“၂၃။ ဧဝံဂေလိတရားတော်ကို ဝေငှခြင်း၊ အသင်းသားအသစ်များနှင့် ပြန်လာသောသူများကို ခွန်အားဖြည့်ပေးခြင်း၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ(၂၀၂၃)။
“၂၃။ ဧဝံဂေလိတရားတော်ကို ဝေငှခြင်း၊ အသင်းသားအသစ်များနှင့် ပြန်လာသောသူများကို ခွန်အားဖြည့်ပေးခြင်း၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ။
၂၃။
ဧဝံဂေလိတရားတော်ကို ဝေငှခြင်း၊ အသင်းသားအသစ်များနှင့် ပြန်လာသောသူများကို ခွန်အားဖြည့်ပေးခြင်း
၂၃၊၀
နိဒါန်း
အားလုံးကို ဧဝံဂေလိတရားတော်ရရှိရန်ဖိတ်ခေါ်ခြင်းသည် ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည် (ရှု ဤလက်စွဲစာအုပ်ရှိ ၁၊ ၂၊ ရှင်မဿဲ ၂၈း၁၉-၂၀)။ အောက်ပါတို့ပါဝင်ပါသည်၊
-
သာသနာပြုအမှု၌ပါဝင်ခြင်းနှင့် သာသနာပြုများအဖြစ် အမှုဆောင်ခြင်း။
-
အသင်းသားအသစ်များနှင့် ပြန်လာသောသူများအား ပဋိညာဉ်လမ်းတစ်လျှောက် တိုးတက်ရန် ကူညီခြင်း။
၂၃၊ ၁
ဧဝံဂေလိတရားတော်ကို ဝေငှပါ
၂၃၊ ၁၊ ၁
ချစ်ခြင်း
ဘုရားသခင်အား ကျွန်ုပ်တို့၏ချစ်ခြင်းကို ပြရာနည်းလမ်းတစ်ခုမှာ ကိုယ်တော်၏သားသမီးများကို ချစ်ခြင်းနှင့် အမှုဆောင်ခြင်းဖြစ်ပါသည် (ရှု ရှင်မဿဲ ၂၂း၃၆-၃၉၊ ၂၅း၄၀)။ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်နည်းတူ ချစ်ရန်နှင့် အမှုဆောင်ရန် ကြိုးစားကြပါသည်။ ဤချစ်ခြင်းသည် ကျွန်ုပ်တို့အား ဘာသာ၊ လူမျိုးနှင့် ယဉ်ကျေးမှုအားလုံးမှ လူတို့ဆီဖြန့်ကျက်ရန် လမ်းပြလှုံ့ဆော်ပါသည် (ရှု တမန်တော်ဝတ္ထု ၁၀း၃၄၊ ၂ နီဖိုင်း ၂၆း၃၃)။
၂၃၊ ၁၊ ၂
ဝေငှပါ
ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သူ၏သားသမီးတို့ကို ချစ်သောကြောင့်၊ ကျွန်ုပ်တို့ကို ကိုယ်တော်ပေးထားသည့် ကောင်းချီးမင်္ဂလာများကို အလိုအလျောက် ဝေငှလိုကြပါသည် (ရှု ရှင်ယောဟန် ၁၃း၃၄-၃၅) ဣသရေလအမျိုးသားတို့ကို စုဝေးဖို့ လည်း ကူညီလိုကြပါသည်။ ကျွန်ုပ်တို့သည် လူတို့ကို ကျွန်ုပ်တို့ခံစားရသည့် ဝမ်းမြောက်မှုကို ခံစားရဖို့ ကူညီရန် ကြိုးစားကြပါသည် (ရှု အယ်လမာ ၃၆း၂၄)။ ကျွန်ုပ်တို့ဘဝ၌ ကယ်တင်ရှင်နှင့် ကိုယ်တော်၏ လွှမ်းမိုးမှုအကြောင်းကို ပွင့်လင်းစွာပြောကြပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၆၀း၂)။ ကျွန်ုပ်တို့သည် ဤအရာတို့ကို လူချင်း၊ အွန်လိုင်းနှင့် အခြားအပြန်အလှန်ဆက်သွယ်မှုတို့၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပုံမှန်သဘာဝနည်းများဖြင့် ဝေငှကြပါသည်။
၂၃၊ ၁၊ ၃
ဖိတ်ခေါ်ပါ
