အထွေထွေညီလာခံ
ကိုယ်တော်ရှင်အလွန်နှစ်သက်တော်မူသော
အောက်တိုဘာ ၂၀၂၀ အထွေထွေညီလာခံ


14:7

ကိုယ်တော်ရှင်အလွန်နှစ်သက်တော်မူသော

ဆင်းရဲဒုက္ခနဲ့ စိတ်ပျက်မှုအချိန်တွေဟာ ကျွန်တော်တို့ကို နှစ်သက်စွာစောင့်ကြည့်တဲ့၊ ကောင်းချီးပေးနေတဲ့ ကိုယ်တော်ရှင်ရဲ့ စောင့်ကြည့်မျက်လုံးကို မပြောင်းလဲပါဘူး။

လွန်ခဲ့တဲ့နှစ်များတုန်းက တစ်နေ့မှာ၊ ကျွန်တော်နဲ့ ကျွန်တော့်အဖော်ဟာ ဂျပန်၊ အမမ်မီ အိုရှီမာကျွန်းငယ်လေးပေါ်ရှိ သေးငယ်တဲ့ အသင်းတော်ခွဲတစ်ခုမှာ လူငယ်သာသနာပြုများ အဖြစ် အလုပ်လုပ်နေကြရင်း၊ ဥက္ကဌ စပင်ဆာ ဒဗလျူ၊ ကင်းဘောလ် အာရှကို လာလည်မယ့်အကြောင်းနဲ့၊ ဂျပန်မှာရှိတဲ့ အသင်းသားအားလုံးနဲ့ သာသနာပြုတွေကိုလည်း ဒေသညီလာခံတစ်ခုမှာ ပရောဖက်စကားကို နားထောင်ကြဖို့ တိုကျိုကို ဖိတ်ခေါ်ထားတယ် ဆိုတဲ့အကြောင်းကို သိရလို့ စိတ်လှုပ်ရှားခဲ့ကြပါတယ်။ အသင်းတော်ခွဲအသင်းသားတွေနဲ့အတူ၊ ကျွန်တော့်အဖော်နဲ့ ကျွန်တော်တို့ဟာ ညီလာခံအတွက် အစီအစဉ်တွေကို စိတ်လှုပ်ရှားစွာ စဆွဲကြပါတယ်၊ အဲဒါက အရှေ့တရုတ်ပင်လယ်ကိုဖြတ်ပြီး ဂျပန်ပြည်မကို လှေနဲ့ ၁၂ နာရီ၊ အဲဒီနောက် တိုကျိုကို ရထားနဲ့ ၁၅ နာရီ သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။ သို့သော်လည်း၊ ဝမ်းနည်းစွာပဲ၊ အဲဒီအစီအစဉ်မဖြစ်နိုင်ခဲ့ပါဘူး။ ခရီးကလည်းဝေး၊ အချိန်ကလည်းကြာတာကြောင့် ကျွန်တော့်အဖော်နဲ့ ကျွန်တော် တိုကျိုညီလာခံကို တက်နိုင်မှာမဟုတ်တဲ့အကြောင်း ကျွန်တော်တို့ သာသနာပြုဥက္ကဌဆီက သတင်းရခဲ့ပါတယ်။

အသင်းလူကြီးစတီဗင်ဆင်နှင့် သူ၏သာသနာပြုအဖော်

ကျွန်တော်တို့ အသင်းတော်ခွဲငယ်က အသင်းသားတွေ တိုကျိုကိုထွက်ခွာတဲ့အချိန်မှာ ကျွန်တော်တို့ နေရစ်ခဲ့ကြပါတယ်။ နောက်ရက်တွေဟာ တိတ်ဆိတ်ရှင်းလင်းတဲ့ပုံ ပေါက်နေခဲ့ပါတယ်။ ဂျပန်နောက်ပိုင်းကာလသန့်ရှင်းသူများနဲ့ သာသနာပြုတွေ ညီလာခံတက်နေချိန်မှာ၊ ကျွန်တော်တို့ချည်းပဲ ဝတ်ပြုခန်းငယ်ထဲမှာ ပွဲတော်အစည်းအဝေးကို ကျင်းပခဲ့ကြပါတယ်။

အာရှဒေသညီလာခံ

တိုကျိုမှာ ဗိမာန်တော်တစ်ခု ရှိမယ့်အကြောင်း ဥက္ကဌကင်းဘောလ် ကြေညာခဲ့တာကို အသင်းတော်ခွဲအသင်းသားတွေ ညီလာခံကပြန်လာပြီး နောက်ရက်တွေမှာ ပြန်ပြောပြတာကို ဝမ်းမြောက်စွာနားထောင်ရတဲ့အခါ ကျွန်တော့စိတ်ပျက်မှုက ပိုပြီးတော့တောင်ပြင်းထန်သွားခဲ့ပါတယ်။ သူတို့ရဲ့ အိပ်မက် ပြီးပြည့်စုံတာကို ပြောကြရင်းနဲ့သူတို့ အလွန်စိတ်လှုပ်ရှားကြပါတယ်။ ဗိမာန်တော်ကြေညာချက်ကို ကြားရတဲ့အချိန်မှာ၊ အသင်းသားများနဲ့ သာသနာပြုများဟာ ဝမ်းမြောက်မှုကို မမျိုသိပ်နိုင်လို့ လက်ခုပ်တွေ တပြိုင်တည်းတီးခဲ့ကြတဲ့အကြောင်း ဖော်ပြကြပါတယ်။

