အထွေထွေညီလာခံ
တရားစွာပြု၊ ကရုဏာချစ်၊ ဘုရားသခင်ရှေ့နှိမ့်ချစွာကျင့်
အောက်တိုဘာ ၂၀၂၀ အထွေထွေညီလာခံ


13:27

တရားစွာပြု၊ ကရုဏာချစ်၊ ဘုရားသခင်ရှေ့နှိမ့်ချစွာကျင့်

တရားစွာပြုဆိုတာ လေးစားစွာ ပြုမူခြင်းကို ဆိုလိုပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်ရှေ့မှာ နှိမ်ချစွာကျင့်ခြင်းအားဖြင့် သူနဲ့ လေးစားစွာ ပြုမူကြပါတယ်။ ကရုဏာကို ချစ်ခြင်းအားဖြင့် အခြားသူတွေကို လေးစားစွာ ပြုမူကြပါတယ်။

ယေရှုခရစ်တော်ရဲ့နောက်လိုက်များ၊ နောက်ပိုင်းကာလသန့်ရှင်းသူများအနေနဲ့၊ ကျွန်တော်တို့ဟာ ပိုပြီးကောင်းကောင်းလုပ်ဖို့နဲ့ ပိုကောင်းလာဖို့ ကြိုးစားကြ—ကြိုးစားဖို့ တိုက်တွန်းခံရကြ—ပါတယ်။ ကျွန်တော်တွေးသလို သင်တို့တွေးကောင်းတွေးမိပါလိမ့်မယ်၊ “ကျွန်တော် လုံလုံလောက်လောက်လုပ်နေရဲ့လား” “တခြားဘာများ လုပ်နေသင့်သလဲ” သို့မဟုတ် “အပြစ်ရှိတဲ့ လူသားတစ်ယောက်အနေနဲ့၊ ငါဟာ ‘အဘယ်တော့မျှအဆုံးမရှိသော ပျော်ရွှင်ခြင်းအခြေအနေ၌ ဘုရားသခင်နှင့် အတူနေထိုင်’ဖို့ အရည်အချင်းရှိနိုင်မှာလဲ”

ဓမ္မဟောင်းကျမ်းပရောဖက် မိက္ခာက ဒီလိုမေးပါတယ်၊ “ငါသည် ကိုယ်တော်ရှင်ရှေ့တော်သို့ အဘယ်ပူဇော်သက္ကာပါလျက်၊ ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရားသခင်ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။” မတန်တဆကြီးမားတဲ့ ပူဇော်သက္ကတွေနဲ့တောင်မှ အပြစ်အတွက် အလျော်ပေးဖို့ လုံလောက်နိုင်ပါ့မလားလို့ သရော်တွေးတွေးခဲ့ပါတယ်၊ တွေးတာက “ကိုယ်တော်ရှင်သည် သိုးထီးတစ်ထောင်၊ ဆီမြစ်…[တစ်သောင်း]ကို အားရနှစ်သက်တော်မူမည်လော၊ ငါ့လွန်ကျူးခြင်းအတွက်…ငါ၏သားဦးကိုလည်းကောင်း၊ ငါ့စိတ်ဝိညာဉ်၏အပြစ်အတွက် ငါ၏ရင်သွေးကိုလည်းကောင်း ပူဇော်ရမည်လော”

အဖြေကတော့ မလောက်ပါ။ ကောင်းတဲ့အကျင့်တွေနဲ့ မလုံလောက်ပါ။ ကယ်တင်ခြင်းဆိုတာ လုပ်ယူလို့ရတာမဟုတ်ပါ။ မိက္ခာသိတဲ့ အင်မတန်ကြီးမားသော ယဇ်တွေနဲ့တောင်မှ အသေးဆုံးအပြစ်ကနေ မရွေးနှုတ်နိုင်ပါဘူး။ ကိုယ့်အားကိုယ်ကိုးကြမယ်ဆိုရင်၊ ဘုရားသခင့်မျက်မှောက်မှာ နေဖို့ ပြန်သွားခြင်းဖြစ်နိုင်ခြေဟာ မျှော်လင့်ချက်မရှိပါဘူး။