ကျွန်ုပ်တို့သည် အခြားသူတို့အား အောက်ပါတို့ကို မည်သို့ပြုရမည့်အကြောင်း လမ်းပြလှုံ့ဆော်မှုနှင့် လမ်းညွှန်မှုအတွက် ဆုတောင်းကြပါသည်။
-
ယေရှုခရစ်တော်၊ ကိုယ်တော်၏ဧဝံဂေလိတရားတော်၊ ကိုယ်တော်၏အသင်းတော်အားဖြင့် ရရှိနိုင်သည့် ကောင်းချီးမင်္ဂလာများကို လာ၍ကြည့်ရန် (ရှု ရှင်ယောဟန် ၁း၃၇-၃၉၊ ၄၅-၄၆)။
-
လိုအပ်သောလူတို့အား အမှုဆောင်ရာ၌ ကျွန်ုပ်တို့ကို လာ၍ ကူညီရန်။
-
ယေရှုခရစ်တော်၏ ပြန်လည်ဆောင်ယူထားသောအသင်းတော်သို့လာ၍ အသင်းတော်နှင့်စပ်ဆိုင်ရန်။
ဖိတ်ခေါ်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့ပြုလုပ်နေနှင့်ပြီးသည့် အရာများ၌ ကျွန်ုပ်တို့၏မိသားစု၊ မိတ်ဆွေများနှင့် အိမ်နီးချင်းများကို ပါဝင်စေခြင်းဟု ရိုးရှင်းစွာဆိုလိုပါသည်။
၂၃၊ ၂
အသင်းသားအသစ်များကို ခွန်အားဖြည့်ပေးခြင်း
အသင်းသားအသစ်တစ်ဦးချင်းသည်၊ မိတ်ဆွေဖြစ်ခြင်း၊ အမှုဆောင်ရန်အခွင့်အလမ်းများနှင့် ဝိညာဉ်ပကတိအားဖြည့်မှုတို့လိုအပ်ပါသည်။ အသင်းတော်အသင်းသားများအဖြစ်၊ ကျွန်ုပ်တို့သည် အသင်းသားအသစ်တို့ကို ကျွန်ုပ်တို့ချစ်ခြင်းနှင့် ထောက်မမှုပေးကြပါသည် (ရှု မောဇိယ ၁၈း၈-၁၀)။ ကျွန်ုတို့သည် သူတို့ကို အသင်းတော်၌ စပ်ဆိုင်ခြင်းခံစားမှုခံစားရရန် ကူညီကြပါသည်။ ကျွန်ုပ်တို့သည် သူတို့ကို ပဋိညာဉ်လမ်းတစ်လျှောက်၌ တိုးတက်ရန်နှင့် “ကိုယ်တော်ရှင်ထံသို့ပြောင်းလဲခြင်း၌” ပို၍လေးနက်လာစေရန်ကူညီကြပါသည် (အယ်လမာ ၂၃း၆)။
၂၃၊ ၃
ပြန်လာသောအသင်းသားများကို ခွန်အားဖြည့်ပေးပါ
အချို့သောအသင်းသားများသည် အသင်းတော်၌ ပါဝင်ခြင်းကို ရပ်တန့်ဖို့ ရွေးချယ်ကြပါသည်။ “ထိုသို့သောသူတို့အား၊” ကယ်တင်ရှင် မိန့်တော်မူခဲ့ပါသည်၊ “သင်တို့သည် ထိုသူကို သင်တို့၏တရားဇရပ်များ၊ သို့မဟုတ်၊ သင်တို့၏ ကိုးကွယ်ရာနေရာတို့မှ နှင်မထုတ်ရ။ အကြောင်းမူကား၊ သင်တို့သည် ထိုကဲ့သို့သောသူတို့ကို ဆက်၍ အမှုတော်ဆောင်ကြရမည်။ အကြောင်းမူကား၊ သင်တို့သည် သူတို့ပြန်လာ၍၊ နောင်တရလျက်၊ စိတ်နှလုံးမှ အကြွင်းမဲ့ဆက်ကပ်ခြင်းဖြင့် ငါ့ထံသို့ လာကြမည်ကို သိခြင်းမရှိကြ။ ငါသည်လည်း သူတို့ကို အနာကင်းစေမည်။ သင်တို့သည်လည်း ထိုသူတို့ထံသို့ ကယ်တင်ခြင်းကို ဆောင်ယူရာ လက်နက်များ ဖြစ်ကြလိမ့်မည်” (၃ နီဖိုင်း ၁၈း၃၂)။
ပြည့်စုံစွာပါဝင်ခြင်းမရှိသည့် အသင်းသားများသည် အသင်းတော်အသင်းသားများနှင့် ခိုင်မာသောဆက်ဆံရေးရှိလျှင် ပို၍ပြန်လာနိုင်ခြေရှိပါသည်။ အသင်းသားအသစ်များကဲ့သို့ပင်၊ သူတို့သည် မိတ်ဆွေဖြစ်ခြင်း၊ အမှုဆောင်ရန်အခွင့်အလမ်းများနှင့် ဝိညာဉ်ပကတိအားဖြည့်မှုတို့လိုအပ်ပါသည်။
