အထွေထွေညီလာခံ
သမ္မာတရားနှင့်ချစ်ခြင်း၏ ဧဝံဂေလိတရားတော်အလင်း
ဧပြီ ၂၀၂၁ အထွေထွေညီလာခံ


10:11

သမ္မာတရားနှင့်ချစ်ခြင်း၏ ဧဝံဂေလိတရားတော်အလင်း

သမ္မာတရားနဲ့ ချစ်ခြင်းဧဝံဂေလိတရားတော်အလင်းဟာ ဒီနေ့မှာ မြေကြီးတစ်လျှောက်လုံးမှာ တောက်ပတဲ့အကြောင်း ကျွန်တော်သက်သေခံပါတယ်။

သာယာတဲ့နောက်ပိုင်းကာလသန့်ရှင်းသူဓမ္မတေး “နားထောင်လော့ပြည်သားအပေါင်း” က ကမ္ဘာတဝန်းလုံးမှာပျံ့နှံ့နေတဲ့ ဧဝံဂေလိတရားတော်အပြည့်အစုံနဲ့ပတ်သက်လို့ စိတ်ထက်သန်ခြင်းနဲ့ ရွှင်မြူးခြင်းကို ထင်ထင်ရှားရှားပုံဖော်ထားပါတယ်။ ဒီဓမ္မတေးမှာ ကျွန်တော်တို့သီဆိုကြတာက၊

နားထောင်ကြလော့၊ ပြည်သားအပေါင်း ကောင်းကင်ဘုံရဲ့အသံကို ကြားနာလိုက်

ပြည်တိုင်းလူတိုင်း ပျော်ရွှင်နှစ်ချိုက်

ကောင်းကင်တမန်များကြွေးကျော်ပြန်

တရားဆောင်ယူနောက်တစ်ဖန်

ဒီဝမ်းမြောက်ဖွယ်စာသားရဲ့ စာရေးဆရာ၊ လူးဝစ် အက်ဖ်၊ မောင့်န်ခ်ျဟာ ဆွစ်ဇာလန်မှာနေထိုင်စဉ်၊ ဥရောပမှာ သူရဲ့ အချိန်ပြည့်သာသနာပြုအမှုတော်ဆောင်ရင်း ဓမ္မတေးအတွက် လမ်းပြလှုံ့ဆော်တဲ့စကားလုံးတွေကိုရေးခဲ့တဲ့ ဂျာမန်ပြောင်းလဲသူတစ်ယောက်ဖြစ်ပါတယ်။ ပြန်လည်ဆောင်ယူခြင်းရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာသက်ရောက်မှုကို သက်သေခံခြင်းကနေဖြစ်လာတဲ့ ဝမ်းမြောက်ခြင်းကို အောက်ပါဓမ္မတေးစာလုံးတွေမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။

မှောင်မိုက်မှာရှာရင်း ပြည်သားတို့ ငိုကြွေးလျက်၊

အရုဏ်ကိုစောင့်ရင်း၊ နိုးကြားစွာစောင့်နေလျက်၊

အားလုံးနှစ်ချိုက်၊ နှောင်းညဉ့်မိုက် ကျော်သွား

မြေမှာ တရားရှိပြန်ငြား။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်က ဆက်တိုက်ပြန်လည်ဆောင်ယူခြင်းကို အစပြုခြင်းကြောင့်၊ “သမ္မာတရားနဲ့ချစ်ခြင်း၏ဧဝံဂေလိတရားတော်အလင်း” ဟာ ယခုဆိုရင် မြေကြီးတစ်လျှောက်လုံးမှာ ထွန်းလင်းတောက်ပနေပါပြီ။ ဘုရားသခင်က “ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့်ပေးတော်မူ” ကြောင်းကို ၁၈၂၀ မှာ ပရောဖက်ဂျိုးဇက်စမစ်သင်ယူခဲ့ပါတယ်၊ အဲဒီကတည်းက နောက်ထပ် သန်းပေါင်းများစွာတို့ကလည်း သင်ယူခဲ့ပါတယ်။

ဒီနောက်ဆုံးသာသနာမှာ အသင်းတော်ဖွဲ့စည်းပြီးမကြာမီမှာ၊ ကိုယ်တော်ရှင်က ကျွန်တော်တို့အပေါ် သူ့ရဲ့အလွန်များစွာသောချစ်ခြင်းကို ဂျိုးဇက်စမစ်ကို ဟောပြောဖော်ပြခဲ့ပါတယ်၊ သူမိန့်တော်မူတာက၊

