လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၂၇။ အသက်ရှင်သူတို့အတွက် ဗိမာန်တော်ဘိသိက်မင်္ဂလာများ


“၂၇။ အသက်ရှင်သူတို့အတွက် ဗိမာန်တော်ဘိသိက်မင်္ဂလာများ၊ ”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။

“၂၇။ အသက်ရှင်သူတို့အတွက် ဗိမာန်တော်ဘိသိက်မင်္ဂလာများ၊”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

သတို့သမီးနှင့် သတို့သား

၂၇။

အသက်ရှင်သူတို့အတွက် ဗိမာန်တော်ဘိသိက်မင်္ဂလာများ

၂၇။

နိဒါန်း

ဗိမာန်တော်သည် ကိုယ်တော်ရှင်၏အိမ်တော်ဖြစ်ပါသည်။ ထိုအိမ်တော်သည် ကျွန်ုပ်တို့ကို ကျွန်ုပ်တို့၏ကယ်တင်ရှင်၊ ယေရှုခရစ်တော်ဆီသို့ ညွှန်ပြပါသည်။ ဗိမာန်တော်ထဲတွင်၊ ကျွန်ုပ်တို့သည် သန့်ရှင်းမွန်မြတ်သော ဘိသိက်မင်္ဂလာများကိုပြုကြပြီး ကောင်းကင်ဘုံရှင်အဘနှင့် ပဋိညာဉ်များ ပြုကြပါသည်၊ ထိုအရာများက ကျွန်ုပ်တို့ကို ကိုယ်တော်နှင့် ကယ်တင်ရှင်ထံ ပေါင်းစည်းစေပါသည်။ ဤပဋိညာဉ်များနှင့် ဘိသိက်မင်္ဂလာများက ကျွန်ုပ်တို့ကို ကောင်းကင်ဘုံရှင်အဘ၏ မျက်မှောက်တော်သို့ ပြန်သွားရန်နှင့် မိသားစုများအဖြစ်ထာဝရတံဆိပ်ခတ်ခံရစေရန် ပြင်ဆင်ပေးပါသည်။

ဗိမာန်တော် ပဋိညာဉ်များနှင့် ဘိသိက်မင်္ဂလာများတွင်၊ “ဘုရားဝတ်၌မွေ့လျော်ခြင်းတန်ခိုး” ( ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၈၄း၂၀) ကို ထင်ရှားစွာဖော်ပြထားပါသည်။

ဗိမာန်တော်ပဋိညာဉ်များနှင့်ဘိသိက်မင်္ဂလာများသည် သန့်ရှင်းမွန်မြတ်ပါသည်။ ပဋိညာဉ်များနှင့်ဆက်စပ်နေသည့်သင်္ကေတများကို ဗိမာန်တော်အပြင်ဘက်တွင် မဆွေးနွေးရပါ။ ကျွန်ုပ်တို့မဖော်ပြဟု ဗိမာန်တော်ထဲတွင်ကတိပေးသည့် သန့်ရှင်းသောအချက်အလက်များကိုလည်း မဆွေးနွေးရပါ။ သို့သော်လည်း၊ ကျွန်ုပ်တို့သည် ဗိမာန်တော်ပဋိညာဉ်များနှင့် ဘိသိက်မင်္ဂလာတို့၏ အခြေခံရည်ရွယ်ချက်များနှင့် ဩဝါဒ၊ ဗိမာန်တော်ထဲ၌ ကျွန်ုပ်တို့၏ဝိညာဉ်ပကတိခံစားချက်များကို ဆွေးနွေးနိုင်ပါသည်။

အသင်းတော်စုနှင့် ပန္နက်ခေါင်းဆောင်တို့သည် ဤအခန်းမှအချက်အလက်ကို ဝိညာဉ်ပကတိအပ်နှင်းခြင်းနှင့် တံဆိပ်ခတ်ခြင်းဘိသိက်မင်္ဂလာများကို ရရှိရန်ပြင်ဆင်နေသည့် အသင်းသားများနှင့် ဆွေးနွေးနိုင်ပါသည်။

၂၇၊ ၁

ဗိမာန်တော်ဘိသိက်မင်္ဂလာများကို ရရှိခြင်း

၂၇၊ ၁၊ ၁

ဗိမာန်တော်ဘိသိက်မင်္ဂလာများကို ရရှိရန်ပြင်ဆင်ခြင်း

အသင်းသားများသည် ဗိမာန်တော်ဘိသိက်မင်္ဂလာများကို ရရှိရန်၊ ဗိမာန်တော်ပဋိညာဉ်များ ပြုလုပ်ရန်နှင့် ရိုသေရန် သူတို့ကိုယ်သူတို့ ဝိညာဉ်ပကတိအရာ၌ ပြင်ဆင်ရမည်။

မိဘများသည် မိမိတို့သားသမီးများ ဗိမာန်တော်ဘိသိက်မင်္ဂလာများ ရရှိဖို့ပြင်ဆင်ရာ၌ ကူညီရန် အဓိကတာဝန်ရှိပါသည်။ ပန္နက်နှင့် အသင်းတော်စုခေါင်းဆောင်များ၊ အမှုတော်ဆောင်ညီအစ်ကို မောင်နှမများ၊ ထို့အတူ ဆင့်ပွားမိသားစုဝင်များသည် မိဘများကို ဤကဏ္ဍ၌ ထောက်မကြပါသည်။

ဗိမာန်တော်ဘိသိက်မင်္ဂလာများကိုရရှိရန် ပြင်ဆင်ရာ၌ အသင်းသားများကို ကူညီပေးမည့် အထောက်အပံ့များကို temples.ChurchofJesusChrist.org တွင်ရရှိနိုင်သည်။

မိမိကိုယ်ပိုင်ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ရရှိရန် သို့မဟုတ် အိမ်ထောင်ဘက်နှင့် တံဆိပ်ခတ်ခံရန်ပြင်ဆင်နေသည့် အသင်းသားများအနေဖြင့် ဗိမာန်တော်အတွက် ပြင်ဆင်ခြင်းသင်တန်း၌ ပါဝင်ရန် တိုက်တွန်းပါသည် ( ရှု ၂၅၊ ၂၊ ၈)။

