ခိုင်မြဲသောတန်ခိုး
ကျွန်တော်တို့ရဲ့ အတွင်းစိတ်ဝိညာဉ်ကို ပြည့်စေတဲ့ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်သည်သာ ကျွန်တော်တို့ကို ထောက်မဖို့ လုံလောက်ပါတယ်—သူ့တန်ခိုးဆီရောက်ဖို့ရာလည်း ကျွန်တော်တို့ကို အခွင့်ပေးပါတယ်။
ကျွန်တော်တို့ရဲ့ ချစ်စွာသောပရောဖက်၊ ဥက္ကဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်ရဲ့ သွန်သင်ခြင်းတွေကို ပြန်ကြည့်ရင်းနဲ့၊ ဒေသနာများစွာမှာ သူမကြာခဏ အသုံးပြုခဲ့တဲ့ စကားတစ်လုံးကို ကျွန်တော်တွေ့ခဲ့ပါတယ်။ ဒီစကားလုံးကတော့တန်ခိုးဖြစ်ပါတယ်။
တမန်တော်တစ်ပါးအဖြစ် ထောက်မခံရပြီးနောက် ပထမဆုံးအထွေထွေညီလာခံမှာ၊ ဥက္ကဌနယ်လဆင်က တန်ခိုးအကြောင်းကို ပြောခဲ့ပါတယ်။၁ သူက တန်ခိုးအကြောင်းကို နှစ်များစွာကြာအောင်ဆက်ပြီး သွန်သင်နေခဲ့ပါတယ်။ ဥက္ကဌနယ်လဆင်ကို ကျွန်တော်တို့ရဲ့ ပရောဖက်အဖြစ် ကျွန်တော်တို့ ထောက်မပြီးကတည်းက၊ တန်ခိုးအကြောင်း —အထူးသဖြင့်၊ ဘုရားသခင်ရဲ့ တန်ခိုး—အကြောင်းနဲ့ အဲဒီတန်ခိုးဆီကို ကျွန်တော်တို့ဘယ်လိုရောက်နိုင်ကြောင်း သွန်သင်ခဲ့ပါတယ်။ ကျွန်တော်တို့ အခြားသူတွေကို အမှုတော်ဆောင်စဉ်မှာ ဘုရားသခင်ရဲ့ တန်ခိုးကို ကျွန်တော်သို့အပေါ် ဘယ်လိုယူတင်နိုင်တဲ့အကြောင်း၊၂နောင်တရခြင်းက ယေရှုခရစ်တော်ရဲ့ တန်ခိုးနဲ့ သူ့အပြစ်ဖြေခြင်းမင်္ဂလာကို ကျွန်တော်တို့ဘဝတွေထဲ ဘယ်လို ဖိတ်ခေါ်နိုင်တဲ့ အကြောင်း၊၃ပြီးတော့ ယဇ်ပုရောဟိတ်အခွင့်—ဘုရားသခင်ရဲ့ တန်ခိုးနဲ့အခွင့်အာဏာက—သူနဲ့ပဋိညာဉ်ပြုပြီးစောင့်ထိန်းသူအပေါင်းကို ဘယ်လိုကောင်းချီးပေးတဲ့အကြောင်း ကို သွန်သင်ပေးခဲ့ပါတယ်။၄ ဗိမန်တော်ထဲမှာ ဝိညာဉ်ပကတိအပ်နှင်းခံပြီး၊ မိမိတို့ပဋိညာဉ်တွေကို စောင့်ထိန်းတဲ့သူအားလုံးဆီကို ဘုရားသခင်ရဲ့ တန်ခိုးစီးဝင်တဲ့အကြောင်း ဥက္ကဌနယ်လဆင်က သက်သေခံခဲ့ပါတယ်။၅
ဧပြီ ၂၀၂၀ အထွေထွေညီလာခံမှာ ဥက္ကဌနယ်လဆင် ပေးခဲ့တဲ့ စိန်ခေါ်မှုတစ်ခုအကြောင်းကို ကျွန်တော်အထူး ခံစားမိခဲ့ပါတယ်။ “သင်ဝိညာဉ်ပကတိအပ်နှင်းခံရပြီးဖြစ်တဲ့—သို့မဟုတ် သင် ဝိညာဉ်ပကတိအပ်နှင်းခံရတော့မယ့် တန်ခိုးနဲ့ အသိပညာအကြောင်းကို ပိုပြီးလေ့လာ၊ ဆုတောင်း”၆ ဖို့ ကျွန်တော်တို့ကို သွန်သင်ခဲ့ပါတယ်။
