“၂၈။ ကွယ်လွန်သူတို့အတွက် ဗိမာန်တော်ဘိသိက်မင်္ဂလာများ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။
“၂၈။ ကွယ်လွန်သူတို့အတွက် ဗိမာန်တော်ဘိသိက်မင်္ဂလာများ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ
၂၈။
ကွယ်လွန်သူတို့အတွက် ဗိမာန်တော်ဘိသိက်မင်္ဂလာများ
၂၈၊ ၀
နိဒါန်း
ဗိမာန်တော်များ၌ ဆောင်ရွက်သည့် ဘိသိက်မင်္ဂလာများသည် မိသားစုများကို ထာဝရအတူတကွရှိဖို့နှင့် ဘုရားသခင်၏မျက်မှောက်တော်၌ စုံလင်သောဝမ်းမြောက်ခြင်းကို တွေ့ကြုံစေဖို့ ဖြစ်နိုင်စေပါသည်။
ကောင်းကင်ဘုံရှင်အဘ၏ သားသမီးများ ကိုယ်တော့်ထံပြန်လာရန်အတွက်၊ သူတို့အယောက်တိုင်းသည် နောင်တရရမည်၊ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းဘိသိက်မင်္ဂလာများကို ရရှိရန်ထိုက်တန်လာစေရမည်၊ ဘိသိက်မင်္ဂလာတစ်ခုချင်းစီနှင့် ဆက်စပ်သည့် ပဋိညာဉ်များကို လေးစားရမည်။
ကိုယ်တော်၏ သားသမီးများစွာတို့ ဤဘိသိက်မင်္ဂလာတို့ကို သူတို့၏လူ့ဇာတိဘဝများ၌ မရရှိနိုင်ကြောင်းကို ကောင်းကင်ဘုံရှင်အဘ သိပါသည်။ ကိုယ်တော်သည် သူတို့အတွက် ဘိသိက်မင်္ဂလာများရရှိရန်၊ ကိုယ်တော်နှင့် ပဋိညာဉ်များပြုရန် တခြားနည်းတစ်ခုကို ပံ့ပိုးပေးခဲ့ပါသည်။ ဗိမာန်တော်များထဲတွင်၊ ဘိသိက်မင်္ဂလာများကို ကိုယ်စားဆောင်ရွက်ပေးနိုင်ပါသည်။ ဤအရာမှာ အသက်ရှင်သူတစ်ဦးသည် ကွယ်လွန်သူတစ်စုံတစ်ဦးကိုယ်စား ဘိသိက်မင်္ဂလာများ ရရှိသည်ဟု ဆိုလိုပါသည်။ ဝိညာဉ်လောကတွင်၊ ကွယ်လွန်သူတို့သည် သူတို့အတွက် ဆောင်ရွက်ပြီးသည့် ဘိသိက်မင်္ဂလာများကို လက်ခံဖို့ သို့မဟုတ် ငြင်းပယ်ဖို့ ရွေးချယ်နိုင်ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၈း၁၉၊ ၃၂-၃၄၊ ၅၈-၅၉)။
ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်း ဘိသိက်မင်္ဂလာများကို မရရှိသေးသည့် ကွယ်လွန်သူ ဆွေမျိုးတို့ကို ရှာဖွေဖော်ထုတ်ဖို့ အသင်းတော်အသင်းသားများကို တိုက်တွန်းပါသည်။ အသင်းသားများသည် ထို့နောက်တွင် ထိုဆွေမျိုးတို့ကိုယ်စား ဘိသိက်မင်္ဂလာများကို ဆောင်ရွက်ပါသည်။
