အထွေထွေညီလာခံ
ပဋိညာဉ်လမ်းကြောင်း
ဧပြီ ၂၀၂၁ အထွေထွေညီလာခံ


15:4

ပဋိညာဉ်လမ်းကြောင်း

ပဋိညာဉ်လမ်းကြောင်း၏ခြားနားချက်သည် တစ်မူထူးစွာနဲ့ ထာဝရ ထင်ရှားခြင်းရှိပါတယ်။

ဥက္ကဌနယ်လဆင်က သူ့အမှုတော်ဆောင်တလျှောက်မှာ၊ ဘုရားသခင်ရဲ့ သူ့သားသမီးများနဲ့ပဋိညာဉ်အကြောင်းကို လေ့လာသွန်သင်ပေးခဲ့ပါတယ်။ သူကိုယ်တိုင်က ပဋိညာဉ်လမ်းကြောင်းပေါ်မှာလျှောက်သူ တောက်ပတဲ့ပုံသက်သေတစ်ခုဖြစ်ခဲ့ပါတယ်။ အသင်းတော်ရဲ့ ဥက္ကဌအဖြစ်၊ သူ့ပထမဆုံးသတင်းစကားမှာ၊ ဥက္ကဌနယ်လဆင်က ပြောခဲ့ပါတယ်၊

“ကိုယ်တော်ရှင်နဲ့ပဋိညာဉ်တွေပြုခြင်းနဲ့ ဒီပဋိညာဉ်တွေကို စောင့်ခြင်းအားဖြင့် သူ့နောက်ကို လိုက်လျှောက်ဖို့ သင့်ရဲ့ကတိကဝတ်တွေဟာ နေရာတိုင်းရှိ အမျိုးသမီး၊ အမျိုးသားများနဲ့ ကလေးများအတွက် ရရှိနိုင်တဲ့ ဝိညာဉ်ပကတိ အထူးအခွင့်အရေးနဲ့ ကောင်းချီးမင်္ဂလာတိုင်းအတွက် တံခါးကို ဖွင့်ပေးပါလိမ့်မယ်။

“… ဗိမာန်တော်ဘိသိက်မင်္ဂလာများနဲ့ အဲဒီမှာသင်ပြုတဲ့ ပဋိညာဉ်တွေဟာ သင့်ဘဝ၊ သင့်အိမ်ထောင်နဲ့မိသားစု၊ ပြီးတော့ ရန်သူရဲ့ တိုက်ခိုက်မှုကို ခုခံဖို့သင့်စွမ်းရည်တို့ကို ခွန်အားဖြည့်ပေးခြင်းအတွက် အဓိကကျပါတယ်။ ဗိမာန်တော်ထဲ၌သင်၏ကိုးကွယ်မှုနဲ့ သင့်ဘိုးဘေးတို့အတွက် သင်၏အစေခံခြင်းတို့က သင့်ကို ကိုယ်ပိုင်ဗျာဒိတ်တော်၊ ငြိမ်းချမ်းခြင်းတို့နဲ့ ကောင်းချီးပေးမှာ၊ ပဋိညာဉ်လမ်းကြောင်းပေါ်မှာဆက်ရှိဖို့ သင်ရဲ့ကတိကဝတ်ကို ခိုင်မာစေမှာ ဖြစ်ပါတယ်။”

ပဋိညာဉ်လမ်းကြောင်းဆိုတာ ဘာလဲ။ အဲ့ဒါက ကျွန်တော်တို့ရှိတဲ့နေရာကနေ ဘုရားသခင်ရဲ့ ဆီလက်ရှယ်လ်နိုင်ငံတော်ဆီကို ပို့ဆောင်တဲ့လမ်းကြောင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အဲဒီလမ်းကြောင်းပေါ်ကို ဗတ္တိဇံတံခါးကနေ တက်ခဲ့ပြီး၊ “စုံလင်သောမျှော်လင့်ခြင်းရောင်ခြည်နှင့်အတူ ဘုရားသခင်နှင့် ခပ်သိမ်းသောလူသားတို့ကို ချစ်ခြင်းရှိလျက်၊ ခရစ်တော်၌ မြဲမြံခြင်းနှင့် ရှေ့သို့ဆက်၍ ကြိုးစားအားထုတ်[ကြီးမြတ်သောပညတ်တော်နှစ်ခု]…အဆုံးတိုင်အောင်။” ပဋိညာဉ်လမ်းကြောင်းထဲမှာ(အဲဒါက၊ လမ်းအားဖြင့်၊ လူ့ဇာတိအပြင်ထိတိုးချဲ့ပါတယ်)၊ ကျွန်တော်တို့ဟာ ကယ်တင်ခြင်းနဲ့ ချီးမြှောက်ခြင်းတို့နဲ့ စပ်ဆိုင်တဲ့ ဘိသိက်မင်္ဂလာများနဲ့ ပဋိညာဉ်များအားလုံးကို ရရှိကြပါတယ်။

ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံးပဋိညာဉ်ကတိကဝတ်ကတော့ ဘုရားသခင်၏အလိုတော်ကို ဆောင်ရန်၊ “သူမိန့်တော်မူမည့်ပညတ်တော်တို့ကိုလည်း နာခံရန်ဖြစ်ပါတယ်။” ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်ရဲ့ အခြေခံဩဝါဒများနဲ့ ပညတ်တော်များကို နေ့တိုင်းနေ့တိုင်း လိုက်လျှောက်ခြင်းဟာ ဘဝမှာ အပျော်ဆုံးနဲ့ အကျေနပ်ရဆုံးလမ်းဖြစ်ပါတယ်။ တစ်ခုကတော့၊ လူတစ်ယောက်ဟာ ကြီးစွာသောပြဿနာများနဲ့ နောင်တတွေကို ရှောင်ရှားပါတယ်။ အားကစား ပုံနှိုင်းချက်တစ်ခုကို ပြောပြပါရစေ။ တင်းနစ်အားကစားမှာ၊ ကိုယ်ပိုင်အမှားများလို့ခေါ်တဲ့အရာတစ်ခုရှိပါတယ်။ ဒါတွေဟာ ဆာဗင်ပေးတဲ့အခါ ကစားတဲ့ဘောလုံးကို ပိုက်ထဲကို ရိုက်ခြင်း သို့မဟုတ် နှစ်ထပ်မှားဖြစ်ပါတယ်။ ကိုယ်ပိုင်အမှားတွေဟာ ပြိုင်ဘက်ရဲ့ ကျွမ်းကျင်မှုကြောင့် ဖြစ်တဲ့အစား၊ ကစားသမားတစ်ယောက်ရဲ့ အမှားရဲ့ ရလဒ်လို့ပြောရမှာဖြစ်ပါတယ်။

မကြာခဏပါပဲ၊ ကျွန်တော်တို့ရဲ့ ပြဿနာတွေ သို့မဟုတ် စိန်ခေါ်မှုတွေဟာ ကိုယ်တိုင်ထိခိုက်ခြင်း၊ ညံ့ဖျင်းသောရွေးချယ်မှုများရဲ့ ရလဒ်၊ သို့မဟုတ် “ကိုယ်ပိုင်အမှားတွေ” ရဲ့ ရလဒ်လို့ ကျွန်တော်တို့ပြောနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ပဋိညာဉ်လမ်းကြောင်းကို လုံ့လဝီရိယထက်သန်စွာနဲ့ လိုက်နေကြတဲ့အခါ၊ “ကိုယ်ပိုင်အမှားတွေ” များစွာကို အလိုအလျောက်ရှောင်ရှားကြပါတယ်။ ကျွန်တော်တို့ဟာ အမျိုးမျိုးသော စွဲကပ်ခြင်းပုံစံတွေကို ရှောင်ကွင်းကြပါတယ်။ မုသားနဲ့ မရိုးသားခြင်းအပြုအမူတွင်းထဲကို မလဲကျကြပါဘူး။ စာရိတ္တပျက်ခြင်းနဲ့ သစ္စာမဲ့ခြင်းချောက်ပေါ်ကို ဖြတ်လျှောက်ကြပါတယ်။ ကျော်ကြားလျှင်တောင်မှ၊ ကျွန်တော်တို့ရဲ့ ဇာတိနဲ့ ဝိညာဉ်ပကတိကောင်းကျိုးကို ဘေးရောက်စေမယ့်လူများကို ရှောင်ကွင်းကြပါတယ်။ အခြားသူတွေကို နာကျင်စေ၊ သို့မဟုတ် အခြားသူတွေကို အကျိုးယုတ်စေတဲ့ရွေးချယ်မှုတွေကို ရှောင်ကြပါတယ်၊ ကိုယ်ပိုင်စည်းကမ်းနဲ့ အစေခံခြင်းအလေ့အကျင့်တွေရအောင်သာလုပ်ကြပါတယ်။

အသင်းလူကြီး ဂျေ၊ ဂိုးလ်ဒင်း ကင်းဘောလ်က ပြောခဲ့ဖူးပါတယ်၊ “ကျွန်တော် ကျပ်တည်းကျဉ်းမြောင်းတဲ့လမ်းကို [အမြဲ] လျှောက်ချင်မှ လျှောက်ခဲ့မယ်၊ ဒါပေမယ့် ကျွန်တော်[တတ်နိုင်]သမျှအကြိမ်ကြိမ်ဖြတ်လျှောက်ဖို့ [ကြိုးစား]ပါတယ်။” ပိုပြီးအရေးကြီးတဲ့ အခိုက်အတန့်မှာ၊ ညီအစ်ကို ကင်းဘောလ်က ပဋိညာဉ်လမ်းကြောင်းပေါ်မှာ၊ ဖြတ်လျှောက်ခြင်းသာမဟုတ်ဘဲ၊ ရှိနေခြင်းဟာ ဘဝတစ်နေရာမှာ ရှောင်နိုင်သော ဝမ်းနည်းပူဆွေးမှုကို ရှောင်ခြင်းအတွက်နဲ့ အခြားတစ်နေရာမှာမှာ၊ မရှောင်နိုင်သော သောကဗျာပါဒတွေနဲ့ အောင်မြင်စွာဖြေရှင်းခြင်းအတွက် ကျွန်တော်တို့ရဲ့အကြီးဆုံးမျှော်လင့်ချက်ဖြစ်ပါတယ်။