ဒီစိန်ခေါ်မှုကို တုန့်ပြန်တဲ့အနေနဲ့၊ ကျွန်တော်ဝိညာဉ်ပကတိအပ်နှင်းခံရပြီးဖြစ်တဲ့—သို့မဟုတ် ကျွန်တော် ဝိညာဉ်ပကတိအပ်နှင်းခံရတော့မယ့် တန်ခိုးနဲ့ အသိပညာအကြောင်းကို လေ့လာခဲ့ ဆုတောင်းခဲ့ပြီး အကျိုးရှိတဲ့အရာအချို့ကို သင်ယူခဲ့ရပါတယ်။
ကျွန်တော်တို့ဘဝတွေမှာ ဘုရားသခင်ရဲ့ တန်ခိုးဆီကို ရောက်ဖို့ ကျွန်တော်တို့ လုပ်ရမယ့်အရာကို နားလည်ခြင်းဆိုတာ မလွယ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့စိတ်နဲ့လေ့လာခြင်းနဲ့ ကျွန်တော်တို့ကို အလင်းသို့ရောက်စေဖို သန့်ရှင်းသောဝိညာဉ်တော်ကို ဆုတောင်းခြင်းတို့ဖြင့် လုပ်နိုင်တဲ့အရာဖြစ်ကြောင်းကို ကျွန်တော်တွေ့ခဲ့ပါတယ်။ ၇ ဘုရားသခင်ရဲ့တန်ခိုးဆိုတာ ဘာလဲဆိုတာ ရှင်းတဲ့အဓိပ္ပာယ်တစ်ခုကို အသင်းလူကြီး ရစ်ချဒ် ဂျီ၊ စကော့တ်က ပေးခဲ့ပါတယ်၊ အဲဒါက “ကျွန်တော်တို့ဘာသာကျွန်တော်တို့ လုပ်နိုင်တာထက် ပိုလုပ်တဲ့ တန်ခိုး”၈ ဖြစ်ပါတယ်။
ကျွန်တော်တို့နှလုံးသားကို အမှန်စင်စစ် ကျွန်တော်တို့စိတ်ဝိညာဉ်ကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်၊ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းတို့ဖြင့် ဖြည့်ခြင်းဟာ၊ ဒီစိန်ခေါ်မှုကာလတွေအတွင်းမှာ ကျွန်တော်တို့ကို ကူညီဖို့ ဘုရားသခင်ရဲ့တန်ခိုးကို ယူတင်ခြင်းအတွက် အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့နှလုံးသားထဲကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းတို့ နက်နက်နဲနဲမရောက်ဘဲနဲ့ဆိုရင်၊ ကျွန်တော်တို့ရဲ့ သက်သေခံချက်တွေနဲ့ ယုံကြည်ခြင်း ကျရှုံးနိုင်ပါတယ်၊ ကျွန်တော်တို့ကို ပေးချင်တဲ့ ဘုရားသခင်ရဲ့တန်ခိုးရောက်ခြင်းကိုလည်း ကျွန်တော်တို့ပျောက်ဆုံးနိုင်ပါတယ်။ အပေါ်ယံယုံကြည်ခြင်းဟာ မလုံလောက်ပါဘူး။ ကျွန်တော်တို့ရဲ့ အတွင်းစိတ်ဝိညာဉ်ကို ပြည့်စေတဲ့ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်သည်သာ ကျွန်တော်တို့ကို ထောက်မဖို့ လုံလောက်ပါတယ်—သူ့တန်ခိုးဆီရောက်ဖို့ရာလည်း ကျွန်တော်တို့ကို အခွင့်ပေးပါတယ်။
