ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၅


အပိုဒ်ငယ် ၅

၁၈၂၉ ခု၊ မတ်လ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ မာတင်​ဟဲရစ်​တောင်းဆို၍၊ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့်​ဗျာဒိတ်တော်။

၁–၁၀၊ ဤမျိုးဆက်သည် ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်ကို ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ရရှိ​လိမ့်မည်။ ၁၁–၁၈ သက်သေ​သုံးဦးသည် မော်မုန်ကျမ်း​အကြောင်းကို သက်သေခံ​လိမ့်မည်။ ၁၉–၂၀၊ ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်သည် အလျင်​ကာလများက​ကဲ့သို့ပင် ပြည့်စုံ​စေလိမ့်မည်။ ၂၁–၃၅ မာတင်​ဟဲရစ်သည် နောင်တရလျက် သက်သေများထဲမှ တစ်ဦး​ဖြစ်နိုင်၏။

ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ သင်၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်သည် ငါ့ထံမှ​ရရှိသည်ဟု သက်သေခံပြီး၊ သက်သေပြုသော ပုရပိုက်ပြားများကို ရလေကြောင်း ငါ့လက်မှ သက်သေကို ငါ့ကျွန်​မာတင်​ဟဲရစ်​အလိုရှိ​သောကြောင့်၊

ယခုမူကား၊ ရှုလော့၊ ဤအရာကို သူ့အား သင်ပြောရမည်မှာ—​သင့်ကို မိန့်တော်မူ​လေသောသူ မှာထားသည်ကား၊ ငါကိုယ်တော်ရှင်သည် ဘုရားသခင်​ဖြစ်တော်မူ၏။ ဤအရာတို့​ကိုလည်း သင်၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်သို့ ပေးတော်မူ​လေပြီး၊ သင့်အား ဤအရာများ​အတွက် သက်သေ​အဖြစ်​ရှိရမည့်​အကြောင်း​ကိုလည်း မိန့်တော်မူ​လေပြီ။

သင့်အား ငါ​မိန့်တော်မူသော​သူများကို မှတစ်ပါး၊ ထိုအရာများကို မပြရမည့်​အကြောင်း သင့်ကို ငါနှင့်​ပဋိညာဉ်​ပြုစေတော်မူ​လေပြီ။ သင့်ကို ငါမပေးလျှင်၊ သင်သည်လည်း ထိုသူတို့အပေါ် အစိုးရခြင်း​မရှိ။

သင့်မှာ ပုရပိုက်ပြားများကို ဘာသာပြန်ခြင်း ဆုကျေးဇူး​ရှိ၏။ ဤအရာသည် သင့်အပေါ် ငါပေးတော်မူ​ခဲ့သည့် ပထမဦးဆုံး​ဆုကျေးဇူးလည်း​ဖြစ်၏။ ဤအမှု၌ ငါ၏​ရည်ရွယ်ချက် မပြီးပြည့်စုံမီ အခြားသော​ဆုကျေးဇူးကို သင်မတောင်းဆို​ရမည့်​အကြောင်း​ကိုလည်း သင့်ကို ငါ​မိန့်တော်မူ​လေပြီ။ အကြောင်းမူကား၊ ထိုအမှု မပြီးမီ အခြားသော​ဆုကျေးဇူးကို သင့်အား ငါပေးလိမ့်မည်​မဟုတ်။

သင့်ကို ငါအမှန်​ဆိုသည်ကား၊ မြေကြီး​ပေါ်မှာ​နေထိုင်သူတို့သည် ငါ၏​နှုတ်ကပတ်တော်များကို စေ့စေ့နားမထောင်​ကြလျှင်၊ အမင်္ဂလာသည် သူတို့ထံ ကျရောက်လာ​လိမ့်မည်။

အကြောင်းမူကား၊ နောင်ကာလ၌ သင်သည် ခန့်ထား​ခံရလျက်၊ ငါ၏​နှုတ်ကပတ်တော်များကို လူသားများသို့ ထွက်၍​ဟောပြောရ​လိမ့်မည်။

