲ့ တန်ခိုးကို ကျွန်တော်တို့ရဲ့ အသက်တာထဲကို ယူဆောင်ပေးပါတယ်။ ကျွန်‌တော်တို့တွေက ဆု‌တောင်းခြင်း၊ အစာရှောင်ခြင်းနဲ့ ကျမ်းစာရှာဖွေခြင်းလိုမျိုး၊ ကိုယ်ပိုင်သီးသန့် ဝတ်ပြုမှုတွေကို ပြုလုပ်ကြပါတယ်။ ကျွန်‌တော်တို့က လက်ခံရရှိတဲ့ ဝိညာဉ်ရေးရာလမ်းညွှန်ချက်ကို တုံ့ပြန်ပြီး၊ ယုံကြည်ခြင်းနဲ့ ‌ဆောင်ရွက်ကြပါတယ်။ ကျွန်‌တော်တို့က ပွဲတော်မင်္ဂလာအတွက် တာဝန်ကျေပွန်စွာပြင်ဆင်ပြီး ထိုက်တန်မှုရှိစွာ သုံးဆောင်ကြပါတယ်။ ကျွန်တော်တို့ အဲလိုလုပ်ဆောင်ခြင်းအားဖြင့်၊ ယေရှုခရစ်တော်အပေါ်မှာ ခိုင်မာစွာယုံကြည်ခဲ့တဲ့၊ မော်ရော်နိုင်းအတွက် ကိုယ်တော်ဟာ စစ်မှန်ခဲ့သလိုပဲ၊ ကယ်တင်ရှင်က ကျွန်တော်တို့ရဲ့အသက်တာတွေထဲမှာ ပိုမိုစစ်မှန်လာပါတယ်။ မော်ရော်နိုင်းက လမ်းညွှန်ချက်နဲ့ကယ်လွှတ်ခြင်းအတွက် ကယ်တင်ရှင်ကို ကိုးစားနိုင်တယ်ဆိုတာသိခဲ့ပါတယ်။ (ရှု အယ်လမာ ၄၈း၁၆)။ ကျွန်တော်တို့ကလည်း၊ လမ်းညွှန်ချက်နဲ့ကယ်လွှတ်ခြင်းအတွက် ယေရှုခရစ်တော်ကို ကိုးစားနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ မိသားစုတွေကို စည်းလုံးစေခြင်းဖြင့် ပိုမိုပြင်ဆင်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့ကို ပျော်ရွှင်စေဖို့နဲ့ သူ့ဆီပြန်လာနိုင်အောင် သင်ယူစေဖို့ ကျွန်တော်တို့ကို မိသားစုတွေအဖြစ် စုစည်း‌စေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့မိသားစုတွေက ကျွန်တော်တို့အတွက် အကူအညီအရင်းအမြစ်တစ်ခုပါပဲ။ ကျွန်‌တော်တို့မိသားစုတွေရဲ့ ကိုယ်ပိုင်အကြောင်းကိစ္စတွေ ဘယ်လိုပဲရှိပါစေ၊ ကျွန်‌တော်တို့က ဘုရားသခင်ရဲ့ကြီးမြတ်တဲ့မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာ အောက်မေ့သတိရခြင်းအားဖြင့် ကျွန်တော်တို့အားလုံး ပျော်ရွှင်ခြင်းနဲ့ချစ်ခြင်းမေတ္တာကို ခံစားနိုင်ပါတယ်။