“သို့ဖြစ်၍၊ ငါကိုယ်တော်ရှင်သည် မြေကြီးပေါ်မှာနေထိုင်သောသူတို့အပေါ် ကျရောက်လာမည့် ဘေးဒုက္ခကိုသိ၍၊ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်ကို ခေါ်သွင်းပြီး၊ သူ့ကို ကောင်းကင်ဘုံမှဟောပြောလျက်၊ မိန့်မှာ၏။ …

“ငါ၏ထာဝရတည်မြဲသောပဋိညာဉ်ကို တည်ထောင်နိုင်မည့်အကြောင်း၊

“အားနည်းပြီး ရိုးရှင်းသောသူတို့အားဖြင့် ငါ၏ဧဝံဂေလိတရားတော်အပြည့်အစုံကို ကမ္ဘာအဆုံးတိုင်အောင်၊ ကြေညာနိုင်မည့်အကြောင်းပေတည်း။”

ဒီဗျာဒိတ်တော်ကို ရရှိခဲ့ပြီးနောက်သိပ်မကြာမီမှာ၊ သာသနာပြုများစွာတို့ဟာ ကမ္ဘာ့နိုင်ငံများစွာသို့ ခေါ်သွင်းခံရစ၊ စေလွှတ်ခံရစပြုခဲ့ကြပါတယ်။ ပရောဖက်နီဖိုင်းမျှော်လင့်စောင့်စားခဲ့သလိုပါပဲ၊ ပြန်လည်ဆောင်ယူထားတဲ့ဧဝံဂေလိတရားတော်သတင်းစကားကို “ခပ်သိမ်းသောပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကိုပြောသူနှင့် လူမျိုးတို့၌ဟောပြောစပြုခဲ့ပါပြီ။”

“ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်သူများအသင်းတော်ကို ၁၈၃၀၊ နယူးယောက်ပြည်နယ်အထက်ပိုင်း သစ်လုံးအိမ်ငယ်လေးထဲမှာ တရားဝင်ဖွဲ့စည်းခဲ့ပါတယ်။

“အသင်းတော်ကို ကနဦးအသင်းသား ခြောက်ဦးမှ တစ်သန်းအထိတိုးပွားဖို့—၁၉၄၇ ခုနှစ်ထိ— ၁၁၇နှစ်ကြာပါတယ်။ သာသနာပြုတွေဟာ အသင်းတော်ရဲ့ အစောဆုံးကာလများကတည်းက လက္ခဏာတစ်ခုဖြစ်ပါတယ်၊ အမေရိကန်ဇာတိမြေများသို့၊ ကနေဒါသို့ ပျံ့နှံ့ခဲ့ပါတယ်၊ ၁၈၃၇ ခုနစ်မှာမြောက်အမေရိကတိုက်ကိုကျော်ပြီး၊ အင်္ဂလန်ထိရောက်ခဲ့ပါတယ်။ သိပ်မကြာမီမှာ၊ သာသနာပြုတွေဟာ ဥရောပတိုက်မှာ အမှုဆောင်လျက်၊ အိန္ဒိယနဲ့ ပစိဖိတ်ကျွန်းတွေအထိရောက်ကြပါတယ်။

“နောက်၁၆ နှစ်ကြာပြီးတဲ့နောက်၊ ၁၉၆၃ ခုနှစ်မှာ အသင်းသား နှစ်သန်းအထိရှိလာခဲ့ပြီး၊ နောက်ထပ် ၈နှစ်ကြာမှာ သုံးသန်းရှိလာခဲ့ပါတယ်။”

အသင်းတော်ရဲ့ အလျင်အမြန်တိုးပွားခြင်းကို ဖော်ပြရင်း၊ ဥက္ကဌရပ်ဆဲလ်အမ်၊ နယ်လဆင်က မကြာသေးခင်က ပြောခဲ့ပါတယ်၊ “ဒီနေ့မှာ၊ ယေရှုခရစ်တော်၏သန့်ရှင်းသူများအသင်းတော်၌ ကိုယ်တော်ရှင်၏အမှုတော်မှာ အရှိန်အဟုတ်မြင့်စွာရှေ့သို့ရွေ့လျားနေပါတယ်။ အသင်းတော်ဟာ အရင်တုန်းကမဖြစ်ဖူးတဲ့၊ နှိုင်းမရတဲ့အနာဂတ်ရှိမှာဖြစ်ပါတယ်။”