၂၇၊ ၁၊ ၃

ကိုယ်မသန်စွမ်းသူအသင်းသားများ

ကိုယ်မသန်စွမ်းသည့် ထိုက်တန်သောအသင်းသားများသည် ဗိမာန်တော်ဘိသိက်မင်္ဂလာအားလုံးကို ရရှိနိုင်ပါသည်။ ဤအသင်းသားများကို ဝိညာဉ်ပကတိအပ်နှင်းခံပြီးသည့် ဆွေမျိုးများ သို့မဟုတ် မိမိတို့ကို ကူညီနိုင်သည့် လိင်တူမိတ်ဆွေများနှင့် ဗိမာန်တော်တက်ရောက်ရန် တိုက်တွန်းပါသည်။ အသင်းသားများသည် မိသားစုဝင် သို့မဟုတ် မိတ်ဆွေတစ်ဦးနှင့် အတူမတက်ရောက်နိုင်လျှင်၊ ဗိမာန်တော်ကို ကြိုတင်ဖုန်းခေါ်နိုင်ပြီး ပြုလုပ်ထားနိုင်သည့် စီစဉ်မှုများကို သိရှိရန်ဖြစ်ပါသည်။

၂၇၊ ၁၊ ၁၄

ဘာသာပြန် သို့မဟုတ် စကားပြန် အကူအညီ

အသင်းသားများသည် ဘာသာပြန် သို့မဟုတ် စကားပြန် အကူအညီ လိုအပ်လျှင်၊ ရရှိနိုင်ခြင်းရှိမရှိကို သိရှိရန် ဗိမာန်တော်ကို ကြိုတင်ဆက်သွယ်ရမည်။

၂၇၊ ၁၊ ၅

ဗိမာန်တော်သွားရာတွင် ဝတ်ရမည့် အဝတ်အစား

ဗိမာန်တော်သွားရာတွင်၊ အသင်းသားများသည် ပွဲတော်အစည်းအဝေး၌ဝတ်နေကျအဝတ်အစားမျိုးကို ဝတ်ရမည်။

ရှု ၂၇၊ ၃၊ ၂၊ ၆ ဗိမာန်တော်လက်ထပ်ခြင်း သို့မဟုတ် တံဆိပ်ခတ်ခြင်း၌ ဝတ်သည့် အဝတ်အစားနှင့် ပတ်သက်သည့် အချက်အလက်အတွက်။

ရှု ၃၊ ၈၊ ၅ ပတ်သက်သည့် အချက်အလက် အတွက်၊

  • ဝိညာဉ်ပကတိအပ်နှင်းခြင်းနှင့် တံဆိပ်ခတ်ခြင်းဘိသိက်မင်္ဂလာများ၌ ဝတ်ရန် အဝတ်အစား။

  • ဗိမာန်တော်အခမ်းအနား အဝတ်နှင့် အဝတ်တန်ဆာများကို ရရှိခြင်း၊ ဝတ်ဆင်ခြင်းနှင့် ဂရုစိုက်ခြင်း။

၂၇၊ ၁၊ ၆

ကလေးစောင့်ရှောက်ခြင်း

ကလေးများသည် ဗိမာန်တော်မြေပေါ်၌ ရှိလျှင် အရွယ်ရောက်သူကြီးကြပ်မှုရှိရမည်။ ကလေးများကို ကြီးကြပ်ရန် ဗိမာန်တော်လုပ်သားများကို အောက်ပါအခြေအနေများတွင်သာ ရရှိနိုင်ပါသည်။

  • သူတို့ကို မိဘများနှင့် တံဆိပ်ခတ်ပါက

  • သူတို့သည် သူတို့၏အသက်ရှင်သော မွေးချင်းများ၊ မိဘကွဲမွေးချင်းများ၊ သို့မဟုတ် အဖေစုံအမေကွဲ အမေစုံအဖေကွဲမွေးချင်းများ၏ တံဆိပ်ခတ်ခြင်းကို စောင့်ကြည့်ပါက

၂၇၊ ၁၊ ၇

အသင်းသားများဗိမာန်တော်ဘိသိက်မင်္ဂလာများ ရရှိပြီးနောက် တွေ့ဆုံခြင်း

အသင်းသားများသည် ဗိမာန်တော်ဘိသိက်မင်္ဂလာများရရှိပြီးနောက်တွင် မေးခွန်းများရှိတတ်ကြပါသည်။ ဝိညာဉ်ပကတိအပ်နှင်းခံပြီးသောမိသားစုဝင်များ၊ သင်းအုပ်၊ အခြားအသင်းတော်စုခေါင်းဆောင်များ၊ အမှုတော်ဆောင်ညီအစ်ကိုမောင်နှမများသည် အသင်းသားများ၏ဗိမာန်တော်အတွေ့အကြုံကို ဆွေးနွေးရန် တွေ့ဆုံနိုင်ကြပါသည်။

မေးခွန်းများကို ဖြေဆိုရန် ကူညီပေးမည့် အထောက်အပံ့များကို temples.ChurchofJesusChrist.org တွင်ရရှိနိုင်သည်။

၂၇၊ ၂

ဝိညာဉ်ပကတိအပ်နှင်းခြင်း

ဝိညာဉ်ပကတိအပ်နှင်းခြင်းစကားလုံးမှာ “ဆုကျေးဇူး” တစ်ခုဟုဆိုလိုပါသည်။ ဗိမာန်တော်ဝိညာဉ်ပကတိအပ်နှင်းခြင်းမှာ ဘုရားသခင် ကိုယ်တော်၏သားသမီးများကို ကောင်းချီးပေးရာ ကိုယ်တော်ထံမှ ဆုကျေးဇူးတစ်ခုပင်ဖြစ်ပါသည်။ ဗိမာန်တော်ဝိညာဉ်ပကတိအပ်နှင်းခြင်းအားဖြင့် အသင်းသားများ ရရှိရာဆုကျေးဇူးများထဲမှအချို့တွင်ပါဝင်သည့်အရာများမှာ၊

  • ကိုယ်တော်ရှင်၏ ရည်ရွယ်ချက်များနှင့် သွန်သင်ခြင်းများအကြောင်း သာ၍ကြီးစွာသော အသိဉာဏ်။

