၂၀၂၁
ခွင့်လွှတ်ဖို့ခွန်အားရှာခြင်း
ဇွန် ၂၀၂၁


“ခွင့်လွှတ်ဖို့ခွန်အားရှာခြင်း၊” လူငယ်တို့အတွက်ခွန်အား၊ ဇွန် ၂၀၂၁၊ ၁၀-၁၁။

လာ၍ ငါ့နောက်သို့လိုက်လော့

ခွင့်လွှတ်ဖို့ ခွန်အားရှာခြင်း

ကိုယ်တော်ရှင်က ကျွန်တော်တို့ကို အခြားသူတွေကို ခွင့်လွှတ်ဖို့ မိန့်တော်မူခဲ့ပါတယ်။ သူကကျွန်တော်တို့ကို ဒီတစ်ခုအပါအဝင်၊ သူ့ပညတ်တော်တွေကို စောင့်ထိန်းဖို့ ကူညီပါလိမ့်မယ်။

ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၆၄း၁၀

ရုပ်ပုံ
မိမိထံလက်ဆန့်နေသည့် တစ်စုံတစ်ယောက်ကို ကြည့်နေသည့်အမျိုးသမီး

ဂျိန်းစ် မက်ဒ်ဆင်၏သရုပ်ဖော်

ပညတ်တော်အချို့ကို လုပ်ဆောင်ခြင်းဟာ အခြားအရာတွေကို စောင့်ထိန်းဖို့ထက် ပိုခက်ဖွယ်ရှိပါသလား။

ဒီမှာ လူများစွာကို ခြိမ်းခြောက်တဲ့ဟာ တစ်ခုရှိပါတယ်၊ “ငါ၊ ကိုယ်တော်ရှင်သည် အပြစ်လွှတ်လိုသောသူကို အပြစ်လွှတ်၏၊ သို့ရာတွင် သင်တို့သည် လူသားအပေါင်းတို့ကို ခွင့်လွှတ်ဖို့ လိုအပ်၏”(ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၆၄း၁၀)။

စောင့်ပါ။ ကျွန်တော်တို့အပေါ် မတရားတဲ့ သူတိုင်းကို ကျွန်တော်တို့ခွင့်လွှတ်ရမှာလား။ အဲဒါက ဖြစ်ရောဖြစ်နိုင်ပါသလား။

သင့်ကို တစ်ခုခုရိုင်းရိုင်းစိုင်းစိုင်းပြောတဲ့သူ သို့မဟုတ် ညစာစားပွဲမှာ နောက်ဆုံးတန်းမှာထိုင်တဲ့သူတစ်ယောက်ကို ခွင့်လွှတ်ဖို့ ဆိုတာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ ပတ်သက်ရင်ရော ဘယ်လိုလဲ။ အဲဒီပြင်းထန်တဲ့စော်ကားမှုတွေဟာ ကျွန်တော်တို့ရဲ့ ဘဝတွေကို ဖရိုဖရဲဖြစ်စေ သို့မဟုတ် လမ်းကြောင်း ပြောင်းစေနိုင်ပါသလား။

ကျွန်တော်တို့ကို ဆိုးဆိုးရွားရွားနာကျင်စေတဲ့သူ တစ်ယောက်ယောက်ကို ခွင့်လွှတ်နိုင်စွမ်းဟာ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ ထိန်းနိုင်တာထက်ကျော်သွားပြီလို့ ခံစားရပါတယ်။

ဒီမှာ သတင်းကောင်းပါ။ ယေရှုခရစ်တော်ရဲ့ အကူအညီနဲ့ဆိုလျှင်၊ ကျွန်တော်တို့ဟာ ကိုယ့်ဘာသာလုပ်နိုင်တဲ့အရာတွေအဖို့ ဘယ်တော့မှ အကန့်အသတ်မရှိပါဘူး။

သူမ လိုတဲ့အကူအညီ

နယ်သာလန်က ကော်ရီးတန်ဘူးမ်ဆိုတဲ့ ကိုင်းရှိုင်းသူ ခရစ်ယာန်တစ်ယောက်ဟာ တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ရန် ကူညီဖို့ ဘုရားသခင်ဆီတောင်းခြင်းစွမ်းအားကို ကိုယ်တွေ့ကြုံခဲ့ရပါတယ်။

