အလင်းသည် အလင်း၌ စွဲမြဲ၏
ကျွန်တော်တို့ဟာခရစ်တော်၌ကျွန်ုပ်တို့၏ယုံကြည်ခြင်းပိုမိုပြင်းထန်လာသည်နှင့်အမျှ၊ကျွန်တော်တို့ပတ်လည်၌စုဝေးစေနိုင်သော မှောင်မိုက်အားလုံးကိုဖယ်ရှားနိုင်သည့်တိုင်အောင် အားကောင်းပြင်းထန်သောအလင်းကို လက်ခံရရှိကြပါတယ်။
ကျန်ုပ်ချစ်လှစွာသောညီအစ်ကိုမောင်နှမတို့၊ဤမင်္ဂလာရှိသောအီစတာတနင်္ဂနွေတွင် သင်တို့နှင့်အတူ ကျွန်တော်တို့၏ကယ်တင်ရှင်၊သခင်ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းနှင့် မြေကြီးပေါ်ထွန်းလင်း တောက်ပသော ရောင်ခြည်ကိုတွေးတောဆင်ခြင်ရခြင်းအတွက် ကျွန်ုပ်ဝမ်းမြောက်ရပါတယ်။
သူ၏သေခြင်းရှိသောအမှုတော်ဆောင်စဉ်၊ ယေရှုက “ငါသည်ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်မှောင်မိုက်၌မသွားမလာရ အသက်၏အလင်းကိုရလိမ့်မည်”၁ လို့ကြေငြာခဲ့ပါတယ်။ ခရစ်တော်၏ဝိညာဉ်တော်သည်“ခပ်သိမ်းသောအရာတို့၌၊ ရှိ[၍]ခပ်သိမ်းသောအရာတို့ကိုသက်သေခံတော်မူသည်။”၂ ၎င်းသည်ကျွန်ုပ်တို့အားဝန်းရံထားသောအမှောင်ကိုအောင်နိုင်စေလိမ့်မည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက၊ စွန့်စားခန်းထွက်ဖို့၊ ကျွန်တော့်သားနှစ်ယောက်နှင့်ကျွန်တော် လူငယ်အဖွဲ့တစ်ဖွဲ့နဲ့ ၊ Moaning Cavern (ညည်းတွားဂူ)ကို အတူလိုက်သွားခဲ့ပါတယ်။ အဲဒီဂူအမည်တွင်ခဲ့တာက တစ်ချိန်က ဂူပေါက်ဝကနေ ပဲ့တင်သံထွက်ခဲ့ဖူးလို့ ဖြစ်ပါတယ်။ အဲဒီဥမင်ဟာ ပေ အနက်၁၈၀ ရှိတဲ့ဒေါင်လိုက်အခန်းရှိတဲ့ ခေါင်းတိုင်ဥမင်တစ်ခုဖြစ်ပါတယ်၊ ကယ်လီဖိုးနီးယားရှိအကြီးဆုံးတစ်ခန်းဂူဖြစ်ပါတယ်။
အောက်ကိုဆင်းဖို့ လမ်းနှစ်လမ်းပဲရှိပါတယ်။ လုံခြုံသောကြောင်လိမ်လှေကားရယ်၊ လိုဏ်ဂူ ကြမ်းပြင်သို့ကြိုးဆွဲလျောဆင်းတဲ့လမ်းရယ်ပါ၊ ကျွန်တော့်သားတွေနှင့်ကျွန်တော်သည် ကြိုးဆွဲလျောဆင်းဖို့ ရွေးခဲ့ပါတယ်။ ကျွန်တော့်သားကြီးကအရင်သွားတယ်၊ ကျွန်တော်နဲ့သားငယ်က အတူဆင်းနိုင်အောင်လို့ တမင်သက်သက်နောက်ဆုံးမှသွားပါတယ်။
ကျွန်တော်တို့ရဲ့လမ်းပြတွေက ကျွန်တော်တို့ကိုညွှန်ကြားပြီး၊ ခိုင်တဲ့ကြိုးတစ်ချောင်းမှာ ဆိုင်းကြိုးနဲ့ ချိတ်တွေနဲ့ ခိုင်ခိုင်တွဲပေးပြီးတဲ့နောက်၊ ကျွန်တော်တို့လည်း အထစ်ငယ်တစ်ခုပေါ်ရပ်မိတဲ့အထိ တစ်ဖြည်းဖြည်းနဲ့ နောက်ပြန်ဆင်းပြီး၊ ယုံကြည်မှုကို စုခဲ့ကြပါတယ်၊ ဒီနေရာက ကျွန်တော်တို့ နောက်ဆုံး လှည့်တဲ့နေရာ၊ ပြီးတော့ ဂူပေါက်ဝက နေရောင်ကို ကျွန်တော်တို့မြင်နိုင်တဲ့ နောက်ဆုံးနေရာဖြစ်လို့ပါပဲ။