ဘုရားသခင်နဲ့ ယေရှုခရစ်တော်ဆီကလာတဲ့ ကောင်းချီးမင်္ဂလာတွေ မပါဘဲနဲ့ဆိုလျှင်၊ ကျွန်တော်တို့ဘာသာကျွန်တော်တို့ ဘယ်တော့မှ အလုံအလောက်မလုပ်နိုင်၊ လုံလောက်လာနိုင်မှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့်၊ သတင်းကောင်းကတော့၊ ယေရှုခရစ်တော်ကြောင့်၊ ပြီးတော့ သူ့အားဖြင့် ကျွန်တော်တို့ လုံလောက်လာနိုင်တယ်ဆိုတာဖြစ်ပါတယ်။ လူအားလုံးဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့်၊ ယေရှုခရစ်တော်ရဲ့ သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ရုပ်ပိုင်းသေခြင်းမှ ကယ်တင်ခြင်းကို ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့စိတ်နှလုံးကို ဘုရားသခင်ဆီလှည့်ကြမယ်ဆိုလျှင်၊ “[ယေရှု]ခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့်၊ ဧဝံဂေလိတရားတော်၏ပညတ်တရားနှင့် ဘိသိက်မင်္ဂလာများကို နာခံခြင်းအားဖြင့် ဝိညာဉ်ပကတိသေခြင်းမှ ကယ်တယ်ခြင်းကို အားလုံးအတွက် ရရှိနိုင်ပါတယ်။” ကျွန်တော်တို့ဟာ ဘုရားသခင်ရှေ့မှာ သန့်ရှင်းစင်ကြယ်စွာရပ်နိုင်ဖို့ အပြစ်ကနေ ရွေးနှုတ်ခံရနိုင်ပါတယ်။ မိက္ခာရှင်းပြခဲ့သလိုပါပဲ၊ “အချင်းလူ၊ [ဘုရားသခင်]သည် ကောင်းသောလမ်းကို ပြတော်မူပြီ၊ တရားသဖြင့်ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတစ်ပါး၊ အဘယ်အရာကို ကိုယ်တော်ရှင်တောင်းတော်မူသနည်း။”၁၀

ကျွန်တော်တို့စိတ်နှလုံးကို ဘုရားသခင်ဆီကို လှည့်ခြင်းနဲ့ ကယ်တင်ခြင်းအတွက် အရည်အချင်းရှိစေခြင်းနဲ့ပတ်သက်လို့ မိက္ခာရဲ့ လမ်းညွှန်ချက်မှာ ဆက်စပ်နေတဲ့လိုအပ်ချက် သုံးခုပါဝင်ပါတယ်။ တရားစွာပြု ဆိုတာ ဘုရားသခင်နဲ့ရော၊ အခြားလူတွေနဲ့ရော လေးစားစွာ ပြုမူခြင်းကို ဆိုလိုပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်ရှေ့မှာ နှိမ်ချစွာကျင့်ခြင်းအားဖြင့် သူနဲ့ လေးစားစွာ ပြုမူကြပါတယ်။ ကရုဏာကို ချစ်ခြင်းအားဖြင့် အခြားသူတွေကို လေးစားစွာ ပြုမူကြပါတယ်။ ဒါကြောင့်၊ တရားစွာပြု တယ်ဆိုတာ “သင်၏ဘုရားသခင်ကိုယ်တော်ရှင်ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့… [ပြီးတော့] ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့”လို့ဆိုတဲ့ ပထမနဲ့ ဒုတိယ အကြီးဆုံးပညတ်တော်တွေကို လက်တွေ့အသုံးပြုခြင်းဖြစ်ပါတယ်။၁၁