တိုကျို၌ ဗိမာန်တော်တည်ဆောက်မည့်အကြောင်း ဥက္ကဌကင်းဘောလ် ကြေညာနေပုံ။

နှစ်တွေကုန်လွန်သွားခဲ့ပါပြီ၊ ဒါပေမယ့် အဲဒီ သမိုင်းဝင်အစည်းအဝေးကို လွတ်ခဲ့ရလို့ ခံစားခဲ့ရတဲ့ စိတ်ပျက်ခြင်းကို ကျွန်တော် သတိရနိုင်နေပါသေးတယ်။

မကြာသေးမီလတွေက၊ ကျွန်တော် ဒီအတွေ့အကြုံကို အလေးအနက် စဉ်းစားခဲ့ပါတယ်၊ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ဖြစ်တဲ့ အခြားသူတွေရင်ဆိုင်ရတဲ့ ကြီးစွာသောစိတ်ပျက်မှုနဲ့ ဝမ်းနည်းမှုဟာ— လူငယ်သာသနာပြုတစ်ယောက်အဖြစ် ကျွန်တော့် စိတ်ပျက်မှုထက် အများကြီးပိုကြီးတာကို—တွေ့ခဲ့ရပါတယ်။

ဒီနှစ်အစောပိုင်းမှာ၊ ကပ်ရောဂါအရှိန်မြင့်လာတဲ့အချိန်မှာ၊ ပထမဥက္ကဌအဖွဲ့က၊ “အသင်းတော်နဲ့ အသင်းသားများဟာ နိုင်ငံသားကောင်းများနဲ့ အိမ်နီးချင်းကောင်းများအဖြစ်” “ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို သစ္စာရှိစွာပြကြမယ့်” အကြောင်းတောင်းပန်ခဲ့ပါတယ်။ ဒါကြောင့်၊ ကျွန်တော်တို့မှာ ကမ္ဘာတဝန်းအသင်းတော်စုဝေးမှုများဆိုင်းငံ့ခြင်း၊ အသင်းတော်ရဲ့ သာသနာပြု အင်အား တစ်ဝက်ကျော် ကိုယ့်ဇာတိနိုင်ငံတွေကို ပြန်သွားခြင်း၊ ပြီးတော့ အသင်းတော်တစ်ခုလုံးရှိ ဗိမာန်တော်များပိတ်ခြင်းကို တွေ့ကြုံခဲ့ရပြီးပါပြီ။ သင်တို့ထဲက ထောင်ပေါင်များစွာသောသူတွေဟာ၊ အသက်ရှင်သော ဘိသိက်မင်္ဂလာများအတွက် ဗိမာန်တော်ထဲကို ဝင်ရောက်ဖို့ ပြင်ဆင်နေကြတာပါ—ဗိမာန်တော်တံဆိတ်ခတ်ခြင်းတွေလည်းပါဝင်ပါတယ်။ သင်တို့ထဲက အခြားသူများစွာဟာ သာသနာပြုများအဖြစ် သင်တို့ရဲ့ အမှုတော်ဆောင်ခြင်းကို စောစောပြီးဆုံးခဲ့ရ၊ သို့မဟုတ် ယာယီဖြေလွှတ်ခံရ၊ ပြန်လည် ခန့်အပ်ခံကြရပြီးဖြစ်ပါတယ်။

ကိုဗစ်ကာလ၌ ပြန်လာနေသောသာသနာပြုများ

ဒီအချိန်အတွင်းမှာ၊ အစိုးရနဲ့ ပညာရေးခေါင်းဆောင်တွေက ကျောင်းတွေကို ပိတ်ကြပါတယ်—အဲဒါက အကျိုးဆက်အနေနဲ့ ဘွဲ့ယူခြင်းတွေကို ပြောင်းလဲခဲ့တယ်၊ အားကစားပွဲ၊ လူမှုရေးပွဲ၊ ယဉ်ကျေးမှုဆိုင်ရာပွဲ၊ ကျောင်းနဲ့ ဆက်စပ်တဲ့ပွဲတွေနဲ့ လှုပ်ရှားမှုတွေ ပယ်ဖျက်ခြင်းကို ဖြစ်စေခဲ့ပါတယ်။ သင်တို့ထဲက များစွာတို့ဟာ မတက်ရောက်ခဲ့ရတဲ့ပွဲတွေ၊ မကြားခဲ့ရတဲ့ ဖျော်ဖြေမှုတွေ၊ ပြီးတော့ မကစားခဲ့ရတဲ့ အားကစားရာသီတွေအတွက် ပြင်ဆင်ခဲ့ကြပါတယ်။