ကျွန်တော်တို့နောက်ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တာနဲ့ လွတ်လပ်ရေးရုပ်ထုတစ်ခုလုံးဆန့်အောင် မြင့်တဲ့ကျယ်တဲ့ ကျောင်းတော်လိုဂူထဲကို ထိုးကျသွားပါတော့တယ်။ အဲဒီမှာ ကျွန်တော်တို့လည်း ဖြည်းဖြည်းလည်ပြီး တွဲလဲခိုခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ မျက်စိတွေကို အမှာင်ထုနဲ့ညှိရလို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဆက်ဆင်းတဲ့အခါ၊ လျှပ်စစ်မီးရောင်က ကျောက်စက်မိုးမျှော်၊ ကျောက်စက်ပန်းဆွဲ တွေနဲ့ လက်နေတဲ့အံ့ဩဖွယ်နံရံကို အရောင်တောက်စေပါတယ်။
သတိပေးခြင်းမရှိဘဲ၊ မီးတွေ ရုတ်တရက်လုံးဝပျက်သွားပါတယ်။ ချောက်နက်ကြီးအပေါ်မှာ တွဲလွဲဆွဲလျက်၊ ကျွန်တော်တို့ဟာ အလွန်မိုက်တဲ့ အမှောင်ထုနဲ့ ဝိုင်းထားခံရတော့၊ ကိုယ့်ရှေ့က ကြိုးတွေပေါ်က ကိုယ့်လက်တွေကိုတောင် မမြင်ရပါဘူး။ ချက်ချင်းပဲအသံတစ်သံထွက်ပေါ်လာခဲ့ပါတယ် “အဖေ၊ အဖေ၊ အဲဒီမှာလား”။
“ငါဒီမှာ၊သား၊ ငါဒီမှာရှိတယ်၊” လို့ကျွန်တော်ပြန်ဖြေခဲ့ပါတယ်။
မျှော်လင့်မထားတဲ့အလင်းပျောက်ဆုံးခြင်းဟာ လျှပ်စစ်မီးမရှိဘဲ၊ လိုဏ်ဂူရဲ့အမှောင်ထုကိုမထိုးဖောက်နိုင်ကြောင်းပြသဖို့စီစဉ်ထားခဲ့ပါတယ်။ အဲ့ဒီအရာကအောင်မြင်ခဲ့ပါတယ်၊ ကျနော်တို့အမှောင်ထုကို “ခံစားခဲ့ရ” ပါတယ်။ မီးပြန်လာတဲ့အခါ၊ အမှောင်ထုက ချက်ချင်းအရှုံးပေးသွားခဲ့ပါတယ်၊ အမှောင်ထုဟာ အားအနည်းဆုံးအလင်းရောင်ကိုတောင် အမြဲအရှုံးပေးရမှာဖြစ်လို့ပါပဲ။ ကျွန်တော့်သားတွေနဲ့ကျွန်တော်ဟာ ဘယ်တုန်းကမျှမသိဖူးခဲ့တဲ့ အမှောင်ထုတစ်ခု၊ ဘယ်တော့မျှမမေ့မယ့်အလင်းကို ပိုမိုလေးမြတ်တန်ဖိုးထားခြင်း၊ ပြီးတော့ ကျွန်တော်တို့အားလုံးဟာ ဘယ်တော့မျှ အမှောင်ထဲမှာ အထီးကျန်မနေဘူးဆိုတဲ့ အာမာခံချက်အကြောင်း အမှတ်ရတဲ့စိတ်ကို ခံစားခဲ့ကြရပါတယ်။