အသင်းသားများသည် ဗိမာန်တော်အမှုအတွက် မိသားစုအမည်များကို မပြင်ဆင်ရသေးလျှင် (ရှု ၂၈၊ ၁၊ ၁)၊ ဘိသိက်မင်္ဂလာများလိုအပ်သည့် ကွယ်လွန်သူတို့၏အမည်များကို ဗိမာန်တော်ထဲတွင် ပေးပါမည်။
၂၈၊ ၁
ကိုယ်စားဘိသိက်မင်္ဂလာများအတွက် အထွေထွေလမ်းညွှန်ချက်များ
သေသည့်အချိန်၌ အသက် ၈ နှစ် သို့မဟုတ် ပိုကြီးသောသူများသည် သူတို့ကိုယ်စားဆောင်ရွက်ပေးသည့် ကိုယ်စားဘိသိက်မင်္ဂလာများကို ရရှိနိုင်ပါသည်။ ၂၈၊ ၃၌ မှတ်ချက်ပြုထားသည့်အတိုင်းမှ တစ်ပါး၊ ကွယ်လွန်သူအားလုံးအတွက် ကိုယ်စားဘိသိက်မင်္ဂလာများကို သူတို့သေသည့် ရက်စွဲမှ ၃၀ ရက်ကျော်လျှင် ကျော်ချင်း အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆောင်ရွက်နိုင်ပါသည်၊
-
ကွယ်လွန်သူ၏ဆွေမျိုးရင်း (အိမ်ထောင်မကွဲသည့် အိမ်ထောင်ဘက်၊ အရွယ်ရောက်ကလေး၊ မိဘ၊ သို့မဟုတ် မွေးချင်း) တစ်ဦးက ဗိမာန်တော်ဘိသိက်မင်္ဂလာများအတွက် အမည်ကို တင်သွင်း၏။
-
ဘိသိက်မင်္ဂလာများကို ဆောင်ရွက်ဖို့ ခွင့်ပြုချက်ကို ကွယ်လွန်သူ (အိမ်ထောင်မကွဲသည့် အိမ်ထောင်ဘက်၊ အရွယ်ရောက်ကလေး၊ မိဘ၊ သို့မဟုတ် မွေးချင်း) ဆွေမျိုးရင်းတစ်ဦးထံမှ ရရှိ၏။
အထက်ပါအခြေအနေများထဲမှ တစ်ခုနှင့်မျှမကိုက်ညီလျှင်၊ ကိုယ်စားဘိသိက်မင်္ဂလာများကို ကွယ်လွန်သူမွေးဖွားခဲ့သည်မှ ၁၁၀ နှစ်ကြာပြီးနောက်တွင် ဆောင်ရွက်နိုင်ပါသည်။
၂၈၊ ၁၊ ၁
ဗိမာန်တော်ဘိသိက်မင်္ဂလာများအတွက် ကွယ်လွန်သူတို့၏အမည်များကို ပြင်ဆင်ခြင်း။
ဖြစ်နိုင်ပါက၊ ကွယ်လွန်သွားသည့် မိသားစုဝင်များ၏အချက်အလက်များကို FamilySearch.org တွင် ဗိမာန်တော်ဘိသိက်မင်္ဂလာများမဆောင်ရွက်မီ ထည့်သွင်းနိုင်ပါသည် (ရှု ၂၅၊ ၄၊ ၂)။
၂၈၊ ၁၊ ၁
မိသားစုဝင်တို့၏အမည်များကို တင်သွင်းခြင်း
ကိုယ်စား ဗိမာန်တော်ဘိသိက်မင်္ဂလာများအတွက် အမည်များကို တင်သွင်းရာတွင်၊ အသင်းသားများသည် အများအားဖြင့် မိမိတို့နှင့် ဆက်စပ်သည့်သူတို့၏ အမည်များကိုသာ တင်သွင်းရမည်။
၂၈၊ ၁၊ ၂
ကွယ်လွန်သူတို့အတွက်ဘိသိက်မင်္ဂလာများတွင်ပါဝင်နိုင်သောသူများ