၂၃၊ ၄
ပန္နက်ခေါင်းဆောင်များ
၂၃၊ ၄ ၊ ၁
ပန္နက်ဥက္ကဋ္ဌအဖွဲ့
ပန္နက်ဥက္ကဋ္ဌသည် ပန္နက်၌ ဧဝံဂေလိတရားတော်ကို ဝေငှခြင်း၊ အသင်းသားအသစ်များနှင့် ပြန်လာသောသူများကို ခွန်အားဖြည့်ပေးခြင်းတို့အတွက် သော့များကို ကိုင်ဆောင်ပါသည်။ သူနှင့် သူ၏အတိုင်ပင်ခံတို့သည် ဤအားထုတ်မှုများ၌ ယေဘုယျညွှန်ကြားချက်ကို ပေးပါသည်။
အများအားဖြင့် လစဉ်တွင်၊ ပန္နက်ဥက္ကဋ္ဌသည် ပန္နက်နှင့် အသင်းတော်စုခေါင်းဆောင်များ၊ အချိန်ပြည့်သာသနာပြုများ၌ အားထုတ်မှုများကို ညှိနှိုင်းဆောင်ရွက်ရန် သာသနာပြုဥက္ကဋ္ဌနှင့် တွေ့ဆုံပါသည်။
၂၃၊ ၄၊ ၃
အတိုင်ပင်ခံမင်းများ
ပန္နက်ဥက္ကဋ္ဌအဖွဲ့သည် အသင်းလူကြီးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့များနှင့် အသင်းတော်စုသာသနာပြုခေါင်းဆောင်များကို လမ်းညွှန်ထောက်မရန် အတိုင်ပင်ခံမင်းများကို ခန့်အပ်နိုင်ပါသည်။ ဤအားထုတ်မှုများကို ဦးဆောင်ရန် တစ်ဦး သို့မဟုတ် ထိုထက်ပိုသောအတိုင်ပင်ခံမင်းများကို ခန့်အပ်နိုင်ပါသည်။ သို့သော်လည်း၊ အတိုင်ပင်ခံမင်းအားလုံးသည် မိမိတို့ခန့်အပ်ခံရသည့် အသင်းတော်စုများနှင့် အဖွဲ့များအတွက် တာဝန်ရှိပါသည်။
၂၃၊ ၄၊ ၄
ပန္နက် လူမှုသက်သာရေး ဥက္ကဋ္ဌအဖွဲ့
ပန္နက်ဥက္ကဋ္ဌ၏လမ်းညွှန်မှု အောက်တွင်၊ ပန္နက် လူမှုသက်သာရေး ဥက္ကဋ္ဌအဖွဲ့သည် အသင်းတော်စုလူမှုသက်သာရေးဥက္ကဋ္ဌအဖွဲ့အား ဧဝံဂေလိတရားတော်ဝေငှခြင်း၊ အသင်းသားအသစ်များနှင့် ပြန်လာသောသူတို့အား ခွန်အားဖြည့်ပေးခြင်းအတွက် တာဝန်များ၌ လမ်းညွှန်ထောက်မပါသည်။
၂၃၊ ၅
အသင်းတော်စု ခေါင်းဆောင်များ
၂၃၊ ၅၊ ၁
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် အသင်းလူကြီးအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့တို့အား ဧဝံဂေလိတရားတော်ဝေငှခြင်း၊ အသင်းသားအသစ်များနှင့် ပြန်လာသောသူတို့အား ခွန်အားဖြည့်ပေးခြင်း၌ အသင်းတော်စုအားထုတ်မှုများတွင် ဦးဆောင်စဉ် ညှိနှိုင်းဆောင်ရွက်ပါသည်။ ဤခေါင်းဆောင်များသည် ပုံမှန်အတူတကွ တိုင်ပင်ကြပါသည်။
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် ဤအားထုတ်မှုများကို အသင်းတော်စုကောင်စီနှင့် လူငယ်ကောင်စီအစည်းအဝေးများတွင် ဆွေးနွေး၍ ညှိနှိုင်းဆောင်ရွက်ကြောင်း သေချာစေပါသည်။