ဒီအချိန်အတွင်းမှာ ချစ်တဲ့သူတွေဆုံးရှုံးခဲ့ကြရတဲ့ မိသားစုတွေရဲ့ အတွေးတွေက ပိုပြီးတော့တောင် ထိခိုက်နာကျင်ကြပါတယ်။ အများစုက အသုဘပွဲတွေမလုပ်နိုင်ခဲ့ကြ၊ အခြားသူတွေလည်း မျှော်လင့်ထားခဲ့တဲ့ ကြင်နာမှုပြစုဝေးခြင်းတွေ မလုပ်နိုင်ခဲ့ကြပါဘူး။

အကျဉ်းပြောရရင်၊ သင်တို့ထဲက များစွာတို့ဟာ နှလုံးကြေကွဲဖွယ်စိတ်ပျက်မှု၊ ဝမ်းနည်းမှု၊ ပြီးတော့ စိတ်အားငယ်မှုတွေနဲ့ ကြုံခဲ့ကြရပါတယ်။ ဒါဆိုရင်၊ အရာရာ ကျိုးပျက်နေပုံပေါက်နေတဲ့ချိန်မှာ ကျွန်တော်တို့ ဘယ်လို ကုစားမလဲ၊ ကြံ့ကြံ့ခံမလဲ၊ ရှေ့ဆက်သွားကြမလဲ။

ပရောဖက်နီးဖိုင်းဟာ လူကြီးဘဝမှာ သူ့ပုရပိုက်ပြားအငယ်တွေပေါ်မှာ ရေးထွင်းတာကို စတင်ခဲ့ပါတယ်။ သူ့ဘဝနဲ့ အမှုတော်ဆောင်ခြင်းကို ပြန်ကြည့်တဲ့အခါ၊ မော်မုန်ကျမ်းရဲ့ ပထမဆုံးအခန်းငယ်ထဲမှာ အရေးကြီးတဲ့ အတွေးတစ်ခုကို ပေးခဲ့ပါတယ်၊ ။ ဒီအခန်းငယ်က ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ အခြေခံ သဘောတရားတစ်ခုကို စဉ်းစားဖို့ ဖော်ပြပါတယ်။ သူ့ရဲ့ အကျွမ်းတဝင်စကားတွေဖြစ်တဲ့၊ “ငါနီဖိုင်းကို ယဉ်ကျေးသောမိဘတို့မှ မွေးဖွား၍ … ” ရဲ့နောက်မှာ “ငါ၏အသက်တာ၌ ဆင်းရဲဒုက္ခများစွာနှင့်လည်း ကြုံတွေ့ရ၏။ သို့သော်လည်း၊ ငါ၏အသက်တာတစ်လျှောက်လုံး၌ ကိုယ်တော်ရှင်၏အလွန်နှစ်သက်တော်မူခြင်းကို ခံရ၏” လို့ ရေးခဲ့ပါတယ်။

မော်မုန်ကျမ်းကျောင်းသားများအနေနဲ့၊ ကျွန်တော်တို့ဟာ နီဖိုင်းရည်ညွှန်းတဲ့ ဆင်းရဲဒုက္ခများစွာနဲ့ အကျွမ်းဝင်ကြပါတယ်။ သူ့အသက်တာရှိဆင်းရဲဒုက္ခများကို အသိအမှတ်ပြုခြင်းရဲ့နောက်မှာလည်း နီဖိုင်းက သူ့အသက်တာတစ်လျှောက်လုံး ကိုယ်တော်ရှင်ရဲ့ အလွန်နှစ်သက်တာကို ခံရခြင်းအကြောင်း သူ့ရဲ့ ဧဝံဂေလိတရားတော်ရှုထောင့်ကို ဖော်ပြပါတယ်။ ဆင်းရဲဒုက္ခနဲ့ စိတ်ပျက်မှုအချိန်တွေဟာ ကျွန်တော်တို့ကို နှစ်သက်စွာစောင့်ကြည့်တဲ့၊ ကောင်းချီးပေးနေတဲ့ ကိုယ်တော်ရှင်ရဲ့ စောင့်ကြည့်မျက်လုံးကို မပြောင်းလဲပါဘူး။

အွန်လိုင်းသာသနာပြုအစည်းအဝေး
အသင်းလူကြီးနှင့် ညီအစ်မ စတီဗင်ဆင်တို့နှင့် အွန်လိုင်းသာသနာပြုအစည်းအဝေး
အသင်းလူကြီးနှင့် ညီအစ်မ စတီဗင်ဆင်တို့နှင့် အွန်လိုင်းသာသနာပြုအစည်းအဝေး