ရှုလော့၊ သူတို့သည် ငါ့နှုတ်ကပတ်တော်များကို မယုံကြည်​ကြလျှင်၊ သင်၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်ကို ယုံကြည်​ကြလိမ့်မည်​မဟုတ်၊ ဖြစ်နိုင်လေမည်​ဆိုလျှင်၊ သင်သည် သူတို့အား၊ သင်နှင့် ငါ​ကတိကဝတ်​ပြုလေသည့် ခပ်သိမ်းသော ဤအရာတို့ကို ဖော်ပြရ​လိမ့်မည်။

အို၊ ဤမယုံကြည်နိုင်စရာ လည်ပင်း​ခိုင်မာသော​မျိုးဆက်တို့—​သူတို့​တစ်ဖက်၌ ငါ့အမျက်တော်​ထွက်လေပြီ။

ရှုလော့၊ သင့်ကို ငါအမှန်​ဆိုသည်ကား၊ ငါ့၌​ရှိသော ဉာဏ်ပညာ​အမြော်အမြင်​ရှိသည့် အကြံအစည်​အတွက် သင်၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်ကို ငါယုံကြည်​လွှဲအပ်ထားသည့် ထိုအရာတို့ကို ငါသိမ်းထားတော်မူ​လေပြီ။ ထိုအကြံအစည်​ကိုလည်း အနာဂတ်​မျိုးဆက်တို့ထံ ဖော်ပြ​လိမ့်မည်။

၁၀ ဤမျိုးဆက်သည် ငါ၏​နှုတ်ကပတ်တော်ကို သင်​အားဖြင့် ရရှိ​လိမ့်မည်။

၁၁ သင်၏​သက်သေခံချက်​အပြင်၊ ငါခေါ်သွင်း၍​ခန့်ထားတော်မူမည့်သူ၊ ဤအရာတို့​ကိုလည်း ငါပြမည့်သူ​တည်းဟူသော ငါ့ကျွန်​သုံးဦး၏​သက်သေခံချက်​ကိုလည်း ရရှိ​လိမ့်မည်။ ၎င်းတို့သည်လည်း သင့်အားဖြင့် ပေးထားသည့် ငါ၏​နှုတ်ကပတ်တော်များနှင့်​အတူ ထွက်သွား​လိမ့်မည်။

၁၂ ထိုမှတစ်ပါး၊ ဤအရာတို့​မှန်ကန်ကြောင်းကို သူတို့​ဧကန်​အမှန်​သိကြ​လိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်ဘုံမှ​နေ၍၊ ငါသည် သူတို့ကို ဟောကြားတော်မူမည်။

၁၃ ထိုအရာတို့ကို အရှိ​အတိုင်း သူတို့​ကြည့်၍ မြင်နိုင်​ကြစေခြင်းငှာ သူတို့အား တန်ခိုးကို ငါပေးတော်မူမည်။

၁၄ —လကဲ့သို့ ကြည်လင်လျက်၊ နေကဲ့သို့ တင့်တယ်လျက်၊ အလံများနှင့်​တပ်တစ်ခုကဲ့သို့ ကြောက်မက်ဖွယ်​ဖြစ်လျက်​ရှိသော ငါ့အသင်းတော် တည်ထောင်ခြင်းနှင့် တောရိုင်းထဲမှ ထွက်ပေါ်လာခြင်း အစပြုရာ ဤမျိုးဆက်၌ ဤတူညီသော​သက်သေခံချက်ကို ရရှိစေဖို့၊ အခြား​အဘယ်​သူ့ကိုမျှလည်း ဤတန်ခိုးကို ငါပေးမည်​မဟုတ်။

