ငါ့ဧဝံဂေလိတရားတော်၏အခြေခံဩဝါဒများ
ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၄၂း၁၂.
ဧဝံဂေလိတရားတော်အခြေခံဩဝါဒဆိုတာ ဖြောင့်မတ်သော စာရိတ္တ ရွေးချယ်ပြုမူခွင့်ကျင့်သုံးခြင်းအတွက် ဩဝါဒအခြေခံတဲ့ လမ်းညွှန်ချက်တစ်ခုဖြစ်ပါတယ်။
ယေရှုခရစ်တော်၏သန့်ရှင်းသူများအသင်းတော်၏ အောက်တိုဘာ ၁၈၄၉ အထွေထွေညီလာခံမှာ၊ တမန်တော်တစ်ဆယ်နှစ်ပါးအဖွဲ့ဝင် ဂျွန်တေလာဟာ ပြင်သစ်နိုင်ငံမှာ ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားတော်ဟောပြောခြင်းကို စတင်ဖို့ ခေါ်သွင်းခြင်းခံခဲ့ရပါတယ်။ သူ့ရဲ့အမှုတော်ဆောင်ခြင်းမှာ အဲဒီနိုင်ငံရှိအသင်းတော်စာစောင်ကို တည်းဖြတ်ခြင်းလည်းပါဝင်ခဲ့ပါတယ်။ အသင်းလူကြီးတေလာဟာ အသင်းတော်နဲ့ပတ်သက်လို့ သူခဏခဏ အမေးခံခဲ့ရတဲ့မေးခွန်းတွေရဲ့ အဖြေအဖြစ် ၁၈၅၁ မှာ ဆောင်းပါးတစ်စောင်ကို ပြင်ဆင်ထုတ်ဝေခဲ့ပါတယ်။ စာတမ်းရဲ့အဆုံးနားမှာ၊ အသင်းလူကြီးတေလာက အောက်ပါ အကြောင်းအရာကို ပြန်ပြောပြခဲ့ပါတယ်။
“လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက၊ နော်ဗူးမှာ၊ ကျွန်တော့်အနီးမှာ၊ ဥပဒေပြုအဖွဲ့ဝင် အမျိုးသားတစ်ယောက်က ဂျိုးဇက်စမစ် လူအလွန်များစွာကို အုပ်ချုပ်ဖို့၊ ထိုကဲ့သို့စုံလင်သောစနစ်ကို ထိန်းသိမ်းဖို့ ဘယ်လိုစွမ်းဆောင်နိုင်ခဲ့ကြောင်းမေးခဲ့ပါတယ်၊ သူတို့အဖို့ အခြားဘယ်နေရာမှာမှ အဲ့သလိုလုပ်ဖို့ မဖြစ်နိုင်ကြောင်းကိုလည်း တစ်ချိန်တည်းမှာ မှတ်ချက်ချခဲ့ပါတယ်။ မစ္စတာ စမစ်က အဲ့သလိုလုပ်ဖို့ဆိုတာ အလွန်လွယ်ကြောင်း မှတ်ချက်ချခဲ့ပါတယ်။ ‘ဘယ်လိုလဲ’ လို့ အမျိုးသားက ပြန်ဖြေပါတယ်၊ ‘ကျွန်တော်တို့အဖို့တော့ အဲဒါ အတော်ခက်တယ်။’ မစ္စတာစမစ်က ပြန်ပြောပါတယ်၊ ‘ကျွန်တော်က သူတို့ကို မှန်တဲ့ အခြေခံဩဝါဒတွေကို သွန်သင်ပေးတယ်၊ သူတို့ဘာသာသူတို့အုပ်ချုပ်ကြတာပါ။’”၁
ယေရှုခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော်ရဲ့ အခြေခံဩဝါဒတွေရဲ့ အရေးကြီးတဲ့ကဏ္ဍကို ကျွန်တော်အလေးပေးဟောပြောစဉ်မှာ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့အယောက်တိုင်းကို လမ်းညွှန်တည်ဆောက်မယ့်အကြောင်း ကျွန်တော်ဆုတောင်းပါတယ်။
အခြေခံဩဝါဒများ