အချို့ကပြောပါလိမ့်မယ်၊ “ကျွန်တော်ဟာ ဗတ္တိဇံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရွေးချယ်မှုကောင်း တွေလုပ်နိုင်တယ်၊ ဂုဏ်ရှိတဲ့၊ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ပဋိညာဉ်တွေမလိုဘူး” လို့ပြောကောင်းပြောနိုင်ပါတယ်။ တကယ်တော့၊ ကိုယ့်ဘာသာကိုယ် ပဋိညာဉ်လမ်းပေါ်မှာမရှိပေမယ့်၊ လမ်းကြောင်းပေါ်မှာရှိသူတွေရဲ့ ရွေးချယ်မှုတွေနဲ့၊ ပါဝင်မှုတွေနဲ့အလားတူလုပ်ဆောင်ကြတဲ့သူ များစွာရှိကြပါတယ်။ သူတို့ဟာ “ပဋိညာဉ်လျော်ကန်လမ်းကြောင်း” မှာ လျှောက်ခြင်းရဲ့ ကောင်းချီးမင်္ဂလာတွေကို ရိတ်သိမ်းကြတယ်လို့ သင်ပြောကောင်းပြောနိုင်ပါတယ်။ ဒါဆိုရင် ပဋိညာဉ်လမ်းကြောင်းနဲ့ ဘာခြားနားမှုရှိပါသလဲ။

တကယ်တော့၊ ခြားနားမှုဟာ တစ်မူထူးစွာနဲ့ ထာဝရ ထင်ရှားခြင်းရှိပါတယ်။ အဲဒီမှာ နာခံခြင်း၊ ကျွန်တော်တို့အတွက် ဘုရားသခင်ရဲ့ ကတိကဝတ်လက္ခဏာ၊ ကျွန်တော်တို့ရရှိတဲ့မြင့်မြတ်သော အကူအညီ၊ ပဋိညာဉ်ခံလူမျိုးအဖြစ်စုဝေး စည်းနှောင်ခြင်းကောင်းချီးမင်္ဂလာတွေ၊ ပြီးတော့ အရေးအကြီးဆုံးအနေနဲ့၊ ကျွန်တော်တို့ရဲ့ ထာဝရအမွေတွေရဲ့ သဘာဝပါဝင်ပါတယ်။

ကတိကဝတ်ထားသောနာခံခြင်း

ပထမဆုံးကတော့ ဘုရားသခင်ဆီကို ကျွန်တော်တို့ရဲ့ နာခံခြင်းသဘာဝဖြစ်ပါတယ်။ ရည်ရွယ်ချက်ကောင်းတွေရှိ၍သာနေခြင်းထက်ပိုပြီး၊ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့နှုတ်ကထွက်တဲ့ စကားတိုင်းနဲ့နေထိုင်ဖို့ အလေးအနက်ကတိကဝတ်ပြုကြပါတယ်။ ဤတွင်၊ကျွန်ုပ်တို့သည်ဗတ္တိဇံခံခြင်းအားဖြင့်၊ယေရှုခရစ်တော်၏ပုံသက်သေကို လိုက်လျှောက်ကြသည်၊ “သူဟာ ခမည်းတော်၏မျက်မှောက်၌ လူဇာတိအတိုင်း သူ့ကိုယ်သူ နှိမ့်ချတော်မူကြောင်း လူသားတို့ကို ပြတော်မူ၍၊ သူ၏ပညတ်တော်များကို စောင့်ထိန်းခြင်းအားဖြင့် နာခံတော်မူမည် ဖြစ်ကြောင်း ခမည်းတော်ထံသို့ သက်သေခံတော်မူ၏။”

ပဋိညာဉ်များဖြင့်၊ ကျွန်တော်တို့ဟာ အမှားတွေကိုရှောင်ခြင်း သို့မဟုတ် ပညာသတိရှိရုံသာဆိုတာထက်ပိုပြီး အာရုံစိုက်ကြပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ ဘဝတွေအတွက် ဘုရားသခင်ရှေ့မှာ တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့အပေါ်မှာ ခရစ်တော်ရဲ့နာမတော်ကို ခံယူကြပါတယ်။ ကျွန်တော်တို့ဟာ ခရစ်တော်ကို အာရုံစိုက်ကြပါတယ်—ယေရှုအကြောင်းသက်သေခံခြင်း၌ ရဲရင့်ခြင်းအပေါ်နဲ့ ခရစ်တော်၏ စရိုက်လက္ခဏာ၌ ဖွံ့ဖြိုးခြင်းအပေါ်မှာပဲဖြစ်ပါတယ်။