လီဆာနဲ့ ကျွန်တော်ဟာ မကြာသေးမီက၊ ဩစတြေးလျရှိ သာသနာပြု ၆၀၀ လောက်ကို အွန်လိုင်းကနေတွေ့ခဲ့ပါတယ်၊ သူတို့အများစုဟာ ကိုဗစ်-၁၉ နဲ့ ဆက်စပ်တဲ့ အကျဉ်းအကျပ် သို့မဟုတ် ကန့်သတ်ချက်နဲ့နေကြရပါတယ်၊ အတော်များများက သူတို့တိုက်ခန်းတွေကနေ အလုပ်လုပ်နေကြပါတယ်။ ဓမ္မသစ်ကျမ်း၊ မော်မုန်ကျမ်းနဲ့ ဩဝါဒနှင့် ပဋိညာဉ်များကျမ်းရှိ ဒုက္ခကာလမှာ ကြီးမြတ်ခြင်းရရှိစေဖို့ ကိုယ်တော်ရှင် ကောင်းချီးပေးခဲ့သူတွေ အကြောင်းကို ကျွန်တော်တို့ အတူတကွစဉ်းစားခဲ့ကြပါတယ်။ အားလုံးဟာ သူတို့ရဲ့ အကျဉ်းအကျပ်နဲ့ ကန့်သတ်ခံရခြင်းတို့ရဲ့ ရလဒ်အဖြစ် သူတို့မလုပ်နိုင်တဲ့အရာထက် ကိုယ်တော်ရှင်ရဲ့အကူအညီနဲ့ သူတို့လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ပိုပြီးသတ်မှတ်ခံကြရပါတယ်။

ထောင်ကျလို့ ထိပ်တုံးခတ်ခံရချိန်မှာ၊ ဆုတောင်းရင်း၊ သီချင်းဆိုရင်း၊ သက်သေခံရင်းနဲ့ ထောင်မှူးကိုတောင် ဗတ္တိဇံပေးခဲ့ကြတဲ့ သူတွေဖြစ်တဲ့ ပေါလုနဲ့ သိလတို့အကြောင်းကို ကျွန်တော်တို့ဖတ်ရပါတယ်။

ရောမမှာ နှစ်နှစ် နေအိမ်အကျယ်ချုပ်ကျလို့၊ အဲဒီအချိန်အတွင်းမှာ အမြဲမပြတ် “နိုင်ငံတော်အကြောင်းကို ရှင်းပြသက်သေခံတဲ့၊”“ကိုယ်တော်ရှင် ယေရှုခရစ်တော်နဲ့ဆိုင်တဲ့ အရာတွေကို သွန်သင်တဲ့”သူဖြစ်တဲ့ ပေါလုအကြောင်းကိုလည်း ဖတ်ရပါတယ်။

ကိုယ်တော်ရှင်ရဲ့ “စုံလင်သောညင်သာခြင်း၏ ဖြည်းညှင်းသောအသံက… [သူတို့ကိုဖမ်းဆီးသူတွေကို] စိတ်ဝိညာဉ်အထိပင် ထိုးဖောက်”တဲ့အချိန်မှာ၊ ညှဉ်းပန်းထောင်ချခံရပြီးနောက်၊ အကာအကွယ်မီးနဲ့ ဝိုင်းထားခံရသူများဖြစ်တဲ့၊ ဟေလမန်သား နီဖိုင်းနဲ့ လေဟိအကြောင်း။

များစွာသောသူတို့ “ယုံကြည်၍… နောင်တရကြ၊ ကျမ်းစာများကို စေ့စေ့ဖတ်စပြု”တာကို တွေ့ရတဲ့၊ အစာပြတ်၊ ရေပြတ်၊ အဝတ်မပါဘဲ၊ ထောင်ထဲမှာ လှောင်ထားခံကြရတဲ့ အမ္မုန်နိဟရှိ အယ်လမာနဲ့ အာမြူးလက်တို့အကြောင်း။

လစ်ဘာတီအကျဉ်းထောင်ထဲမှ ဂျိုးဇက်စမစ်

နောက်ဆုံးအနေနဲ့၊ လစ်ဘာတီအကျဉ်းထောင်ထဲမှာ ပြင်းစွာသောဝေဒနာခံနေရစဉ်မှာ၊ စွန့်ပစ်ခံရတယ်လို့ ခံစားခဲ့ရပြီး၊ အဲဒီနောက်မှာ “ဤအရာတို့သည်… သင်၏ကောင်းကျိုးအတွက် ဖြစ်လိမ့်မည်” ၁၀ “ဘုရားသခင်သည် သင်နှင့်အတူ ကာလအစဉ်အဆက် ရှိလိမ့်မည်”၁၁ဆိုတဲ့ ကိုယ်တော်ရှင်ရဲ့ စကားတွေကိုကြားခဲ့ရသူဖြစ်တဲ့ ဂျိုးဇက်စမစ် အကြောင်း ဖြစ်ပါတယ်။

သူတို့တစ်ဦးချင်းစီတိုင်းဟာ သူတို့ရဲ့အသက်တာတွေမှာ ဆင်းရဲဒုက္ခများစွာကို မြင်ကြရသော်လည်း၊ သူတို့အသက်တာ တစ်လျှောက်လုံးမှာ ကိုယ်တော်ရှင် အလွန်နှစ်သက်တာကို ခံခဲ့ကြရတယ်ဆိုတဲ့ နီဖိုင်းသိခဲ့တဲ့အရာကို နားလည်ခဲ့ကြပါတယ်။

