“၂၂။ ဇာတိပကတိလိုအပ်ချက်များနှင့် ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခြင်းတို့အတွက် ပံ့ပိုးခြင်း၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ(၂၀၂၃)။
“၂၂။ ဇာတိပကတိလိုအပ်ချက်များနှင့် ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခြင်းတို့အတွက် ပံ့ပိုးခြင်း၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ
၂၂။
ဇာတိပကတိလိုအပ်ချက်များနှင့် ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခြင်းတို့အတွက် ပံ့ပိုးခြင်း
၂၂၊ ၀
နိဒါန်း
အသင်းတော်အသင်းသားများသည် “တစ်ယောက်နှင့် တစ်ယောက်၏ဝန်များကို ထမ်းရန်၊ ငိုကြွေးမြည်တမ်းသူတို့နှင့် အတူ ငိုကြွေးမြည်တမ်းရန်၊ နှစ်သိမ့်ခြင်းကို လိုအပ်လျက်ရှိသူတို့ကို နှစ်သိမ့်ရန် ” (မောဇိယ ၁၈း၈-၉)ရန် ပဋိညာဉ်ပြုကြပါသည်။
အသင်းတော်အသင်းသားများသည် လုံ့လဝီရိယထက်သန်သောအလုပ်နှင့် ကိုယ်တော်ရှင်၏အကူအညီဖြင့် သူတို့၏ကိုယ်ပိုင်ကိုယ့်အားကိုယ်ကိုးခြင်းကို ခွန်အားဖြည့်ပေးရန်လည်း တိုင်ပင်ဆွေးနွေးကြပါသည်။ ကိုယ့်အားကိုယ်ကိုးခြင်းသည် ကိုယ်နှင့် မိသားစုအတွက် ဘဝ၏ဝိညာဉ်ပကတိနှင့် ဇာတိပကတိလိုအပ်ချက်များကို ပံ့ပိုးရန် စွမ်းရည်၊ ကတိကဝတ်နှင့် အားထုတ်မှုဖြစ်ပါသည်။
တစ်ဦးချင်းနှင့်မိသားစုအားထုတ်မှုများ
၂၂၊ ၁
ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခြင်း
ကိုယ်တော်ရှင်ထံမှ အကူအညီဖြင့်၊ အသင်းသားများသည် အောက်ပါနည်းများဖြင့် ကိုယ့်အားကိုယ်ကိုးခြင်းကို တည်ဆောက်ကြပါသည်၊
-
ဝိညာဉ်ပကတိ၊ ကိုယ်နှင့် စိတ်ခံစားမှုခွန်အားတိုးတက်ခြင်း။
-
ပညာရေးနှင့် အလုပ်အကိုင် ရရှိခြင်း။
-
ဇာတိပကတိပြင်ဆင်မှုတိုးတက်ခြင်း။
၂၂၊ ၁၊ ၄
ဇာတိပကတိပြင်ဆင်မှု
ပြင်ဆင်ထားခြင်း၏အရေးကြီးမှုကို ကျမ်းစာများက သွန်သင်ပါသည် (ရှု ယေဇကျေလ ၃၈း၇၊ ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၃၈း၃၀)။ အသင်းသားများ ပြင်ဆင်ထားခြင်းရှိလာစေဖို့ အကြံပြုပါသည်၊ လိုအပ်သည့် အချိန်တွင် သူတို့ကိုယ်သူတို့နှင့် သူတို့၏မိသားစုများ၊ အခြားသူများကို ကူညီနိုင်ရန် ဖြစ်ပါသည်။
အသင်းသားများသည် သူတို့၏ဘဏ္ဍာရေးပြင်ဆင်ထားမှုကို အောက်ပါနည်းတို့ဖြင့် တိုးတက်ကြပါသည်၊
-
ဆယ်ဖို့တစ်ဖို့နှင့် အလှူတော်စုများ ပေးခြင်း (ရှု မာလခိ ၃း၈-၁၂)။
-
အကြွေးများကို ဖြစ်နိုင်သမျှအထိ ရှင်းပစ်ခြင်းနှင့် ရှောင်ကြဉ်ခြင်း။
-
ရသုံးငွေစာရင်းတစ်ခုပြင်ဆင်ခြင်းနှင့် စာရင်းပမာဏအတွင်းနေခြင်း။