ကျွန်တော်တို့ အဲဒီလိုဏ်ဂူထဲကို နည်းမျိုးစုံနဲ့ဆင်းခြင်းဟာ ကျွန်တော်တို့ရဲ့ လူ့ဇာတိခရီးနဲ့ သဏ္ဌာန်တူပါတယ်။ ကျွန်တော်ဟာ တောက်ပတဲ့ကောင်းကင်ဘုံအလင်းကနေထွက်ခွာပြီး၊ မေ့လျော့ခြင်းကန့်လန့်ကာကို ဖြတ်ပြီးတော့ မှောင်မိုက်နေတဲ့ ကမ္ဘာကိုဆင်းလာခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဖက ကျွန်တော်တို့ကိုမှောင်မိုက်ထဲကို မစွန့်ပစ်ပါဘူး၊ ကျွန်တော်တို့ခရီးအတွက် အလင်းကို သူ့ချစ်သား၊ ယေရှုခရစ်တော်အားဖြင့် ကတိပေးခဲ့ပါတယ်။
နေရောင်ဟာ မြေကြီးပေါ်ရှိ သက်ရှိအားလုံးအဖို့ အသက်သွေးကြောဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ရဲ့ဝိညာဉ်ပကတိအသက်အဖို့ အလားတူအသက်သွေးကြောကတော့ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဆီက ထွက်လာတဲ့အလင်းဖြစ်ပါတယ်။ ဘုရားသခင်က သူ့ရဲ့စုံလင်သောချစ်ခြင်းဖြင့်၊ ခရစ်တော်ရဲ့အလင်းကို “ဤလောကထဲသို့ဝင်လာ”၃ တဲ့သူတိုင်းကိုပေးပါတယ်၊ သူတို့တတွေ “အကောင်းအဆိုးကိုသိ”၄ဖို့နဲ့ “အကောင်းကိုအစဉ်လုပ်ရန်”၅လှုံ့ဆော်ခံရဖို့ဖြစ်ပါတယ်။ အဲဒီအလင်းက၊ ကျွန်တော်တို့ရဲ့အသိစိတ်လို့ ခေါ်လေ့ရှိတဲ့အရာအားဖြင့် ဖော်ပြလျက်၊ ကျွန်တော်တို့ကို လုပ်ဆောင်ဖို့၊ ပိုကောင်းဖို့၊ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်စေဖို့ ဖိတ်ခေါ်ပါတယ်။
ကျွန်တော်တို့ဟာခရစ်တော်၌ကျွန်ုပ်တို့၏ယုံကြည်ခြင်းပိုမိုပြင်းထန်လာသည်နှင့်အမျှ၊ကျွန်တော်တို့ပတ်လည်၌စုဝေးစေနိုင်သော မှောင်မိုက်အားလုံးကိုဖယ်ရှားနိုင်သည့်တိုင်အောင် အားကောင်းပြင်းထန်သောအလင်းကို လက်ခံရရှိကြပါတယ်။ “ဘုရားသခင်ထံမှအရာသည် အလင်းဖြစ်၏။ အလင်းကို လက်ခံရရှိ၍၊ ဘုရားသခင်၌ ဆက်၍တည်သောသူသည် သာ၍များသောအလင်းကို လက်ခံရရှိ၏။ ထိုအလင်းသည် စုံလင်သောနေ့သို့ ရောက်သည့်တိုင်အောင် တောက်ပသည်ထက်ပို၍ တောက်ပလာ၏။”၆
ခရစ်တော်၏အလင်းသည် “ဧဝံဂေလိတရားတော်သမ္မာတရားဖြစ်သော•… ဘုရားသခင်၏နားသွင်းခြင်းတန်ခိုးတော်”၇ဖြစ်သည့်၊ သန့်ရှင်းသောဝိညာဉ်တော်၏လွှမ်းမိုးမှုဖြင့် အမှုတော်ဆောင်နိုင်ရန်၊ ကျွန်တော်တို့ကိုပြင်ဆင်ပေးပါတယ်။ ဘုရားသခင်၏ဇာတိမှာ တတိယပုဂ္ဂိုလ်ဖြစ်တဲ့၊ သန့်ရှင်းသောဝိညာဉ်တော်ဟာ “ဝိညာဉ်တော်ပုဂ္ဂိုလ်တစ်ပါးဖြစ်ပါတယ်။”၈ သေခြင်းရှိရာ၌သင့်အားကောင်းကင်ဘုံရှင်အဖပေးသောအလင်း၏အကြီးမြတ်ဆုံးအရင်းအမြစ်မှာ “သင်၏စိတ်ကို အလင်းသို့ရောက်စေမည့် [ပြီးတော့] သင်၏စိတ်ဝိညာဉ်ကို ဝမ်းမြောက်ခြင်းဖြင့်ပြည့်စေသည့်”၉ သန့်ရှင်းသောဝိညာဉ်တော်၏လွှမ်းမိုးမှုဖြစ်ပါတယ်။
ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်မှာ၊ ပြန်လည်ဆောင်ယူထားတဲ့ ယဇ်ပုရောဟိတ်အခွင့်အာဏာဖြင့်၊ သင်ဟာ အပြစ်များမှလွှတ်ခြင်းအတွက် ဗတ္တိဇံခံထားပါတယ်။ အဲဒီနောက်၊ လက်တွေကိုသင့်ခေါင်းပေါ်မှာတင်ပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဒီအံ့ဖွယ်ကောင်းသော၊ “ပြော၍ မရနိုင်သောဆုကျေးဇူး”၁၀ ကိုသင့်ကိုပေးအပ်ထားပါတယ်။
အဲဒီနောက်မှာသင့် အလိုဆန္ဒတွေနဲ့ အပြုအမူတွေက ပဋိညာဉ်တရားလမ်းကြောင်းကို အာရုံစိုက်တဲ့အခါ၊ သန့်ရှင်းသောဝိညာဉ်တော်က၊ သင့်အထဲမှာ အလင်းတစ်ခုအဖြစ်၊ သမ္မာတရား၁၁အကြောင်းကို ဖော်ပြသက်သေခံပါလိမ့်မယ်၊ အန္တရာယ်ကို သတိပေးမယ်၊ နှစ်သိမ့်မယ်၁၂ပြီးတော့ သန့်ရှင်းစင်ကြယ်စေမယ် ၁၃ပြီးတော့ သင့်စိတ်ဝိညာဉ်အတွက် ငြိမ်းချမ်းခြင်း၁၄ကို ပံ့ပိုးပေးပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုရင် “အလင်းသည်အလင်း၌ စွဲမြဲ၊”၁၅လို့ပဲဖြစ်ပါတယ်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ပုံမှန် အဖော်ပြုခြင်းက သင့်ကို အလင်းမှာရှိဖို့ ယိမ်းစေတဲ့ ရွေးချယ်မှုတွေပြုဖို့ ပို့ဆောင်ပါလိမ့်မယ်၊ ပြောင်းပြန်အားဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လွှမ်းမိုးမှုမပါဘဲ ပြုတဲ့ ရွေးချယ်မှုတွေက သင့်ကို အရိပ်နဲ့ အမှောင်ထုထဲကို ပို့ဆောင်ဖို့ ယိမ်းစေ ပါလိမ့်မည်။ အယ်ဒါ ရောဘတ် ဒီ ဟေးစ်က သင်ကြားခဲ့ပါတယ်၊ “အလင်းရှိတဲ့အခါမှောင်မိုက်ဟာ အနိုင်ခံရပြီး ထွက်ခွာသွားရမယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဝိညာဉ်ပကတိအလင်း ရှိတဲ့အခါ၊ စာတန်ရဲ့ အမှောင်ထု ထွက်ခွာသွားပါတယ်။”၁၆
ကျွန်တော်အကြံပြုပါရစေ၊ ဒီအချိန်ဟာ သင့်ကိုယ်သင်မေးရမယ့်အချိန်၊ ဖြစ်ကောင်းဖြစ်ပါမယ်၊ ကျွန်တော့်မှာ အသက်တာ၌ အဲဒီ “အလင်း” ရှိပါသလား။ မရှိဘူးဆိုလျှင်၊ နောက်ဆုံးရှိခဲ့တဲ့ အချိန်က ဘယ်အချိန်လဲ။
သက်ရှိတွေ အားသစ်လောင်းတည်တံ့ဖို့ နေရောင်က မြေကြီးကို နေ့စဉ်ပက်ဖြန်းသလို၊ သင်ဟာ သူ့နောက်ကို လိုက်လျှောက်ဖို့ ဆုံးဖြတ်တဲ့အခါ သင့်အထဲမှာရှိတဲ့အလင်းကို နေ့စဉ်တောက်ပစေပါတယ်။