ကျွန်တော်တို့လည်း အသင်းသားတစ်ဦးချင်းအနေနဲ့ရော၊ အသင်းတော်တစ်ခုအနေနဲ့ရော လွန်ခဲ့တဲ့လများစွာမှာ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်ခြင်းအချိန်တွေအတွင်းမှာ ကိုယ်တော်ရှင်အလွန်နှစ်သက်တာကို ခံခဲ့ကြရတဲ့ပုံစံမျိုးနဲ့ အလားတူ စဉ်းစားနိုင်ကြပါတယ်။ ကျွန်တော် ဒီဥပမာတွေကို ကိုးကားပြတဲ့အချိန်မှာ၊ ကပ်ရောဂါရဲ့ အရိပ်အမြွက်မှန်သမျှ မတိုင်မီ ပြင်ဆင်ချက်တွေနဲ့ ကျွန်တော်တို့ကို ပြင်ဆင်ပေးသူ၊ ကျွန်တော်တို့ကို ရောက်လာခဲ့တဲ့ စိန်ခေါ်မှုတွေမှာ ကြံ့ကြံ့ခံဖို့ထောက်ကူပေးနေသူ ကျွန်တော်တို့ရဲ့ အသက်ရှင်တဲ့ပရောဖက်ရဲ့ မြင်ခြင်းအကြောင်းသင်တို့ရဲ့ သက်သေခံချက်ကိုလည်း ခွန်အားဖြည့်ပေးကြပါစေ။

ပထမ၊ ပိုပြီးတော့ အိမ်ဗဟိုပြု၊ အသင်းတော်ထောက်မခံများ ဖြစ်လာခြင်း။

လွန်ခဲ့တဲ့ နှစ်နှစ်က၊ ဥက္ကဌရပ်ဆဲလ်အမ်၊ နယ်လဆင်က ပြောခဲ့ပါတယ်၊ “ကျွန်တော်တို့ဟာ ‘အသင်းတော်’ ကို ကျွန်တော်တို့ရဲ့ အစည်းဝေးခန်းတွေမှာ ဖြစ်တဲ့ဟာ တစ်ခုခု၊ အိမ်မှာဖြစ်တဲ့အရာအားဖြင့် ထောက်မထားတဲ့အရာတစ်ခုအဖြစ် စဉ်းစားတာ အကျင့်ပါလာခဲ့ပြီးပါပြီ။ ဒီပုံစံနဲ့ကိုက်အောင် ကျွန်တော်တို့မှာ ပြင်ဆင်ချက်တစ်ခုလိုပါတယ်။ ကျွန်တော်တို့ရဲ့…အဆောက်အဦးတွေထဲမှာ ဖြစ်ပွားတဲ့အရာအားဖြင့် ထောက်မခံရတဲ့”၁၂အိမ်ဗဟိုပြုအသင်းတော် တစ်ခုဖြစ်ပါတယ်။ ဒါဟာ ပရောဖက်ဉာဏ်ရှိတဲ့ ပြင်ဆင်ချက်တစ်ခုဖြစ်ပါတယ်။ အိမ်ဗဟိုပြု ဧဝံဂေလိတရားတော် သင်ယူခြင်းကို အစည်းအဝေးခန်းတွေ ယာယီပိတ်ထားချိန်မှာ စတင်ကျင့်သုံးခဲ့ပါပြီ။ ကမ္ဘာကြီး ပုံမှန်ဖြစ်စပြုလို့ ကျွန်တော်တို့ ဝတ်ပြုခန်းတွေဆီကို ပြန်လာကြတဲ့ အခါမှာတောင်၊ ကပ်ရောဂါ ကာလ အတွင်းမှာ ဖြစ်လာခဲ့တဲ့ ကျွန်တော်တို့ရဲ့ အိမ်ဗဟိုပြုဧဝံဂေလိတရားတော်လေ့လာရေးနဲ့ သင်ယူခြင်းကို ကျွန်တော်တို့ ဆက်ထိန်းထား လိုကြမှာဖြစ်ပါတယ်။

ကိုယ်တော်ရှင်ရဲ့ အလွန်နှစ်သက်တာကို ခံရခြင်းနဲ့ ပတ်သက်လို့ ဒုတိယဥပမာကတော့ ပိုပြီးမြင့်မြတ်၊ ပိုပြီးသန့်ရှင်းတဲ့နည်းနဲ့ အမှုတော်ဆောင်ခြင်းနဲ့ ဆိုင်တဲ့ ဗျာဒိတ်တော် ဖြစ်ပါတယ်။