-
အနာဂတ်အတွက် ငွေစုခြင်း။
-
သူတို့ကိုယ်သူတို့နှင့် သူတို့၏မိသားစုများအတွက် ပံ့ပိုးရန် သူတို့ကိုကူညီဖို့ သင့်လျော်သော ပညာရေးတစ်ခု ရယူခြင်း (ရှု ၂၂၊ ၃၊ ၃)။
ပြင်ဆင်ထားခြင်းတွင် အရေးပေါ်အခြေအနေတစ်ခုအတွင်း အခြေခံလိုအပ်ချက်များကို မည်သို့ ဂရုစိုက်ရမည့်အကြောင်း အစီအစဉ်တစ်ခု ထုတ်ဖော်ခြင်းလည်း ပါဝင်ပါသည်။ အသင်းသားများအား ရေတို၊ ရေရှည်နှစ်ခုစလုံးအတွက် အစားအစာ၊ ရေနှင့် အခြားလိုအပ်သည့်အရာများ ထောက်ပံ့မှုတစ်ခု တည်ဆောက်ဖို့ တိုက်တွန်းပါသည်။
၂၂၊ ၂
ဇာတိပကတိနှင့် စိတ်ခံစားမှုလိုအပ်ချက်ရှိသူတို့ကို အမှုတော်ဆောင်ခြင်း
ကိုယ်တော်ရှင်၏တပည့်တော်များသည် “တစ်ယောက်နှင့်တစ်ယောက်ချစ်ရန်၊ အစေခံရန်”နှင့် “မစခြင်းလိုအပ်သူတို့ကို မစရန်” (မောဇိယ ၄း၁၅-၁၆) သွန်သင်ထားပါသည်။ အသင်းသားတို့သည် သူတို့ကို ကယ်တင်ရှင်မြင်သည့်နည်းဖြင့် အခြားသူများကို မြင်ရန်၊ ထိုသူတို့၏ထူးခြားသည့် ခွန်အားများနှင့် လိုအပ်ချက်များကို နားလည်ရန်လည်း ကြိုးစားကြပါသည်။ ဤလိုအပ်ချက်များတွင် အစားအစာ၊ အဝတ်အစား၊ နေအိမ်၊ ပညာရေး၊ အလုပ်အကိုင်၊ ကိုယ်ကျန်းမာရေး၊ စိတ်ခံစားမှုကောင်းမွန်ရေးတို့ ပါဝင်ပါသည်။
၂၂၊ ၂၊ ၁
ကိုယ်တော်ရှင်၏ဘဏ္ဍာတိုက်
ဇာတိပကတိလိုအပ်ချက်ရှိသောသူများကို ကူညီရန် အသင်းတော်အတွက် ရရှိနိုင်သည့် ရင်းမြစ်များကို ကိုယ်တော်ရှင်၏ ဘဏ္ဍာတိုက် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၂း၁၈-၁၉)ဟုခေါ်ပါသည်။ ဤအရာတို့တွင် လိုအပ်သောသူများကို ကူညီရန် အသင်းသားတို့၏ အချိန်၊ ပင်ကိုယ်အရည်အချင်းများ၊ သနားကြင်နာခြင်း၊ ပစ္စည်းများနှင့် ဘဏ္ဍာရင်းမြစ် အလှူတော်စုများ ပါဝင်ပါသည်။
ကိုယ်တော်ရှင်၏ ဘဏ္ဍာတိုက်သည် အသင်းတော်စုနှင့် ပန္နက်တစ်ခုချင်းစီ၌ ရှိပါသည်။ ခေါင်းဆောင်များသည် တစ်ဦးချင်းတို့နှင့် မိသားစုတို့အား သူတို့၏လိုအပ်ချက်များအတွက် အဖြေများကို အသင်းတော်စုနှင့် ပန္နက် အသင်းသားတို့ ပေးသည့် အသိပညာ၊ ကျွမ်းကျင်မှု နှင့် အမှုဆောင်ခြင်းတို့ဆီ ချဉ်းကပ်ခြင်းအားဖြင့် ရှာကြဖို့ အကြိမ်ကြိမ်ကူညီနိုင်ကြပါသည်။
၂၂၊ ၂၊ ၂
အစာရှောင်ခြင်းနှင့် အစာရှောင်အလှူတော်စုများပညတ်
ကိုယ်တော်ရှင်သည် သူ၏လူမျိုးတို့ကို ကောင်းချီးပေးရန်နှင့် လိုအပ်သောသူများကို အမှုဆောင်ဖို့ သူတို့အတွက် နည်းလမ်းတစ်ခုကို ပံ့ပိုးရန် အစာရှောင်ခြင်းနှင့် အစာရှောင်အလှူတော်စုများပညတ်ကို တည်ဆောက်ခဲ့ပါသည်။ အသင်းသားများသည် အစာရှောင်ပညတ်ကို ကျင့်သုံးကြသည်နှင့်အမျှ ကိုယ်တော်ရှင်နှင့် ပိုနီးလာကြပြီး၊ ဝိညာဉ်ပကတိခွန်အားတိုးလာကြပါသည်။ ( ရှု ဟေရှာယ ၅၈း၆-၁၂၊ မာလခိ ၃း၈-၁၂)။