  • ကောင်းကင်ဘုံရှင်အဘ ကိုယ်တော်၏သားသမီးများကို လုပ်ဆောင်စေလိုသည့် ခပ်သိမ်းသောအရာများ။

  • ကိုယ်တော်ရှင်ကို၊ မိမိတို့မိသားစုများနှင့် အခြားသူများကို အစေခံခြင်း၌ ဘုရားလမ်းညွှန်မှု။

  • တိုးလာသည့် မျှော်လင့်ခြင်း၊ နှစ်သိမ့်ခြင်းနှင့် ငြိမ်းချမ်းခြင်း။

ဤကောင်းချီးမင်္ဂလာများ ပြီးပြည့်စုံစေခြင်းမှာ ယေရှုခရစ်တော်၏ဧဝံဂေလိတရားအပေါ်၌ သစ္စာရှိခြင်းအပေါ် မူတည်ပါသည်။

ဝိညာဉ်ပကတိအပ်နှင်းခြင်းကို အပိုင်းနှစ်ပိုင်းဖြင့် ရရှိပါသည်။ ပထမပိုင်းတွင်၊ လူတစ်ဦးသည် အစပြုခြင်းဟုခေါ်သည့် ပဏာမဘိသိက်မင်္ဂလာကို ရရှိပါသည်။ အစပြုခြင်းကို ဘိသိက်မင်္ဂလာ သုံးမျိုးဖြင့်ဖွဲ့စည်းထားသည်၊ သန့်ရှင်းခြင်း၊ ဆီလိမ်းခြင်း နှင့် အဝတ်ဝတ်ခြင်းတို့ဖြစ်သည် (ရှု ထွက်မြောက်ရာကျမ်း ၂၉း၄–၉)။ ထိုအရာတွင် လူတစ်ဦး၏ဘုရားအမွေနှင့် အလားအလာတို့နှင့် ဆက်စပ်သည့် အထူးကောင်းချီးမင်္ဂလာများ ပါဝင်ပါသည်။

အစပြုခြင်းတွင်၊ အသင်းသားသည် ဗိမာန်တော်အဝတ်တန်ဆာကို ဝတ်ဆင်ရန် ပဋိညာဉ်ပြုရပါသည်။ အဝတ်တန်ဆာသည် သူသို့မဟုတ် သူမ၏ ဘုရားသခင်နှင့် ပုဂ္ဂလဆက်ဆံရေး၊ ဗိမာန်တော်၌ ပြုခဲ့သည့် ပဋိညာဉ်များကို နာခံရန် ကတိကဝတ်တို့ ပါဝင်ပါသည်။ အသင်းသားများသည် မိမိတို့ပဋိညာဉ်များအပေါ် သစ္စာရှိ၍ မိမိတို့ဘဝတစ်လျှောက် ဗိမာန်တော်အဝတ်တန်ဆာကို သင့်လျော်စွာ ဝတ်ဆင်သောအခါ၊ အကာအကွယ်တစ်ခုအဖြစ်ရှိပါသည်။ ဗိမာန်တော်အဝတ်တန်ဆာဝတ်ဆင်ခြင်းနှင့် ဂရုစိုက်ခြင်းအကြောင်း အချက်အလက်အတွက်၊ ရှု ၃၈၊ ၅၊ ၅

ဝိညာဉ်ပကတိအပ်နှင်းခြင်းဒုတိယပိုင်းတွင်၊ ဖန်ဆင်းခြင်း၊ အာဒံနှင့် ဧဝတို့၏ ကျရှုံးခြင်း၊ ယေရှုခရစ်တော်၏ အပြစ်ဖြေခြင်း မင်္ဂလာ၊ ဖောက်ပြန်သင်းကွဲခြင်းနှင့် ပြန်လည်ဆောင်ယူခြင်းတို့ အပါအဝင် ကယ်တင်ခြင်းအစီအစဉ်ကို သွန်သင်ပါသည်။ အသင်းသားများသည် ကိုယ်တော်ရှင်၏မျက်မှောက်တော်သို့ ပြန်သွားခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်ကိုလည်း ရရှိကြပါသည်။

ဝိညာဉ်ပကတိအပ်နှင်းခြင်းတွင်၊ အသင်းသားများသည် အောက်တွင်ဖော်ပြထားသည့်အတိုင်း သန့်ရှင်းမွန်မြတ်သောပဋိညာဉ်များပြုရန် ဖိတ်ခေါ်ခံရပါသည်။

  • နာခံခြင်းပညတ်ကို ကျင့်သုံးရန်နှင့် ကောင်းကင်ဘုံရှင်အဘ၏ ပညတ်တော်များကို စောင့်ထိန်းဖို့ ကြိုးစားရန်။

  • ပူဇော်ခြင်းပညတ်ကို နာခံခြင်းဆိုသည်မှာ ကိုယ်တော်ရှင်၏အမှုတော်ကို ထောက်ကူရန် ပူဇော်ခြင်း၊ ကျိုးပဲ့သောနှလုံးသားနှင့် ကြေကွဲသောစိတ်ဖြင့် နောင်တရခြင်းဟု ဆိုလိုပါသည်။

  • ယေရှုခရစ်တော်၏ဧဝံ‌ဂေလိတရားတော်၏ ဥပဒေကိုနာခံပါ။

  • ကာမစင်ကြယ်ခြင်းဥပဒေကိုစောင့်ထိန်းပါ ၊ အဓိပ္ပာယ်မှာ ဘုရားသခင်၏ဥပဒေအရ၊ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးကြား တရားဝင်ထိမ်းမြားလက်ထပ်မှု၏ပြင်ပတွင် ကာမစပ်ယှက်ခြင်းများကို ရှောင်ကြဥ်ခြင်းဖြစ်သည်။

  • ဆက်ကပ်ခြင်းဥပဒေကို စောင့်ထိန်းပါ၊ ဆိုလိုသည်မှာ အသင်းသားများသည် သူတို့၏ အချိန်၊ ပင်ကိုယ်အရည်အချင်းများ၊ ထို့အတူ သူတို့ကို ကိုယ်တော်ရှင်ကောင်းချီးပေးထားသည့် အရာတိုင်းကို မြေကြီးပေါ်၌ ယေရှုခရစ်တော်၏အသင်းတော်တည်ထောင်ခြင်းအတွက် ဆက်ကပ်ရမည်။