တရားစွာပြုတာနဲ့ ဘုရားသခင်ရှေ့မှာ နှိမ့်ချစွာကျင့်တယ်ဆိုတာ ကျွန်တော်တို့လက်ကို ဒုစရိုက်မှ တမင်သက်သက် ရုပ်သိမ်းတာ၊ သူ့ရဲ့ထုံးဥပဒေသတွေကို ကျင့်တာ၊ ပြီးတော့ စစ်မှန်စွာ ဆက်ပြီး သစ္စာရှိတာဖြစ်ပါတယ်။၁၂ တရားတဲ့လူဟာ အပြစ်ကို ကျောခိုင်းပြီးတော့၊ ဘုရားသခင်ဆီကို လှည့်ပါတယ်၊ သူနဲ့ပဋိညာဉ်တွေပြုတယ်၊ ပြီးတော့ အဲဒီပဋိညာဉ်တွေကို စောင့်ထိန်းပါတယ်။ တရားတဲ့လူဟာ ဘုရားသခင်ရဲ့ပညတ်တော်တွေကို နာခံဖို့ ရွေးချယ်ပါတယ်၊ ကျရှုံးတဲ့အခါ နောင်တရတယ်၊ ပြီးတော့ ဆက်ပြီးကြိုးစားပါတယ်။

ရှင်ပြန်ထမြောက်တဲ့ခရစ်တော် နီဖိုင်းအမျိုးသားတွေဆီကြွရောက်တုန်းက၊ မောရှေရဲ့ပညတ်တရားကို ပိုပြီးမြင့်တဲ့ ပညတ်တရားနဲ့ အစားထိုးထားကြောင်း ရှင်းပြတော်မူခဲ့ပါတယ်။ “ယဇ်များ၊… မီးရှို့ရာပူဇော်သက္ကာများ… ပူဇော်” ဖို့မလိုတော့ပဲ “ကျိုးပဲ့သောနှလုံးသားနှင့် ကြေကွဲသောစိတ်” ကိုသာ ပူဇော်ဖို့ သွန်သင်တော်မူခဲ့ပါတယ်။ “ကျိုးပဲ့သောနှလုံးသားနှင့် ကြေကွဲသောစိတ်ဖြင့် ငါ့ထံသို့ လာသောသူမှန်သမျှကို ငါသည် မီးဖြင့်၊ ထို့အတူ သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ဗတ္တိဇံပေးမည်” လို့ကတိထားတော်မူခဲ့ပါတယ်။၁၃ ကျွန်တော်တို့ဟာ ဗတ္တိဇံခံပြီးတဲ့နောက် သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးကို ရရှိပြီးအသုံးပြုကြတဲ့အခါ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ပုံမှန်အဖော်ပြုမှုနဲ့ မွေ့လျော်နိုင်ကြပါတယ်၊ ဘုရားသခင်ရှေ့မှာ နှိမ့်ချစွာ ဘယ်လိုကျင့်ရမလဲဆိုတာအပါအဝင်၊ ကျွန်တော်တို့ ပြုရမဲ့အရာမှန်သမျှကိုလည်း သွန်သင်ခံရနိုင်ပါတယ် ၁၄

ယေရှုခရစ်တော်၏ အပြစ်အတွက် ယဇ်နဲ့ သေခြင်းမှ ကယ်တင်ခြင်းတို့ကို ထိုကဲ့သို့ ကျိုးပဲ့သော နှလုံးသားနှင့် ကြေကွဲသောစိတ်ရှိသူ ခပ်သိမ်းအတွက် ရရှိနိုင်ပါတယ်။၁၅ ကျိုးပဲ့သောနှလုံးသားနဲ့ ကြေကွဲသောစိတ်ဟာ ကျွန်တော်တို့ကို ဝမ်းမြောက်စွာ နောင်တရဖို့နဲ့ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘ၊ ယေရှုခရစ်တော်တို့နဲ့ ပိုပြီးတူလာအောင်ကြိုးစားဖို့ လှုံ့ဆော်ပါတယ်။ ကျွန်တော်တို့အဲသလိုပြုကြတဲ့အခါ၊ ကယ်တင်ရှင်ရဲ့ သန့်ရှင်းစေခြင်း၊ အနာကင်းစေခြင်းနဲ့ ခွန်အားဖြည့်ပေးခြင်းတန်ခိုးကို ရရှိကြပါတယ်။ တရားစွာပြုရုံ၊ ဘုရားသခင်ရှေ့မှာ နှိမ့်ချစွာကျင့်ရုံတင်မဟုတ်ပါဘူး။ ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်ပြုသည့်နည်းတူ ကရုဏာကို ချစ်ဖို့လည်း သင်ယူကြပါတယ်။