အစာရှောင်ခြင်းကို မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်ပါသည်။ သို့သော်လည်း၊ အသင်းသားများသည် လ၏ပထမဆုံးဥပုသ်နေ့ကို အစာရှောင်နေ့အဖြစ် ကျင့်စောင့်ကြပါသည်။ အစာရှောင်နေ့တစ်နေ့တွင် ပုံမှန်အားဖြင့် အောက်ပါတို့ ပါဝင်ပါသည်၊
-
ဆုတောင်းခြင်း
-
၂၄-နာရီကြာ အစာမစားအရေမသောက်ဘဲနေခြင်း (ကိုယ်စွမ်းအားရှိလျှင်)
-
ရက်ရောသောအစာရှောင်အလှူတော်စုလှူခြင်း
အစာရှောင်အလှူတော်စုသည် လိုအပ်သောသူများကို ကူညီရန် လှူခြင်းတစ်ခုဖြစ်ပါသည်။ အသင်းသားများ အစာရှောင်သောအခါ၊ မစားဘဲနေသည့် အစားအစာ၏တန်ဖိုးနှင့် ညီမျှသည့် အလှူတော်စုတစ်ခုလှူရန် ဖိတ်ခေါ်ပါသည်။
အသင်းသားများသည် မိမိတို့၏ အစာရှောင်အလှူတော်၊ ဆယ်ဖို့တစ်ဖို့နှင့် အခြားအလှူတော်စုများဖြည့်ပြီးသည့် ပုံစံတစ်ခုကို သင်းအုပ် သို့မဟုတ် သူ၏အတိုင်ပင်ခံများထဲမှ တစ်ဦးကို ပေးလှူနိုင်ပါသည်။ အချို့ဒေသများတွင်၊ သူတို့၏ လှူဒါန်းခြင်းကို အွန်လိုင်းမှပြုနိုင်ပါသည်။
ခေါင်းဆောင်တို့၏ အားထုတ်မှုများ
၂၂၊ ၃
လိုအပ်သောသူများအတွက် ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခြင်းနှင့် အမှုတော်ဆောင်ခြင်းပုံစံ
၂၂၊ ၃၊ ၁
လိုအပ်သောသူများကို ရှာခြင်း
သင်းအုပ်သည် လိုအပ်သောသူများကို ရှာရန်နှင့် ဂရုစိုက်ရန် သန့်ရှင်းမွန်မြတ်သောတာဝန်တစ်ခုရှိပါသည် (ရှုဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၄း၁၁၂)။ ဤတာဝန်နှင့် ပတ်သက်၍ သင်းအုပ်ကို ကူညီခြင်း၌ အရေးကြီးသောကဏ္ဍရှိသည့် အခြားသူများတွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်ပါသည်၊
-
အမှုတော်ဆောင်ညီအစ်ကို မောင်နှမများ။
-
လူမှုသက်သာရေးနှင့် အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌအဖွဲ့များ။
-
သင်းအုပ်၏အတိုင်ပင်ခံများ။
-
အသင်းတော်စုကောင်စီ၏အခြားအဖွဲ့ဝင်များ။
၂၂၊ ၃၊ ၂
အသင်းသားတို့အား ရေတိုလိုအပ်ချက်များကိုဝင်ရောက်ဖြေရှင်းရန်ကူညီခြင်း
အသင်းသားများသည် သူတို့၏အခြေခံလိုအပ်ချက်များကို သူတို့၏ကိုယ်ပိုင်အားထုတ်မှုများနှင့် ဆင့်ပွားမိသားစုတို့၏အကူအညီဖြင့် ပြည့်စုံစေရန် ကြိုးစားကြပါသည်။ ဤအရာက မလုံလောက်သောအခါ၊ အသင်းသားများသည် အောက်ပါကဲ့သို့သော ရင်းမြစ်များမှ အကူအညီလိုအပ်နိုင်ပါသည်၊
-
အစိုးရနှင့် ပတ်ဝန်းကျင်ရင်းမြစ်များ (ရှု ၂၂၊ ၁၂)။