သင်ဆုတောင်းခြင်းနဲ့ ဘုရားသခင်ကို ရှာတဲ့အခါတိုင်း နေခြည်တစ်ပေါက်ကို ပေါင်းထည့်ပေးပါတယ်၊ သူ့ကို “ကြားနာ”၁၇ဖို့ ကျမ်းစာတွေ လေ့လာတဲ့ သို့မဟုတ် ကျွန်တော်တို့ရဲ့ အသက်ရှင်တဲ့ ပရောဖက်ရဲ့ လမ်းညွှန်ချက်နဲ့ ဗျာဒိတ်တော်အတိုင်းလုပ်ဆောင်၊ ပြီးတော့ “ကိုယ်တော်ရှင်ရဲ့ ဘိသိက်မင်္ဂလာတွေကို လိုက်လျှောက်”၁၈ဖို့ ပညတ်တော်တွေကို နာခံစောင့်ထိန်းတဲ့အခါမှာဖြစ်ပါတယ်။
သင်ဟာ နောင်တရတဲ့အချိန်တိုင်း ဝိညာဉ်ပကတိနေရောင်ခြည်ကို သင့်စိတ်ဝိညာဉ်ဆီ၊ ငြိမ်းချမ်းခြင်းကို သင့်ဘဝဆီကို ဖိတ်ခေါ်မှာဖြစ်ပါတယ်။ သင်ဟာသီတင်းပတ်တိုင်း ပွဲတော်သုံးဆောင်လို့၊ သင့်အပေါ်မှာ ကယ်တင်ရှင်ရဲ့ နာမတော်ကို ခံယူလို့၊ သူ့ကို အမြဲအောက်မေ့ပြီး သူ့ပညတ်တော်တွေကို စောင့်ထိန်းတာနဲ့အမျှ၊ သူ့အလင်းက သင့်အထဲမှာ တောက်ပပါလိမ့်မယ်။
သင် ဧဝံဂေလိတရားကိုဝေငှ၊ သင့်သက်သေခံချက်ကို ဝေငှတဲ့အခါတိုင်း သင့်စိတ်ဝိညာဉ်ထဲမှာ နေရောင်ခြည်ရှိပါတယ်။ သင်ဟာ ကယ်တင်ရှင်နည်းတူ အချင်းချင်းအမှုတော်ဆောင်တဲ့အခါတိုင်း၊ သင့်နှလုံးသားမှာ သူ့ရဲ့နွေးထွေးမှုကို ခံစားရပါလိမ့်မယ်။ ကောင်းကင်ဘုံရှင်အဖရဲ့ အလင်းဟာ သူရဲ့သန့်ရှင်းသောဗိမာန်တော်ပေါ်မှာကိန်းဝပ်တယ်၊ အထဲမှာ တည်နေပါတယ်။ သင့်စိတ်ဝိညာဉ်ထဲမှာရှိတဲ့ သူ့အလင်းဟာ ကြင်နာခြင်းအပြုအမူနဲ့အတူ၊ သင့်ရဲ့ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာဖြင့်၊ ပြီးတော့ သင့်မျက်နှာထားမှာ သင်နေ့စဉ်ဖြာထွက်တဲ့ ပျော်ရွှင်ခြင်းဖြင့် တိုးပွားပါတယ်။ တစ်ဖက်မှာဆိုရင်၊ ကျွန်ုပ်တို့ဟာ ဒေါသထွက်ဖို့ မြန်လွန်း သို့မဟုတ် ခွင့်လွှတ်ဖို့ နှေးလွန်းတဲ့အခါ အရိပ်ထဲမှာ လျှောက်ကြတာဖြစ်ပါတယ်။ “သင်ဟာ မျက်နှာကို နေရောင်ခြည်ဘက်ကို မူတဲ့အခါ အရိပ်က ဘာမျှ မတတ်နိုင်ဘဲသင့်နောက်ကို ကျရောက်သွားပါတယ်”၁၉
သင်ဟာ သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာယဖွဲ့ဖို့ အသက်ရှင်တာနဲ့အမျှ၊ “ဗျာဒိတ်တော်ရရှိဖို့ သင့်ရဲ့ဝိညာဉ်ပကတိစွမ်းရည်ကို အမှန်တိုးမြှင့်”နေပါတယ်။၂၀