ဘုရားသခင်က ကရုဏာမှာ မွေ့လျော်ပါတယ်၊ အသုံးချဖို့ မတွန့်တိုပါဘူး။ ယေဟောဝါကို လျှောက်တဲ့ မိက္ခာရဲ့ စကားတွေမှာ၊ “အပြစ်မှလွှတ်တော်မူထသော၊ ကိုယ်တော်ကဲ့သို့ အဘယ်ဘုရားသခင် ရှိပါသနည်း၊ … အကျွန်ုပ်တို့ကို သနား” ၍၊ “အပြစ်အလုံးစုံတို့ကို…နက်နဲသော ပင်လယ်ထဲသို့ ချတော်မူလိမ့်မည်။”၁၆ ဘုရားသခင်ကဲ့သို့ ကရုဏာကို ချစ်တယ်ဆိုတာ အခြားသူတွေကို တရားစွာပြုခြင်း၊ မတရား မဆက်ဆံခြင်းတို့နဲ့ ခွဲမရအောင်ဆက်စပ်နေပါတယ်။

အခြားသူတွေကို မတရားမဆက်ဆံခြင်းရဲ့ အရေးကြီးပုံကို ခရစ်တော်မတိုင်မီ ပထမရာစုမှာ ရှိခဲ့တဲ့ ယုဒ ပညာတတ် အသင်းလူကြီး ဟိလေလအကြောင်း ပုံတိုပတ်စမှာ ဖော်ပြထားပါတယ်၊ ဟိလေလရဲ့ကျောင်းသားတွေထဲက တစ်ယောက်ဟာ တိုရာ ပညတ်တော် ၆၁၃ ပါးနဲ့ ရဟူဒီစာတွေပါတဲ့ မောရှေကျမ်း ငါးကျမ်း ရဲ့ ရှုပ်ထွေးခြင်းကြောင့် စိတ်ကသိကအောင့်ဖြစ်ခဲ့ရပါတယ်။ အဲဒီကျောင်းသားက ဟိလေလကို ခြေတစ်ဖက်တည်းနဲ့ ရပ်နေနိုင်တဲ့အချိန်အတွင်း ပြီးအောင်ရှင်းပြဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဟိလေလဟာ အကြာကြီးထိန်းထားနိုင်မှာမဟုတ်ပေမယ့် စိန်ခေါ်မှုကို လက်ခံခဲ့ပါတယ်။ သူက ဝတ်ပြုရာကျမ်းကို ကိုးကားပြီးပြောခဲ့ပါတယ်၊ “သင့်အမျိုးသားချင်းသည် သင့်ကိုပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ရ၊ အငြိုးမထားရ၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်။”၁၇ အဲဒါပြီးတော့ ဟိလေလက နိဂုံးချုပ်လိုက်ပါတယ် “သင့်ကိုမပြုစေချင်တဲ့အရာကို၊ သင်နှင့်စပ်ဆိုင်သူကိုလည်း မပြုနှင့်။ ဒါက တိုရာတစ်ကျမ်းလုံးရဲ့ အချုပ်ဖြစ်တယ်၊ ကျန်တာတွေက ရှင်းလင်းချက် မှတ်စုဖြစ်တယ်။ ထွက်သွားပြီး လေ့လာလော့။”၁၈

အခြားသူတွေကို အမြဲလေးစားစွာဆက်ဆံခြင်းဟာ ကရုဏာကို ချစ်ခြင်းရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးက ဂျွန် ဟော့ပ်ကင်ဆေးရုံ အရေးပေါ်ဌာနမှ ဆယ်စုနှစ်များစွာက ကျွန်တော်အမှတ်တမဲ့ကြားခဲ့တဲ့ စကားတစ်ခုကို စဉ်းစားကြည့်ပါ။ လူနာတစ်ယောက်ဖြစ်တဲ့၊ မစ္စတာ ဂျက်ဆင်ဟာ ဆေးရုံဝန်ထမ်းတွေကောင်းကောင်းသိတဲ့ ယဉ်ကျေး၊ ဖော်ရွေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အရင်တုန်းက အရက်နဲ့ဆိုင်တဲ့ရောဂါကို ကုဖို့ ဆေးရုံခဏဏတက်ခဲ့ရဖူးပါတယ်။ ဒီအချိန်မှာတော့၊ မစ္စတာ ဂျက်ဆင်ဟာ အရက်သောက်လို့ဖြစ်တဲ့ သရက်ရွက်ရောင်တဲ့ လက္ခဏာတွေကြောင့် ဆေးရုံကို ပြန်လာတာဖြစ်ပါတယ်။