အပြန်အလှန်အနေဖြင့်၊ မိမိတို့ပဋိညာဉ်များကို သစ္စာရှိသူများသည် “အထက်မှ တန်ခိုးဖြင့်“” အပ်နှင်းခံရလိမ့်မည်ဟု ကောင်းကင်ဘုံရှင်အဘက ကတိပေးတော်မူပါသည် (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၃၈း၃၂-၃၈၊ လည်းရှု ရှင်လုကာ ၂၄း၄၉ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၃း၁၆)။

၂၇၊ ၂၊ ၁

မည်သူသည် ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ရရှိနိုင်ပါသနည်း

အသင်းတော်၏စာရင်းဝင်အရွယ်ရောက်အသင်းသားအားလုံးသည် မိမိတို့ကိုယ်ပိုင် ဝိညာဉ်ပကတိအပ်နှင့်ခြင်းအတွက် ပြင်ဆင်ရန်နှင့် ရရှိရန်ဖိတ်ခေါ်ပါသည်။ ကြိုတင်ရှိရမည့်ဘိသိက်မင်္ဂလာအားလုံးကို အသင်းသားများ ဝိညာဉ်ပကတိမရရှိနိုင်မီ လုပ်ဆောင်၍မှတ်တမ်းတင်ထားရမည်။ (ရှု ၂၆၊ ၃၊ ၁)။

၂၇၊ ၂၊ ၁၊ ၁

ဗတ္တိဇံခံပြီးစအသင်းသားများ

မိမိတို့၏အတည်ပြုခြင်းနေ့စွဲမှ အနည်းဆုံးတစ်နှစ်ပြည့်ပြီးသည့် ထိုက်တန်သော အရွယ်ရောက် အသင်းသားအသစ်များသည် ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ရရှိနိုင်ပါသည်။

၂၇၊ ၂၊ ၁၊၂

ဝိညာဉ်ပကတိအပ်နှင်းမခံရသေးသည့်အိမ်ထောင်ဖက်ရှိသောအသင်းသားများ

ဝိညာဉ်ပကတိအပ်နှင်းမခံရသေးသည့်အိမ်ထောင်ဖက်ရှိသည့် ထိုက်တန်သောအသင်းသားတစ်ဦးသည် အောက်ပါအခြေအနေများနှင့် ကိုက်ညီလျှင် သူ သို့မဟုတ် သူမ၏ကိုယ်ပိုင်ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ရရှိနိုင်ပါသည်။

  • ဝိညာဉ်ပကတိအပ်နှင်းမခံရသေးသည့်အိမ်ထောင်ဖက်က သူသို့မဟုတ် သူမ၏ခွင့်ပြုချက်ကိုပေးသည်။

  • အသင်းသား၊ သင်းအုပ်နှင့် ပန္နက်ဥက္ကဋ္ဌတို့သည် ဗိမာန်တော်ပဋိညာဉ်များကို အခြေခံသည့် တာဝန်မှာ အိမ်ထောင်ရေးကို ပြိုကွဲစေခြင်းဖြစ်မည်မဟုတ်ဟု ယုံကြည်ကြသည်။

ဤအခြေအနေများမှာ အိမ်ထောင်ဖက်က အသင်းတော်အသင်းသားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အကျုံးဝင်ပါသည်။

၂၇၊ ၂၊ ၁၊ ၃

အသိဉာဏ်စွမ်းချို့တဲ့သောအသင်းသားများ

အသိဉာဏ်စွမ်းချို့တဲ့သောအသင်းသားများသည် အောက်ပါအချက်များရှိလျှင် သူတို့၏ကိုယ်ပိုင် ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ရရှိနိုင်ပါသည်၊

  • သူတို့သည် ကြိုတင်ဘိသိက်မင်္ဂလာအားလုံးကို ရရှိထားသည် (ရှု ၂၆၊ ၃၊ ၁)။

  • သူတို့သည် ဆက်စပ်သည့် ပဋိညာဉ်များကို နားလည်ဖို့၊ ပြုလုပ်ဖို့နှင့် စောင့်ထိန်းဖို့ အသိဉာဏ်စွမ်းရှိကြသည်။

သင်းအုပ်သည် အသင်းသားနှင့် သက်ဆိုင်သည့်နေရာတွင် သူ သို့မဟုတ် သူမ၏ မိဘများနှင့် တိုင်ပင်သည်။ သူသည် ဝိညာဉ်တော်၏လမ်းညွှန်မှုကိုလည်း ရှာသည်။ သူသည် ပန္နက်ဥက္ကဋ္ဌနှင့်လည်း တိုင်ပင်နိုင်ပါသည်။

၂၇၊ ၂၊ ၂

ဝိညာဉ်ပကတိအပ်နှင်းခြင်းရရှိသည့်အချိန်ကို ဆုံးဖြတ်ခြင်း

ဝိညာဉ်ပကတိအပ်နှင်းခြင်းရရှိရန် ဆုံးဖြတ်ခြင်းသည် ကိုယ်ရေးကိုယ်တာဖြစ်ပြီး ဆုတောင်းခြင်းထက်သန်စွာနှင့်ပြုသင့်ပါသည်။ ဝိညာဉ်ပကတိအပ်နှင်းခြင်းသည် ရရှိရန်ပြင်ဆင်သူအားလုံးအတွက် တန်ခိုးနှင့် ဗျာဒိတ်ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပါသည်။ အသင်းသားများသည် အောက်ပါအခြေအနေအားလုံးနှင့်ကိုက်ညီလျှင် သူတို့၏ကိုယ်ပိုင်ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ရရှိဖို့ ရွေးချယ်နိုင်ပါသည်။

  • သူတို့သည် အနည်းဆုံး အသက် ၁၈ နှစ်ရှိသည်။

  • သူတို့သည် အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း သို့မဟုတ် အလားတူကျောင်းများအောင်ပြီး၊ သို့မဟုတ် မတက်တော့ခြင်း။