သင်းအုပ်သည့် သင့်လျော်သည့် အရွယ်ရောက်သူ အသင်းသားအသစ်တို့အား ကိုယ်စားဗတ္တိဇံများနှင့် အတည်ပြုခြင်းများ ဆောင်ရွက်ရန် ဗိမာန်တော်ထောက်ခံချက် တစ်ခုအတွက် လူတွေ့မေးမြန်းပါသည် (ရှု ၂၆၊ ၄၊ ၂)။ သူသည် သင့်လျော်သည့်အရွယ်ရောက်သူညီအစ်ကိုတို့ကိုလည်း အာရုန်ယဇ်ပုရောဟိတ်အခွင့်ကို ရရှိရန် လူတွေ့မေးမြန်းပါသည်။ သူသည် ဤလူတွေ့မေးမြန်းခြင်းများကို အများအားဖြင့် အသင်းသား၏အတည်ပြုခြင်းမှ တစ်ပတ်အတွင်း ဆောင်ရွက်ပါသည်။
၂၃၊ ၅၊ ၂
အသင်းလူကြီးအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့များ
အသင်းလူကြီးအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့များ ဧဝံဂေလိတရားတော်ကို ဝေငှရန်၊ အသင်းသားအသစ်များနှင့် ပြန်လာသောသူတို့အား ခွန်အားဖြည့်ပေးရန် အသင်းတော်စု၏နေ့စဉ်အားထုတ်မှုများကို ဦးဆောင်ပါသည် ( ရှု ၈၊ ၂၊ ၃၊ ၉၊ ၂၊ ၃)။
ဤခေါင်းဆောင်တို့တွင် အောက်ပါတာဝန်များရှိပါသည်၊
-
အသင်းသားတို့အား ဘုရားသခင်၏သားသမီးများကို ချစ်ရန်၊ ဧဝံဂေလိတရားတော်ကို ဝေငှရန်၊ အခြားသူတို့အား ကယ်တင်ရှင်၏ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ဖိတ်ခေါ်ရန် လမ်းပြလှုံ့ဆော်ဖို့ ကူညီခြင်း။
-
အသင်းသားအသစ်များနှင့် ပြန်လာသောသူတို့အတွက် အမှုတော်ဆောင်ညီအစ်ကို မောင်နှမများ ခန့်ထားခြင်း (ရှု ၂၁၊ ၂၊ ၁)။
-
အသင်းတော်စုသာသနာပြုခေါင်းဆောင်၏အလုပ်ကို ဦးဆောင်ခြင်း။
အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌနှင့် လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌတစ်ဦးချင်းတို့သည် ဤအားထုတ်မှုများ၌ ကူညီရန် ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးကို ခန့်ထားပါသည်။ ဤဥက္ကဋ္ဌအဖွဲ့ဝင်နှစ်ဦးသည် အတူတကွအလုပ်လုပ်ကြပါသည်။ သူတို့သည် အပတ်စဉ် ညှိနှိုင်းအစည်းအဝေးများကို တက်ရောက်ကြပါသည် (၂၃၊ ၅၊ ၇)။
၂၃၊ ၅၊ ၃
အသင်းတော်စု သာသနာပြုခေါင်းဆောင်
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် အသင်းတော်စုသာသနာပြုခေါင်းဆောင်တစ်ဦး ခေါ်သွင်းမသွင်းဆုံးဖြတ်ရန် ပန္နက်ဥက္ကဋ္ဌနှင့် တိုင်ပင်ဆွေးနွေးပါသည်။ ဤလူသည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူတစ်ယောက်ဖြစ်ရမည်။ ဤခေါင်းဆောင်ကို ခေါ်သွင်းမထားလျှင်၊ အသင်းလူကြီးဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးသည် ဤနေရာကို ဖြည့်ပါသည်။
အသင်းတော်စုသာသနာပြုခေါင်းဆောင်သည် အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့တို့အား သူတို့၏သာသနာပြုတာဝန်များ၌ ကူညီထောက်မပါသည်။ သူ့တွင် အောက်ပါတာဝန်များလည်းရှိပါသည်။
-