ညီအစ်မဂျွန်ဆင်နဲ့ ကျွန်တော်၊ ကျွန်တော်တို့ကလေးတွေကို ပြုစုပျိုးထောင်တုန်းက၊ တစ်ယောက်ချင်းစီကို ဂီတတူရိယာတစ်ခု တီးဖို့ အားပေးခဲ့ပါတယ်။ ဒါပေမယ့်၊ သူတို့အပိုင်းသူတို့လုပ်ပြီး၊ သူတို့တူရိယာနဲ့ နေ့စဉ်လေ့ကျင့်မှသာ ဂီတသင်ခန်းစာတွေသင်ယူခွင့်ပေးခဲ့တာပါ။ စနေနေ့တစ်နေ့မှာ၊ ကျွန်တော်တို့ရဲ့ သမီးဂျာလင်းက သူ့သူငယ်ချင်းတွေနဲ့ တီးချင်တယ်၊ ဒါပေမယ့် သူ စန္ဒယားကို မလေ့ကျင့်ရသေးဘူး။ သူက မိနစ် ၃၀ လေ့ကျင့်မယ်လို့ ကတိကဝတ်ထားခဲ့တာကြောင့်၊ အချိန်မှတ်ဖို့ ရည်ရွယ်ခဲ့တယ် ဘာဖြစ်လို့လဲဆိုရင် လိုတာထက် တစ်မိနစ်တောင် ပိုမလေ့ကျင့်ချင်လို့ပဲဖြစ်ပါတယ်။
စန္ဒယားဆီအသွားမှာ မိုက်ခရိုဝေ့မီးဖိုနားက ဖြတ်သွားရင်း၊ ခဏရပ်ပြီး ခလုတ်အချို့ကို နှိပ်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်မှတ်တာကို ချိန်ရမယ့်အစား၊ မိုက်ခရိုဝေ့မီးဖိုကို မိနစ် ၃၀ ချက်ဖို့ ချိန်ပြီး၊ အစ ခလုတ်ကို နှိပ်ခဲ့ပါတယ်။ မိနစ် ၂၀ လောက် လေ့ကျင့်ပြီးတဲ့အခါ၊ အချိန်ဘယ်လောက်ကျန်သေးလဲကြည့်ရအောင်လို့ မီးဖိုချောင်ထဲကို ပြန်လျှောက်သွားတော့၊ မိုက်ခရိုဝေ့မီးဖို မီးလောင်နေတာကို တွေ့ရတယ်။
အဲဒီနောက် သူလည်း ကျွန်တော်အလုပ်လုပ်နေတဲ့ နောက်ဘေးခြံထဲကို ပြေးဝင်လာပြီး၊ အိမ်ကို မီးလောင်နေတဲ့အကြောင်း အော်ပါတော့တယ်။ ကျွန်တော် အိမ်ထဲကို အမြန်ပြေးဝင်သွားတော့၊ မိုက်ခရိုဝေ့မီးဖို မီးလောင်နေတာကို တကယ်တွေ့ခဲ့ရပါတယ်။
ကျွန်တော်တို့အိမ်ကို မီးလောင်တာကနေကာကွယ်ဖို့၊ မိုက်ခရိုဝေ့မီးဖိုနောက်ကိုသွားပြီး ပလပ်ကို ဖြုတ်၊ မီးလောင်နေတဲ့မိုက်ခရိုဝေ့မီးဖိုကို ကောင်တာကနေ မဖို့ ဓာတ်ကြိုးကို သုံးခဲ့ပါတယ်။ သူရဲကောင်းတစ်ယောက်လို အန္တရာယ်နဲ့ ကျွန်တော်တို့အိမ်ကိုလည်း ကာကွယ်ဖို့၊ ကျွန်တော်လည်း မီးတောက်နေတဲ့ မိုက်ခရိုဝေ့မီးဖိုကို ကျွန်တော့်ကိုယ်နဲ့မထိအောင် ဓာတ်ကြိုးနဲ့ လှည့်လွှဲရင် နောက်ဘေးခြံထဲကို ရောက်တော့၊ တစ်ခေါက်ထပ်လွှဲပြီး မြက်ခင်းပေါ် လွှင့်ပစ်လိုက်ပါတယ်။ အဲဒီမှာ မီးတောက်တွေကို ပိုက်နဲ့ ငြှိမ်းနိုင်ခဲ့ပါတယ်။
ဘာများမှားခဲ့ပါသလဲ။ မိုက်ခရိုဝေ့မီးဖိုဟာ စွမ်းအင်စုပ်ယူဖို့ တစ်ခုခုလိုအပ်ပါတယ်၊ အထဲမှာ စွမ်းအင်စုပ်ယူဖို့ ဘာမှမရှိတဲ့အခါ၊ မီးဖိုကိုယ်တိုင်က စွမ်းအင်ကို စုပ်ယူပါတယ်၊ ပူလာပြီး၊ မီးစလောင်နိုင်ပါတယ်၊ မီးတောက်တွေ ပြာတွေနဲ့ သူ့ကိုယ်သူဖျက်ဆီးပါတယ်။၉ ကျွန်တော်တို့မိုက်ခရိုဝေ့မီးဖိုတစ်ခုလုံး မီးထတောက်ပြီး လောင်သွားခဲ့ပါတယ်၊ အထဲမှာဘာမှမရှိလို့ပဲဖြစ်ပါတယ်။