-
အသင်းတော်အကူအညီ။
အသင်းတော်အကူအညီတွင် အစားအစာ၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးပစ္စည်းများ၊ အဝတ်အစား၊ နေအိမ်သို့မဟုတ် အခြားအခြေခံပစ္စည်းများ စသည့် ရေတိုလိုအပ်ချက်များ ပါဝင်နိုင်ပါသည်။ သင်းအုပ်များသည် ဤလိုအပ်ချက်များကို ဖြည့်ဆည်းရန် အစာရှောင်အလှူတော်စုများကို အသုံးပြုနိုင်ပါသည်။ သင်းအုပ်တို့၏မှာယူမှုများ ရရှိနိုင်သည့်နေရာတွင်၊ သင်းအုပ်တို့သည် အများအားဖြင့် ထိုအရာတို့ကို အစားအစာနှင့် အခြားအခြေခံပစ္စည်းများပံ့ပိုးရန် အသုံးပြုပါသည် ( ရှု “သင်းအုပ်တို့၏ မှာယူမှုများနှင့် လွှဲပြောင်းပေးခြင်းများ” ခေါင်းဆောင်များနှင့် စာရေးအရင်းမြစ်များ[အယ်လ်စီအာ] )။
၂၂၊ ၃၊ ၃
အသင်းသားတို့အား ရေရှည်ကိုယ့်အားကိုယ်ကိုးမှုတည်ဆောက်ရန် ကူညီခြင်း
အသင်းသားများသည် ရေရှည်စိန်ခေါ်မှုများကို ဖြေရှင်းရန် ဆက်တိုက်ထောက်မမှုလိုအပ်နိုင်ပါသည်။ ပညာရေး၊ အသက်မွေးမှုသင်တန်း၊ သို့မဟုတ် အခြားအရင်းမြစ်များသည် သူတို့အား ကိုယ့်အားကိုယ်ကိုးမှုတည်ဆောက်ရန်နှင့် သူတို့၏ရေရှည်လိုအပ်ချက်အတွက် ပံ့ပိုးရန် ကူညီပါသည်။
ကိုယ့်အားကိုယ်ကိုးအစီအစဉ်သည် အသင်းသားတို့အား သူတို့၏ခွန်အားများနှင့် လိုအပ်ချက်များကို ပိုင်းခြားသတ်မှတ်ပေးပါသည်။ သူတို့အား အသုံးဝင်သည့် ရင်းမြစ်များကို ပိုင်းခြားသတ်မှတ်ရန်လည်း ကူညီပါသည်။ အသင်းတော်အကူအညီကို ထည့်သွင်းစဉ်းစားသည့်အခါတိုင်း ဤအစီအစဉ်ကို အသုံးပြုရမည်။
၂၂၊ ၃၊ ၄
စိတ်ခံစားမှုလိုအပ်ချက်ရှိသူများကို အမှုတော်ဆောင်ခြင်း
အသင်းသားများစွာသည် စိတ်ခံစားမှုစိန်ခေါ်မှုများရှိကြပါသည်။ အမှုတော်ဆောင်ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်စုခေါင်းဆောင်များသည် ဤစိန်ခေါ်မှုများနှင့်ပတ်သက်၍ အသင်းသားများကို ကူညီရာ၌ အရေးပါသောသူများဖြစ်နိုင်ပါသည်။
၂၂၊ ၄
အသင်းတော်အကူအညီပံ့ပိုးခြင်းအတွက် အခြေခံသဘောတရားများ
ကိုယ်တော်ရှင်၏အကူအညီဖြင့်၊ အသင်းသားများသည် သူတို့ကိုယ်တိုင်နှင့် သူတို့မိသားစုများအတွက် ပံ့ပိုးရန် ကြိုးစားကြပါသည်။
အသင်းတော်အကူအညီသည် အသင်းသားတို့အား အမှီအခိုကင်းမှုဖွံ့ဖြိုးရန်အတွက် ရည်ရွယ်ပါသည်၊ မှီခိုခြင်းအတွက် မဟုတ်ပါ။ ပေးသည့် အကူအညီမှန်သမျှသည် အသင်းသားတို့အား သူတို့၏ ကိုယ့်အားကိုယ်ကိုးမှုဖြစ်လာရန်အားထုတ်မှုများ၌ ခွန်အားဖြည့်ပေးရန် ဖြစ်ပါသည်။
၂၂၊ ၄၊ ၁
ကိုယ်ပိုင်နှင့် မိသားစုတာဝန်ကို အားပေးပါ