၁၅ ငါ၏​နှုတ်ကပတ်တော်​အကြောင်း သက်သေ​သုံးဦးတို့၏​သက်သေခံချက်ကို ငါစေလွှတ်မည်။

၁၆ ရှုဦးလော့၊ ငါ၏​နှုတ်ကပတ်တော်အား ယုံကြည်သူ​မှန်သမျှကို ငါ့ဝိညာဉ်တော်၏​ထင်ရှားစွာ​ပြတော်မူခြင်းဖြင့် ငါအကြည့်​အရှု​ကြွတော်မူမည်။ သူတို့ကိုလည်း ငါ့အားဖြင့်၊ အကယ်​စင်စစ်၊ ရေ​အားဖြင့်၊ ဝိညာဉ်တော်​အားဖြင့် ဖြစ်ဖွားစေ​လိမ့်မည်—

၁၇ သင်သည်လည်း ခဏ​စောင့်ရမည်၊ အကြောင်းမူကား၊ သင်သည် ခန့်ထား​မခံရသေး—

၁၈ ဤမျိုးဆက်သည် ထိုအရာတို့ကို​ဆန့်ကျင်ပြီး၊ သူတို့၏​စိတ်နှလုံးကို မာကျော​စေကြလျှင်၊ သက်သေ​သုံးဦး၏​သက်သေခံချက်သည် သူတို့၏​အပြစ်ဒဏ်​ချမှတ်ခြင်းကို ဖြစ်စေ​လိမ့်မည်။

၁၉ အကြောင်းမူကား၊ မြေကြီး​ပေါ်မှာ​နေထိုင်သူတို့သည် နောင်တရခြင်း​မရှိလျှင်၊ လူဆိတ်ညံခြင်း​ကျာပွတ်သည် သူတို့၌ ထွက်သွားလျက်၊ အချိန်နှင့်​အမျှ ဆက်၍​သွန်းလောင်း​လိမ့်မည်၊ ငါ၏​ကြွလာတော်မူခြင်း​ရောင်ခြည်ကြောင့် မြေကြီး၌ လူမရှိ၊ နေထိုင်သူများ ကွယ်ပျောက်၍၊ ရှင်းရှင်း​ဖျက်ဆီးခံရသည့်​တိုင်အောင်ပင်တည်း။

၂၀ ရှုလော့၊ ယေရုရှလင်မြို့​ပျက်စီးခြင်းနှင့်​စပ်လျဉ်း၍ လူတို့ကို ငါပြောပြ​သကဲ့သို့ပင်၊ ဤအရာတို့ကို သင့်အား ငါပြောပြ၏။ ငါ၏​နှုတ်ကပတ်တော်သည် ယခင်က​ပြည့်စုံလေ​သကဲ့သို့ပင် ဤအချိန်၌လည်း ပြည့်စုံ​လိမ့်မည်။

၂၁ ယခုမူကား၊ သင့်ကို ငါမိန့်တော်မူသည်မှာ၊ ငါ့ကျွန်​ဂျိုးဇက်၊ နောင်တရလျက်၊ ငါ့ရှေ့၌ ပို၍ဖြောင့်မတ်စွာ​ကျင့်ရန်၊ ထို့အတူ၊ လူသားတို့၏​သွေးဆောင်ခြင်းများကို ဝန်မခံတော့ရန်၊

၂၂ ထို့အတူ၊ သင်သည် ငါမိန့်တော်မူ​လေသည့် ပညတ်တော်များကို စောင့်ထိန်းရာ၌ ခိုင်မြဲရမည့်​အကြောင်း​ပေတည်း။ ဤသို့ပြုလျှင်၊ ရှုလော့၊ သင်ကွပ်မျက်​ခံရသော်လည်း ထာဝရ​အသက်ကို သင့်အား ငါပေး၏၊

၂၃ ယခုမူကား၊ တစ်ဖန်၊ သင့်ကို ငါမိန့်တော်မူသည်မှာ၊ ငါ့ကျွန်​ဂျိုးဇက်၊ သက်သေကို အလိုရှိသည့်​သူနှင့်​စပ်လျဉ်း၍—