ဒီလိုပါပဲ၊ ကိုယ့်စိတ်နှလုံးထဲမှာ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ရှိတဲ့သူတွေဟာ၊ စုပ်ယူနိုင်စွမ်းရှိကြပြီးတော့ ကျွန်တော်တို့ကို ဖျက်ဆီးဖို့ မာနတ်အမှန်စေလွှတ်မယ့် မီးစက်လက်နက်တွေကို အောင်နိုင်ကြမှာဖြစ်ပါတယ်။၁၀ သို့မဟုတ်လျှင်၊ ကျွန်တော်တို့မျှော်လင့်ခြင်းနဲ့ ခံယူချက် မတည်မြဲနိုင်ပါဘူး၊ ဘာမှမရှိတဲ့မိုက်ခရိုဝေ့မီးဖိုလိုပဲ၊ ကျွန်တော်တို့ဒဏ်ရာရလာနိုင်ပါတယ်။
ကျွန်တော့်စိတ်ဝိညာဉ်ထဲမှာ ယေရှုခရစ်တော်နဲ့ သူ့အပြစ်ဖြေခြင်းမင်္ဂလာကို ယုံကြည်ခြင်းနဲ့အတူ ဘုရားသခင်ရဲ့နှုတ်ကပတ်တော် နက်နဲစွာရှိခြင်းက၊ မာရ်နတ်၊ ကျွန်တော့်ကို သူပစ်မယ့်အရာမှန်သမျှကို အောင်နိုင်ရန် ဘုရားသခင်ရဲ့တန်ခိုးကို ယူတင်ဖို့ ကျွန်တော့ကို အခွင့်ပေးတယ်ဆိုတာ သင်ယူခဲ့ရပါတယ်။ ကျွန်တော်တို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရချိန်မှာ၊ ကိုယ်တော်ရှင်ရဲ့ကတိတော်ကို မှီခိုနိုင်ပါတယ်၊ ပေါလုသွန်သင်ခဲ့တာက၊ “အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သောစိတ်သဘောကို ငါတို့အား ပေးတော်မူသည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။”၁၁
ကယ်တင်ရှင်ဟာ သူငယ်အရွယ်မှာ “ကြီးပွား၍ ပညာဉာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်၏”၁၂ ဆိုတာကို ကျွန်တော်တို့သိကြပါတယ်။ သူအသက်ကြီးလာတဲ့အခါ၊ “ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍၊ ပညာတိုးပွားလျက်၊ ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏”၁၃ဆိုတာကို ကျွန်တော်တို့သိကြပါတယ်။ သူ့အမှုတော်ဆောင်ခြင်းစတဲ့အခါ၊ သူ့ကိုနားထောင်တဲ့သူတွေဟာ “အာဏာနှင့် ဟောတော်မူသောကြောင့်၊ ဒေသနာတော်ကို အလွန်အံ့ဩကြ၏”၁၄ ဆိုတာကိုလည်း ကျွန်တော်တို့သိကြပါတယ်။
ပြင်ဆင်ခြင်းတစ်လျှောက်မှာ၊ ကယ်တင်ရှင်ဟာ၊ တန်ခိုးကြီးပွားလျက်၊ စာတန်၏သွေးဆောင်ခြင်းမှန်သမျှကို ခုခံနိုင်စွမ်းရှိခဲ့ပါတယ်။၁၅ ကျွန်တော်တို့ဟာ ကယ်တင်ရှင်ရဲ့ ပုံသက်သေနောက်ကိုလိုက်လျှောက်ရင်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို လေ့လာခြင်းနဲ့ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကို နက်နဲစေခြင်းတို့အားဖြင့် ပြင်ဆင်တဲ့အခါ၊ သွေးဆောင်ခြင်းတွေကို ခုခံဖို့ ဘုရားသခင်ရဲ့တန်ခိုးကို ယူတင်နိုင်ကြပါတယ်။