အလုပ်ကြိုးစားတဲ့၊ လေးစားစရာကောင်းတဲ့ သမားတော်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ကိုဟန်းဟာ သူ့တာဝန်ချိန်ပြီးခါနီးမှာ မစ္စတာဂျက်ဆင်ကို အကဲဖြတ်ပြီးတော့ ဆေးရုံတက်ဖို့ လိုတဲ့အကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒေါက်တာ ကိုဟန်းက၊ သူ့နောက်မှာ အလှည့်ကျတဲ့ သမားတော်၊ ဒေါက်တာ ဂျုန်းစ်ကို၊ မစ္စတာဂျက်ဆင်ကို လက်ခံဖို့နဲ့ ကုသခြင်းမှာ ကြီးကြပ်ဖို့ လွှဲအပ်ပါတယ်။

ဒေါက်တာဂျုန်းစ်ဟာ နာမည်ကြီးဆေးကျောင်းတစ်ခုမှာ တက်ခဲ့တာဖြစ်ပြီး၊ အထူးကုလေ့လာခြင်းမှာ အစပြုရုံပဲရှိပါသေးတယ်။ ပင်ပန်းလှတဲ့သင်တန်းမှာ မကြာခဏအိပ်ရေးပျက်ရတာတွေရှိပါတယ်၊ အဲဒါက ဒေါက်တာဂျုန်းစ်ရဲ့ ကတောက်ကဆတ် တုံ့ပြန်မှုကို ဖြစ်စေခဲ့ပါတယ်။ ငါးညမြောက်လက်ခံခြင်းနဲ့ ရင်ဆိုင်ရတော့၊ သူမက ဒေါက်တာကိုဟန်းကို ကျယ်ကျယ်လောင်လောင် အပြစ်တင်ပါတယ်။ မစ္စတာဂျက်ဆင်ကို နာရီများစွာ ဂရုစိုက်ရမယ်ဆိုတာ မတရားဘူးလို့ သူမက ခံစားမိတယ်၊ ဘာဖြစ်လို့လဲဆိုရင် သူ့ပြဿနာက သူ့ဘာသာသူ လုပ်လို့ ဖြစ်ခဲ့တာပဲလေ။

ဒေါက်တာကိုဟန်းရဲ့ ပြတ်သားတဲ့ တုန့်ပြန်မှုက တိုးတိုးလေးပြောခဲ့တာဖြစ်ပါတယ်။ သူပြောတာက၊ “ဒေါက်တာဂျုန်းစ်ရေ၊ မင်းဟာ လူတွေကို ဂရုစိုက်ဖို့နဲ့ ကုသဖို့ သမားတော်ဖြစ်လာခဲ့တာ။ သူတို့ကို ဝေဖန်အပြစ်တင်ဖို့ သမားတော်ဖြစ်လာခဲ့တာမဟုတ်ဘူး။ ကွဲပြားမှုကို မင်းနားမလည်ဘူးဆိုလျှင်၊ ဒီနယ်ပယ်မှာ လေ့ကျင့်ဖို့ အခွင့်အရေးမရှိဘူး။” ဒီလိုပြင်ပေးတာကို လိုက်နာရင်း၊ ဒေါက်တာဂျုန်းစ်ဟာ မစ္စတာဂျက်ဆင်ကို ဆေးရုံတက်နေစဉ်အတွင်း လုံ့လစိုက်ပြီး ဂရုစိုက်ခဲ့ပါတယ်။