၂၄ ရှုလော့၊ ထိုသူ့ကို ငါဆိုသည်ကား၊ သူသည် သူ့ကိုယ်သူ ချီးမြှောက်ပြီး၊ သူ့ကိုယ်သူ ငါ့ရှေ့မှာ လုံလုံလောက်လောက် မနှိမ့်ချ။ သို့ရာတွင်၊ သူသည် ငါ့ရှေ့မှာ ဦးညွှတ်၍၊ အားကြီးသော​ဆုတောင်းခြင်းနှင့် ယုံကြည်ခြင်းဖြင့်၊ သူ့စိတ်နှလုံး၏​ရိုးသားခြင်းဖြင့် သူ့ကိုယ်သူ​နှိမ့်ချလျှင်၊ ထို့နောက်မှာ၊ သူမြင်လိုသည့်​အရာတို့၏​မြင်ကွင်းကို သူ့အား ငါပေးမည်။

၂၅ ထို့နောက်တွင်၊ သူသည် ဤမျိုးဆက်၏​လူတို့ကို ဆိုလိမ့်မည်မှာ၊ ရှုလော့၊ ဂျိုးဇက်​စမစ်​အငယ်အား ကိုယ်တော်ရှင်​ပြတော်မူလေသည့်​အရာတို့ကို ငါမြင်ရလေပြီ။ ထိုအရာတို့​မှန်ကန်ကြောင်းကို ငါဧကန်​အမှန်​သိ၏။ အကြောင်းမူကား၊ ထိုအရာတို့ကို ငါမြင်ရ​လေပြီ။ လူသား​အားဖြင့်​မဟုတ်ဘဲ၊ ဘုရားသခင်၏​တန်ခိုးတော်​အားဖြင့် ထိုအရာတို့ကို ငါ့အား ပြတော်မူ​လေပြီ။

၂၆ ငါကိုယ်တော်ရှင်​သည်လည်း ငါ့ကျွန်​မာတင်​ဟဲရစ်ကို မိန့်တော်မူသည်ကား၊ ထိုအရာတို့ကို ငါမြင်ရ​လေပြီ၊ ဘုရားသခင်၏​တန်ခိုးတော်​အားဖြင့် ထိုအရာတို့ကို ငါ့အား ပြတော်မူ​လေပြီဟု သူဆိုရမည့်​အရာ​မှတစ်ပါး၊ ဤအရာများနှင့်​စပ်လျဉ်းပြီး သူတို့ကို မပြောရတော့မည့် အကြောင်း​ပေတည်း။

၂၇ သို့ရာတွင်၊ သူသည် ဤအရာကို ငြင်းဆိုပြီး ယခင်က ငါနှင့်ပဋိညာဉ်ပြုခဲ့သည့် ပဋိညာဉ်ကို ချိုးဖောက်မည်​ဆိုလျှင်၊ ရှုလော့၊ ပြစ်ဒဏ်​ချမှတ်ခံရ၏။

၂၈ ယခုမူကား၊ သူ့ကိုယ်သူ​နှိမ့်ချခြင်း၊ သူပြုလေသော​အရာများ မှားယွင်းကြောင်း ငါ့ထံသို့​ဝန်ခံခြင်း၊ ငါ၏​ပညတ်တော်များကို စောင့်ထိန်းမည့်​အကြောင်း ငါနှင့် ပဋိညာဉ်ပြုခြင်း၊ ငါ့ကို ယုံကြည်မှု​ပြုခြင်းတို့ မရှိလျှင်၊ ရှုလော့၊ သူ့ကို ငါဆိုသည်ကား၊ သူသည် ထိုကဲ့သို့သော​အမြင်ကို ရရှိ​လိမ့်မည်​မဟုတ်။ အကြောင်းမူကား၊ ငါသည် မိန့်တော်မူလေသည့် အရာများ၏​မြင်ကွင်းကို သူ့အား ပေးလိမ့်မည်​မဟုတ်။