ဗိမာန်တော်တက်ရောက်ခြင်းကို ပုံမှန်မဖြစ်နိုင်စေတဲ့ စုဝေးခြင်းကန့်သတ်ထားတဲ့ ယခုလိုအချိန်မျိုးမှာ၊ ကျွန်တော်တို့ဟာ ဗိမာန်တော်ပဋိညာဉ်တွေပြုခြင်း၊ စောင့်ထိန်းခြင်းအားဖြင့် ကျွန်တော်တို့ဆီရောက်လာတဲ့ ဘုရားသခင်ရဲ့တန်ခိုးအကြောင်းကို ပို၍လေ့လာသင်ယူခြင်းမှာ ဆက်ပြီးရှိကြဖို့ကို ကျွန်တော်ထပ်ပြောချင်ပါတယ်။ ကာ့တ်လန်းဗိမာန်တော် ဆက်ကပ်ခြင်းဆုတောင်းမှာ ကတိထားခဲ့တဲ့အတိုင်း၊ ကျွန်တော်တို့ဟာ ဗိမာန်တော်ကို ဘုရားသခင်ရဲ့တန်ခိုးနဲ့စွဲကိုင်ထားခဲ့ကြပါတယ်။၁၆ ဗိမာန်တော်ပဋိညာဉ်တွေပြုကြ၊ စောင့်ထိန်းကြသူများအပေါ် သွန်းလောင်းပေးခဲ့တဲ့ ဘုရားသခင်ရဲ့ တန်ခိုးနဲ့ ပတ်သက်လို့ ရက်လွန်ခြင်းမရှိပါ၊ ကပ်ရောဂါကာလအတွင်းမှာ အဲဒီတန်ခိုးဆီရောက်ဖို့ ကန့်သတ်ချက်လည်းမရှိပါဘူး။ ကျွန်တော်တို့ရဲ့ပဋိညာဉ်တွေကို စောင့်ထိန်းဖို့၊ သူ့တန်ခိုးကို ရရှိရန် ကျွန်တော်တို့ကို ဆက်တိုက် အရည်အချင်းရှိစေဖို့ အခွင့်ပေးတဲ့နည်းအတိုင်း နေထိုင်ဖို့ ပျက်ကွက်မှသာ ကျွန်တော်တို့ဘဝတွေမှာ သူ့တန်ခိုးလျော့ပါးသွားပါတယ်။
ကျွန်တော့်ချစ်ဇနီးနဲ့ ကျွန်တော် ထိုင်း၊ လော နဲ့ မြန်မာနိုင်ငံမှာ သာသနာပြုခေါင်းဆောင်များ အဖြစ် အမှုတော်ဆောင် တုန်းက၊ ဗိမာန်တော်မှာ သန့်ရှင်းမွန်မြတ်တဲ့ ပဋိညာဉ်တွေပြုကြ၊ စောင့်ထိန်းကြသူတွေဆီ ရောက်လာတဲ့ ဘုရားသခင်ရဲ့ တန်ခိုးကို ကျွန်တော်တို့ ကိုယ်တွေ့ သက်သေပြုခဲ့ကြပါတယ်။ ဗိမာန်တော်နာယအကူရန်ပုံငွေက ဒီနိုင်ငံသုံးခုမှရှိတဲ့ သန့်ရှင်းသူများစွာတို့အတွက် သူတို့ကိုယ်ပိုင်ဆက်ကပ်မှုများနဲ့ ပြင်ဆင်ခြင်းတွေပြုနိုင်သမျှပြုပြီးနောက် ဗိမာန်တော်ကို တက်ရောက်ဖို့ ဖြစ်နိုင်စေခဲ့ပါတယ်။ လာအိုနိုင်ငံက သစ္စာရှိသန့်ရှင်းသူ အယောက် ၂၀ အဖွဲ့တစ်ဖွဲ့ကို ဟောင်ကောင်လေယာဉ်မှီအောင် ဗန်ကောက်ရှိ အခြားလေဆိပ်တစ်ခုဆီ ပြောင်းရွှေ့ရာမှာ ကူညီခဲ့ရတာကို ကျွန်တော်မှတ်မိနေပါတယ်။ ဒီအသင်းသားတွေဟာ နောက်ဆုံးမှာ ကိုယ်တော်ရှင်ရဲ့အိမ်တော်ဆီ သွားနေရလို့ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေကြပါတယ်။