အဲဒီတုန်းက မစ္စတာဂျက်ဆင် သေသွားခဲ့ပါတယ်။ ဒေါက်တာဂျုန်းစ်နဲ့ ဒေါက်တာကိုဟန်း နှစ်ဦးစလုံး စံပြလုပ်ငန်းကို လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်၊ ဒေါက်တာဂျုန်းစ်ဟာ သူမရဲ့ လေ့ကျင့်မှုရဲ့ အလွန်အရေးကြီးတဲ့အချိန်မှာ တရားစွာပြုဖို့၊ ကရုဏာကို ချစ်ဖို့နဲ့ မစ္စတာဂျက်ဆင်ကို ဝေဖန်ပြစ်တင်ခြင်းမရှိဘဲနဲ့ ဂရုစိုက်ဖို့ သတိပေးခံရဖို့ လိုအပ်ခဲ့ပါတယ်။၁၉

နှစ်တွေကြာလာတဲ့အခါ၊ အဲဒီသတိပေးမှုကနေ ကျွန်တော့မှာ အကျိုးရှိခဲ့ပါတယ်။ ကရုဏာကို ချစ်ခြင်းဆိုတာ၊ ကျွန်တော်တို့ဟာ ဘုရားသခင်ပေးတဲ့ ကရုဏာကို ချစ်ရုံသာမဟုတ်ပါဘူး။ ဘုရားသခင်က အခြားသူတွေကိုလည်း တူသောကရုဏာပေးတာကို ကျွန်တော်တို့ ပီတိဖြစ်ကြပါတယ်။ သူ့ပုံသက်သေကို လိုက်လျှောက်ကြပါတယ်။ “ခပ်သိမ်းသောသူတို့သည် ဘုရားသခင်အဖို့ အတူတူပင်ဖြစ်၏၊”၂၀ ကျွန်တော်တို့အားလုံးဟာ ကူညီခံရဖို့နဲ့ အနာကင်းရစေဖို့ ဝိညာဉ်ပကတိကုသမှု လိုအပ်ကြပါတယ်။ ကိုယ်တော်ရှင်ပြောခဲ့ပါတယ်၊ “သင်တို့သည် တစ်ဦးကို တခြားတစ်ဦးထက် သာ၍ကောင်းမြတ်သည်ဟု မမှတ်ယူရ၊ သို့မဟုတ်၊ လူတစ်ဦးသည် မိမိကိုယ်ကို တခြားတစ်ဦးထက်သာ၍ကောင်းမြတ်သည်ဟု မထင်မှတ်ရ။”၂၁

တရားစွာကျင့်တယ်၊ ကရုဏာကိုချစ်တယ်ဆိုတာ ဘာလဲဆိုတာ ယေရှုခရစ်တော်က ပုံသက်သေပြခဲ့ပါတယ်။ သူက အပြစ်သားတွေနဲ့ လွတ်လပ်စွာပေါင်းသင်းခဲ့တယ်၊ သူတို့ကို ဂုဏ်ယူစွာ၊ လေးစားစွာဆက်ဆံခဲ့တယ်။ ဘုရားသခင်ရဲ့ ပညတ်တော်တွေကို စောင့်ထိန်းခြင်းရဲ့ ဝမ်းမြောက်မှုကို သွန်သင်ပေးခဲ့တယ်၊ ရုန်းကန်ရတဲ့သူတွေကို အပြစ်တင်မယ့်အစား မြှင့်တင်ပေးဖို့ ကြိုးစားခဲ့တယ်။ မထိုက်တန်ဘူးလို့ မှတ်ယူထားတဲ့လူတွေကို အမှုတော်ဆောင်ခြင်းအတွက် သူ့ကို အပြစ်ရှာကြတဲ့သူတွေကို သူက ရှုတ်ချခဲ့ပါတယ်။၂၂ အဲသလို ကိုယ်သာဖြောင့်မတ်တယ်ဆိုတဲ့သူတွေက သူ့ကို စော်ကားခဲ့ကြပါတယ်၊ စော်ကားနေတုန်းပါပဲ။၂၃