ပဋိညာဉ်များဖြင့်၊ ဧဝံဂေလိတရားတော်အခြေခံဩဝါဒတွေကို နာခံခြင်းဟာ ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်မှာ အမြစ်စွဲခဲ့ပါတယ်။ အိမ်ထောင်ပြုချိန်မှာ အသင်းတော်မှာ မတက်ကြွတဲ့ ဇနီးနဲ့ ခင်ပွန်းက အသင်းတော်အသင်းသားဘယ်တုန်းကမှ မဖြစ်ဖူးခဲ့တဲ့ စုံတွဲတစ်တွဲနဲ့ ကျွန်တော်ရင်းနှီးပါတယ်။ သူတို့ကို မေရီနဲ့ ဂျွန်လို့ကျွန်တော်ရည်ညွှန်းပါမယ်၊ သူတို့ရဲ့ အမည်အစစ်တွေမဟုတ်ပါ။ ကလေးတွေမရခင်မှာ၊ မေရီဟာ သူတို့ကို၊ ကျမ်းစာတွေမှာ ပြောတဲ့အတိုင်းပါပဲ၊ “ကိုယ်တော်ရှင်ရဲ့ သဘာဝနဲ့ ဆုံးမခြင်းအတိုင်း” ပြုစုပျိုးထောင်ဖို့ ပြင်းပြစွာခံစားခဲ့ပါတယ်။ ဂျွန်ဟာ ကူညီပံ့ပိုးသူဖြစ်ပါတယ်။ မေရီဟာ ဧဝံဂေလိတရားတော်ကို ပုံမှန်သွန်သင်ဖို့ အိမ်မှာနေဖို့ရာ အရေးကြီးတဲ့စွန့်လွှတ်မှုအချို့ကို လုပ်ခဲ့ပါတယ်။ သူမဟာ မိသားစုကို အသင်းတော်ကိုးကွယ်ခြင်းနဲ့ လှုပ်ရှားမှုမှာ အခွင့်ကောင်းစွာယူစေခဲ့ပါတယ်။ မေရီနဲ့ ဂျွန်ဟာ ပုံသက်သေပြမိဘတွေဖြစ်လာခဲ့ကြပါတယ်၊ သူတို့ရဲ့ ကလေးတွေ (အားလုံးလှုပ်ရှားတက်ကြွတဲ့ ကောင်လေးတွေ) ဟာ ယုံကြည်ခြင်းမှာ၊ ဧဝံဂေလိတရားတော် အခြေခံဩဝါဒတွေနဲ့ စံနှုန်းများကို ဆက်ကပ်ခြင်းမှာ ဖွံ့ဖြိုးခဲ့ပါတယ်။

ဂျွန်ရဲ့မိဘများ၊ ကောင်လေးတွေရဲ့ ဘိုးဘွားတွေဟာ သူတို့မြေးတွေရဲ့ ကောင်းကျိုးပေးတဲ့ဘဝတွေနဲ့ အောင်မြင်မှုတွေအတွက် ကျေနပ်ကြပါတယ်၊ ဒါပေမယ့် အသင်းတော်ကို ဆန့်ကျင်သူအချို့ကြောင့်၊ သူတို့ဟာ ဒီအောင်မြင်မှုကို ဂျွန်နဲ့မေရီရဲ့ ပြုစုပျိုးထောင်ခြင်းကျွမ်းကျင်မှုသက်သက်ကြောင့်သာဖြစ်တယ်လို မှတ်ယူလိုခဲ့ကြပါတယ်။ ဂျွန်ဟာ အသင်းတော်အသင်းသားမဟုတ်သော်လည်း၊ အဲဒီ အကဲဖြတ်မှုကို စိန်ခေါ်ခြင်းမရှိပဲမနေစေခဲ့ပါဘူး။ ဧဝံဂေလိတရားတော်သွန်သင်မှုရဲ့ အသီးအပွင့်တွေ—သူ့သားတွေ အသင်းတော်မှာ တွေ့ကြုံနေရတာနဲ့ အိမ်မှာဖြစ်ပျက်နေတဲ့အရာတွေကို သူတို့တတွေ မြင်ကြရတာဖြစ်တဲ့အကြောင်းကို အမိအရတိုက်တွန်းပြောဆိုပါတယ်။