အမှုတော် ဆောင်ခြင်း

၂၀၁၈ မှာ၊ ဥက္ကဌနယ်လဆင်က အမှုတော်ဆောင်ခြင်းကို “ကျွန်တော်တို့အချင်းချင်း ဂရုစိုက်တဲ့နည်းဖြင့်”၁၃ ပြင်ဆင်ချက်တစ်ခုအဖြစ် စတင်ခဲ့ပါတယ်။ ကပ်ရောဂါက ကျွန်တော်တို့ရဲ့ အမှုတော်ဆောင်ခြင်းကျွမ်းကျင်မှုတွေကို သွေးပေးတဲ့ အခွင့်အရေးအမြောက်အမြားနဲ့ စတင်ပေးခဲ့ပါတယ်။ အမှုတော်ဆောင် ညီအစ်ကိုမောင်နှမများ၊ လူငယ်အမျိုးသမီးများနဲ့ လူငယ်အမျိုးသားများ၊ ပြီးတော့ အခြားသူများဟာ ဆက်သွယ်ခြင်း၊ စကားပြောခြင်း၊ ခြံဝန်းပြုစုရေး၊ အစားအစာ၊ နည်းပညာသတင်းစကားများ၊ လိုအပ်နေသူများကို ကောင်းချီးပေးဖို့ ပွဲတော်ဘိသိက်မင်္ဂလာ ပေးဖို့ ဖြန့်ကျက်ခဲ့ကြပါတယ်။ အသင်းတော်ကိုယ်တိုင်ကလည်း ကပ်ရောဂါကာလအတွင်းမှာ အစားအစာသိုလှောင်ရုံများသို့ မကြုံဖူးသောလူသုံးကုန်များ ဖြန့်ဝေခြင်းဖြင့်၊ အိုးအိမ်မဲ့များအတွက် နေစရာများ၊ လူဝင်မှုထောက်ပံ့ရေးဌာနများနှင့် ကမ္ဘာ့အပြင်းထန်ဆုံးငတ်မွတ်မှုအခြေနေများအတွက် ရည်ရွယ်တဲ့စီမံကိန်းများဖြင့် အမှုတော်ဆောင်နေပါတယ်။ လူမှုသက်သာရေးအဖွဲ့ညီအစ်မများနဲ့ သူတို့မိသားစုများက ကျန်းမာရေးလုပ်သားများအတွက် သန်းပေါင်းများစွာသော မျက်နှာဖုံးများပြုလုပ်ခြင်းစိန်ခေါ်မှုမှာ ကူညီခဲ့ကြပါတယ်။

လူမှုကူညီရေးစီမံကိန်း
မျက်နှာဖုံးစွပ်များ ပြုလုပ်နေပုံ

ဆင်းရဲဒုက္ခတွေအလယ်မှာ ကိုယ်တော်ရှင်ရဲ့ အလွန်နှစ်သက်တာခံရခြင်းရဲ့ နောက်ဆုံးဥပမာ တစ်ခုကတော့၊ ဗိမာန်တော်ဘိသိက်မင်္ဂလာတွေဆီကို ပြန်လာရာမှာ အရှိန်မြှင့်ထားတဲ့ဝမ်းမြောက်မှုကို ရှာဖွေခြင်း ပဲဖြစ်ပါတယ်။

ညီအစ်မ ကိုင်တလင် ပါးလ်မား

ဒါကို ပုံပြင်တစ်ခုနဲ့ အကောင်းဆုံး ဖော်ပြထားပါတယ်။ ညီအစ်မ ကိုင်တလင် ပါးလ်မား လွန်ခဲ့တဲ့ ဧပြီမှာ သာသနာပြုအမှုတော်ဆောင်တာဝန်ကို ရရှိတုန်းက၊ သူမဟာ သာသနာပြုတစ်ယောက်အဖြစ် အခေါ်ခံရဖို့ စိတ်လှုပ်ရှားခဲ့ပါတယ်၊ ဒါပေမယ့် ဗိမာန်တော်ကိုသွားပြီး ဝိညာဉ်ပကတိ အပ်နှင်းခြင်းကို ရရှိဖို့နဲ့ သန့်ရှင်းမွန်မြတ်သောပဋိညာဉ်များ ပြုဖို့ကလည်း အလားတူ အရေးကြီးတာကို ခံစားခဲ့ရပါတယ်။ သူမရဲ့ ဝိညာဉ်ပကတိအပ်နှင်းခြင်းကို စီစဉ်ပြီးမကြာမီ၊ ကမ္ဘာတန်းကပ်ရောဂါကြောင့် ဗိမာန်တော်အားလုံး ယာယီပိတ်မှာဖြစ်တဲ့အကြောင်း ကြေညာချက် ရောက်လာပါတယ်။ ဒီနှလုံးကြေကွဲဖွယ်သတင်းကို ရပြီးနောက်မှာ၊ သူမဟာ (အမ်တီစီ)ကို သူ့အိမ်ကနေ အွန်လိုင်းနဲ့တက်ရောက်မှာဖြစ်တဲ့အကြောင်းသိခဲ့ရပါတယ်။ ဒီစိတ်ပျက်မှုတွေရှိသော်ငြားလည်း၊ ကိုင်တလင်ဟာ သူမစိတ်ဝိညာဉ်ကိုကောင်းကောင်းထားဖို့ အာရုံစိုက်ခဲ့ပါတယ်။