  • သူတို့၏အတည်ပြုခြင်းပြီးနောက် တစ်နှစ်တင်းတင်းပြည့်ပြီးသွားခြင်း။

  • သန့်ရှင်းမွန်မြတ်သော ဗိမာန်တော်ပဋိညာဉ်များကို ရရှိရန်နှင့် သူတို့ဘဝတလျှောက်ရိုသေရန် ဆန္ဒရှိခြင်း။

သာသနာပြုတာဝန်ခေါ်ခြင်းကိုရရှိပြီး သို့မဟုတ် ဗိမာန်တော်ထဲ၌ တံဆိပ်ခတ်ခံရန် ပြင်ဆင်နေသောအသင်းသားများသည် ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ရရှိရမည်။

အသင်းသားတစ်ဦး ဝိညာဉ်ပကတိအပ်နှင်းခြင်းရရှိဖို့ ဗိမာန်တော်ထောက်ခံချက်ထုတ်မပေးမီ၊ သင်းအုပ်နှင့် ပန္နက်ဥက္ကဋ္ဌတို့သည် ထိုသူအား သန့်ရှင်းမွန်မြတ်သောဗိမာန်တော်ပဋိညာဉ်များကို နားလည်ရန်နှင့် စောင့်ထိန်းရန် ပြင်ဆင်ထားသည်ဟု ထင်မြင်ချက်ရှိရမည်။ ဤအရည်အချင်းပြည့်မီမှုကို တစ်ဦးချင်းစီအတွက် သီးခြားသတ်မှတ်ပါသည်။

၂၇၊ ၂၊ ၃

ဝိညာဉ်ပကတိအပ်နှင်းခြင်းကို စီစဉ်ခြင်းနှင့် အချိန်ဇယားဆွဲခြင်း

၂၇၊ ၂၊ ၃၊ ၁

အသက်ရှင်သောဘိသိက်မင်္ဂလာများအတွက် ထောက်ခံချက်ရရှိခြင်း

အသင်းသားတစ်ဦးသည် ဗိမာန်တော်တစ်ခုသို့ ဝင်ရောက်၍ ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ရရှိရန် အသက်ရှင်သောဘိသိက်မင်္ဂလာများအတွက် ထောက်ခံချက်တစ်ခုကို ရရှိရမည်။ ဤထောက်ခံချက်များနှင့်ပတ်သက်သည့် အချက်အလက်အတွက်၊ ရှု ၂၆၊ ၅၊ ၁

၂၇၊ ၂၊ ၃၊ ၂

ဗိမာန်တော်ကို ဆက်သွယ်ခြင်း

ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ရရှိရန် စီစဉ်နေသောအသင်းသားများသည် ဘိသိက်မင်္ဂလာများကို အချိန်ဇယားဆွဲရန် ဗိမာန်တော်ကို ကြိုတင်ဆက်သွယ်ရမည်။

၂၇၊ ၂၊ ၃၊ ၃

ဝိညာဉ်ပကတိအပ်နှင်းခြင်းရရှိနေသည့် အသင်းသားများအတွက် အစောင့်အရှောက်များ

မိမိကိုယ်ပိုင်ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ရရှိနေသောအသင်းသားများသည် ဝိညာဉ်ပကတိအပ်နှင်းခြင်းကဏ္ဍအတွင်း သူတို့ကို အစောင့်အရှောက်သူတစ်ဦးအဖြစ်ဆောင်ရွက်စေရန် ဝိညာဉ်ပကတိအပ်နှင်းခံရပြီးသည့် လိင်တူအသင်းသားတစ်ဦးကို ဖိတ်ခေါ်နိုင်ပါသည်။ အစောင့်အရှောက်၌ လက်ရှိဗိမာန်တော်ထောက်ခံချက်တစ်ခုရှိရမည်။ လိုအပ်လျှင် ဗိမာန်တော်က လိုက်ပါစောင့်လျှောက်သူတစ်ဦးပံ့ပိုးပေးနိုင်ပါသည်။

၂၇၊ ၃

ခင်ပွန်းနှင့် ဇနီးတံဆိပ်ခတ်ခြင်း

ဗိမာန်တော်တံဆိပ်ခတ်ခြင်းတစ်ခုသည် ခင်ပွန်းတစ်ဦးနှင့် ဇနီးကို ယခုကာလနှင့် ထာဝရကာလတစ်ခုလုံးအတွက်ပေါင်းစည်းပေးပါသည်။ သူတို့သည် ဗိမာန်တော်ထဲ၌ပြုသည့် ပဋိညာဉ်များအပေါ် သစ္စာရှိလျှင် ဤကောင်းချီးမင်္ဂလာများကို ရရှိလိမ့်မည်။ ဤဘိသိက်မင်္ဂလာအားဖြင့်၊ သူတို့၏သားသမီးတို့သည်လည်း သူတို့၏ထာဝရမိသားစု၏တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါသည်။

အသင်းတော်ခေါင်းဆောင်တို့သည် အသင်းသားတို့အား ဗိမာန်တော်ထဲ၌လက်ထပ်ရန်နှင့် တံဆိပ်ခတ်ရန် ပြင်ဆင်ဖို့တိုက်တွန်းပါသည်။ ဗိမာန်တော်လက်ထပ်ခြင်းများကို တရားဝင်အသိအမှတ်မပြုသည့်နေရာတွင် အခွင့်အာဏာရှိအသင်းတော်ခေါင်းဆောင်များ သို့မဟုတ် အခြားသူများသည် ဗိမာန်တော်တံဆိပ်ခတ်ခြင်းပြီးနောက်ပြုသည့် အရပ်ဘက်လက်ထပ်ခြင်းကို ဆောင်ရွက်နိုင်ပါသည်။ (ရှု ၃၈၊ ၃)။ ဗိမာန်တော်လက်ထပ်ခြင်းက မိဘများ သို့မဟုတ် ဆွေမျိုးအရင်းများ ဗိမာန်တော်အခမ်းအနားကို မတက်ရောက်နိုင်သောကြောင့် ချန်လှပ်ထားခံရသည်ဟု ခံစားစေနိုင်သောအခါများတွင်လည်း ဤပုံစံအတိုင်းဆောင်ရွက်နိုင်ပါသည်။