တစ်ဦးချင်းနှင့် မိသားစုများ၌ သူတို့၏ကိုယ်ပိုင် လောကီ၊ စိတ်ခံစားမှုနှင့် ဝိညာဉ်ပကတိကောင်းကျိုးအတွက် အဓိကတာဝန်ရှိကြောင်းကို ခေါင်းဆောင်များက သွန်သင်ပေးပါသည်။
အသင်းတော်အကူအညီပံ့ပိုးခြင်းမတိုင်မီ၊ သင်းအုပ် (သို့မဟုတ် တခြားခေါင်းဆောင် သို့မဟုတ် သူတာဝန်ပေးသည့် အသင်းသား) သည် အသင်းသားများ သူတို့၏ လိုအပ်ချက်များ ပြည့်စုံရန် မည်သည့် ရင်းမြစ်များကို အသုံးပြုကြောင်း သူတို့နှင့် ဆန်းစစ်ကြည့်ပါသည်။
၂၂၊ ၄၊ ၂
မရှိမဖြစ်လိုအပ်ချက်များအတွက် ယာယီအကူအညီပံ့ပိုးခြင်း
အသင်းတော်ကူညီမှု၏ ပန်းတိုင်မှာ အသင်းသားများ ကိုယ့်အားကိုယ်ကိုးမှုဖြစ်လာစေရန် ကြိုးပမ်းနေစဉ် လိုအပ်ချက်များ ယာယီပြည့်စုံစေရန် ဖြစ်ပါသည်။
သင်းအုပ်များသည် ပေးသည့်အကူအညီပမာဏနှင့် ကာလကို စဉ်းစားသောအခါ ကောင်းသော ဝေဖန်ပိုင်းခြားမှုကို ကျင့်သုံးရမည်၊ ဝိညာဉ်ပကတိလမ်းညွှန်မှုကိုလည်း ရှာရမည်။ သူတို့သည် မှီခိုမှုကို မဖန်တီးဘဲ သနားရမည်၊ ရက်ရောရမည်။
၂၂၊ ၄၊ ၃
ငွေသားထက် အရင်းမြစ်များ သို့မဟုတ် အစေခံခြင်းကို ပံ့ပိုးပါ
ဖြစ်နိုင်လျှင်၊ သင်းအုပ်သည် ငွေသားပေးခြင်းကို ရှောင်ရမည်။ ထိုအစား၊ အစာရှောင်အလှူတော်စုများ သို့မဟုတ် အသင်းသားတို့အား ကုန်စုံများ သို့မဟုတ် အစေခံခြင်းနှင့် ပံ့ပိုးရန် သင်းအုပ်၏ မှာယူမှုများကို အသုံးပြုရမည်။ ထို့နောက်တွင် အသင်းသားများသည် အခြားလိုအပ်ချက်များအတွက် ပေးရန် သူတို့၏ကိုယ်ပိုင်ငွေကို အသုံးပြုကြပါသည်။
ဤအရာက မလုံလောက်သည့်အခါ၊ သင်းအုပ်သည် မရှိမဖြစ်လိုအပ်သောငွေတောင်းခံလွှာများကို ယာယီပေးရန် အစာရှောင်အလှူတော်စုကို အသုံးပြုခြင်းအားဖြင့် ကူညီနိုင်ပါသည် (ရှု ၂၂၊ ၅၊ ၂)။
၂၂၊ ၄၊ ၄
အလုပ် သို့မဟုတ် အစေခံခြင်းအခွင့်အရေးများကမ်းလှမ်းခြင်း
သင်းအုပ်များသည် အကူအညီရရှိသောသူတို့အား သူတို့၏စွမ်းအားရှိသည့်အတိုင်း အလုပ်လုပ်ရန် သို့မဟုတ် အစေခံမှု ပံ့ပိုးရန် ဖိတ်ခေါ်ပါသည်။ ဤအရာသည် အသင်းသားတို့အား သိက္ခာရှိခြင်းကို ထိန်းသိမ်းထားပါသည်။ သူတို့၏ကိုယ့်အားကိုယ်ကိုးနိုင်စွမ်းကိုလည်း တိုးတက်စေပါသည်။
၂၂၊ ၄၊ ၅
အသင်းတော်အကူအညီအကြောင်းကို နှုတ်လုံပါစေ
သင်းအုပ်နှင့် အခြားခေါင်းဆောင်များသည် အသင်းတော်အကူအညီလိုနိုင်သည့် အသင်းသားတို့နှင့် ပတ်သက်သည့် အချက်အလက်မှန်သမျှကို နှုတ်လုံကြပါသည်။ ဤအရာသည် အသင်းသား၏ကိုယ်ရေးကိုယ်တာနှင့် သိက္ခာကို ကာကွယ်ပါသည်။
၂၂၊ ၅
အသင်းတော်အကူအညီပံ့ပိုးခြင်းအတွက် မူဝါဒများ