လက်ရှိဗိမာန်တော်ထောက်ခံချက်ရှိသည့် အသင်းသားအားလုံးသည် သေသူတို့အတွက် ဗတ္တိဇံများနှင့် အတည်ပြုခြင်းများတွင် ပါဝင်နိုင်ပါသည်။ လက်ရှိဗိမာန်တော်ထောက်ခံချက်ရှိသည့် ဝိညာဉ်ပကတိအပ်နှင်းခံပြီးသောအသင်းသားများသည် ကွယ်လွန်သူတို့အတွက် ဘိသိက်မင်္ဂလာများအားလုံးတွင် ပါဝင်နိုင်ပါသည်။ ရှု ၂၆၊ ၃။
၂၈၊ ၁၊ ၄
အချိန်ဇယားဆွဲခြင်း
အသင်းသားများသည် ကွယ်လွန်သူတို့အတွက် ဘိသိက်မင်္ဂလာများ ဆောင်ရွက်ခြင်းမတိုင်မီ ချိန်းဆိုမှုတစ်ခုပြုလုပ်ရန် လိုအပ်နိုင်ပါသည်။ ဗိမာန်တော်တစ်ခုချင်းစီ၏ ဆက်သွယ်ရမည့်အချက်အလက် နှင့် အချိန်စီစဉ်ရန်သတ်မှတ်ချက်များကို temples.ChurchofJesusChrist.org တွင်ကြည့်ပါ။
၂၈၊ ၂
ကွယ်လွန်သူတို့အတွက် ဗိမာန်တော်ဘိသိက်မင်္ဂလာများ ဆောင်ရွက်ခြင်း
ကိုယ်စားဘိသိက်မင်္ဂလာများကို ဆောင်ရွက်သောအခါ၊ အသင်းသားတစ်ဦးသည် မွေးရာပါလိင်တူဖြစ်သည့် ကွယ်လွန်သူတစ်ဦးအတွက်သာ ကိုယ်စားဆောင်ရွက်နိုင်ပါသည်။
၂၈၊ ၂၊ ၁
သေသူတို့အတွက် ဗတ္တိဇံများနှင့် အတည်ပြုခြင်းများ
လက်ရှိဗိမာန်တော်ထောက်ခံချက်ရှိသူ မည်သည့်အသင်းဝင်မဆို ဗတ္တိဇံတာဝန်ပေးမှုများ၌ ဖိတ်ခေါ်ခံရနိုင်ပါသည်။ တာဝန်ပေးအပ်မှုအချို့တွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်၊
-
ကိုယ်စားဗတ္တိဇံခံရန်ဆောင်ရွက်ခြင်း။
-
ကိုယ်စားဗတ္တိဇံများအတွက် သက်သေတစ်ဦးအဖြစ်ဆောင်ရွက်ခြင်း။
-
ကိုယ်စားအတည်ပြုရန်ဆောင်ရွက်ခြင်း။
-
အကူနာယကများ။
မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများနှင့် အာရုန်ယဇ်ပုရောဟိတ်အခွင့်ရှိ ယဇ်ပုရောဟိတ်များသည် သေသူတို့အတွက် ဗတ္တိဇံများ ဆောင်ရွက်ဖို့ ဖိတ်ခေါ်ခံရနိုင်ပါသည်။ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများသည် သေသူတို့အတွက်အတွက်အတည်ပြုခြင်းများကို ကြီးမှူးရန်အတွက်လည်း ဖိတ်ခေါ်ခံရနိုင်ပါသည်။
ဝိညာဉ်ပကတိအပ်နှင်းခံပြီးသော အမျိုးသားများသာ အောက်ပါတို့ကို ဆောင်ရွက်ရန် ဖိတ်ခေါ်ခံရနိုင်ပါသည်၊
-
ရေကန်မှတ်တမ်းတင်သူအဖြစ်ဆောင်ရွက်ခြင်း။
-
အတည်ပြုချက်မှတ်တမ်းတင်သူအဖြစ်ဆောင်ရွက်ခြင်း။
၂၈၊ ၂၊ ၂
ဝိညာဉ်ပကတိအပ်နှင်းခြင်း (အစပြုခြင်းအပါအဝင်)