၂၇၊ ၃၊ ၁

မည်သူသည် ဗိမာန်တော်ထဲ၌ တံဆိပ်ခတ်ခံနိုင်ပါသနည်း

အသင်းတော်မှ လက်မထပ်ရသေးသည့် အသင်းသားစာရင်းဝင်သူအားလုံး ဗိမာန်တော်တံဆိပ်ခတ်ခြင်းအတွက် ပြင်ဆင်ရန် ဖိတ်ခေါ်ပါသည်။ အရပ်ဘက်၌ လက်ထပ်ပြီးသောသူများသည် ပြင်ဆင်ပြီးလျှင်ပြီးချင်း ဗိမာန်တော်ထဲ၌ ယခုကာလနှင့် ထာဝရကာလအတွက် တံဆိပ်ခတ်ခံကြဖို့ တိုက်တွန်းပါသည်။ အသင်းသားများသည် တံဆိပ်မခတ်မီ ဝိညာဉ်ပကတိအပ်နှင်းခံရပြီးဖြစ်ရပါမည်။ (ရှု ၂၇၊ ၂)

ဗိမာန်တော်ထဲ၌ တံဆိပ်ခတ်မည့်ဇနီးမောင်နှံတို့သည် (၁) တံဆိပ်ခတ်မခံရမီ အရပ်ဘက်၌ လက်ထပ်ထား သို့မဟုတ် (၂) ဗိမာန်တော်အခမ်းအနားတစ်ခုတည်း၌ပင် လက်ထပ်၍ တံဆိပ်ခတ်ရမည်။ ရှု ၂၇၊ ၃၊ ၂

၂၇၊ ၃၊ ၁၊ ၂

အသိဉာဏ်စွမ်းချို့တဲ့သောအသင်းသားများ

အသိဉာဏ်စွမ်းချို့တဲ့သောအသင်းသားများသည် သူတို့၏အိမ်ထောင်ဖက်၊ စေ့စပ်အမျိုးသား၊ သို့မဟုတ် စေ့စပ်အမျိုးသမီးနှင့် တံဆိပ်ခတ်နိုင်ပါသည်၊ အကယ်၍၊

  • သူတို့သည် ဝိညာဉ်ပကတိအပ်နှင်းခြင်းအပါအဝင်၊ ကြိုတင်ဘိသိက်မင်္ဂလာအားလုံးကို ရရှိပြီးဖြစ်လျှင် (ရှု ၂၇၊ ၂၊ ၁၊ ၃)။

  • သူတို့၌ ဆက်စပ်နေသည့်ပဋိညာဉ်များကို ပြုရန်နှင့် စောင့်ထိန်းရန် အသိဉာဏ်စွမ်းရည်ရှိလျှင်။

သင်းအုပ်သည် အသင်းသား၊ သူသို့မဟုတ် သူမ၏ အိမ်ထောင်ဘက်၊ စေ့စပ်အမျိုးသား သို့မဟုတ် စေ့စပ်အမျိုးသမီးနှင့် တိုင်ပင်ဆွေးနွေးသည်။ သူသည် ဝိညာဉ်တော်၏လမ်းညွှန်မှုကိုလည်း ရှာသည်။ သူသည် ပန္နက်ဥက္ကဋ္ဌနှင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

၂၇၊ ၃၊ ၂

ဗိမာန်တော်လက်ထပ်ခြင်း သို့မဟုတ် တံဆိပ်ခတ်ခြင်းတစ်ခုကို စီစဉ်ခြင်းနှင့် အချိန်ဇယားဆွဲခြင်း

၂၇၊ ၃၊ ၂၊ ၁

အသက်ရှင်သောဘိသိက်မင်္ဂလာများအတွက် ထောက်ခံချက်တစ်ခု ရရှိခြင်း

အသင်းသားတစ်ဦးသည် သူသို့မဟုတ် သူမ၏ အိမ်ထောင်ဖက်နှင့် တံဆိပ်ခတ်ခံရဖို့ အသက်ရှင်သောဘိသိက်မင်္ဂလာများအတွက် ထောက်ခံချက်တစ်ခုကို ရရှိရမည်။ ဤထောက်ခံချက်များအကြောင်း သတင်းအချက်အလက် အတွက် ရှု ၂၆၊ ၃

၂၇၊ ၃၊ ၂၊ ၂

ဗိမာန်တော်ကို ဆက်သွယ်ခြင်း

လက်ထပ်မည့် သို့မဟုတ် အိမ်ထောင်ဖက်နှင့် တံဆိပ်ခတ်မည့် အသင်းသားများသည် ဘိသိက်မင်္ဂလာကို အချိန်ဇယားဆွဲရန် ဗိမာန်တော်ကို ကြိုတင်ဆက်သွယ်ရမည်။

၂၇၊ ၃၊ ၂၊ ၃

လက်ထပ်လိုင်စင်တစ်ခု ရယူခြင်း

လက်မထပ်မီတွင်၊ ဇနီးမောင်နှံသည် လက်ထပ်ခြင်းဆောင်ရွက်မည့်နေရာ၌ တရားဝင်သည့် တရားဝင်လက်ထပ်လိုင်စင်တစ်ခုကို ရယူရမည်။ ဇနီးမောင်နှံသည် အခမ်းအနား၌ လက်ထပ်ဖို့နှင့် တံဆိပ်ခတ်ဖို့ နှစ်ခုစလုံးကို စီစဉ်လျှင်၊ ဗိမာန်တော်သို့ တရားဝင်လက်ထပ်လိုင်စင်တစ်ခုကို ယူလာရမည်။

အရပ်ဘက်၌ လက်ထပ်ပြီးနောက် တံဆိပ်ခတ်မည့် ဇနီးမောင်နှံသည် ဗိမာန်တော်သို့ လက်ထပ်လိုင်စင်တစ်ခု ယူလာရန်မလိုပါ။ ၎င်းအစား၊ မှတ်တမ်းဆန်းစစ်ခြင်း၏တစ်စိတ်တစ်ပိုင်းအဖြစ် သူတို့အရပ်ဘက်လက်ထပ်သည့် နေ့စွဲနှင့် ဒေသကို ပေးရမည်။