သူနဲ့ သူ့အစ်မ ဘက်တဆီဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ အကျဉ်းစခန်းတွေမှာ အကျဉ်းကျခဲ့ကြပါတယ်။ ကော်ရီးနဲ့ အခြားသူတွေဟာ နာဇီအကျဉ်းစောင့်တွေရဲ့ကြောက်မတ်ဖွယ် နှိပ်စက်မှုတွေကို ခံစားခဲ့ကြရပါတယ်။ သူ့အစ်မ ဘက်တီဟာ အဲဒီနှိပ်စက်မှုရဲ့ ဒဏ်ကြောင့် သေတောင်သွားခဲ့ပါတယ်။ ကော်ရီးအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

စစ်ပြီးတဲ့အခါ၊ ကော်ရီးဟာ အခြားသူတွေကို ခွင့်လွှတ်ခြင်းနဲ့ပတ်သက်လို့ ကုစားခြင်းစွမ်းအားကို ရှာတွေ့ခဲ့ပါတယ်။ သူက သူ့အကြောင်း သတင်းစကားကို လူထုနေရာတွေမှာ ခဏခဏဝေငှခဲ့ပါတယ်။ ဒါပေမယ့်တစ်နေ့မှာ သူ့စကားတွေကို သူဘယ်လောက်ယုံသလဲဆိုတာတွေ့ခဲ့ရပါတယ်။

ဟောပြောခြင်းတစ်ခုအပြီးမှာ၊ ကော်ရီးဆီကို အကျဉ်းစခန်းက အရက်စက်ဆုံးအကျဉ်းစောင့်တစ်ဦးရောက်လာခဲ့ပါတယ်။

သူဟာ စစ်ပွဲကတည်းက ခရစ်ယာန်တစ်ယောက်ဖြစ်လာခဲ့ကြောင်းနဲ့ အကျဉ်းစောင့်တစ်ဦးအဖြစ် သူဆိုးဆိုးရွားရွားလုပ်ခဲ့တဲ့အရာတွေကေနေ နောင်တရခဲ့တဲ့အကြောင်း ပြောပြပါတယ်။

သူက လက်ကိုထုတ်ပြီး၊ “ခင်ဗျားကျွန်တော့်ကို ခွင့်လွှတ်မှာလား” လို့မေးပါတယ်။

အခြားသူတွေကို ခွင့်လွှတ်ခြင်းအကြောင်း သင်ယူခဲ့၊ ဝေငှခဲ့တာတွေဘယ်လောက်ပဲရှိခဲ့ရှိခဲ့၊ ကောရီးဟာ ဒီလိုလူရဲ့လက်ကို— သူ့မဘာသာသူမှ၊ ဘယ်နည်းနဲ့မှ လက်မခံနိုင်၊ ခွင့်မလွှတ်နိုင်ပါဘူး။

နောက်မှ သူရေးခဲ့ပါတယ်၊ “ဒေါသနဲ့၊ လက်စားချေချင်တဲ့စိတ်တွေတထောင်းထောင်းထတဲ့အချိန်မှာတောင်မှ၊ အဲဒီစိတ်တွေရဲ့ အပြစ်ကို ကျွန်မသိမြင်ခဲ့ပါတယ်၊… ကိုယ်တော်ရှင်ယေရှု၊ ကျွန်မဆုတောင်းပါတယ်၊ ကျွန်မကို ခွင့်လွှတ်ပါ၊ သူ့ကိုခွင့်လွှတ်ဖို့လည်း ကျွန်မကို ကူညီပါ။

“ကျွန်မ ပြုံးဖို့ကြိုးစားတယ်၊ [ပြီးတော့] လက်ကိုမြှောက်ဖို့လည်း အားတင်းရပါတယ်။ ကျွန်မ မလုပ်နိုင်ပါဘူး။ ဘာမှမခံစားရဘူး၊ နွေးထွေးမှု သို့မဟုတ် မေတ္တာတစ်စက်မှ မခံစားရပါဘူး။ ဒါနဲ့ တိတ်တိတ်လေးတစ်ခါထပ်ဆုတောင်းပါတယ်။ ယေရှု၊ ကျွန်မသူ့ကို ခွင့်မလွှတ်နိုင်ပါဘူး။ ကျွန်မကို သင့်ရဲ့ခွင့်လွှတ်ခြင်းပေးပါ။