ကိုယ်တော်ရှင်က ပရောဖက်ဂျိုးဇက်စမစ်ကို ဖော်ပြခဲ့တာက၊ “ဤအသင်းတော်၏ အသင်းလူကြီးများ၊ ယဇ်ပုရောဟိတ်များနှင့် ဆရာများသည် ဧဝံဂေလိတရားတော်အပြည့်အစုံရှိရာ သမ္မာကျမ်းနှင့် မော်မုန်ကျမ်းရှိ ငါ့ဧဝံဂေလိတရားတော်၏ အခြေခံဩဝါဒများကို သွန်သင်ကြရမည်။”၂ နောက်ပိုင်းကာလသန့်ရှင်းသူများဟာ “သဘောတရား၌၊ အခြေခံဩဝါဒ၌၊ ဩဝါဒ၌၊ ဧဝံဂေလိတရားတော်ဥပဒေ၌၊ သင်တို့နားလည်ရန် သင့်လျော်သည့်အရာများ တည်းဟူသော ဘုရားသခင်၏ နိုင်ငံတော်နှင့် စပ်ဆိုင်သည့် ခပ်သိမ်းသောအရာတို့၌ ပို၍စုံလင်စွာ သွန်သင် ခံရကြ နိုင်စေခြင်းငှာပေတည်း လို့လည်း သူကြေညာခဲ့ပါတယ်။”၃
ဧဝံဂေလိတရားတော်အခြေခံဩဝါဒဆိုတာ ဖြောင့်မတ်သော စာရိတ္တ ရွေးချယ်ပြုမူခွင့်ကျင့်သုံးခြင်းအတွက် ဩဝါဒအခြေခံတဲ့ လမ်းညွှန်ချက်တစ်ခုဖြစ်ပါတယ်။ အခြေခံဩဝါဒတွေဟာ ပိုကျယ်ပြန့်တဲ့ ဧဝံဂေလိတရားတော်သမ္မာတရားက ဆင်းသက်လာပြီးတော့၊ ကျွန်တော်တို့ပဋိညာဉ်လမ်းကြောင်းပေါ်မှာ ရှေ့ဆက်ကြိုးစားကြတာနဲ့အမျှ လမ်းညွှန်ချက်နဲ့ စံနှုန်းတွေကို ပံ့ပိုးပါတယ်။
ဥပမာအနေနဲ့၊ ပထမ ယုံကြည်ခံယူချက်သုံးခုက ယေရှုခရစ်တော်ရဲ့ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော်ရဲ့ အခြေခံလက္ခဏာတွေကို ခွဲခြားပြပါတယ်။ ပထမယုံကြည်ခံယူချက် မှာ ဘုရားသခင်၏ဇာတိသဘော၊ ဒုတိယယုံကြည်ခံယူချက် မှာ အာဒံနဲ့ ဧဝကျရှုံးခြင်း၏ သက်ရောက်မှုများ၊ ပြီးတော့ တတိယယုံကြည်ခံယူချက်မှာ ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ကောင်းချီးမင်္ဂလာတွေကို ဖြစ်နိုင်စေခြင်း။ ၄ စတုတ္ထယုံကြည်ခံယူချက် က ပထမအခြေခံဩဝါဒဖြစ်တဲ့—ယေရှုခရစ်တော်၌ ယုံကြည်ခြင်းကို ကျင့်သုံးခြင်းနဲ့ နောင်တရခြင်း—ပြီးတော့ ကျွန်တော်တို့ဘဝတွေမှာ ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာကို အစွမ်းထက်နိုင်စွမ်းစေတဲ့ ပထမယဇ်ပုရောဟိတ်အခွင့်ဘိသိက်မင်္ဂလာတွေကို ဖော်ပြပါတယ်။၅
ဉာဏ်ပညာစကားဆိုတာ လမ်းညွှန်ချက်တစ်ခုအဖြစ်ရှိတဲ့ တခြားအခြေခံဩဝါဒဥပမာတစ်ခုဖြစ်ပါတယ်။ ဩဝါဒနှင့်ပဋိညာဉ်များကျမ်း အပိုဒ်ငယ် ၈၉ ရှိ နိဒါန်းအခန်းငယ်တွေကို ကျေးဇူးပြု၍မှတ်ထားပါ။
“သန့်ရှင်းသူများဖြစ်ကြသည့် သို့မဟုတ် သန့်ရှင်းသူများဟုလည်း အခေါ်ခံရနိုင်သည့် သန့်ရှင်းသူအပေါင်းတို့ အထဲမှ အားနည်းသော သူများနှင့် အားအနည်းဆုံးသူများ၏ စွမ်းရည်အလိုက် ညှိပေးထားသည့် ကတိတော်နှင့် ယှဉ်သော ကျင့်ဝတ်စည်းကမ်းအဖြစ် ပေးထား၏။