၂၇၊ ၃၊ ၂၊ ၄

သတို့သားနှင့် သတို့သမီးအတွက် အစောင့်အရှောက်များ

ဝိညာဉ်ပကတိအပ်နှင်းခံထားသောညီအစ်မသည် သတို့သမီးကို အဝတ်လဲခန်း၌ ကူညီရန်အဖော်လိုက်နိုင်ပါသည်။ ဝိညာဉ်ပကတိအပ်နှင်းခံထားသောညီအစ်ကိုသည် သတို့သားအတွက် အလားတူဆောင်ရွက်နိုင်ပါသည်။ အစောင့်အရှောက်တစ်ဦးသည် လက်ရှိဗိမာန်တော်ထောက်ခံချက်တစ်ခုရှိရမည်။ လိုအပ်လျှင် ဗိမာန်တော်က အစောင့်အရှောက်တစ်ဦး ပံ့ပိုးနိုင်ပါသည်။

၂၇၊ ၃၊ ၂၊ ၅

ဗိမာန်တော်လက်ထပ်ခြင်း သို့မဟုတ် တံဆိပ်ခတ်ခြင်းကို မည်သူဆောင်ရွက်သနည်း

ဗိမာန်တော်လက်ထပ်ခြင်း သို့မဟုတ် တံဆိပ်ခတ်ခြင်း တစ်ခုကို အများအားဖြင့် ဇနီးမောင်နှံ လက်ထပ်မည့် သို့မဟုတ် တံဆိပ်ခတ်မည့် ဗိမာန်တော်သို့ ခန့်အပ်ထားသည့် တံဆိပ်ခတ်သူအားဖြင့် ဆောင်ရွက်ပါသည်။ မိသားစုဝင်တစ်ဦး သို့မဟုတ် အသိအကျွမ်းတစ်ဦးသည် တံဆိပ်ခတ်ခြင်းအခွင့်အာဏာကို ကိုင်ဆောင်၍၊ ဇနီးမောင်နှံလက်ထပ်မည့် သို့မဟုတ် တံဆိပ်ခတ်မည့် ဗိမာန်တော်တွင် ခန့်အပ်ထားခံရလျှင်၊ သူ့ကို လက်ထပ်ခြင်း သို့မဟုတ် တံဆိပ်ခတ်ခြင်းကို ဆောင်ရွက်ရန် ဖိတ်ခေါ်နိုင်ပါသည်။

၂၇၊ ၃၊ ၂၊ ၆

ဗိမာန်တော်ထက်ထပ်ခြင်း သို့မဟုတ် တံဆိပ်ခတ်ခြင်းအတွက် သင့်လျော်သည့် အဝတ်အစား

သတို့သမီးဝတ်စုံ။ ဗိမာန်တော်ထဲ၌ သတို့သမီး၏ဝတ်စုံသည် အဖြူရောင်ဖြစ်ရမည်၊ ဒီဇိုင်းနှင့် ပိတ်သားသည် ရိုးရိုးယဉ်ယဉ်ဖြစ်ရမည်၊ အကျယ်ချဲ့ဆင်ယင်ခြင်းကင်းရမည်။ ဗိမာန်တော်အဝတ်တန်ဆာကိုလည်း ဖုံးရမည်။ ပိတ်သားအပါးသည် နှစ်ထပ်ဖြစ်ရမည်။

ဗိမာန်တော်ထဲ၌ ဝတ်သည့် အခြားဝတ်စုံများနှင့် ကိုက်ညီစေရန် သတို့သမီးဝတ်စုံသည် လက်ရှည် သို့မဟုတ် လက်စကဖြစ်ရမည်။ ဝတ်စုံများသည် တံဆိပ်ခတ်ခြင်းအခမ်းအနားအတွက် ချိတ်ဖြင့် ချိတ်ဆက်နိုင်၊ ဖယ်ရှားနိုင်ခြင်းမရှိလျှင် ရေသီနားမရှိရပါ။

ဝတ်စုံတစ်စုံလိုအပ်လျှင် သို့မဟုတ် အလိုရှိလျှင် ဗိမာန်တော်က ပံ့ပိုးပေးနိုင်ပါသည်။

သတို့သားအဝတ်အစား။ သတို့သားသည် လက်ထပ်ခြင်း သို့မဟုတ် တံဆိပ်ခတ်ခြင်းအခမ်းအနားတွင် သာမန် ဗိမာန်တော်အဝတ်အစားကို ဝတ်ဆင်ပါသည်။ ( ရှု ၃၈၊ ၅၊ ၁ နှင့် ၃၈၊ ၅၊ ၂)။

ဧည့်သည်အဝတ်အစား လက်ထပ်ခြင်း သို့မဟုတ် တံဆိပ်ခတ်ခြင်း အခမ်းအနားကို တက်ရောက်သူများသည် ပွဲတော်အစည်းအဝေးတွင် ဝတ်ဆင်သည့် အဝတ်အစားနှင့် အလားတူ ဝတ်ဆင်ရမည်။ ဝိညာဉ်ပကတိအပ်နှင်းခြင်းကဏ္ဍမှ တံဆိပ်ခတ်ခြင်းသို့ တိုက်ရိုက်လာသည့် အသင်းသားများသည် ဗိမာန်တော်အခမ်းအနားအဝတ်အစားကို ဝတ်ဆင်နိုင်ပါသည်။

ပန်းများ။ ဇနီးမောင်နှံနှင့် သူတို့၏ ဧည့်သည်များသည် လက်ထပ်ခြင်း သို့မဟုတ် တံဆိပ်ခတ်ခြင်းအခမ်းအနားတွင် ပန်းများမဆင်ရပါ။

၂၇၊ ၃၊ ၂၊ ၇

ဗိမာန်တော်လက်ထပ်ခြင်း သို့မဟုတ် တံဆိပ်ခတ်ခြင်းအပြီး လက်စွပ်များလဲလှယ်ခြင်း

လက်စွပ်များလဲလှယ်ခြင်းသည် ဗိမာန်တော်တံဆိပ်ခတ်ခြင်း၏ အစိတ်အပိုင်းမဟုတ်ပါ။ သို့သော်လည်း၊ ဇနီးမောင်နှံသည် အခမ်းအနားအပြီးတွင် တံဆိပ်ခတ်ခြင်းအခန်းထဲ၌ လက်စွပ်များ လဲလှယ်နိုင်ပါသည်။ ဇနီးမောင်နှံသည် ဗိမာန်တော်ထဲရှိ သို့မဟုတ် ဗိမာန်တော်မြေပေါ်ရှိ အခြား မည်သည့်နေရာ မည်သည့်အချိန်တွင်မျှ လက်စွပ်များ မလဲလှယ်ရပါ။