အသင်းတော်ခေါင်းဆောင်များသည် အစာရှောင်အလှူတော်စုများ သို့မဟုတ် အစားအစာများနှင့် အခြားအခြေခံလိုအပ်ချက်များအတွက် သင်းအုပ်၏ မှာယူခြင်းအားဖြင့် အကူအညီပံ့ပိုးသည့်အခါ ဤအခန်း၌ လမ်းညွှန်ထားသည့်မူဝါဒများကို လိုက်နာရမည်။
၂၂၊ ၅၊ ၁
အသင်းတော်အကူအညီရရှိခြင်းနှင့် စပ်ဆိုင်သည့် မူဝါဒများ
၂၂၊ ၅၊ ၁၊ ၁
အသင်းတော်စုအသင်းသားများကို ကူညီခြင်း
အများအားဖြင့်၊ အသင်းတော်အကူအညီရရှိသည့် အသင်းသားများသည် အသင်းတော်စုနယ်နိမိတ်အတွင်း နေထိုင်ရမည်၊ အသင်းတော်စု၌ အသင်းသားဖြစ်ခြင်း မှတ်တမ်းရှိရမည်။ အသင်းသားသည် အသင်းတော်အစည်းအဝေးများကို ပုံမှန်တက်ရောက်ခြင်း သို့မဟုတ် အသင်းတော်စံနှုန်းများကို လိုက်လျှောက်ခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အကူအညီပေးနိုင်ပါသည်။
၂၂၊ ၅၊ ၁၊ ၂
သင်းအုပ်များနှင့် ပန္နက်ဥက္ကဋ္ဌများကို ကူညီခြင်း
သင်းအုပ်တစ်ဦး အစာရှောင်အလှူတော်စုများကို အသုံးမပြုမီ သို့မဟုတ် သင်းအုပ်ကိုယ်တိုင်အတွက် သို့မဟုတ် သူ့မိသားစုအတွက် သင်းအုပ်၏မှာယူခြင်းကို အတည်မပြုမီ ပန္နက်ဥက္ကဋ္ဌ၏ အတည်ပြုရေးသားချက်လိုအပ်ပါသည်။
၂၂၊ ၅၊ ၁၊ ၄
အသင်းတော်၏အသင်းသားမဟုတ်သောသူများအတွက် အကူအညီ
အသင်းတော်၏အသင်းသားမဟုတ်သောသူများအား အများအားဖြင့် ဒေသန္တရအကူအညီအရင်းအမြစ်များသို့ ရည်ညွှန်းပါသည်။ ဖြစ်ခဲသောအခိုက်အတန့်များတွင်၊ ဝိညာဉ်တော်လမ်းညွှန်သည့်အတိုင်း၊ သင်းအုပ်သည် သူတို့ကို အစာရှောင်အလှူတော်စုများ သို့မဟုတ် သင်းအုပ်၏မှာယူမှုများဖြင့် ကူညီနိုင်ပါသည်။
၂၂၊ ၅၊ ၂
အစာရှောင်အလှူတော်စုများကို အသုံးပြုခြင်းနှင့် ပတ်သက်သည့် မူဝါဒများ
၂၂၊ ၅၊ ၂၊ ၁
ဆေးဘက်ဆိုင်ရာ သို့မဟုတ် အခြားကျန်းမာရေး စောင့်ရှောက်မှု
အသင်းတော်ဒေသတစ်ခုချင်းစီတွင် ဆေးဘက်ဆိုင်ရာ၊ သွားဘက်ဆိုင်ရာ၊ သို့မဟုတ် စိတ်ကျန်းမာရေးအသုံးစားရိတ်များပေးရန် အစာရှောင်အလှူတော်စုများ အသုံးပြုခြင်းအတွက် ခွင့်ပြုကန့်သတ်ချက်များကို သတ်မှတ်ထားပါသည်။
ခွင့်ပြုပမာဏများနှင့် လမ်းညွှန်ချက်များအတွက်၊ ရှု “ဆေးဘက်ဆိုင်ရာအသုံးစားရိတ်များအတွက် အစာရှောင်အလှူတော်စုများအသုံးပြုခြင်း။”
၂၂၊ ၅၊ ၂၊ ၃
အစာရှောင်အလှူတော်စုများ ပြန်ဆပ်ခြင်း
အသင်းသားများသည် အသင်းတော်မှ သူတို့ရရှိသည့် အစာရှောင်အလှူတော်စုအကူအညီအတွက် ပြန်မဆပ်ရပါ။
၂၂၊ ၅၊ ၂၊ ၄
အသင်းတော်စုအစာရှောင်အလှူတော်စုအသုံးစရိတ်ပမာဏများ
သင်းအုပ်များသည် အသင်းတော်စုအသင်းသားများအတွက် အစာရှောင်အလှူတော်စုအကူအညီကို အသင်းတော်စုအတွင်း ကောက်ခံရရှိသည့် လှူဒါန်းမှုပမာဏအတိုင်း ကန့်သတ်ရန်မလိုပါ။