“ရှုလော့၊ ကိုယ်တော်ရှင်က သင်တို့ကို အမှန်မိန့်တော်မူသည်ကား၊ နောက်ဆုံးသောကာလ၌ လျှို့ဝှက် ကြံစည်သောသူတို့၏ စိတ်နှလုံး၌ တည်ရှိသည့် ထို့အတူ တည်ရှိမည့် မကောင်းမှုနှင့် အကြံအစည်တို့၏ အကျိုးဆက်အဖြစ်၊ သင်တို့ထံသို့ ဤဉာဏ်ပညာစကားကို ဗျာဒိတ်တော်ဖြင့် ပေးခြင်းအားဖြင့် သင်တို့ကို ငါသတိပေးတော်မူ၊ ထို့အတူ ကြိုတင် သတိပေးတော်မူလေပြီ။”၆
ဒီနိဒါန်းနောက်မှာရှိတဲ့ လမ်းပြလှုံ့ဆော်တဲ့လမ်းညွှန်ချက်က ဇာတိပကတိနဲ့ ဝိညာဉ်ပကတိ ကောင်းကျိုး နှစ်မျိုးစလုံးအတွက် ခိုင်မြဲတဲ့လမ်းညွှန်ချက်တွေကို ပေးပါတယ်၊ အခြေခံဩဝါဒအပေါ် ကျွန်တော်တို့ရဲ့ သစ္စာရှိမှုအပေါ်မူတည်ပြီး ဖြစ်လာနိုင်တဲ့ အထူးကောင်းချီးမင်္ဂလာတွေအကြောင်းကိုလည်း သက်သေခံပါတယ်။
ဧဝံဂေလိတရားတော်အခြေခံဩဝါဒတွေကို သင်ယူခြင်း၊ နားလည်ခြင်းနဲ့ နေထိုင်ခြင်းတွေက ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်၌ယုံကြည်ခြင်းကို အင်အားခိုင်မာစေပါတယ်၊ သူ့ထံသို့ဆက်ကပ်ခြင်းကို လေးနက်စေပါတယ်၊ ကျွန်တော်တို့ဘဝတွေထဲသို့ မြောက်မြားစွာသောကောင်းချီးမင်္ဂလာတွေနဲ့ ဝိညာဉ်ပကတိဆုကျေးဇူးတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဖြောင့်မတ်ခြင်းအခြေခံဩဝါဒတွေက ကျွန်တော်တို့ အမျိုးမျိုးသောအခြေအနေတွေ၊ စိန်ခေါ်မှုတွေ၊ ဆုံးဖြတ်ချက်တွေ၊ ပြီးတော့ လူ့ဇာတိအတွေ့အကြုံတွေကို ထိန်းကျောင်းတဲ့အခါ အဖိုးထိုက်တဲ့ ထာဝရသမ္မာတရားရှုထောင့်နဲ့ပံ့ပိုးခြင်းအားဖြင့် ကျွန်တော်တို့ကို ကိုယ့်ဦးစားပေးမှုတွေနဲ့ အတ္တစွဲဆန္ဒတွေကို ကျော်ပြီးမှ ကြည့်ဖို့ ကျွန်တော်တို့ကို ကူညီပါတယ်။
မှန်သောအခြေခံဩဝါဒများကို သွန်သင်ခြင်း၏ယှဉ်တွဲပုံသက်သေများ
မှန်သောဩဝါဒတွေကို သွန်သင်ခြင်းအကြောင်းပရောဖက်ဂျိုးဇက်စမစ်ရဲ့ ထုတ်ပြန်ချက်ဟာ သူရဲ့ အသုံးများဆုံးကိုးကားချက်သွန်သင်ခြင်းတွေထဲက တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလမ်းပြလှုံ့ဆော်တဲ့ပုံစံရဲ့ အားကောင်းတဲ့ပုံသက်သေတွေကို ကိုယ်တော်ရှင်ရဲ့ဒီခေတ်အခွင့်အာဏာရ အစေခံတို့ရဲ့ ကြေညာချက်တွေထဲမှာ ကျွန်တော်တို့တွေ့ရပါတယ်။
အနှောင့်အယှက်ကင်းဩဝါဒ