ဒီကောင်းမြတ်တဲ့သန့်ရှင်းသူတွေကို အပြန်ခရီးမှာကျွန်တော်တို့တွေ့တဲ့အခါ၊ သူတို့ရဲ့ ဗိမာန်တော် ဝိညာဉ်ပကတိ အပ်နှင်းမှုကို ရရှိခြင်း၊ ဘုရားသခင်နဲ့ပဋိညာဉ်များပြုခြင်းတို့ရဲ ရလဒ်ဖြစ်တဲ့ ထပ်ပေါင်းထားတဲ့ ဧဝံဂေလိတရားတော်ရင့်ကျက်မှုနဲ့ ဆက်စပ်တဲ့တန်ခိုးတို့ဟာ အထင်အရှားပါပဲ။ ဒီသန့်ရှင်းသူတွေဟာ ရှင်းလင်စွာပဲ “[သူ့]တန်ခိုးတော်နှင့် စွဲကိုင်လျက် ဤအိမ်တော်မှ ထွက်သွားခဲ့ကြတာပါ။”၁၇ သူတို့ဘာသာသူတို့လုပ်နိုင်တာထက် ပိုလုပ်ဖို့ရာ ဒီတန်ခိုးက သူတို့ကို ကိုယ့်ဇာတိနိုင်ငံမှာ အသင်းတော် အသင်းသားဖြစ်ခြင်းရဲ့ စိန်ခေါ်မှုတွေမှာ ကြံ့ကြံ့ခံဖို့နဲ့၊ လာအိုနိုင်ငံ၌ ကိုယ်တော်ရှင်ရဲ့နိုင်ငံတော်ကို ဆက်၍တည်ဆောက်ရင်း “အလွန်ကြီးမြတ်ပြီးအသရေထင်ရှားသော သတင်း၊ အမှန်ကို”၁၈ ထွက်၍ သက်သေခံဖို့ ခွန်အားပေးခဲ့ပါတယ်။
ကျွန်တော်တို့တတွေ၊ ဗိမာန်တော်ကို တက်ရောက်နိုင်စွမ်းမရှိတဲ့ အချိန်အတွင်း၊ ကျွန်တော်တို့ဘဝတွေမှာ၊ ရှင်းလင်းတဲ့၊ မပြောင်းလဲသောဦးတည်ရာလမ်းကြောင်းကို ချမှတ်ဖို့ အယောက်တိုင်း ဗိမာန်တော်မှာပြုခဲ့တဲ့ ပဋိညာဉ်တွေကို မှီခိုကြပါသလား။ ဒီပဋိညာဉ်တွေက၊ ထိန်းသိမ်းမယ်ဆိုရင်၊ ကျွန်တော်တို့ကို ရူပါရုံ၊ ပြီးတော့ အနာဂတ်နဲ့၊ ကျွန်တော်တို့ရဲ့ သစ္စာရှိခြင်းအားဖြင့် ရရှိဖို့ ကိုယ်တော်ရှင်ကတိထားတော်မူတဲ့အရာမှန်သမျှကို ရရှိရန် အရည်အချင်းရှိစေတဲ့ ရှင်းသောသန္နိဌာန်တို့နဲ့ ပတ်သက်တဲ့ မျှော်မှန်းချက်တွေကို ပေးပါတယ်။
သင်တို့ကို ဘုရားသခင်ပေးချင်တဲ့ တန်ခိုးကို ရှာကြဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီတန်ခိုးကို ရှာကြတာနဲ့အမျှ၊ ကျွန်တော်တို့အတွက် ကောင်းကင်ဘုံရှင်အဘမှာရှိတဲ့ ချစ်ခြင်းကို ပိုပြီးနားလည်ခြင်းနဲ့ ကောင်းချီးခံစားရမှာဖြစ်တဲ့အကြောင်း ကျွန်တော်သက်သေခံပါတယ်။
ကောင်းကင်ဘုံရှင်အဘက သင်တို့နဲ့ ကျွန်တော့ကို ချစ်လို့၊ သူ့ချစ်သား၊ ယေရှုခရစ်တော်ကို၊ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နဲ့ ရွေးနှုတ်ရှင်အဖြစ်စေလွှတ်ခဲ့ကြောင်း ကျွန်တော်သက်သေခံပါတယ်။ အလုံးစုံသောတန်ခိုးရှိတဲ့ ၁၉ ယေရှုခရစ်တော်အကြောင်း ကျွန်တော်သက်သေခံပါတယ်၊ ယေရှုခရစ်တော်၏ နာမတော်အားဖြင့်၊ အာမင်။