ညီအစ်မ ကိုင်တလင် ပါးလ်မား နှင့် အိမ်တွင်း အမ်တီစီ

လူတွေမေးမြန်းခြင်းလတွေမှာ၊ ညီအစ်မပါးလ်မားဟာ ဗိမာန်တော်တက်ဖို့မျှော်လင့်ချက်ကို ဘယ်တော့မှ ပျောက်မသွားခဲ့ပါဘူး။ သူမထွက်ခွာခြင်းမတိုင်မီ ဗိမာန်တော်တွေ ဖွင့်ပါစေမည့်အကြောင်း သူမရဲ့မိသားစုက အစာရှောင် ဆုတောင်းခဲ့ပါတယ်။ ကိုင်တလင်ဟာ သူမရဲ့ အမ်တီစီမနက်ခင်းတွေမှာ၊ “ဒီနေ့ဟာ၊ ကျွန်မတို့ အံ့ဩဖွယ်တစ်ခုရရှိပြီး၊ ဗိမာန်တော်တွေပြန်ဖွင့်မယ့်နေ့ဖြစ်မလား လို့ ပြောရင်းမကြာခဏအစပြုခဲ့ပါတယ်။”

ကိုင်တလင်ရဲ့ သာသနာပြုရာကိုသွားမယ့် နံနက်အစောပိုင်းလေယာဉ် စီစဉ်ထားတဲ့နေ့မှာကိုပဲ အသက်ရှင်သောဘိသိက်မင်္ဂလာများအတွက် သူမရဲ့ဗိမာန်တော်ပြန်ဖွင့်မယ့်အကြောင်း၊ ပထမဥက္ကဌအဖွဲ့က၊ ဩဂုတ်လ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ သူမဟာ ဗိမာန်တော်တက်ရောက်ပြီး လေယာဉ်မီနိုင်မှာမဟုတ်ပါဘူး။ အောက်မြင်ဖို့မျှော်လင့်ချက်အနည်းငယ်နဲ့ပဲ၊ သူမမိသားစုဟာ သူတို့ဆုတောင်းခဲ့တဲ့ အံ့ဩဖွယ် တကယ် ဖြစ်လာဖို့နည်း တစ်ခုခု ရှိမရှိသိရအောင်လို့ ဗိမာန်တော်ဥက္ကဌ မိုက်ကယ် ဗယ်လင်ဂါကို ဆက်သွယ်ခဲ့ပါတယ်။ သူတို့ရဲ့ အစာရှောင်ခြင်းနဲ့ ဆုတောင်းခြင်းတွေ အဖြေရခဲ့ပါတယ်။

ဗိမာန်တော်ရောက်ပါးလ်မား မိသားစု

နံနက် ၂ နာရီမှာ၊ သူမလေယာဉ်မထွက်ခွာမီအချိန်တွေမှာ၊ ညီအစ်မပါးလ်မားနဲ့ မိသားစုဟာ၊ ဗိမာန်တော်တံခါးမှာ ပြုံးနေတဲ့ ဗိမာန်တော်ဥက္ကဌရဲ့၊ နှုတ်ဆက်တာကို မျက်ရေကျရင်းတွေ့ခဲ့ကြရပါတယ်၊ “မင်္ဂလာနံနက်ခင်းပါ၊ ပါးလ်မားမိသားစု၊ ဗိမာန်တော်ကကြိုဆိုပါတယ်” သူမရဲ့ ဝိညာဉ်ပကတိအပ်နှင်းခြင်းပြီးတဲ့အခါ၊ တံခါးမှာ နောက်မိသားစုစောင့်နေတာမိုလို့၊ သူတို့ကို မြန်မြန်သွားဖို့ တိုက်တွန်းခဲ့ကြပါတယ်။ သူတို့လည်း လေဆိပ်ကိုတစ်ခါတည်းမောင်းသွားလို့ သူမရဲ့ သာသနာပြုရာဆီကို သွားမယ့်လေယာဉ်ကို မီယုံလေးမီ ခဲ့ပါတယ်။

လေဆိပ်ရောက် ညီအစ်မပါးလ်မား

လပေါင်းများစွာ ကျွန်တော်တို့ လွတ်ခဲ့ရတဲ့ ဗိမာန်တော်ဘိသိက်မင်္ဂလာတွေဟာ ကမ္ဘာတဝန်းရှိ ဗိမာန်တော်တွေ တစ်ဆင့်ခြင်း ပြန်ဖွင့်တဲ့အခါ အရင်တုန်းက စိတ်ကူးမိခဲ့တာတွေထက် ပိုပြီးထူးကဲဟန်ရှိပါတယ်။

ကျွန်တော်နိဂုံးချုပ်အနေနဲ့၊ ပရောဖက်ဂျိုးဇက်စမစ်ရဲ့ အားပေးတဲ့၊ စိတ်ထက်သန်တဲ့၊ ချီးမြှောက်တဲ့ စကားတွေကို ကျေးဇူးပြု၍ နားထောင်ကြပါ။ သူဟာ ဆင်းရဲဒုက္ခနဲ့ အထီးကျန်နေချိန်၊ နော်ဗူးက အိမ်တစ်အိမ်မှာ ထိန်းချုပ်ကန့်သတ်ခံရချိန်၊ သူ့ကို တရားမဝင် ဖမ်းဖို့ကြိုး စားနေတဲ့ သူတွေဆီကနေ ပုန်းဖို့ ကြိုးစားနေချိန်မှာ အဲဒါတွေကို ရေးခဲ့တယ်လို့ တစ်ယောက်မှ မှန်းဆမိမှာ မဟုတ်ပါဘူး၊