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို အပြည့်အစုံ ပြန်လည်ဆောင်ယူခြင်း၊ မြေကြီးပေါ်၌ ကိုယ်တော်ရှင်၏ အသက်ရှင်သောအသင်းတော်ကို တစ်ဖန်ဖွဲ့စည်းခြင်း၊ ပြီးတော့ အဲဒီအချိန်ကတည်းက မှတ်သားဖွယ်တိုးပွားခြင်းတို့က မြေကြီးတစ်လျှောက်လုံးမှာ ယဇ်ပုရောဟိတ်အခွင့်ကောင်းချီးမင်္ဂလာတွေကို ရရှိနိုင်စေခဲ့ပါတယ်။ ကျွန်တော်တို့ကို ဘုရားသခင်နဲ့ ပေါင်းစည်းစေတဲ့၊ ကျွန်တော်တို့ကို ပဋိညာဉ်လမ်းပေါ်မှာ ရှိစေတဲ့ သန့်ရှင်းမွန်မြတ်သောဘိသိက်မင်္ဂလာတွေနဲ့ ပဋိညာဉ်တွေက “ဘုရားဝတ်၌မွေ့လျော်ခြင်းတန်ခိုး”၁၀ ကို ရှင်းလင်းစွာဖော်ပြပါတယ်။ ကျွန်တော်တို့ဟာ အသက်ရှင်သူတွေအတွက်နဲ့ သေသူတွေအတွက် ဒီသန့်ရှင်းမွန်မြတ်သောဘိသိက်မင်္ဂလာတွေမှာ ပါဝင်ဆောင်ရွက်ကြတဲ့အခါ၊ ဣသရေလအမျိုးသားတွေကို ကန့်လန်ကာရဲ့နှစ်ဖက်စလုံးမှာစုဝေးကြ၊ ပြီးတော့ ကယ်တင်ရှင်ရဲ့ ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် မြေကြီးကို ပြင်ဆင်ကြတာဖြစ်ပါတယ်။

ဧပြီ ၁၉၇၃ မှာ၊ ကျွန်တော့်မိဘတွေနဲ့ ကျွန်တော် ဗိမာန်တော်မှာတံဆိပ်ခတ်ဖို့ ကျွန်တော်တို့ဇာတိအာဂျင်တီးနားကနေ သွားခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက လက်တင်အမေရိကတစ်ခုလုံးမှာ ဗိမာန်တော်တွေမရှိတဲ့အတွက်၊ ကျွန်တော်တို့ဟာ ဆော့လိတ်ဗိမာန်တော်မှာ တံဆိပ်ခတ်ဖို့ မိုင် ၆၀၀၀ကျော် (၉၇၀၀ ကီလိုမီတာ) ကို သွားလိုက်ပြန်လိုက်လုပ်ခဲ့ကြပါတယ်။ အဲဒီအချိန်က ကျွန်တော်ဟာ နှစ်နှစ်သားသာဖြစ်ပြီး၊ အထူးအတွေ့အကြုံတစ်ခုလုံးကို မမှတ်မိပေမယ့်၊ အဲဒီခရီးက အလွန်ထင်ရှားတဲ့ ပုံရိပ်သုံးခုဟာ ကျွန်တော့်စိတ်ထဲမှာစွဲနေပါတယ်၊ အဲဒီကတည်းက ကျွန်တော့်ကို အမြဲသတိပေးခဲ့ပါတယ်။

လေယာဉ်ပြတင်းပေါက်နားကမြင်ကွင်း

ပထမ၊ လေယာဉ်ပြတင်းပေါက်နားမှာထိုင်ရင်းအောက်ကတိမ်ဖြူတွေကို မြင်နေရတာ။

အဲဒီလှပတဲ့တိမ်တောက်တွေဟာ၊ ဝါဂွမ်းလုံးကြီးတွေပမာကျွန်တော့်စိတ်ထဲမှာ စွဲနေပါတယ်။

ကျွန်တော့်စိတ်ထဲမှာ စွဲထင်နေတဲ့တခြားပုံရိပ်တစ်ခုကတော့ လော့စ်အိန်ဂျလိစ်ဒေသဖျော်ဖြေရေးပန်းခြံထဲက ရယ်စရာစာလုံးတွေဖြစ်ပါတယ်။ အဲဒီစာလုံးတွေကို မေ့ဖို့ခက်ပါတယ်။