၂၂၊ ၅၊ ၃
ပေးချေမှုများပြုလုပ်ခြင်းနှင့် ပတ်သက်သည့် မူဝါဒများ
ဖြစ်နိုင်လျှင်၊ ပေးချေမှုများကို ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများပေးသည့် လုပ်ငန်းများသို့ တိုက်ရိုက်ပြုလုပ်ရမည်။
၂၂၊ ၅၊ ၄
သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌတစ်ဦးကို အကျိုးရှိစေမည့် ပေးချေမှုများနှင့် ပတ်သက်သည့် မူဝါဒများ
အသင်းသားများကို အစာရှောင်အလှူတော်စုအကူအညီနှင့် ပံ့ပိုးသောအခါ၊ သင်းအုပ်တစ်ဦးသည် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ပေးချေရန် ရန်ပုံငွေများကို သူ့ကိုအကျိုးရှိစေမည့် နည်းဖြင့်အသုံးမပြုရ။
အသင်းသားတစ်ဦးအတွက် အစာရှောင်အလှူတော်စုပေးချေခြင်းတစ်ခုက ပန္နက်ဥက္ကဋ္ဌ သို့မဟုတ် သူပိုင်သည့် လုပ်ငန်းတစ်ခုကို အကျိုးရှိစေလျှင်၊ ဒေသဥက္ကဋ္ဌအဖွဲ့၏ ခွင့်ပြုချက် လိုအပ်ပါသည်။
၂၂၊ ၆
အသင်းတော်စုခေါင်းဆောင်တို့၏ ကဏ္ဍများ
၂၂၊ ၆၊ ၁
သင်းအုပ်နှင့် သူ၏အတိုင်ပင်ခံများ
သင်းအုပ်သည် ဇာတိပကတိလိုအပ်ချက်ရှိသူများကို ရှာဖွေရန်နှင့် ဂရုစိုက်ရန် ဘုရား၏အခွင့်အာဏာရှိပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၄း၁၁၂)။ သူသည် ဤအလုပ်များစွာတို့ကို လူမှုသက်သာရေးနှင့် အသင်းလူကြီးဥက္ကဋ္ဌအဖွဲ့များသို့ လွှဲပေးပါသည်။ သို့ရာတွင်၊ အချို့သောတာဝန်များကို သင်းအုပ်ကသာ ဆောင်ရွက်ပါသည်။ ဥပမာအားဖြင့်၊ သင်းအုပ်သည်၊
-
ပံ့ပိုးသည့် မည်သည့်ဇာတိပကတိအကူအညီ၏ အမျိုးအစား၊ ပမာဏနှင့် ကြာချိန်တို့ကို ဆုံးဖြတ်ပါသည်။
-
ခွင့်ပြုအစာရှောင်အလှူတော်စုအကူအညီ (ရှု ၂၂၊ ၄နှင့် ၂၂၊ ၅) နှင့် အစားအစာနှင့် အခြားအခြေခံကုန်ပစ္စည်းများအတွက် သင်းအုပ်၏ မှာယူမှုများ (ရှု ၂၂၊ ၁၃)။
-
အသင်းသားတို့၏ ကိုယ့်အားကိုယ်ကိုး အစီအစဉ်များကို ကိုယ်တိုင်ဆန်းစစ်ပါသည်။ အခြားအသင်းတော်စုခေါင်းဆောင်များအား ထိုအစီအစဉ်များကို လိုအပ်သလိုလိုက်ပါဆောင်ရွက်ရန် တာဝန်ပေးပါသည်။
သင်းအုပ်နှင့် သူ၏အတိုင်ပင်ခံတို့တွင် အောက်ပါတာဝန်များရှိပါသည်၊
-
(၁)ဇာတိကပတိနှင့် စိတ်ခံစားမှုလိုအပ်ချက်များရှိသူတို့အား ဂရုစိုက်ခြင်းနှင့် (၂) ကိုယ့်အားကိုယ်ကိုးမှု တည်ဆောက်ခြင်းတို့နှင့်ဆက်စပ်သည့် အခြေခံသဘောတရားများနှင့် ကောင်းချီးမင်္ဂလာများကို သွန်သင်ခြင်း(ရှု ၂၂၊ ၁)။
-
အသင်းသားတို့အား အစာရှောင်ခြင်းပညတ်ကိုသွန်သင်ခြင်းနှင့် ရက်ရောသောအစာရှောင်အလှူတော်စုပေးရန် တိုက်တွန်းခြင်း (ရှု ၂၂၊ ၂၊ ၂)။
-