ဂျွန်ကိုယ်တိုင်ကလည်း ဝိညာဉ်တော်၊ သူ့ဇနီးရဲ့ ချစ်ခြင်းနဲ့ ပုံသက်သေ၊ ပြီးတော့သူ့သားတွေရဲ့ တိုက်တွန်းမှုတွေရဲ့ လွှမ်းမိုးမှုကို ခံရလျက်ရှိပါတယ်။ အချိန်ကြာလာတဲ့အခါ၊ သူဟာ ဗတ္တိဇံခံခဲ့ပါတယ်၊ အသင်းတော်စုအသင်းသားတွေနဲ့ မိတ်ဆွေတွေ အလွန်ဝမ်းမြောက်ခဲ့ကြပါတယ်။

သူတို့နဲ့ သူတို့သားတွေအတွက် ဘဝမှာ စိန်ခေါ်မှုတွေမရှိတဲ့အချိန်မှာ၊ မေရီနဲ့ဂျွန်ဟာ အမှန်အားဖြင့် ဧဝံဂေလိတရားတော်ပဋိညာဉ်ဟာ တစ်ဦးချင်းအနေနဲ့ရော မိသားစုအနေနဲ့ရော သူတို့ကောင်းချီးမင်္ဂလာတွေရဲ့ အကြောင်းရင်းဖြစ်တဲ့အကြောင်း လှိုက်လှိုက်လှဲလှဲ အတည်ပြုခဲ့ပါတယ်။ ယေရမိကို မိန့်တော်မူတဲ့ ကိုယ်တော်ရှင်ရဲ့နှုတ်ကပတ်တော်တွေက သူတို့ကလေးတွေရဲ့ ဘဝတွေမှာရော၊ သူတို့ကိုယ်တိုင်ရဲ့ ဘဝတွေမှာရော ပြီးပြည့်စုံစေခဲ့တယ်ဆိုတာ သိကြရပါတယ်၊ “ငါသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်၊ သူတို့နှလုံးပေါ်မှာ ရေးထားမည်၊ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။”

ဘုရားသခင်နှင့် စည်းနှောင်ခြင်း

ပဋိညာဉ်လမ်းကြောင်းရဲ့ တခြားလက္ခဏာတစ်ခုကတော့၊ ကျွန်တော်တို့ရဲ့ဘုရားနဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ ဘုရားသခင် သူ့သားသမီးတွေကို ကမ်းလှမ်းတဲ့ ပဋိညာဉ်တွေဟာ ကျွန်တော်တို့ကို လမ်းညွှန်တာထက်ပိုပါတယ်။ သူတို့သည်ကျွန်ုပ်တို့အား၊ သူနှင့်စည်းနှောင်၊ ပြီး၊ ကျွန်တော်တို့ဟာအရာအားလုံးကိုကျော်လွှားနိုင်ပါတယ်။

သေသူတွေအတွက် ကျွန်တော်တို့ဗတ္တိဇံလုပ်ဆောင်ပုံဟာ မိုက်ခရိုဖလင်လိပ်တွေကို ရေထဲနှစ်တာဖြစ်တယ်လို့ ရှင်းပြထားသူ သတင်းထောက်တစ်ဦး ညံ့ဖျင်းစွာ သတင်းပို့ထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော်တစ်ခါက ဖတ်ခဲ့ရပါတယ်။ အဲ့ဒီနောက် မိုက်ခရိုဖလင်ပေါ်မှာ အမည်ပေါ်လာတဲ့သူအားလုံးဟာ ဗတ္တိဇံခံရတယ်လို့မှတ်ယူပါတယ်။ အဲဒီနည်းက ထိရောက်ပါလိမ့်မယ်၊ တော်တော်ကို ထိရောက်ပါလိမ့်မယ်၊ ဒါပေမယ့် အဲဒါက ဝိညာဉ်တစ်ခုချင်းစီရဲ့ အတိုင်းမသိထိုက်တန်မှု၊ ဘုရားသခင်နဲ့ ကိုယ်ပိုင်ပဋိညာဉ်ရဲ့ အလွန်အရေးကြီးမှုကို မသိကျိုးကျွန်ပြုပါတယ်။

“[ယေရှု]ပြောခဲ့ပါတယ်… သင်တို့သည် ကျပ်တည်းသောတံခါးမှ ဝင်ကြလော့။ အကြောင်းမူကား၊ အသက်ရှင်ခြင်းသို့ရောက်သောတံခါးသည် ကျပ်တည်း၏၊ လမ်းသည် ကျဉ်းမြောင်း၍၊ တွေ့ဝင်သောသူ နည်း၏။”၁၀ တင်စားပြောရရင်၊ ဒီတံခါးက အလွန်ကျဉ်းလို့ တစ်ကြိမ်မှာ တစ်ယောက်ပဲဝင်ခွင့်ပေးပါတယ်။ တစ်ယောက်ချင်းစီ၊ ဘုရားသခင်နဲ့ တစ်ယောက်ချင်းကတိကဝတ်ပြုပါတယ်၊ ဘုရားသခင်ကလည်း တစ်ယောက်ချင်းစီကို အမည်ခေါ်ပြီး၊ ကျွန်တော်တို့ ယခုဘဝမှာရော ထာဝရကာလမှာပါ အားထားနိုင်တဲ့ ကိုယ်ပိုင်ပဋိညာဉ်တစ်ခုဖွဲ့ပါတယ်။ ပဋိညာဉ်များနှင့်ဘိသိက်မင်္ဂလာများနှင့်အတူ၊ကျန်ုပ်တို့၏အသက်တာ၌ “ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းတန်ခိုးကိုထင်ရှားစွာပြတော်မူ၏။”၁၁