ဒါပေမယ့်ပိုအရေးကြီးတာကတော့၊ ဒီတောက်ပတဲ့ မမေ့နိုင်စရာပုံရိပ်ဖြစ်ပါတယ်။

ဆော့လိတ်ခ် ဗိမာန်တော်တံဆိပ်ခတ်ခန်း

စုံတွဲများရဲ့ ၊ မိသားစုများရဲ့ ယခုကာလနဲ့ ထာဝရကာလတစ်ခုလုံးအတွက် တံဆိပ်ခတ်ခြင်းတွေကို ဆောင်ရွက်ရာ ဆော့လိတ်ဗိမာန်တော်တဲ့ သန့်ရှင်းမွန်မြတ်တဲ့အခန်းထဲမှာရှိရတာကို ကျွန်တော်ရှင်းရှင်းလင်းလင်းမှတ်မိပါတယ်။ လှပတဲ့ဗိမာန်တော်ယဇ်ပလ္လင်ကို မှတ်မိတယ်၊ အခန်းရဲ့အပြင်ပြတင်းပေါက်ကနေကျနေတဲ့ နေရောင်ခြည်ကိုလည်း သတိရပါတယ်။ သမ္မာတရားနဲ့ ချစ်ခြင်းရဲ့ ဧဝံဂေလိတရားတော်အလင်းရဲ့ နွေးထွေးမှု၊ လုံခြုံမှုနဲ့ နှစ်သိမ့်မှုတို့ကို အဲဒီတုန်းကကျွန်တော်ခံစားခဲ့ရတယ်၊ အခုလည်းဆက်ပြီးခံစားရပါတယ်။

နောက်နှစ်၂၀ ကြာတဲ့အခါမှာ အလားတူခံစားမှုတွေကို ကျွန်တော့နှလုံးသားမှာ ခံစားရပါတယ်၊ နောက်တစ်ဖန် တံဆိပ်ခတ်ခံရဖို့ ကျွန်တော် ဗိမာန်တော်ထဲကို ဝင်တဲ့အခါ—ဒီအကြိမ်မှာတော့ ကျွန်တော့် သတို့သမီးနဲ့ကျွန်တော်ဟာ ယခုကာလနဲ့ ထာဝရကာလတစ်ခုလုံးအတွက် တံဆိပ်ခတ်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ်၊ အခုလိုအခါမျိုးမှာ၊ ကျွန်တော်တို့တတွေ ထောင်ပေါင်းများစွာခရီးသွားဖို့ မလိုပါဘူး၊ ဘာဖြစ်လို့လဲဆိုရင် ဘူးနော့စ်အယ်ရီးစ် အာဂျင်တီးနားဗိမာန်တော်ကို တည်ဆောက်ဆက်ကပ်ထားပြီးလို့ပဲဖြစ်ပါတယ်၊ ကျွန်တော်တို့အိမ်ကနေ ခဏလေးပဲကားမောင်းသွားလို့ရပါတယ်။

ဝေါ်လ်ကာ မိသားစု

ကျွန်တော်တို့ရဲ့ လက်ထပ်ခြင်းနဲ့ တံဆိပ်ခတ်ခြင်းအပြီး နှစ်ဆယ်နှစ်နှစ်ကြာပြီးနောက်မှာ၊ ကျွန်တော်တို့မှာ အဲဒီဗိမာန်တော်ကိုပဲ ပြန်သွားရတဲ့ကောင်းချီးမင်္ဂလာကို ခံစားခဲ့ကြရပါတယ်၊ ဒါပေမယ့် ဒီအကြိမ်မှာတော့ ကျွန်တော်တို့ရဲ့ သမီးချောလည်းပါပါတယ်၊ မိသားစုတစ်စုအနေနဲ့ ယခုကာလနဲ့ ထာဝရကာလတစ်ခုလုံးအတွက် တံဆိပ်ခတ်ခဲ့ကြပါတယ်။