ပွဲတော်ပြင်ဆင်ခြင်းနဲ့ စီမံဆောင်ရွက်ခြင်းတို့နဲ့ ဆက်စပ်တဲ့ အာရုန်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတို့ရဲ့ တာဝန်များအကြောင်းကို ဥက္ကဌ ဒယ်လင်အိပ်ခ်ျ အုတ်က ၁၉၉၈ အထွေထွေညီလာခံမှာ ဟောပြောခဲ့ပါတယ်။ သူက အနှောင့်အယှက်ကင်းအခြေခံဩဝါဒကို ဖော်ပြခဲ့ပါတယ်၊ အာရုန်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူတစ်ယောက်ဟာ မိမိအသွင်အပြင်သို့မဟုတ် အပြုအမူမှာ အသင်းတော်ရဲ့ အသင်းသားတစ်စုံတစ်ယောက် သူသို့မဟုတ် သူမ၏ ကိုးကွယ်မှုနဲ့ ပဋိညာဉ်ထပ်ပြုခြင်းကို အနှောင့်အယှက်ဖြစ်မယ့်အရာ တစ်ခုကိုမျှ ဘယ်တော့မျှပြုလိုမှာမဟုတ်ကြောင်းကိုလည်းညွှန်ပြခဲ့ပါတယ်။ ဥက္ကဌအုတ်က ဆက်စပ်နေသော အစီအစဉ်တကျရှိခြင်း၊ သန့်ရှင်ခြင်း၊ ရိုသေခြင်းနှင့် သိက္ခာရှိခြင်းတို့ရဲ့ အခြေခံဩဝါဒများကိုလည်း အလေးထားပြောကြားခဲ့ပါတယ်။
စိတ်ဝင်စားဖွယ်ပါပဲ၊ ဥက္ကဌအုတ်က လူငယ်အမျိုးသားများအတွက် ဆောင်ရန်ရှောင်ရန်စာရင်းရှည်ကြီးကို မပေးခဲ့ပါဘူး။ အဲဒီအစား၊ လူငယ်အမျိုးသားများ၊ သူတို့ရဲ့မိဘများနဲ့ဆရာများ လမ်းညွှန်ချက်ကို လိုက်လျှောက်ဖို့ သူတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လမ်းပြလှုံ့ဆော်ချက်ကို အသုံးပြုနိုင်ကြောင်းနဲ့ အသုံးပြုရမယ့်အကြောင်း မျှော်လင့်ခြင်းနှင့်အခြေခံဩဝါဒကို ရှင်းပြခဲ့ပါတယ်။
သူကရှင်းပြခဲ့ပါတယ်၊ “အသေးစိတ် စည်းမျဉ်းတွေကို ကျွန်တော်အကြံမပြုပါဘူး၊ ကျွန်တော်တို့ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာအသင်းတော်ရှိ အသင်းတော်စုများနဲ့ အသင်းတော်ခွဲတွေဟာ အလွန်ကွဲပြားလို့ တစ်နေရာမှာ လိုအပ်ဟန်ရှိတဲ့ စည်းမျဉ်းတစ်ခုဟာ တခြားနေရာမှာ မသင့်လျော်ဘဲ ရှိကောင်း ရှိနိုင်လို့ပဲဖြစ်ပါတယ်။ အဲဒီအစား၊ ဩဝါဒတွေအပေါ်မှာအခြေခံတဲ့ အခြေခံဩဝါဒကိုကျွန်တော်အကြံပြုမှာဖြစ်ပါတယ်။ အားလုံးက ဒီအခြေခံဩဝါဒကို နားလည်လို့၊ လိုက်လျောညီထွေလုပ်ဆောင်ကြလျှင်၊ စည်းမျဉ်းတွေကို နည်းနည်းလေးပဲလိုအပ်ချက်ရှိမှာပါ။ ကိစ္စတစ်ခုချင်းစီတိုင်းမျာ စည်းမျဉ်းတွေသို့မဟုတ် အကြံပြုခြင်းတွေ လိုအပ်လျှင်၊ ဒေသခံခေါင်းဆောင်တွေက ပေးနိုင်ပါတယ်၊ ဩဝါဒတွေ၊ ဆက်စပ်တဲ့ အခြေခံဩဝါဒတွေနဲ့အညီဖြစ်ပါတယ်။”၇
နိမိတ်လက္ခဏာအဖြစ် ဥပုသ်နေ့၏အခြေခံဩဝါဒ
ဧပြီ ၂၀၁၅ အထွေထွေညီလာခံမှာ၊ ဥက္ကဌ ရပ်ဆဲလ်အမ်၊ နယ်လဆင်က ကျွန်တော်တို့ကို “ဥပုသ်နေ့ဟာ မွေ့လျော်ဖွယ်တစ်ခုဖြစ်”၈ တဲ့အကြောင်း သွန်သင်ခဲ့ပါတယ်။ ဥပုသ်နေ့ကို လေးစားခြင်းအကြောင်း အခြေခံဩဝါဒကို သူကိုယ်တိုင် ဘယ်လိုနားလည်လာခဲ့တဲ့အကြောင်းကိုလည်း ရှင်းပြခဲ့ပါတယ်။