၂၉ ဤသို့​ဖြစ်လျှင်၊ သင့်ကို ငါ​မိန့်တော်မူသည်ကား၊ ငါ့ကျွန် ဂျိုးဇက်၊ သူ့ကို သင်ဆိုရမည်ကား၊ သူမပြုရတော့မည့်​အကြောင်းနှင့်၊ ဤအမှုနှင့်​စပ်လျဉ်းပြီး ငါ့ကို အဘယ်တော့မျှ မနှောင့်ယှက် ရတော့မည့်​အကြောင်း​ပေတည်း။

၃၀ ဤသို့​ဖြစ်လျှင်၊ သင့်ကို ငါဆိုသည်ကား၊ ဂျိုးဇက်၊ သင်သည် နောက်ထပ်​စာမျက်နှာ​အနည်းငယ်ကို ဘာသာပြန်​လေပြီးလျှင်၊ ကာလ​အတန်အရာ ရပ်​ရမည်၊ သင့်ကို ငါတစ်ဖန် မိန့်တော်မူသည့်​တိုင်အောင်​ပင်တည်း။ ထို့နောက်တွင်၊ သင်တစ်ဖန် ဘာသာပြန်​နိုင်ပေ၏။

၃၁ သင်ဤသို့​မပြုလျှင်၊ ရှုလော့၊ သင်သည် ဆုကျေးဇူး မရရှိတော့လတ္တံ့၊ သင့်ကို ငါယုံကြည်​လွှဲအပ်​လေသည့် အရာတို့​ကိုလည်း ငါနှုတ်ယူတော်မူမည်။

၃၂ ယခု​မူကား၊ သင့်ကို ဖျက်ဆီးခြင်းငှာ ချောင်းမြောင်း၍​စောင့်သော​သူများကို ငါကြိုတင်၍​မြင်သဖြင့်၊ ထိုမှတစ်ပါး၊ ငါ့ကျွန်​မာတင်​ဟဲရစ်သည် သူ့ကိုယ်သူ​နှိမ့်ချခြင်းနှင့် ငါ့လက်မှ​သက်သေကို​ရရှိခြင်းတို့ မရှိလျှင်၊ လွန်ကျူးခြင်း​ထဲသို့ လဲကျ​လိမ့်မည်ကို ငါကြိုတင်၍​မြင်၏။

၃၃ သင့်ကို မြေကြီး​မျက်နှာပြင်မှ ဖျက်ဆီးခြင်းငှာ၊ ချောင်းမြောင်း၍​စောင့်သောသူ များစွာ​ရှိ၏။ ဤအကြောင်းရင်းကြောင့်၊ သင်၏​အသက်​တာရှည်​စေမည့်​အကြောင်း၊ ငါသည် သင့်အား ဤပညတ်တော်များကို ပေးလေပြီ။

၃၄ ထိုမှတစ်ပါး၊ ဤအကြောင်းရင်းကြောင့်၊ ငါမိန့်တော်မူ​လေသည်ကား၊ ရပ်လော့၊ သင့်ကို ငါ မိန့်တော်မူသည့်​တိုင်အောင် ငြိမ်ပြီး​ရပ်နေလော့။ သင့်ကို ငါမိန့်တော်မူ​လေသည့်​အရာကို သင်ပြီးမြောက်နိုင်​စေမည့်​အစီအစဉ်များ​ကိုလည်း ငါပေးသနားတော်မူမည်။

၃၅ သင်သည် ငါ၏​ပညတ်တော်များကို စောင့်ထိန်းရာ၌ သစ္စာ​ရှိလျှင်၊ နောက်ဆုံးသော​နေ့၌ ချီးမြှောက်​ခံရလိမ့်မည်။ အာမင်။