ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၇


အပိုဒ်ငယ် ၇

၁၈၂၉ ခု၊ ဧပြီလ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်​ဂျိုးဇက်​စမစ်နှင့် အော်လီဗာ​ကောင်ဒရီက ချစ်လှစွာသော​တပည့်တော်​ယောဟန်သည် ဇာတိ​ကိုယ်ခန္ဓာ​အားဖြင့်​နေထိုင်ခဲ့ခြင်း သို့မဟုတ် သေခဲ့​လေခြင်း​ရှိမရှိနှင့်​စပ်လျဉ်း၍ ဥရိမ်နှင့် သုမိမ်တို့​အားဖြင့် မေးလျှောက်​သောအခါ သူတို့အား ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်သည် စာရေး​သားရေပြား​ပေါ်မှာ ယောဟန်​ပြုလုပ်ထားသည့် ဘာသာပြန်​အမျိုးအစား မှတ်တမ်းဖြစ်ပြီး၊ သူကိုယ်တိုင်​ဝှက်ထားခဲ့၏။

၁–၃၊ ချစ်လှစွာသော​ယောဟန်သည် ကိုယ်တော်ရှင်​ကြွလာတော်မူသည့်​တိုင်အောင် နေလိမ့်မည်။ ၄–၈၊ ပေတရု၊ ယာကုပ်နှင့် ယောဟန်သည် ဧဝံဂေ​လိတရားတော်​သော့များကို ကိုင်ဆောင်၏။

ကိုယ်တော်ရှင်က ငါ့ကို မိန့်တော်မူလေသည်ကား၊ ငါ၏​ချစ်လှစွာသော​ယောဟန်၊ သင်သည် အဘယ်​အရာကို အလိုရှိ​သနည်း။ အကြောင်းမူကား၊ သင်အလိုရှိသည့်​အရာကို တောင်းလျှင်၊ ထိုအရာကို သင့်အား ငါပေးမည်။

ငါကလည်း ကိုယ်တော်ရှင်၊ အကျွန်ုပ်​အသက်ရှင်ပြီး၊ လူများကို ကိုယ်တော်ထံသို့ ဆောင်ယူနိုင်ခြင်းငှာ သေခြင်းကို​အောင်နိုင်သော​တန်ခိုးကို အကျွန်ုပ်အား ပေးတော်မူပါဟု လျှောက်၏။

ကိုယ်တော်ရှင်ကလည်း ငါ့ကို မိန့်တော်မူ​လေသည်မှာ၊ သင့်ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ သင်သည် ဤအရာကို အလိုရှိသောကြောင့်၊ ငါ၏​ဘုန်းတော်ကို​ဆောင်၍ ငါကြွလာတော်မူသည့်​တိုင်အောင် သင်နေရမည်။ ပြည်သား၊ အမျိုးစု၊ အသီးသီး​ဘာသာစကားကို ပြောသူနှင့် လူမျိုးတို့ရှေ့မှာ ပရောဖက်ပြု၍လည်း ဟောရမည်။

ဤအကြောင်းရင်းကြောင့်၊ ကိုယ်တော်ရှင်က ပေတရုကို မိန့်တော်မူသည်ကား၊ ငါကြွလာတော်မူသည့်​တိုင်အောင် သူ့ကို နေစေခြင်းငှာ ငါအလို​ရှိလျှင်၊ သင်နှင့် အဘယ်သို့ ဆိုင်သနည်း။ အကြောင်းမူကား၊ သူသည် လူတို့ကို ငါ့ထံသို့ ဆောင်ယူနိုင်ခြင်းငှာ ငါ့ထံတောင်းဆို၏။ သို့ရာတွင်၊ သင်သည် ငါ၏​နိုင်ငံတော်သို့ အလျင်အမြန် လာလို၏။

သင့်ကို ငါဆိုသည်ကား၊ ပေတရု၊ ဤအရာသည် ကောင်းမြတ်သော​အလိုဆန္ဒ​ဖြစ်၏။ သို့ရာတွင်၊ ငါ၏​ချစ်လှစွာသော​သူသည် နောက်ထပ်၍၊ သို့မဟုတ် လူသားတို့၌ သူယခင်က ဆောင်ရွက်​လေပြီးသည်ထက် သာ၍​ကြီးစွာသော​အမှုကို ဆောင်ရွက်ဦးမည်​ဟုလည်း အလိုရှိ​လေပြီ။

ထိုမှတစ်ပါး၊ သူသည် သာ၍​ကြီးစွာသော​အမှုကို ခံယူ​လေပြီ။ ထို့ကြောင့်၊ ငါသည် သူ့ကို မီးလျှံကဲ့သို့​ဖြစ်စေပြီး၊ အမှုတော်ဆောင်​ကောင်းကင်တမန်​ဖြစ်စေမည်။ မြေကြီး​ပေါ်မှာ​နေထိုင်ကြသူများ​တည်းဟူသော ကယ်တင်ခြင်းကို အမွေခံသူ​ဖြစ်မည့်သူများ​အတွက် သူအမှုတော်ဆောင်​လိမ့်မည်။

ငါသည် သင့်ကို သူ့အတွက်နှင့် သင်၏​ညီအစ်ကို​ယာကုပ်​အတွက် အမှုတော်ဆောင်​စေမည်။ သင်တို့​သုံးဦး​ကိုလည်း ငါကြွလာတော်မူသည့်​တိုင်အောင် ဤအခွင့်ကို​လည်းကောင်း၊ ဤအမှုတော်ဆောင်ခြင်း၏​သော့များကို​လည်းကောင်း ငါပေးမည်။

သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ သင်တို့​နှစ်ဦးစလုံးသည် သင်တို့၏​အလိုဆန္ဒများ​အတိုင်း ရရှိ​ကြလိမ့်မည်။ အကြောင်းမူကား၊ သင်တို့​နှစ်ဦးစလုံးသည် သင်တို့​အလိုရှိ​လေသည့်​အရာ၌ ဝမ်းမြောက်​ကြ၏။