အစာရှောင်အလှူတော်စုများကို စုခြင်းနှင့် စာရင်းသွင်းခြင်းကို ကြီးကြပ်ခြင်း (ရှု ၃၄၊ ၃၊ ၂)။
၂၂၊ ၆၊ ၂
လူမှုသက်သာရေးအဖွဲ့နှင့် အသင်းလူကြီးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့များ
သင်းအုပ်၏လမ်းညွှန်မှုအောက်တွင်၊ လူမှုသက်သာရေးအဖွဲ့နှင့် အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌအဖွဲ့များသည် အသင်းတော်စုရှိ လိုအပ်သူများကို ဂရုစိုက်ခြင်း၌ အဓိကအခန်းကဏ္ဍတစ်ခုတွင်ရှိပါသည် (ရှု၈၊ ၂၊ ၂ နှင့် ၉၊ ၂၊ ၂)။ ဤခေါင်းဆောင်များသည် အသင်းတော်စုအသင်းသားတို့အား အောက်ပါတို့ကို သွန်သင်ပေးပါသည်၊
-
လိုအပ်သောသူတို့အား အမှုတော်ဆောင်ခြင်း။
-
အစာရှောင်ပညတ်ကို ကျင့်သုံးခြင်း။
-
ကိုယ့်အားကိုယ်ကိုးမှုတည်ဆောက်ခြင်း။
-
ကိုယ်ပိုင်နှင့် မိသားစုပြင်ဆင်မှုကို တိုးတက်စေခြင်း။
၂၂၊ ၆၊ ၃
အမှုတော်ဆောင်ညီအစ်ကို မောင်နှမများ
ဝိညာဉ်ပကတိနှင့် ဇာတိပကတိလိုအပ်ချက်တို့နှင့် ပတ်သက်သည့် အကူအညီသည် အမှုတော်ဆောင်ညီအစ်ကို မောင်နှမများနှင့် စတင်ပါသည် (ရှု၂၁၊ ၁)။ သူတို့သည် သူတို့အစေခံသူတို့၏လိုအပ်ချက်များကို သူတို့၏ အသင်းလူကြီးအဖွဲ့ သို့မဟုတ် လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့များသို့ အမှုတော်ဆောင်လူတွေ့မေးမြန်းခြင်းများနှင့် အခြားအချိန်များတွင် အစီရင်ခံတင်ပို့ကြပါသည်။ သူတို့သည် နှုတ်လုံရသောလိုအပ်ချက်များကို သင်းအုပ်နှင့်တိုက်ရိုက်ဝေငှပါသည်။
၂၂၊ ၇
အသင်းတော်စုကောင်စီ၏အခန်းကဏ္ဍ
အသင်းတော်စုကောင်စီ၏ အဓိကအခန်းကဏ္ဍမှာ လိုအပ်သောသူများကို ဂရုစိုက်ရန်နှင့် သူတို့အား ကိုယ့်အားကိုယ်ကိုးလာစေဖို့ ကူညီရန် ဖြစ်ပါသည် (ရှု၄၊ ၄)။ ကောင်စီဝင်များသည် ဤအစီအစဉ်များကို အမှုတော်ဆောင်လူတွေ့မေးမြန်းခြင်းများနှင့် လိုအပ်သူတို့နှင့် ကိုယ်တိုင်ဆက်သွယ်မှုများမှအချက်အလက်များကို အခြေခံကြပါသည်။ အသင်းသားတို့၏လိုအပ်ချက်များကို ဆွေးနွေးခြင်းတွင်၊ ကောင်စီသည် နှုတ်လုံရန် တောင်းဆိုသည့်မည်သူ၏ဆန္ဒများကိုမဆို လေးစားပါသည်။
၂၂၊ ၈
အသင်းတော်စုလူငယ်ကောင်စီ၏အခန်းကဏ္ဍ
အသင်းတော်စုလူငယ်ကောင်စီ၏ ရည်ရွယ်ချက်တစ်ခုမှာ လူငယ်တို့အား ယေရှုခရစ်တော်၏ဆက်ကပ်သောနောက်လိုက်များ ဖြစ်လာစေရန် ကူညီဖို့ဖြစ်ပါသည် (ရှု ၂၉၊ ၂၊ ၆)။
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့၏ လမ်းညွှန်မှုအောက်တွင်၊ အသင်းတော်စုလူငယ်ကောင်စီသည် သူတို့၏အသင်းတော်စုနှင့် ပတ်ဝန်းကျင်ရှိ လိုအပ်သောသူများကို အစေခံဖို့ နည်းလမ်းများကို စီစဉ်ပါသည်။