ကျွန်တော်တို့ ဥပုသ်နေ့ကို “ဘယ်လို သန့်ရှင်းစေကြပါသလဲ။ ကျွန်တော်အတော်ငယ်ငယ်တုန်းက၊ ဥပုသ်နေ့မှာ လုပ်ရမယ့်အရာများနဲ့ မလုပ်ရမယ့်အရာများစာရင်းပြုစုသူတွေရဲ့ အလုပ်ကို လေ့လာခဲ့ပါတယ်။ အဲဒါက နောက်ပိုင်းမှာ ဥပုသ်နေ့နဲ့ပတ်သက်လို့ ကျွန်တော့်အပြုအမူနဲ့ သဘောထားက ကျွန်တော်နဲ့ ကျွန်တော့်ကောင်းကင်ဘုံရှင်အဘကြားမှာ နိမိတ်လက္ခဏာတစ်ခု ပါဝင်တယ်ဆိုတာကို နောက်ပိုင်းမှာ ကျမ်းစာတွေကနေ ကျွန်တော်သင်ယူခဲ့တဲ့အချိန်အထိမထိရောက်သေးပါ။ အဲဒီနားလည်ခြင်းကြောင့်၊ ကျွန်တော့်မှာ လုပ်ဖို့ မလုပ်ဖို့ စာရင်းတွေ မလိုတော့ပါဘူး။ လှုပ်ရှားမှုတစ်ခု ဥပုသ်နေ့မှာ သင့်လျော်ခြင်းရှိမရှိ ကျွန်တော်ဆုံးဖြတ်ရတဲ့အခါမှာ၊‘ဘုရားသခင်ကို ဘယ်သင်္ကေတကျွန်တော်ပေးလိုပါသလဲ’လို့ ကိုယ့်ကိုယ်ကိုသာ မေးခဲ့ပါတယ်။ အဲဒီမေးခွန်းက ဥပုသ်နေ့နဲ့ပတ်သက်လို့ ကျွန်တော့်ရွေးချယ်မှုတွေကို လုံးဝရှင်းလင်းစေခဲ့ပါတယ်။”၉
ဥက္ကဌနယ်လဆင်ရဲ့ ရိုးရှင်းသော်လည်း အားကောင်းတဲ့မေးခွန်းက ဥပုသ်နေ့ကို လေးစားဖို့ ဆိုလိုတဲ့အရာနဲ့ ကျွန်တော်တို့ လုပ်ရမယ့်အရာနဲ့ပတ်သက်တဲ့ မသေချာမှုမှန်သမျှကို ရှင်းလင်းစေတဲ့ အခြေခံဩဝါဒကို အလေးထားပါတယ်။ သူ့မေးခွန်းက ကျွန်တော်တို့အားလုံးကို ကျွန်တော်တို့ရဲ့ အခြေအနေအမျိုးမျိုးမှာ ကောင်းချီးပေးနိုင်တဲ့ လမ်းညွှန်ချက်နဲ့ စံနှုန်းကို အကျဉ်းချုပ်ထားပါတယ်။
ဘုရားသခင်အနိုင်ရစေဖို့ လိုလိုလားလားရှိခြင်းအခြေခံဩဝါဒ
လွန်ခဲ့တဲ့ခြောက်လအထွေထွေညီလာခံမှာ၊ ဥက္ကဌနယ်လဆင်က ဣသရေလ ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်အကြောင်း သူ့အမြင်သစ်ကို ရရှိတဲ့အချိန်မှာ သူ့ကိုယ်ပိုင်ပီတိကို ဖော်ပြခဲ့ပါတယ်။ “ဣသရေလရဲ့ အမည်အမှန်ဆိုတာ မိမိဘဝမှာ ဘုရားသခင်အနိုင်ရစေဖို့ လိုလိုလားလားရှိ တဲ့လူတစ်ယောက်ကို ရည်ညွှန်းတာဖြစ်တဲ့အကြောင်း” သူ သိရတဲ့အခါ သူ့ဝိညာဉ်လှုံ့ဆော်ခံရတဲ့အကြောင်း ကျွန်တော်တို့ကို ပြောပြခဲ့ပါတယ်။၁၀ အဲဒီနောက်မှာ ဥက္ကဌနယ်လဆင်က ဒီအမြင်ကနေသက်ရောက်လာတဲ့ အရေးကြီးသောသက်ရောက်မှုအချို့ကို ဖော်ပြခဲ့ပါတယ်။