ကျွန်တော့်ဘဝရဲ့ ဒီသန့်ရှင်းမွန်မြတ်တဲ့ အခိုက်အတန့်တွေကို ကျွန်တော်ပြန်စဉ်းစားတဲ့အခါ၊ အလွန်လေးနက်တဲ့၊ ခိုင်မြဲတဲ့ ဝမ်းမြောက်မှုနဲ့ပြည့်နေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တစ်ဦးချင်းလိုအပ်ချက်များနဲ့ နှလုံးသားခံစားချက်တွေကို သိတဲ့၊ မေတ္တာကြီးမားတဲ့ ကောင်းကင်ဘုံရှင်အဘရဲ့ ချစ်ခြင်းကို ကျွန်တော်ခံစားခဲ့ရတယ်၊ ဆက်ပြီးတော့လည်းခံစားရပါတယ်။

နောက်ပိုင်းကာလမှာ ဣသရေလလူမျိုးတွေကို စုဝေးခြင်းအကြောင်း ဖော်ပြရာမှာ ကိုယ်တော်ရှင်ယေဟောဝါ မိန့်တော်မူခဲ့တာက၊ “ငါသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်၊ သူတို့နှလုံးပေါ်မှာ ရေးထားမည် ငါသည် သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။”၁၁ ကျွန်တော်ဟာ ကိုယ်တော်ရဲ့သန့်ရှင်းသောအိမ်တော်မှာ သန့်ရှင်းမွန်မြတ်သော ဘိသိက်မင်္ဂလာများဖြင့် ကိုယ်တော်ရှင်ရဲ့ပညတ်တရားကို ကျွန်တော့နှလုံးသားထဲမှာ နက်ရှိုင်းစွာ အက္ခရာတင်ဖို့ အသက်ငယ်စဉ်ကတည်းက စတင်ခဲ့ရတဲ့အတွက် ထာဝရကျေးဇူးတင်ခြင်းကို ခံစားရပါတယ်။ သူဟာကျွန်တော်တို့ရဲ့ ဘုရားသခင်ဖြစ်တယ်၊ ကျွန်တော်တို့ဟာ သူ့လူမျိုးတွေဖြစ်တယ်၊ ပြီးတော့ ကျွန်တော်တို့မှာ ဘယ်လိုအခြေအနေမျိုးတွေ ဝိုင်းနေပါစေ၊ ကျွန်တော်တို့ဟာ ပြုခဲ့ကြတဲ့ ပဋိညာဉ်တွေအပေါ်မှာ သစ္စာရှိကြ၊ လိုက်နာကြမယ်ဆိုရင် “သူ၏ချစ်ခြင်းလက်များဖြင့် အစဉ်ထာဝရ ပွေ့ထားတော်မူခြင်းကိုလည်း”၁၂ ခံရနိုင်တယ်ဆိုတဲ့အကြောင်းသိရတာဟာ တကယ်ကို အခြေခံကျပါတယ်။

အောက်တိုဘာ ၂၀၁၉ အထွေထွေညီလာခံ အမျိုးသမီးကဏ္ဍမှာ၊ ဥက္ကဌနယ်လဆင်က ပြောခဲ့ပါတယ်၊ “အချင်းချင်းအမှုတော်ဆောင်ဖို့၊ ဧဝံဂေလိတရားတော်ကို ဟောပြောဖို့၊ သန့်ရှင်းသူတို့ကို စုံလင်စေဖို့၊ သေသူတို့ကိုရွေးနှုတ်ဖို့ ကျွန်တော်တို့ရဲ့အားထုတ်မှုအားလုံးဟာ သန့်ရှင်းသောဗိမာန်တော်မှာ စုဝေးပါတယ်။”၁၃

အဲဒီအထွေထွေညီလာခံမှာပဲ၊ ဥက္ကဌနယ်လဆင်က သွန်သင်ခဲ့ပါတယ် “အမှန်ပါပဲ၊ ပြန်လည်ဆောင်ယူခြင်းရဲ့ ဦးသျှောင်ရတနာကတော့ ဗိမာန်တော်ဖြစ်ပါတယ်။ အဲဒီဗိမာန်တော်ရဲ့ သန့်ရှင်းမွန်မြတ်သော ဘိသိက်မင်္ဂလာများနဲ့ ပဋိညာဉ်များဟာ ကယ်တင်ရှင်ကို သူ့ရဲ့ ဒုတိယအကြိမ်ကြွလာတော်မူချိန်မှာ ကြိုဆိုဖို့ အဆင်သင့်ဖြစ်နေသူများဖြစ်ဖို့ ပြင်ဆင်ရာမှာ အချက်အချာကျပါတယ်။”၁၄