အခမ်းအနားတစ်ခုတည်း၌ လက်ထပ်ခြင်း သို့မဟုတ် တံဆိပ်ခတ်သည့် ဇနီးမောင်နှံတို့သည် ဗိမာန်တော်လက်ထပ်ခြင်းသို့ မတက်ရောက်နိုင်သည့် မိသားစုဝင်များ ပါဝင်နိုင်ရန် နောင်အခါတွင် လက်စွပ်များလဲလှယ်နိုင်ပါသည်။ လဲလှယ်ခြင်းကို ဗိမာန်တော် လက်ထပ်ခြင်း သို့မဟုတ် တံဆိပ်ခတ်ခြင်းအခမ်းအနား၏ မည်သည့်အစိတ်အပိုင်းနှင့်မျှ ပုံတူမကူးရပါ။ ဇနီးမောင်နှံသည် ဗိမာန်တော်ထဲ၌ လက်ထပ်ပြီး သို့မဟုတ် တံဆိပ်ခတ်ပြီးနောက် သစ္စာပြုခြင်းများကို မလဲလှယ်ရပါ။

ဗိမာန်တော်တံဆိပ်ခတ်ခြင်းမတိုင်မီ အရပ်ဘက်၌ လက်ထပ်ထားသောသူများသည် သူတို့၏အခမ်းအနားတွင်၊ သူတို့၏ဗိမာန်တော်တံဆိပ်ခတ်ခြင်းတွင် သို့မဟုတ် အခမ်းအနားနှစ်ခုစလုံးတွင် လက်စွပ်များ လဲလှယ်နိုင်ပါသည်။

၂၇၊ ၃၊ ၄

ဗိမာန်တော် လက်ထပ်ခြင်း သို့မဟုတ် တံဆိပ်ခတ်ခြင်းတွင် မည်သူ တက်ရောက်နိုင်ပါသနည်း

ဇနီးမောင်နှံသည် ရင်းနှီးသည့် မိသားစုဝင်များနှင့် မိတ်ဆွေများကိုသာ ဗိမာန်တော်လက်ထပ်ခြင်း သို့မဟုတ် တံဆိပ်ခတ်ခြင်းအခမ်းအနားသို့ ဖိတ်ခေါ်ရမည်။ တာဝန်ရှိသောအသင်းသားများသည် တက်ရောက်ရန် ဝိညာဉ်ပကတိအပ်နှင်းခံရပြီး၊ သက်တမ်းရှိ ဗိမာန်တော်ထောက်ခံချက်တစ်ခု ရှိရမည်။

ပန္နက်ဥက္ကဋ္ဌသည် အသိဉာဏ်ချို့တဲ့ခြင်းကြောင့် ဗတ္တိဇံမခံရ၊ သို့မဟုတ် ဝိညာဉ်ပကတိအပ်နှင်းမခံရသေးသည့်သူတစ်ဦးကို သူသို့မဟုတ် သူမ၏သက်ရှိ မွေးချင်းတို့၏ ဗိမာန်တော်လက်ထပ်ခြင်း သို့မဟုတ် တံဆိပ်ခတ်ခြင်းကိုကြည့်ရှုရန် အခွင့်ပေးနိုင်ပါသည်။ ထိုသူသည်

  • အနည်းဆုံး အသက် ၁၈ နှစ်ရှိရမည်။

  • အခမ်းအနား၌ ရိုသေစွာနေနိုင်စွမ်းရှိရမည်။

ပန္နက်ဥက္ကဋ္ဌက ထိုသူမှာ တံဆိပ်ခတ်ခြင်းကို ကြည့်ရှုဖို့ အခွင့်ရထားကြောင်းဖော်ပြသည့် စာတစ်စောင်ရေးရမည်။ ဤစာကို ဗိမာန်တော်၌ ပြရမည်။

၂၇၊ ၄

သက်ရှိသားသမီးများကို မိဘများနှင့် တံဆိပ်ခတ်ခြင်း

မိမိတို့မိခင် ဗိမာန်တော်ထဲ၌ ခင်ပွန်းနှင့် တံဆိပ်ခတ်ပြီးနောက်မှ မွေးဖွားခဲ့သည့် သားသမီးများသည် ထိုတံဆိပ်ခတ်ခြင်းပဋိညာဉ်၌ မွေးဖွားခဲ့ကြပါသည်။ သူတို့သည် မိဘများနှင့် တံဆိပ်ခတ်ခြင်းဘိသိက်မင်္ဂလာကို ရရှိဖို့မလိုပါ။

ပဋိညာဉ်၌ မမွေးဖွားခဲ့သည့် သားသမီးများသည် သူတို့၏မွေးဖွား သို့မဟုတ် မွေးစားမိဘများနှင့် တံဆိပ်ခတ်ခြင်းအားဖြင့် ထာဝရမိသားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါသည်။ ဤသားသမီးများသည် ပဋိညာဉ်၌ မွေးဖွားခဲ့သောသူများကဲ့သို့ အလားတူ ကောင်းချီးမင်္ဂလာများအတွက် အခွင့်ရှိပါသည်။

၂၇၊ ၄၊ ၂

ဗိမာန်တော်နှင့် ဆက်သွယ်ခြင်း

သားသမီးများကို မိမိတို့နှင့် တံဆိပ်ခတ်လိုသည့် ဇနီးမောင်နှံ သို့မဟုတ် မိဘများနှင့် တံဆိပ်ခတ်လိုသည့် သားသမီးတို့သည် ဘိသိက်မင်္ဂလာကို အချိန်ဇယားဆွဲရန် ဗိမာန်တော်ကို ကြိုတင်ဆက်သွယ်ရမည်။