ကျွန်‌တော်တို့က သန့်ရှင်းသူများအဖွဲ့အစည်းတွေမှာ ပူးပေါင်းပါဝင်တာနဲ့အမျှ တစ်စုတစ်စည်းတည်း ခွန်အားရရှိပြီး ကျွန်‌တော်တို့ရဲ့ ဝိညာဉ်ရေးရာတိုက်ပွဲတွေအတွက် ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပန္နက်နဲ့ ‌ခရိုင်တွေက ခိုလှုံစရာနဲ့အကာအကွယ်ပေးပါတယ်။ ကျွန်တော်တို့က အမြဲတစေနဲ့ အထူးသဖြင့် စိန်ခေါ်မှုနဲ့ကြုံတဲ့ကာလတွေမှာ၊ အချင်းချင်း ဝိညာဉ်ရေးရာ အားဖြည့်နိုင်ပါတယ်၊ အချင်းချင်း ဘုရားသခင်ရဲ့ ပညတ်တော်တွေကို စောင့်ထိန်းဖို့ ကူညီနိုင်ပါတယ်၊ အချင်းချင်း ခရစ်တော်ကိုကိုးစားဖို့ အားပေးနိုင်ပါတယ်။ ကျွန်တော်တို့ စုစည်းလိုက်တဲ့အခါ၊ ကျွန်တော်တို့ရဲ့ တိုက်ပွဲတွေကို တစ်ကိုယ်တည်းတိုက်ဖို့ မလိုဘူးဆိုတာ သဘောပေါက်သွားပါတယ်။ ကျွန်‌တော်တို့မှာ ကျွန်‌တော်တို့ကိုကူညီပြီး ကာကွယ်ပေးမယ့် သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ ခေါင်းဆောင်တွေရှိပါတယ်။ ကျွန်‌တော်တို့ အတူတကွပြင်ဆင်တဲ့အခါ အားလုံးသန်မာလာကြပါတယ်။

ထူးထူးခြားခြား၊ ‌မော်ရော်နိုင်းက သူ့လူမျိုးတွေရဲ့ အလုံးစုံသော ပျော်ရွှင်မှုက ဘုရားသခင်နဲ့သူတို့ရဲ့ဘာသာတရားဆီမှာ ယုံကြည်ခြင်းစစ်မှန်တဲ့အတွက် ရရှိလာတာလို့ မှတ်ယူခဲ့ပါတယ်။ ‌မော်ရော်နိုင်းလိုပဲ၊ ကျွန်‌တော်တို့က ဘုရားသခင်နဲ့သူ့ရဲ့အစီအစဉ်၊ ယေရှုခရစ်တော်နဲ့ သူ့ရဲ့အပြစ်ဖြေခြင်းမင်္ဂလာကြောင့် ပျော်ရွှင်ခြင်းက ရောက်ရှိလာတယ်ဆိုတာ သဘောပေါက်သင့်ပါတယ်။ ကျွန်‌တော်တို့ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီး၊ အောင်ပွဲရဖို့ နည်းဗျူဟာချမှတ်ပြီး ၊ အသွင်ဆောင်တိုက်ပွဲတွေအတွက် ပြင်ဆင်တာနဲ့အမျှ၊ ကျွန်တော်တို့က ကောင်းကင်ဘုံရဲ့အကူအညီနဲ့ တန်ခိုးကို လက်ခံရရှိနိုင်ပါတယ်။

‌မော်ရော်နိုင်းလိုပဲ၊ ‌ကောင်းကင်ဘုံရှင်အဘနဲ့ယေရှုခရစ်တော်တို့က အချုပ်အနှောင်မှ အဆုံးစွန်လွတ်လပ်ခြင်းဖြစ်တဲ့ သေခြင်းနဲ့အပြစ်မှ လွတ်လပ်ခြင်းကို ယူဆောင်လာတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်‌တော်တို့ကအရာခပ်သိမ်းမှာ သူတို့ကို ယုံကြည်ကိုးစားမယ်ဆိုရင်၊ သူတို့ရဲ့တန်ခိုးတော်နဲ့ ကျွန်‌တော်တို့ကို ကောင်းချီးပေးပါလိမ့်မယ်။

မှတ်စုများ

  1. Taking Charge of Technology၊” ဧဝံဂေလိစာကြည့်တိုက်။

  2. လူငယ်တို့အတွက်ခွန်အား၊ ရွေးချယ်မှုများပြုလုပ်ရန်လမ်းညွှန်တစ်ခု (၂၀၂၂)၊ ဧဝံဂေလိစာကြည့်တိုက်။

  3. ရှု ရပ်ဆဲလ် အမ်၊ နယ်လဆင်၊ “Joy and Spiritual Survival၊” လီယဟိုနာ၊ နို၊ ၂၀၁၆၊ ၈၂။

ပုံနှိပ်သည်