ကွယ်လွန်သူတို့အတွက် ကိုယ်စားဝိညာဉ်ပကတိအပ်နှင်းခြင်းကို ဆောင်ရွက်ခြင်းတွင်၊ ဝိညာဉ်ပကတိအပ်နှင်းခြင်း၏ အစပြုခြင်းအပိုင်းကို သီးခြားစီဆောင်ရွက်၍ မှတ်တမ်းတင်ပါသည် (ရှု ၂၇၊ ၂)။ ဝိညာဉ်ပကတိအပ်နှင်းခံပြီးသည့် လက်ရှိဗိမာန်တော်ထောက်ခံချက်ရှိသူ မည်သူမဆို ဤဘိသိက်မင်္ဂလာများကိုရရှိဖို့ ကိုယ်စားအဖြစ် ဆောင်ရွက်နိုင်ပါသည်။
၂၈၊ ၂၊ ၃
အိမ်ထောင်ဘက်သို့ တံဆိပ်ခတ်ခြင်းနှင့် သားသမီးများကို မိဘများသို့ တံဆိပ်ခတ်ခြင်း။
ဗိမာန်တော်ထဲတွင်၊ ကွယ်လွန်သူတို့သည် အသက်ရှင်စဉ်တွင် သူတို့ လက်ထပ်ခဲ့သူ အိမ်ထောင်ဘက်များနှင့် တံဆိပ်ခတ်ခံရနိုင်ပါသည်။ ကွယ်လွန်သူတို့သည် သူတို့၏အသက်ရှင်သော သို့မဟုတ် သေသောသားသမီးများကို သူတို့နှင့်လည်း တံဆိပ်ခတ်နိုင်ပါသည်။ ဝိညာဉ်ပကတိအပ်နှင်းခံပြီးသည့် လက်ရှိဗိမာန်တော်ထောက်ခံချက်ရှိသူတစ်ဦးသည် တံဆိပ်ခတ်ခြင်းဘိသိက်မင်္ဂလာများအတွက် ကိုယ်စားဆောင်ရွက်နိုင်ပါသည်။
၂၈၊ ၃
အထူးအခြေအနေများ
ဤအပိုင်းသည် ၂၈၊ ၁ ရှိလမ်းညွှန်ချက်အချို့နှင့် မကိုက်ညီသည့် အခြေအနေများကို ရှင်းပြပါသည်။
၂၈၊ ၃၊ ၁
မမွေးမီသေဆုံးခဲ့သောကလေးများ (အသေမွေးနှင့် ပျက်ကျသောကလေးများ)
မမွေးမီသေဆုံးခဲ့သောကလေးများအတွက် ဗိမာန်တော်ဘိသိက်မင်္ဂလာများ ဆောင်ရွက်ရန် မလိုပါ။ ပိုများသောအချက်အလက်အတွက်၊ ရှု ၃၈၊ ၇၊ ၃။
၂၈၊ ၃၊ ၂
အသက်ရှစ်နှစ်မရှိမီ သေဆုံးသောကလေးများ
ကလေးငယ်များသည် ယေရှုခရစ်တော်၏ အပြစ်ဖြေခြင်း မင်္ဂလာအားဖြင့် ရွေးနှုတ်ခံကြရပြီး၊ “ကောင်းကင်ဘုံ ဆီလက်ရှယ်လ်နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ ရောက်ကြပါသည်” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၇း၁၀)။ ဤအကြောင်းရင်းကြောင့်၊ အသက် ၈ နှစ်မရှိမီ သေဆုံးခဲ့သော ကလေးတစ်ဦးအတွက် ဗတ္တိဇံ သို့မဟုတ် ဝိညာဉ်ပကတိအပ်နှင်းခြင်း ဆောင်ရွက်ရန် မလိုပါ။ သို့သော်လည်း၊ မိဘများနှင့် တံဆိပ်ခတ်ခြင်းကို ပဋိညာဉ်၌ မမွေးခဲ့သော သို့မဟုတ် အသက်ရှင်စဉ်တွင် ထိုဘိသိက်မင်္ဂလာကို မရရှိခဲ့သည့် ကလေးများအတွက် ဆောင်ရွက်နိုင်ပါသည် (ရှု ၁၈၊ ၁)။