ဘုရားသခင်အနိုင်ရစေဖို့ လိုလိုလားလားရှိခြင်းအကြောင်း သူ့အမှာစကားဟာ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ထိန်းချုပ်နိုင်စေဖို့ မှန်တဲ့အခြေခံဩဝါဒတွေကို သွန်သင်ခြင်းနဲ့ပတ်သက်လို့ မှတ်သားဖွယ်ပုံသက်သေတစ်ခုဖြစ်ပါတယ်။ ဥပုသ်နေ့ကို မွေ့လျော်ဖွယ်ဖြစ်စေခြင်းအကြောင်း သူ့အမှာစကားမှာ ပြောခဲ့သလိုပဲ၊ ဥက္ကဌနယ်လဆင်က ကျွန်တော်တို့တစ်ယောက်ချင်းစီအတွက် လမ်းညွှန်ချက်များနဲ့ စံနှုန်းများအဖြစ်ရှိတဲ့ အခြေခံဩဝါဒကို အခြေခံထားတဲ့ မေးခွန်းတွေကို မေးခဲ့ပါတယ်။
“သင်ဟာ သင့်ရဲ့ဘဝမှာ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့ လိုလိုလားလားရှိပါသလား။ သင်ဟာ သင့်ရဲ့ဘဝမှာ ဘုရားသခင်ကို အရေးအကြီးဆုံးလွှမ်းမိုးမှုဖြစ်စေရန် အခွင့်ပေးဖို့ လိုလိုလားလား ရှိပါသလား။”
သူကဆက်ပြောပါတယ်၊
“အဲဒီလိုမျိုး လိုလိုလားလားရှိခြင်းက သင့်ကို ဘယ်လိုကောင်းချီးပေးနိုင်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ သင်ဟာ အိမ်ထောင်မပြုရသေးလို့ ထာဝရလက်တွဲဖော်တစ်ယောက်ကို ရှာနေတယ်ဆိုရင်၊ ‘ဣသရေလအမျိုးရဲ့’ တစ်စိတ်တစ်ပိုင်း ဖြစ်လိုတဲ့ သင့်ဆန္ဒက ဘယ်သူနဲ့ ဘယ်လို ချိန်းတွေ့ရမယ် ဆိုတာကို ကူညီပါလိမ့်မယ်။
“သင်ဟာ ကိုယ့်ပဋိညာဉ်တွေကို ချိုးဖောက်ထားတဲ့ လက်တွဲဖော်တစ်ယောက်နဲ့ အိမ်ထောင်ပြုထားတာဆိုရင်၊ သင့်ဘဝမှာ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့ သင့်ရဲ့ လိုလိုလားလားရှိခြင်းက ဘုရားသခင်နဲ့ ပြုထားတဲ့ သင့်ရဲ့ပဋိညာဉ်တွေကို ထိခိုက်ပျက်စီးခြင်းမရှိစေဘဲ ဆက်ရှိနေစေဖို့ အခွင့်ပေးပါလိမ့်မယ်။ ကယ်တင်ရှင်က သင့်ရဲ့ ကျိုးပဲ့တဲ့နှလုံးသားကို အနာငြိမ်းစေပါလိမ့်မယ်။ သင်ရှေ့ကို ဆက်သွားတတ်ဖို့ ရှာတာနဲ့အမျှ ကောင်းကင်တွေပွင့်ပါလိမ့်မယ်။ သင်မျက်စိလည်စရာ၊ အံ့ဩစရာလည်း မလိုပါဘူး။
“သင့်မှာ ဧဝံဂေလိတရားတော် သို့မဟုတ် အသင်းတော်အကြောင်း ရိုးသားသောမေးခွန်းတွေရှိလျှင်၊ သင်ဟာ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးတာနဲ့အမျှ၊ သင့်ဘဝကို လမ်းညွှန်မယ့်၊ သင့်ကို ပဋိညာဉ်လမ်းကြောင်းပေါ်မှာ မြဲမြံစွာရှိစေရန်ကူညီမယ့်၊ အကြွင်းမဲ့၊ ထာဝရသမ္မာတရားတွေကို ရှာဖွေရန်နဲ့ နားလည်ရန် ပို့ဆောင်ခံရမှာဖြစ်ပါတယ်။