မြင့်မြတ်သောအကူအညီ

ဒါက ကျွန်တော်တို့ကို ပဋိညာဉ်လမ်းကြောင်းရဲ့ တတိယအထူးကောင်းချီးမင်္ဂလာတစ်ခုကို စဉ်းစားဖို့ ပို့ဆောင်ပါတယ်။ ဘုရားသခင်က ပဋိညာဉ်စောင့်ထိန်းသူတွေကို ပဋိညာဉ်စောင့်ထိန်းသူတွေဖြစ်ဖို့ နားမလည်နိုင်လုနီးပါးရှိတဲ့ ဆုကျေးဇူးတစ်ခုကို ပေးပါတယ်၊ သန့်ရှင်းတော်ဝိညာဉ်တော်ရဲ့ ဆုကျေးဇူးဖြစ်ပါတယ်။ ဒီဆုကျေးဇူးက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ပုံမှန်အဖော်ပြုခြင်း၊ ကာကွယ်ခြင်းနဲ့ လမ်းပြခြင်းအတွက် အခွင့်အရေးဖြစ်ပါတယ်။၁၂ နှစ်သိမ့်ရှင်လို့လည်းထင်ရှားပါတယ်၊ သန့်ရှင်းသောဝိညာဉ်တော်က “မျှော်လင့်ခြင်း၊ စုံလင်သောချစ်ချင်း”၁၃ နဲ့ ဖြည့်ပေးပါတယ်။ သူသည် “အရာခပ်သိမ်းကိုသိ၍၊ ခမည်းတော်နှင့်သားတော်၏အကြောင်းကိုသက်သေခံတော်မူပါတယ်၊”၁၄ အဘယ်သက်သေသာဓကကိုကျွန်ုပ်တို့သက်သေပြရမည်နည်း။၁၅

ပဋိညာဉ်လမ်းကြောင်းပေါ်မှာ၊ ကျွန်တော်တို့ဟာ ခွင့်လွှတ်ခြင်းနဲ့၊ အပြစ်မှသန့်ရှင်းတို့ရဲ့ မရှိမဖြစ်ကောင်းချီးမင်္ဂလာတွေကိုလည်း တွေ့ရပါတယ်။ ဒါက သန့်ရှင်းသောဝိညာဉ်တော် စီမံဆောင်ရွက်တဲ့ မြင့်မြတ်သောကျေးဇူးတော်အားဖြင့်သာ ရောက်လာနိုင်တဲ့ အကူအညီဖြစ်ပါတယ်။ “ယခုတွင်၊ ဤပညတ်တော်သည်ကား၊” ကိုယ်တော်ရှင် မိန့်တော်မူပါတယ်၊ “နောင်တရကြလော့၊ ခပ်သိမ်းသော အသင်မြေကြီးစွန်းသားတို့။ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခြင်းအားဖြင့်၊ သန့်ရှင်း စင်ကြယ် နိုင်စေခြင်းငှာလည်းကောင်း၊ နောက်ဆုံးသောနေ့၌ ငါ့ရှေ့၌၊ အပြစ်ကင်းစင်လျက် ရပ်နိုင်စေခြင်းငှာလည်းကောင်း ငါ့ထံသို့လာ၍၊ ငါ၏နာမတော်၌ ဗတ္တိဇံခံကြလော့။”၁၆

ပဋိညာဉ်ခံလူမျိုးတို့နှင့် စုဝေးခြင်း

ပဋိညာဉ်လမ်းကြောင်းကို လိုက်တဲ့သူတွေဟာ မြင့်မြတ်စွာသတ်မှတ်ထားတဲ့စုဝေးခြင်းအမျိုးမျိုးမှာ အထူးကောင်းချီးမင်္ဂလာတွေကို တွေ့ရပါတယ်။ ကြာမြင့်စွာပြန့်ကျဲခဲ့တဲ့ ဣသရေလမျိုးနွယ်စုတို့ကို သူတို့ အမွေခံရာမြေသို့ ဧကန်အမှန်စုဝေးခြင်းအကြောင်း ပရောဖက်ပြုဟောချက်များကို ကျမ်းစာအနှံ့မှာတွေ့ရပါတယ်။၁၇ ပရောဖက်ပြုဟောချက်တွေနဲ့ ကတိတော်တွေပြီးပြည့်စုံစေခြင်းဟာ ယခုမှာ ပဋိညာဉ်ခံလူမျိုးတွေကို အသင်းတော်၊ မြေကြီးပေါ်ရှိဘုရားသခင့်နိုင်ငံတော်ထဲကိုစုဝေးခြင်းနဲ့အတူ ရှိနေပြီးဖြစ်ပါတယ်။ ဥက္ကဌနယ်လဆင်က ရှင်းပြခဲ့ပါတယ်၊ “ကျွန်တော်တို့ဟာ စုဝေးခြင်းအကြောင်း ပြောကြတဲ့အခါ၊ ဒီအခြေခံသမ္မာတရားကို ပြောနေခြင်းသာဖြစ်ပါတယ်၊ ကန့်လန့်ကာရဲ့နှစ်ဖက်စလုံးက ကောင်းကင်ဘုံရှင်အဘရဲ့ သားသမီးတိုင်းဟာ … ယေရှုခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော်သတင်းစကားကို ကြားနာဖို့ ထိုက်တန်ပါတယ်။”၁၈