အသင်းတော်စုအသင်းသားများနှင့်ခေါင်းဆောင်များ၊ အသင်းတော်စုသာသနာပြုများ၊ ၊ အချိန်ပြည့်သာသနာပြုများ၏အလုပ်ကို ညှိနှိုင်းဆောင်ရွက်ခြင်း။
-
အပတ်စဉ်ညှိနှိုင်းအစည်းအဝေးများကို ဦးဆောင်ခြင်း (ရှု ၂၃၊ ၅၊ ၇)။
၂၃၊ ၅၊ ၄
အသင်းတော်စု သာသနာပြုများ
အသင်းတော်စုသာသနာပြုများသည် အသင်းတော်စုအသင်းသားများကို ၂၃၊ ၁ ၌ ဖော်ပြထားသည့်အတိုင်း ဧဝံဂေလိတရားတော်ဝေငှခြင်း၏ ဝမ်းမြောက်မှုကို တွေ့ကြုံစေဖို့ ကူညီပါသည်။ သူတို့သည် အသင်းတော်စုသာသနာပြုခေါင်းဆောင် သို့မဟုတ် ဤနေရာကိုဖြည့်သည့် အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌအဖွဲ့ဝင်၏လမ်းညွှန်မှုအောက်တွင် အမှုဆောင်ကြပါသည်။
၂၃၊ ၅၊ ၅
အသင်းတော်စုကောင်စီနှင့် အသင်းတော်စုလူငယ်ကောင်စီ
ဧဝံဂေလိတရားတော်ဝေငှခြင်း၊ အသင်းသားအသစ်များနှင့် ပြန်လာသောသူများကို ခွန်အားဖြည့်ပေးခြင်းတို့ကို အသင်းတော်စုကောင်စီအစည်းအဝေးများတွင် ပုံမှန်ဆွေးနွေးရမည်။ သင်းအုပ်သည် အသင်းတော်စုသာသနာပြုခေါင်းဆောင်ကို အသင်းတော်စုကောင်စီအစည်းအဝေးများတက်ရောက်ရန် ဖိတ်ခေါ်နိုင်ပါသည်။
အောက်ပါကဲ့သို့သော ပုံစံများသည် ဤဆွေးနွေးခြင်းများတွင် ကူညီနိုင်ပါသည်။
အသင်းတော်စုရှိ လူငယ်တို့၏ လိုအပ်မှုကို ဆွေးနွေးခြင်းတွင်၊ အသင်းတော်စု လူငယ်ကောင်စီသည် အသင်းသားအသစ်များနှင့် ပြန်လာသောသူများ၊ သာသနာပြုများသွန်သင်လျက်ရှိသည့် လူငယ်များကို အထူးအာရုံစိုက်ပါသည်။
၂၃၊ ၅၊ ၇
အစည်းအဝေးများ ညှိနှိုင်းဆောင်ရွက်ခြင်း
သီတင်းပတ်တိုင်းတွင်၊ ဧဝံဂေလိတရားတော်ဝေငှရန်၊ အသင်းသားအသစ်များနှင့် ပြန်လာသောသူများကို ခွန်အားဖြည့်ပေးရန် အားထုတ်မှုများကို ညှိနှိုင်းဖို့ သာမန်အစည်းအဝေးအတိုများကို ကျင်းပပါသည်။ အသင်းတော်စုသာသနာပြုခေါင်းဆောင်တစ်ဦး ခေါ်သွင်းထားလျှင်၊ သူသည် ထိုအစည်းအဝေးများကို ဦးဆောင်ပါသည်။ သို့မဟုတ်လျှင်၊ ဤနေရာကိုဖြည့်သည့် အသင်းလူကြီးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့ဝင်က ဦးဆောင်ပါသည်။
ဖိတ်ခေါ်ခံရသည့် အခြားသူများတွင် အောက်ပါတို့ ပါဝင်ပါသည်၊
-
လူမှုသက်သာရေးအဖွဲ့နှင့် အသင်းလူကြီးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့များမှ ခန့်ထားသောအဖွဲ့ဝင်များ။
-
အသင်းတော်စု သာသနာပြုများ။
-
ယဇ်ပုရောဟိတ်အဖွဲ့ရှိ အကူတစ်ဦး (သို့မဟုတ် ဆရာများ သို့မဟုတ် ၊သင်းထောက်အဖွဲ့ဥက္ကဋ္ဌ အသင်းတော်စု၌ ယဇ်ပုရောဟိတ်မရှိလျှင်)။
-
အသက်အကြီးဆုံးလူငယ်အမျိုးသမီးအတန်းမှ ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦး။
-
အချိန်ပြည့်သာသနာပြုများ။