“သင်ဟာ သွေးဆောင်ခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ—သင်ပင်ပန်းနွမ်းနယ်တဲ့အခါ သို့မဟုတ် အထီးကျန်မှုကို ခံစားနေရတဲ့အခါ သို့မဟုတ် နားလည်မှုအလွဲခံရတဲ့အခါ သွေးဆောင်ခြင်းက ရောက်လာတယ်ဆိုလျှင်တောင်မှ—သင့်ဘဝမှာ ဘုရားသခင်ကို အနိုင်ရစေရန် အခွင့်ပေးဖို့ ရွေးချယ်တာနဲ့အမျှ၊ သင့်ကို ခွန်အားဖြည့်ပေးဖို့ သူ့ဆီအသနားခံတာနဲ့အမျှ သင်ဟာ အလွန်သတ္တိရှိလာနိုင်တယ်ဆိုတာကို တွေးကြည့်ပါ။
“သင့်ရဲ့အကြီးဆုံးဆန္ဒက ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့၊ ဣသရေအမျိုးသားတို့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ဖြစ်တဲ့အခါ၊ အလွန်များစွာသောဆုံးဖြတ်ချက်တွေဟာ ပိုပြီး လွယ်ကူလာ ပါလိမ့်မယ်။ အလွန်များစွာသောပြဿနာတွေဟာ ပြဿနာမဟုတ်ဘဲ ဖြစ်လာပါလိမ့်မယ်။ သင့်ကိုယ်သင် ဘယ်လိုအကောင်းဆုံးပြင်ဆင်ရမယ်ဆိုတာ သင်သိပါတယ်။ ဘာကိုကြည့်ရမယ်၊ ဘာကိုဖတ်ရမယ်၊ သင့်အချိန်ကို ဘယ်နေရာမှာသုံးရမယ်၊ ဘယ်သူနဲ့ပေါင်းဖော်ရမယ်ဆိုတာကို သင်သိပါတယ်။ သင်ဘာကို ပြီးမြောက်လိုတယ်ဆိုတာကို သင်သိပါတယ်။ သင်တကယ်ဖြစ်လိုတဲ့လူ ပုံစံမျိုးကို သင်သိပါတယ်။”၁၁
ဘုရားသခင်အနိုင်ရစေဖို့ လိုလိုလားလားရှိခြင်း အခြေခံဩဝါဒအားဖြင့် လွှမ်းမိုးခံရနိုင်တဲ့ အရေးကြီးဆုံးဖြတ်ချက်တွေနဲ့ ဘဝအတွေ့အကြုံတွေဘယ်လောက်များများရှိတယ်ဆိုတာ မှတ်သားပါ၊ ချိန်းတွေ့ခြင်းနှင့် လက်ထပ်ခြင်း၊ ဧဝံဂေလိတရားတော်မေးခွန်းများနှင့် အကြောင်းအရာများ၊ သွေးဆောင်ခြင်း၊ ကိုယ့်ကိုယ်ကိုပြင်ဆင်ခြင်း၊ ကြည့်ရမည့်အရာ၊ ဖတ်ရမည့်အရာ၊ အချိန်အသုံးပြုရမယ့်နေရာ၊ ပေါင်းဖော်ရမယ့်သူ၊ ပြီးတော့နောက်ထပ်များစွာသောအချက်တွေရှိပါသေးတယ်။ ဥက္ကဌနယ်လဆင်ရဲ့ လမ်းပြလှုံ့ဆော်တဲ့မေးခွန်းတွေက ကျွန်တော်တို့ဘဝတွေရဲ့ ကဏ္ဍတိုင်းမှာ လမ်းညွှန်ချက်ပေးတဲ့၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိစေတဲ့ ရိုးရှင်းသောအခြေခံဩဝါဒတစ်ခုကို အလေးထားပါတယ်။
“အလွန်ငယ်သောတက်မ”
ဂျိုးဇက်စမစ်အကျဉ်းထောင်ထဲမှာ လှောင်ထားခံရတုန်းက၊ သူက အသင်းတော်အသင်းသားတွေနဲ့ ခေါင်းဆောင်တွေကို “မုန်တိုင်းကျရောက်ချိန်၌ အလွန်ကြီးသောသင်္ဘောသည် အလွန်ငယ်သောတက်မအားဖြင့် လေနှင့်လှိုင်းတံပိုးများထံမှ ဘေးကင်းရာလမ်းကြောင်း၌ ရှိစေခြင်းအားဖြင့် အလွန်များစွာ အကျိုးရှိရကြောင်း” သတိပေးခဲ့ပါတယ်။၁၂
“တက်မငယ်” တစ်ခုဆိုတာ ဘီး သို့မဟုတ် တက်မကျင်တစ်ခုဖြစ်ပြီး၊ သင်္ဘောသို့မဟုတ် လှေတစ်စင်းကို ပဲ့ကိုင်ရာမှာသုံးတဲ့ ဆက်စပ်ကိရိယာတစ်ခုဖြစ်ပါတယ်။ “လေနဲ့လှိုင်းပေါ်မှာတည်ငြိမ်စေတဲ့အရာတွေက” သင်္ဘောကို ဟန်ချက်ထိန်းဖို့နဲ့ မုန်တိုင်းအတွင်းမှာ မမှောက်စေဖို့ လှည့်လည်စေပါတယ်။