ကိုယ်တော်ရှင်က ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်အသင်းသားတွေကို မိန့်တော်မူတာက ထ၍တောက်ပစေကြလော့၊ သင်တို့၏အလင်းသည် ပြည်သားတို့အဖို့ အလံဖြစ်စေကြောင်းပေတည်း။… “ဇိအုန်မြေပေါ်နှင့် ပန္နက်များပေါ်၌ အတူတကွစုဝေးခြင်းသည်ကား၊ မြေကြီးတစ်ခုလုံးပေါ်သို့ အရောအနှောမပါဘဲ သွန်းလောင်းမည့် မုန်တိုင်းဘေးမှ၊ ထို့အတူ အမျက်တော်ဘေးမှ အကာအကွယ်၊ ထို့အတူ ခိုလှုံရာ အဖြစ် ရှိနိုင်စေကြောင်းပေတည်း။”၁၉

ကိုယ်တော်ရှင်ရဲ့နေ့မှာ ဆုတောင်းခြင်းအိမ်တော်သို့ ပဋိညာဉ်ခံလူမျိုးတွေကို အပတ်စဉ် စုဝေးခြင်းလည်းရှိပါတယ်၊ ကျွန်တော်တို့တတွေ “[ကိုယ့်ကိုယ်ကို]လောကီအစွန်းအထင်းတွေနဲ့ ပို၍ပြည့်စုံစွာကင်းစင်”၂၀နိုင်စေဖို့ ဖြစ်ပါတယ်။ အဲဒါက ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာကို အောက်မေ့ခြင်းအနေနဲ့ ပွဲတော်မုန့်နဲ့ရေကို သုံးဆောင်ဖို့စုဝေးခြင်းဖြစ်ပါတယ်၊ “အစာရှောင်ရန်နှင့် ဆုတောင်းရန်၊ ထို့အတူ၊ [ကျွန်တော်တို့]စိတ်ဝိညာဉ်၏ကောင်းကျိုးကို အချင်းချင်း ပြောဆိုရန်”၂၁အချိန်တစ်ခုဖြစ်ပါတယ်။ ဆယ်ကျော်သက်တစ်ယောက်အနေနဲ့၊ ကျွန်တော်ဟာ ကျွန်တော့်အထက်တန်းကျောင်း စာသင်ခန်းမှာ တစ်ဦးတည်းသော အသင်းတော် အသင်းသားဖြစ်ပါတယ်။ ကျွန်တော် ကျောင်းမှာ သူငယ်ချင်းကောင်းများစွာနဲ့ အပေါင်းအဖော်ဖြစ်ရတာကို ပျော်မွေ့ပါတယ်၊ ဒါပေမယ့် ကျွန်တော့်ကိုသီတင်းပတ်တိုင်းမှာ ဝိညာဉ်ပကတိ၊ ဇာတိပကတိမှာတောင်မှ အားဖြည့်၊ အားသစ်လောင်းဖို့ ဒီဥပုသ်စုဝေးခြင်းအပေါ်ကို အလွန်အားထားခဲ့တာကို တွေ့ခဲ့ရပါတယ်။ လက်ရှိကပ်ရောဂါကာလအတွင်း ဒီပုံမှန်ပဋိညာဉ်စုဝေးခြင်း ဆုံးရှုံးရခြင်းကျွန်တော်တို့ တော်တော်ပြင်းပြစွာခံစားကြရပါတယ်၊ အရင်တုန်းကလို တစ်ဖန်အတူစုဝေးနိုင်မယ့်အချိန်ကို တော်တော်ထက်သန်စွာ မျှော်လင့်စောင့်စားကြပါတယ်။