ခရစ်တော်လိုမျိုးဖြစ်ဖို့ရာ၊ လူဟာ တရားစွာကျင့်၊ ဘုရားသခင်နဲ့ရော၊ အခြားသူများနဲ့ရော လေးစားစွာ ပြုမူပါတယ်။ တရားတဲ့သူဟာ စကားနဲ့ အမူအယာယဉ်ကျေးပါတယ်၊ အမြင် သို့မဟုတ် ယုံကြည်မှု ကွဲပြားမှုတွေက စစ်မှန်သောကြင်နာမှုနဲ့ မိတ်ဆွေဖြစ်ခြင်းတို့ကို မဟန့်တားကြောင်း အသိအမှတ်ပြုပါတယ်။ တရားစွာကျင့်သူများဟာ “တစ်ယောက်ကို တစ်ယောက် ထိခိုက်စေလိုစိတ်လည်းမရှိကြ၊ ငြိမ်းချမ်းစွာသာ နေလိုစိတ်ရှိကြပါတယ်”၂၄

ခရစ်တော်လိုဖြစ်ဖို့ရာ၊ လူဟာ ကရုဏာကို ချစ်ပါတယ်။ ကရုဏာချစ်တဲ့လူတွေဟာ ဝေဖန်အပြစ်တင်သူတွေမဟုတ်ကြပါဘူး၊ သူတို့ဟာ အခြားသူတွေအပေါ်သနားခြင်းကို ထင်ရှားစွာပြကြပါတယ်၊ အထူးသဖြင့် ကံမကောင်းကြတဲ့ သူတွေအပေါ်ကို ပြကြပါတယ်။ သူတို့ဟာ ချစ်ခင်နှစ်သက်ကြ၊ ကြင်နာကြ၊ ဂုဏ်ယူစရာကောင်းကြပါတယ်။ အဲဒီသူတွေဟာ လူတိုင်းကို မျိုးရိုး၊ လိင်၊ ဘာသာရေး၊ လိင်စိတ်အခြေအနေ၊ လူမှုစီးပွားရေးအခြေအနေ၊ အမျိုးအနွယ်၊ ဂိုဏ်းဂဏ၊ လူမျိုးကွဲပြားမှုတွေ ဘာပဲဖြစ်ဖြစ် ချစ်ခြင်းနဲ့၊ နားလည်မှုနဲ့ ဆက်ဆံကြပါတယ်။ ဒါတွေကို ခရစ်တော်လိုချစ်ခြင်းနဲ့ အစားထိုးပါတယ်။

ခရစ်တော်လိုဖြစ်ဖို့ရာ၊ လူဟာ ဘုရားသခင်ကို ရွေးချယ်ပါတယ်၊ ၂၅ သူ့ရှေ့မှာနှိမ့်ချစွာကျင့်ပါတယ်၊ သူနှစ်သက်စေဖို့ ကြိုးစားပါတယ်၊ သူနဲ့ပြုထားတဲ့ပဋိညာဉ်တွေကို စောင့်ထိန်းပါတယ်။ ဘုရားသခင်ရှေ့မှာ နှိမ့်ချစွာကျင့်သူတွေဟာ သူတို့အတွက် ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်ပြုထားတဲ့အရာတွေကို သတိရကြပါတယ်။

ကျွန်တော် လုံလုံလောက်လောက်လုပ်နေရဲ့လား။ တခြား ဘာများ လုပ်နေသင့်သလဲ ဒီမေးခွန်းတွေကို ဖြေရာမှာ ကျွန်တော်တို့ လုပ်ဆောင်ချက်က ဒီဘဝမှာရော၊ ထာဝရကာလမှာရော ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုအတွက် အဓိကကျပါတယ်။ ကယ်တင်ရှင်က ကျွန်တော်တို့ ကယ်တယ်ခြင်းကို အလေးမထားခြင်း မရှိစေလိုပါဘူး။ ကျွန်တော်တို့ သန့်ရှင်းမွန်မြတ်သောပဋိညာဉ်တွေပြုပြီးတာတောင်မှ၊ “ကျေးဇူးတော်ဆီကနေ လဲကျတာနဲ့ အသက်ရှင်တဲ့ဘုရားသခင်ဆီကနေ ထွက်ခွာတာ ဖြစ်နိုင်ခြေရှိပါတယ်။” ဒါကြောင့် ကျွန်တော်တို့ဟာ “သွေးဆောင်ဖြားယောင်းခြင်းထဲသို့” လဲကျခြင်းကို ရှောင်ရှားဖို့ “သတိပြု၍၊ အစဉ်အမြဲဆုတောင်း” ကြရမှာဖြစ်ပါတယ်။၂၆