သင်္ဘောအတွက် တက်မရှိသလို ဧဝံဂေလိတရားတော်အခြေခံဩဝါဒတွေဟာ ကျွန်တော်နဲ့သင်တို့အတွက်ဖြစ်ပါတယ်။ မှန်သောအခြေခံဩဝါဒတွေက ကျွန်တော်တို့ကို နောက်ပိုင်းကာလ မှောင်မိုက်နဲ့ ရှုပ်ထွေးခြင်းမုန်တိုင်းကြမ်းတွေကြားမှာ ဟန်ချက်ပျက်ပြီးမလဲစေဖို့ ကိုယ့်လမ်းကိုယ်ရှာတွေ့စေ၊ တည်ငြိမ်၊ မြဲမြံပြီးမတိမ်းယိမ်းဘဲရှိစေပါတယ်။
ကျွန်တော်တို့ဟာ ဒီအထွေထွေညီလာခံမှာ ကိုယ်တော်ရှင်ရဲ့အခွင့်အာဏာရ အမှုတော်ဆောင်များထံမှ ထာဝရအခြေခံဩဝါဒများအကြောင်းသင်ယူရတဲ့ ကောင်းချီးများစွာခံစားကြရပြီးဖြစ်ပါတယ်။ ယခု၊ ကျွန်တော်တို့တစ်ဦးချင်းစီရဲ့တာဝန်ကတော့ သူတို့သက်သေခံခဲ့တဲ့ သမ္မာတရားတွေအတိုင်း ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ဖြစ်ပါတယ်။၁၃
သက်သေခံချက်
ဥက္ကဌဧဇရာတပ်ဘင်ဆင်က သွန်သင်ခဲ့ပါတယ်၊ “နောက်ခြောက်လမှာ၊ သင်တို့ရဲ့ ညီလာခံထုတ် Liahona ဟာ သင်တို့ရဲ့ စံပြအမှုတွေနဲ့ ကပ်ရက်ရှိရ၊ အကြိမ်ကြိမ်ကိုးကားရမယ့်အရာ ဖြစ်ရမှာဖြစ်ပါတယ်။”၁၄
ဖြောင့်မတ်ခြင်း အခြေခံဩဝါဒတွေကို ကျွန်တော်တို့အားလုံး သင်ယူ၊ ကျင့်သုံးကြ၊ မြတ်နိုးကြဖို့ ကျွန်တော့်စိတ်ဝိညာဉ်အစွမ်းရှိသမျှနဲ့ ဖိတ်ခေါ်ပါတယ်။ ဧဝံဂေလိတရားတော်သမ္မာတရားတွေကသာ ကျွန်တော်တို့ကို “ကျွန်ုပ်တို့၏စွမ်းအား၌ ရှိသည့် ခပ်သိမ်းသောအရာတို့ကို သာယာသောစိတ်နှင့် ဆောင်ရွက်ရန်”၊ ပဋိညာဉ်လမ်းပေါ်မှာ ရှေ့ဆက်ကြိုးစားရန်၊ “ဘုရားသခင်၏ကယ်တင်ခြင်းကိုမြင်ရရန်၊ သူ၏လက်ရုံးတော်ဖော်ပြခြင်း”၁၅ ကို တတ်နိုင်စေမှာဖြစ်ပါတယ်။
ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်ရဲ့ ဩဝါဒနဲ့ အခြေခံဩဝါဒတွေဟာ အကောင်းဆုံးနဲ့ ကျွန်တော်တို့ဘဝတွေအတွက် လမ်းညွှန်၊ လူဇာတိနဲ့ ထာဝရကာလ၌ တည်မြဲသော ဝမ်းမြောက်ခြင်းတို့ရဲ့ တစ်ခုတည်းသောအင်အားစုဖြစ်ကြောင်း ကျွန်တော်သိပါတယ်။ ဤဘုန်းကြီးသောအီစတာတနင်္ဂနွေနေ့တွင်၊ ကျွန်တော်တို့ရဲ့အသက်ရှင်သော ကယ်တင်ရှင်ဟာ ဤသမ္မာတရားတွေစီးထွက်ရာ ရင်းမြစ်ဖြစ်ကြောင်း ဝမ်းမြောက်စွာ သက်သေခံပါတယ်။ ကိုယ်တော်ရှင် ယေရှုခရစ်တော်၏ သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့် ကျွန်တော် သက်သေခံပါတယ်၊ အာမင်။