“ကျွန်မ သူ့လက်ကို ဆွဲတဲ့အချိန်မှာ မယုံနိုင်ဖွယ်အကောင်းဆုံးအရာ ဖြစ်ခဲ့ပါတယ်။ ကျွန်မပခုံးကနေ လက်မောင်းတစ်လျှောက်နဲ့ လက်ကနေ လျှပ်စီးကြောင်းတစ်ခု သူ့ဆီကိုစီးသွားသလိုပါပဲ၊ အဲဒီအချိန်မှာ အဲဒီလူစိမ်းကို ချစ်တဲ့စိတ်က ကျွန်မကိုပျံ့နှံ့လွှမ်းမိုးလုနီးပါးဖြစ်သွားခဲ့ပါတယ်။

“ဒါကြောင့် အဲဒါဟာ လောကအနာငြိမ်းစေခြင်းဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ကောင်းမြတ်ခြင်းထက်ဘာမှမပိုတဲ့ ကျွန်တော်တို့ရဲ့ ခွင့်လွှတ်ခြင်းမဟုတ်၊ သူ့ရဲ့ခွင့်လွှတ်ခြင်းသာဖြစ်တဲ့အကြောင်း ကျွန်မတွေ့ခဲ့ရပါတယ်။ သူက ကျွန်မတို့ကို ရန်သူကိုချစ်ဖို့ပြောတဲ့အခါ၊ ပညတ်နဲ့အတူ ချစ်ခြင်းကိုပါ ပေးပါတယ်။”

ဘုရားသခင်က သင့်ကို သူ့ပညတ်တွေကိုစောင့်ထိန်းရန် ကူညီဖို့ အဲဒီမှာရှိပါတယ်၊ ခက်တဲ့အခါမှာတောင် ခွင့်လွှတ်ဖို့ ပညတ်လည်းပါဝင်ပါတယ်။ သူက သင့်ကို ကော်ရီးတန်ဘူးမ်ကို ကူညီခဲ့သလိုမျိုးပဲ ကူညီနိုင်ပါတယ်။

သင်ထိုက်တန်တဲ့အနာငြိမ်းစေခြင်း

ဘဝဟာ ပရိယာယ်များတယ်။ ရှုပ်တယ်။ ဘုရားသခင်ပေးထားတဲ့ လွတ်လပ်စွာရွေးချယ်ပြုမူနိုင်ခွင့်ရှိတဲ့လူတွေနဲ့ လုံးဝပြည့်နေပါတယ်။

သင့်ကို ပြင်းထန်တဲ့နာကျင်မှုဖြစ်စေတဲ့ ရွေးချယ်မှုကို တစ်ယောက်ယောက်ပြုတဲ့အချိန်တွေမှာ—မတော်တဆပြုခဲ့တယ်ဆိုလျှင်တောင်မှ—သင်ဟာ ခွင့်လွှတ်ဖို့ အကူအညီအတွက် ဆုတောင်းပြီးကြိုးစားတဲ့အခါ အနာငြိမ်းစေခြင်းစွမ်းအားကို ရရှိနိုင်ပါတယ်။

အခြားသူတွေကို ခွင့်လွှတ်ခြင်းက သင့်စိတ်ဝိညာဉ်အတွက် အနာငြိမ်းစေခြင်းကိုဖြစ်စေပါတယ်။ ဘုရားသခင်ရဲ့အကူအညီနဲ့၊ သင်ဟာ ကိုယ့်အပေါ်မတရားခဲ့တဲ့သူတစ်ယောက်ယောက်ကို ခွင့်လွှတ်တဲ့အခါ၊ သင့်ကို နောက်ပြန်ဆွဲထားတဲ့ ဆိုးရွားတဲ့ ဝန်ကို သင့်ပခုံးတွေပေါ်က ချလိုက်တာ ဖြစ်ပါတယ်။ စစ်မှန်သော အနာငြိမ်းစေခြင်းဆီသွားတဲ့လမ်းကြောင်းဟာ ခက်ခဲတယ်လို့ ခံစားရတဲ့အချိန်မှာတောင်၊ ဘုရားသခင်နဲ့ဆိုလျှင်၊ သင်ဟာ ဘယ်တော့မှ တစ်ယောက်တည်းလျှောက်ရမှာမဟုတ်ပါ။

မှတ်စုများ

  1. ကော်ရီးတန်ဘူးမ်၊ The Hiding Place(၁၉၇၁)၊ ၂၁၅။

  2. ဂျက်ဖရီအာရ်၊ ဟော်လန်၊Oct. 2018 general conference (Ensign or Liahona, နို၊ ၂၀၁၈၊ ၇၉)

ပုံနှိပ်သည်