“ယခုတွင်၊ ကျွန်ုပ်တို့လက်ခံရရှိလေသည့် ဧဝံဂေလိတရားတော်၌ အဘယ်အရာကို ကျွန်ုပ်တို့ကြားရသနည်း။ ကြားရသည်ကား၊ ဝမ်းသာခြင်းအသံ၊ ကောင်းကင်ဘုံမှကရုဏာအသံ၊ ထို့အတူ မြေကြီးမှ ထွက်သည့် သမ္မာတရားအသံ၊ သေသူတို့ အတွက် ဝမ်းသာစရာသတင်း၊ အသက်ရှင်သူတို့နှင့် သေသူတို့အတွက် ဝမ်းသာစရာအသံ၊ ကြီးစွာသောဝမ်းမြောက်ခြင်း၏ ဝမ်းသာစရာ သတင်းပေတည်း။ …

“…ကျွန်ုတို့သည် ထိုမျှကြီးမြတ်သော အကြောင်းရင်းကို ဆက်၍မပြုကြမည်လော။ ရှေ့သို့သွားကြလော့၊ နောက်သို့မသွားကြနှင့်။ ရဲရင့်ကြလော့၊… ထို့အတူ အောင်နိုင်ခြင်းသို့ ဆက်၍၊ ဆက်၍ သွားကြကုန်အံ့။ သင်တို့၏စိတ်နှလုံးကိုရွှင်လန်းဝမ်းမြောက်စေကြလော့၊ ထို့အတူ အလွန်ဝမ်းသာ ကြလော့။ မြေကြီးကို သီချင်းဆိုသံနှင့် ကြွေးကြော်စေလော့။”၁၄

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ တစ်နေ့မှာ၊ သင်တို့အယောက်တိုင်းဟာ၊ ပယ်ဖျက်ခဲ့ရတဲ့ပွဲတွေ၊ ဝမ်းနည်းမှု၊ စိတ်ပျက်မှုတွေ၊ ပြီးတော့ အထီးကျန်မှုတွေကို ကျွန်တော်တို့ ကျော်ဖြတ်နေရတဲ့ စိန်ခေါ်မှုအချိန်တွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်၊ အကောင်းဆုံး ကောင်းချီးမင်္ဂလာ၊ တိုးလာသောယုံကြည်ခြင်းနဲ့ သက်သေခံချက်များ အရိပ်လွှမ်းမိုးခြင်းရှိရာအဖြစ် ပြန်လည်အောက်မေ့ကြလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ဒီဘဝနဲ့ နောင်လာမယ့်ဘဝမှာ၊ သင်တို့ရဲ့ ဆင်းရဲဒုက္ခများ၊ သင်တို့ရဲ့ အမ္မုန်နိဟ၊ သင်တို့ရဲ့ လစ်ဘာတီ အကျဉ်းထောင်တို့ဟာ သင်တို့အကျိုးအတွက် သန့်ရှင်းမွန်မြတ်စေမှာဖြစ်ကြောင်း ကျွန်တော်ယုံကြည်ပါတယ်။၁၅ နီဖိုင်းလိုပဲ၊ ကျွန်တော်တို့ဟာ ကိုယ်တော်ရှင် အလွန် နှစ်သက်တော်မူတာကို ခံရကြောင်း မှတ်မိနေစဉ်မှာ ကျွန်တော်တို့ အသက်တာများရှိ ဆင်းရဲ ဒုက္ခများကို အသိအမှတ်ပြုနိုင်ကြမည့် အကြောင်း ကျွန်တော် ဆုတောင်းပါတယ်။

သူကိုယ်တိုင်က ဆင်းရဲဒုက္ခနဲ့ မစိမ်းတဲ့သူ၊ သူ့ရဲ့ အတိုင်းမသိသော အပြစ်ဖြေခြင်းမင်္ဂလာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ခပ်သိမ်းသောအရာတို့ရဲ့ အောက်ကို ဆင်းသက်ခဲ့သူ ယေရှုခရစ်တော်အကြောင်း ကျွန်တော့်သက်သေခံချက်နဲ့ နိဂုံးချုပ်ပါတယ်။၁၆ သူက ကျွန်တော်တို့ရဲ့ ဝမ်းနည်းပူဆွေးမှု၊ နာကျင်မှုနဲ့ စိတ်ပျက်မှုတွေကို နားလည်ပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်၊ ကျွန်တော်တို့ရဲ့ ရွေးနှုတ်ရှင်၊ ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်း၊ ကျွန်တော်တို့ရဲ့ နှစ်သိမ့်ခြင်းနဲ့ ကျွန်တော်တို့ရဲ့ ကယ်လွှတ်ရှင်ဖြစ်ပါတယ်။ ဒီအကြောင်းကို သူ့ရဲ့ သန့်ရှင်းသော နာမတော်၊ ယေရှုခရစ်တော်အားဖြင့် ကျွန်တော်သက်သေခံပါတယ်၊ အာမင်။