ဘဝမှာ စိန်ခေါ်မှုတွေနှင့်အတားအဆီးတွေရှိပါတယ်၊ ကျွန်တော်တို့အားလုံး မှောင်မိုက်နေ့ရက်အချို့နဲ့ မုန်တိုင်းတွေကို ရင်ဆိုင်ကြရပါတယ်။ အဲဒါတွေအားလုံးကို ဖြတ်ကျော်ပြီး၊ ကျွန်တော်တို့ဟာ “ကျွန်တော်တို့အသက်တာမှာ ဘုရားသခင်အောင်နိုင်ခွင့်ပြုလျှင်၊”၂၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလင်းက ကျွန်တော်တို့ရဲ့ ဒုက္ခတွေမှာ ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ်ရှိကြောင်း၊ အဲဒါတွေက ကျွန်တော်တို့ကို ပိုကောင်းတဲ့သူ၊ ခရစ်တော်၌ ပို၍မြဲသောယုံကြည်ခြင်း၊ ပို၍တောက်ပသောမျှော်လင့်ခြင်းနဲ့ ပိုပြီးပြည့်စုံတဲ့သူအဖြစ် ပြောင်းလဲပေးမှာ ဖြစ်တဲ့အကြောင်း၊ ဘုရားသခင်ကျွန်တော်တို့ရဲ့ မှောင်မိုက်နေ့တွေ တလျှောက်လုံးမျာ ကျွန်တော်တို့နဲ့အတူရှိတော်မူတဲ့အကြောင်းကို ဖော်ပြပါလိမ့်မယ်။ ဥက္ကဌနယ်လ်ဆင်အကြံပေးသကဲ့သို့၊ “ဒုက္ခဆင်းရဲခြင်းနှင့်တွဲလာတဲ့ တိုးနေသော အမှောင်ထုဟာ ယေရှုခရစ်ရဲ့ အလင်းကို အရင်ကထက် ပိုပြီးတောက်ပစေပါတယ်”၂၂
ကျွန်တော်တို့ဘဝရဲ့ ကာလတွေက ကျွန်တော်တို့ကို မျှော်လင့်မထားတဲ့ မလိုလားအပ်တဲ့နေရာတွေဆီကို ခေါ်ဆောင်သွားနိုင်ပါတယ်။ အပြစ်က သင့်ကို အဲဒီကို ပို့ဆောင်ခဲ့လျှင်၊ မှောင်မိုက်ကန့်လန့်ကာကို ရုပ်ပြီး၊ သင့်ကောင်းကင်ဘုံရှင် အဘဆီကို ကျိုးပဲ့တဲ့နှလုံးသား၊ ကြေကွဲတဲ့စိတ်နဲ့ နှိမ့်ချစွာချဉ်းကပ်ဖို့၊ နောင်တရဖို့ ယခုစတင်ပါ။ သူက သင့်ရဲ့ ထက်သန်တဲ့ ဆုတောင်းခြင်းကို နားညောင်းတော်မူပါလိမ့်မယ်။ ယနေ့သတ္တိရှိရှိ၊ “ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြလော့။ သို့ပြုလျှင်သင်တို့၌[သူသည်ချဉ်းကပ်တော်မူလိမ့်မည်။”၂၃ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းတန်ခိုးကို သင်ဘယ်သောအခါမျှမကျော်နိုင်ပါ။
ကျွန်တော်ဟာ ယဉ်ကျေးတဲ့မိဘများမှ၊ ယေရှုခရစ်တော်ရဲ့ အလင်းတော်နှင့် သူ့ဧဝံဂေလိတရားကို ဖြေကြားခဲ့တဲ့ သစ္စာရှိသောဘိုးတို့မှ ဆင်းသက်ခဲ့ပါတယ်၊ အဲဒီတရားတော်က သူတို့ဘဝတွေ၊ ဝိညာဉ်ပကတိခံနိုင်ရည်ရှိတဲ့ သည့်နောက်မျိုးဆက်တွေကို ကောင်းချီးပေးခဲ့ပါတယ်။ ကျွန်တော့်အဖေက သူ့အဖေ မီလို တီ ဒျိတ်စ် အကြောင်းခဏခဏပြောပါတယ်၊ ဘုရားသခင်အပေါ် အဘိုးရဲ့ ယုံကြည်ခြင်းက သူ့အဖို့ နေ့တိုင်းညတိုင်း အလင်းဖြစ်စေခဲ့တဲ့အကြောင်းကိုလည်း မျှဝေလေ့ရှိပါတယ်။ အဘိုးဟာတောမြင်းစီးသူတစ်ယောက်ဖြစ်ပါတယ်၊ တောင်ပေါ်မှာ တစ်ယောက်တည်း ခဏခဏ စီးလေ့ရှိပါတယ်၊ သူ့ဘဝကို ဘုရားသခင်ရဲ့ လမ်းညွှန်မှုနဲ့ စောင့်ရှောက်ခြင်းအောက်မှာ သံသယကင်းကင်း အပ်နှံခဲ့ပါတယ်။