ဆက်တိုက်ဖြစ်နေတဲ့ပြန်လည်ဆောင်ယူခြင်းဟာ ဗိမာန်တော်တွေကို မရှိဖူးသေးတဲ့ အရှိန်နဲ့ တည်ဆောက်ခြင်းနဲ့ ဆက်ကပ်ခြင်းတို့အားဖြင့် အမှတ်အသားပြုထားပါတယ်။ ကျွန်တော်တို့ ကန့်လန့်ကာရဲ့ နှစ်ဖက်စလုံးမှာ စုဝေးကြ၊ အမှုဆောင်ဖို့နဲ့ ကျွန်တော်တို့ဘဝတွေမှာ ဗိမာန်တော်ကို အချက်အချာဖြစ်စေကြတာနဲ့အမျှ၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို အမှန်တည်ဆောက်နေပါတယ်—သူက သူ့ရဲ့ ပဋိညာဉ်ခံလူမျိုးတွေကို တည်ဆောက်နေပါတယ်။

အို၊ ဘုန်းကြီးမြတ်လှ အထက်ပလ္လင်

သမ္မာတရားနဲ့ ချစ်ခြင်းအလင်းတောက်ထွန်း

နေလိုတောက်ပကောင်းကင်လင်းလက်ပေ

ထွန်လင်းပြည်တိုင်းဒီနေ့။၁၅

သမ္မာတရားနဲ့ ချစ်ခြင်းဧဝံဂေလိတရားတော်အလင်းဟာ ဒီနေ့မှာ မြေကြီးတစ်လျှောက်လုံးမှာ တောက်ပတဲ့အကြောင်း ကျွန်တော်သက်သေခံပါတယ်။ ပရောဖက်ဟေရှာယကြိုတင်ဟောပြောခဲ့တဲ့၊ ၁၆ ပြီးတော့ နီဖိုင်းမြင်ခဲ့တဲ့ ၁၇ “အံ့ဩကြောက်မက်ဖွယ်အမှုဟာ”၊ ဒီစိန်ခေါ်ခြင်းအချိန်တွေမှာတောင် လျင်မြန်သောအရှိန်နဲ့ ဖြစ်ပွားနေပါတယ်။ ဂျိုးဇက်စမစ်က ပရောဖက်ပြုခြင်းနဲ့ဟောကြားခဲ့ပါတယ်၊ “သမ္မာတရားအလံကို လွှင့်ထူခဲ့ပြီးပါပြီ၊ ဘယ်မသန့်ရှင်းသောလက်ကမှ အမှုတော်တိုးတက်ခြင်းကို မရပ်စေနိုင်ပါဘူး… ဘုရားသခင်၏အကြံအစည်များ ပြီးမြောက်ခြင်း၊ ကြီးစွာသောယေဟောဝါက အမှုတော်ပြီးမြောက်ကြောင်း မိန့်တော်မူသည့်တိုင်အောင်ပဲဖြစ်ပါတယ်။”၁၈

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့တတွေဟာ ကောင်းကင်ဘုံရဲ့အသံ၊ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ရဲ့ အသံကို ကြားနာခြင်းမှာ ကျွန်တော်တို့ကိုယ်တိုင်နဲ့ ကျွန်တော်တို့ရဲ့မိသားစုများ ပါဝင်ရန် လိုလိုလားလားရှိကြ၊ ဒီနေ့မှာဆုံးဖြတ်နိုင်ကြပါစေ။ ကျွန်တော်တို့ကို သူ့မျက်မှောက်တော်သို့ပို့ဆောင်တဲ့လမ်းကြောင်းပေါ်မှာ ခိုင်မာစွာရှိစေတဲ့ ဘုရားသခင်နဲ့ ပဋိညာဉ်တွေပြုကြ၊ စောင့်ထိန်းနိုင်ကြပါစေ၊ သူ့ဧဝံဂေလိတရားတော်ရဲ့ အသရေရှိသောအလင်းနဲ့ သမ္မာတရားတို့ရဲ့ ကောင်းချီးမင်္ဂလာတွေမှာ ရွှင်လန်းဝမ်းမြောက်နိုင်ကြပါစေ။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။