ဒါပေမယ့်၊ တစ်ချိန်တည်းမှာပဲ၊ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်က ကျွန်တော်တို့ရဲ့ လူ့ဇာတိခရီးအတွင်း ဆက်တိုက် မသေချာခြင်း၊ ကယ်တင်ခံရဖို့နဲ့ ချီးမြှောက်ခံရဖို့ အလုံအလောက်လုပ်ပြီး မပြီးတွေးတောခြင်းတို့အားဖြင့် ကျွန်တော်တို့ကို ရပ်ဆိုင်းခံရစေဖို့ အလိုမရှိကြပါဘူး။ ကျွန်တော်တို့နောင်တရခဲ့ပြီးဖြစ်တဲ့ အမှားတွေကို ဘယ်တော့ကုမရတဲ့ ဒဏ်ရာတွေအဖြစ်တွေးရင်း၊ အဲဒါတွေကြောင့် ကျွန်တော်တို့ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်မှာကို ၂၇ သို့မဟုတ် ကျွန်တော်တို့ တစ်ဖန်ထိပြီးလဲလိမ့်ဦးမယ်လို့ အလွန်အမင်းစိုးရိမ်ရမှာကို သူတို့တကယ်ကို အလိုမရှိကြပါဘူး။

ကျွန်တော်တို့ရဲ့ တိုးတက်မှုကို ကျွန်တော်တို့ဆန်းစစ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ တရားစွာကျင့်ကြ၊ ကရုဏာကို ချစ်ကြ၊ ကျွန်တော်တို့ဘုရားသခင်ရှေ့မှာ နှိမ့်ချစွာ ကျင့်ကြတဲ့အခါ၊ “[ကျွန်တော်တို့]လိုက်နေတဲ့ဘဝလမ်းကြောင်းဟာ ဘုရာသခင်ရဲ့ အလိုတော်အတိုင်း ဖြစ်ကြောင်း”၂၈ သိနိုင်ကြပါတယ်။ ကျွန်တော်တို့ဟာ ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်တို့ရဲ့ဂုဏ်ရည်တွေကို ကျွန်တော်တို့အကျင့်စရိုက်နဲ့ တစ်သားတည်းဖြစ်စေကြပါတယ်၊ ပြီးတော့ တစ်ယောက်ကို တစ်ယောက် ချစ်ကြပါတယ်။

ဒါတွေကို သင်တို့လုပ်ဆောင်ကြတဲ့အခါ၊ ပဋိညာဉ်လမ်းကြောင်းကို လိုက်ကြမှာ၊ “ဘယ်တော့မှအဆုံးမရှိတဲ့ ပျော်ရွှင်ခြင်းအခြေအနေ၌ ဘုရားသခင်နဲ့အတူနေဖို့ အရည်အချင်းရှိစေကြမှာဖြစ်ပါတယ်”။၂၉ သင်တို့ရဲ့ စိတ်ဝိညာဉ်တွေဟာ ဘုရားသခင်ရဲ့ဘုန်းအသရေနဲ့၊ ထာဝရတည်မြဲသောအလင်းနဲ့ပြည့်ကြမှာဖြစ်ပါတယ်။၃၀ သင်တို့ဟာ နားမလည်နိုင်တဲ့ဝမ်းမြောက်မှုနဲ့ ပြည့်ကြမှာဖြစ်ပါတယ်။၃၁ ဘုရားသခင် အသက်ရှင်တဲ့အကြောင်း၊ ယေရှုဟာ ခရစ်တော်၊ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နဲ့ ရွေးနှုတ်ရှင်၊ ပြီးတော့ သူ့ရဲ့ ကရုဏာတော်ကို ကျွန်တော်တို့အားလုံးဆီကို ချစ်ခြင်းဖြင့် ဝမ်းမြောက်စွာ ကမ်းလှမ်းတဲ့အကြောင်း ကျွန်တော်သက်သေခံပါတယ်။ အဲဒါကို သင်တို့ မကြိုက်ကြဘူးလား။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။