ဆောင်းဦးနှောင်းပိုင်းတစ်ခုမှာ၊ အဘိုးဟာ တောင်မြင့်တွေပေါ်မှာ တစ်ယောက်တည်းရှိခဲ့ပါတယ်။ သစ်လုံးတွေကို ပျဉ်ခွဲမခံရမီ တိုင်းတာဖို့ သစ်စက်ဆီကို သူ့အကြိုက်ဆုံးမြင်းဖြစ်တဲ့ မင်းသားကြီးကို ကုန်းနှီးတပ်ပြီး သူစီးသွားတဲ့အချိန်မှာ ဆောင်းဝင်စပြုနေပါပြီ။
မမှောင်ခင်၊ သူ့အလုပ်ပြီးလို့ မြင်းကုန်းနှီးပေါ်ပြန်တက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ၊ အပူချိန်ထိုးကျသွားခဲ့ပြီး၊ အလွန်ပြင်းတဲ့ ဆောင်းမုန်တိုင်းက တောင်ကို လွှမ်းခြုံနေခဲ့ပါပြီ။ သူ့ကိုလမ်းပြဖို့ အလင်းလည်းမရှိ၊ လမ်းကြောင်းလည်း မရှိတာမိုလို့၊ သူဟာ မင်းသားကို မြင်းစောင်းဆီပြန်ရောက်မယ်လို့ထင်တဲ့ဘက်ကို လှည့်ခဲ့ပါတယ်။
အမှောင်ထုထဲမိုင်ပေါင်းများစွာခရီးသွားပြီးနောက်၊ မင်းသားကနှေးသွားခဲ့ပါတယ်၊ အဲဒီနောက် ရပ်လိုက်ပါတယ်။ အဘိုးကမင်းသားကို ရှေ့တိုးဖို့ထပ်ခါထပ်ခါမောင်းပါတယ်၊ ဒါပေမယ့် မြင်းက ငြင်းပါတယ်။ ပိတ်နေတဲ့နှင်းတွေ သူတို့ပတ်လည်မှာ တဖွဲဖွဲကျနေလို့၊ အဘိုးဟာ ဘုရားသခင့်အကူအညီလိုတာကို သတိပြုမိလိုက်ပါတယ်။ သူ၏ဘဝတစ်လျှောက်လုံးလုပ်နေကျအတိုင်း၊ သူဟာ မယိမ်းယိုင်ဘဲ၊ နှိမ့်ချစွာဖြင့် “ယုံကြည်ခြင်းနဲ့ [ဆုတောင်းပါတယ်]။”၂၄ တိုးညှင်းတဲ့အသံကဖြေပါတယ်၊ “မီလို၊ မင်းသားကို ဇက်ကြိုးလျော့ပေးလိုက်ပါ၊” အဘိုးက နာခံပါတယ်၊ ဇက်ကြိုးကို လျော့လိုက်တဲ့အခါ၊ မင်းသားက လွှဲလှည့်ပြီး တခြားဘက်ကို ဖြည်းဖြည်းလေးသွားပါတယ်။ နာရီများစွာကြာတော့၊ မင်းသားက နောက်တစ်ခါရပ်ပြီးခေါင်းငုံ့ပြန်ပါတယ်။ သည်းနေတဲ့နှင်းတွေကိုဖြတ်ပြီး၊ အဘိုးဟာ သူတို့မြင်းဇောင်းတံခါးဆီကို ဘေးကင်းစွာရောက်ခဲ့တာကို မြင်ရပါတယ်။
မနက်နေထွက်မှာ၊ အဘိုးဟာ နှင်းထဲမှာ မင်းသားရဲ့ ခြေရာဖျော့ဖျော့တွေကို ပြန်ပြီးခြေရာခံခဲ့ပါတယ်။ မင်းသားကို ဇက်ကြိုးလျော့ပေးခဲ့တဲ့နေရာကို တွေ့တဲ့အခါ သူသက်ပြင်းချပါတယ်။ အဲဒါက အလွန်မြင့်တဲ့ တောင်ကမ်းပါးရဲ့ တကယ့် နှုတ်ခမ်းစပ်ပဲဖြစ်ပါတယ်၊ အဲဒီနေရာကနေ ရှေ့ခြေတစ်လှမ်း တိုးလိုက်တာနဲ့ မြင်းရော စီးတဲ့လူရော ထိုးကျပြီး အောက်က ကျောက်ဆောင်တွေကြားမှာ သေခဲ့မှာဖြစ်ပါတယ်။
အဲဒီအတွေ့အကြုံနဲ့ အခြားအတွေ့အကြုံများစွာကို အခြေခံပြီးမှ၊ အဘိုးက “မင်းနဲ့အမြဲရှိနေမယ့် အကောင်းဆုံးနဲ့အကြီးမြတ်ဆုံးအဖော်ဟာ မင်းရဲ့ ကောင်းကင်ဘုံရှင်အဘဖြစ်တယ်” လို့အကြံပေးခဲ့ပါတယ်။ ကျွန်တော့်အဖေကအဘိုးရဲ့အဖြစ်အပျက်ကိုပြောပြတဲ့အခါ၊ သူကကျမ်းပိုဒ်တွေကိုကိုးကားလိမ့်မယ်ဆိုတာ ကျွန်တော်မှတ်မိပါသေးတယ်။
“ထာဝရဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကိုအမှီမပြုနှင့်။
သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့၊ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။”၂၅
ယေရှုခရစ်တော်ဟာ “မှောင်မိုက်၌ထွန်းလင်း”၂၆နေတဲ့ ထာဝရတည်မြဲသော အလင်းဖြစ်တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ အဲဒီအလင်းကို ကျော်တဲ့၊ ငြိမ်းစေတဲ့၊ ကျော်လွန်တဲ့၊ သို့မဟုတ် နိုင်တဲ့အမှောင် ဘယ်တော့မှမရှိပါဘူး။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘက သင့်ကို အဲဒီအလင်းကို လွတ်လပ်စွာပေးထားပါတယ်။ သင်ဟာဘယ်တော့မှ တစ်ယောက်တည်းမဟုတ်ပါဘူး။ သူကဆုတောင်းခြင်းတိုင်းကို နားထောင်ပြီးဖြေကြားပေးပါတယ်။ သူက သင့်ကို “မှောင်မိုက်မှနေ သူ့ရဲ့အံ့ဘွယ်သောအလင်းထဲသို့ ခေါ်သွင်းတော်မူခဲ့ပါတယ်။”၂၇ “အဖ၊ အဖ၊ သင်ရှိပါသလား၊” လို့သင်မေးသောအခါ၊ သူကအစဉ်အမြဲ “ငါဒီမှာ၊ ငါ့ကလေး၊ ငါဒီမှာရှိပါတယ်” လို့ပြန်ဖြေပါလိမ့်မယ်။
ယေရှုခရစ်တော်ဟာ ကျွန်ုပ်တို့၏ ကယ်တင်ရှင်နှင့် ရွေးနုတ်ရှင်အဖြစ် ကောင်းကင်ရှင်အဘရဲ့ အစီအစဉ်ကို ပြည့်စုံစေကြောင်း ကျွန်တော်သက်သေခံပါတယ်။၂၈သူဟာ ကျွန်တော်တို့ရဲ့ အလင်း၊ ကျွန်တော်တို့ရဲ့ ဘဝနဲ့ ကျွန်တော်တို့ရဲ့ လမ်းဖြစ်ပါတယ်။ သူ့အလင်းက ဘယ်တော့မှ မှေးမှိန်သွားမှာမဟုတ်ပါဘူး၊၂၉သူ့ဘုန်းတော်က ဘယ်တော့မှ ရပ်တန့် သွားမှာမဟုတ်ပါဘူး၊ သင်တို့အတွက် သူ့ချစ်ခြင်းက ထာဝရ၊ မနေ့ဖြန်၊ ယနေ့နဲ့ ကာလအစဉ်အဆက်ဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။