နောက်ဆုံးအနေနဲ့၊ ပဋိညာဉ်ခံလူမျိုးတွေဟာ ဗိမာန်တော်၊ ကိုယ်တော်ရှင်ရဲ့အိမ်တော်မှာသာ ရရှိနိုင်တဲ့ ဘိသိက်မင်္ဂလာတွေ၊ ကောင်းချီးမင်္ဂလာတွေနဲ့ ဗျာဒိတ်တော်တွေကို ရရှိဖို့ အဲဒီမှာ စုဝေးကြပါတယ်။ “ကမ္ဘာ့ခေတ်တိုင်းမှာ ဘုရားသခင့်လူမျိုးတွေကို…စုဝေးခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ… ဆိုတာကို ပရောဖက် ဂျိုးစက်စမစ် သင်ကြားပေးခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်က ကိုယ်တော်ရှင် သူ့လူမျိုးတွေကို သူ့အိမ်တော်ရဲ့ဘိသိက်မင်္ဂလာတွေနဲ့ သူ့နိုင်ငံတော်ရဲ့ ဘုန်းအသရေတွေကို ဖော်ပြနိုင်ရာ၊ ကယ်တင်ခြင်းနည်းလမ်းကို သွန်သင်ရာသူ့အိမ်တော်ကို တည်ဆောက်ဖို့ ဖြစ်ပါသည်။ အကြောင်းမူကား၊ သွန်သင်လေ့ကျင့်သောအခါ၊ ထိုရည်ရွယ်ချက်အတွက်တည်ဆောက်ထားသော အိမ်တော်၌ လုပ်ဆောင်ရမည့် သတ်မှတ်ထားသောဘိသိက်မင်္ဂလာများနှင့် အခြေခံဩဝါဒများရှိပေသည်။”၂၂

ပဋိညာဉ်ကတိတော်များကို အမွေခံခြင်း

နောက်ဆုံးမှာ၊ ပဋိညာဉ်လမ်းကြောင်းကို လိုက်ခြင်းမှာသာ ကျွန်တော်တို့ဟာ အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်တို့ရဲ့ ကောင်းချီးမင်္ဂလာတွေ၊ ဘုရားသခင်ကသာပေးနိုင်တဲ့ ကယ်တင်ခြင်းနဲ့ ချီးမြှောက်ခြင်း အကောင်းဆုံး ကောင်းချီးမင်္ဂလာတွေကို အမွေခံကြပါတယ်။၂၃

ကျမ်းစာရည်ညွှန်းချက်တွေက ပဋိညာဉ်ခံလူမျိုးတွေကို “ဣသရေလအမျိုးသားများ”လို့ ထင်ရှားတဲ့အာဗြဟံရဲ့မူလအမျိုးအနွယ်လို့အကြိမ်ကြိမ်ဆိုလိုပါတယ်။ ဒါပေမယ့် ပဋိညာဉ်ခံလူမျိုးတွေမှာ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်ကို ရရှိတဲ့သူအားလုံးလည်း ပါဝင်ပါတယ်။၂၄ ပေါလုက ရှင်းပြခဲ့ပါတယ်၊

“ခရစ်တော်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။ …

“သင်တို့သည် ခရစ်တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍၊ ကတိတော်အတိုင်း အမွေခံ၏အရာ၌ တည်ကြ၏။”၂၅

မိမိတို့ပဋိညာဉ်များအပေါ် သစ္စာရှိသောသူတို့သည် “တရားသောသူတို့၏ ရှင်ပြန်ထမြောက်ခြင်း၌ ထွက်လာကြလိမ့်မည်။”၂၆ သူတို့သည် “ပဋိညာဉ်တရားသစ်၏အရှင်တည်းဟူသော စေ့စပ်ရှင် ယေရှုအားဖြင့် စုံလင်စေကြ၏။… ဤသူတို့သည်ကား၊ နေ၏ဂုဏ်အသရေ၊ အမှန်စင်စစ်၊ ခပ်သိမ်းသောအရာတို့ထက် အမြင့်ဆုံး ဖြစ်သည့် ဘုရားသခင်၏ ဂုဏ်အသရေ ကဲ့သို့ပင်ရှိသည့် ဆီလက်ရှယ်လ် ကိုယ်ခန္ဓာရှိသူများဖြစ်ကြ၏။”၂၇ “သို့ဖြစ်၍၊ ခပ်သိမ်းသော အရာတို့သည် သူတို့အဖို့ ဖြစ်ကြ၏၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ ဖြစ်လာမည့်အရာဖြစ်စေ ခပ်သိမ်းသော အရာတို့သည် သူတို့အဖို့ ဖြစ်ကြ၏၊ သူတို့သည်လည်း ခရစ်တော်အဖို့ ဖြစ်ကြ၏၊ ခရစ်တော်သည်လည်း ဘုရားသခင်အဖို့ ဖြစ်တော်မူ၏။”၂၈

ကျွန်တော်တို့ တစ်ယောက်ချင်းနဲ့ လူမျိုးတစ်မျိုးအနေနဲ့ ပဋိညာဉ်လမ်းကြောင်းပေါ်မှာရှိဖို့ ပရောဖက်ရဲ့ ခေါ်ဆောင်ခြင်းကို နားထောင်ကြပါစို့။ နီဖိုင်းက ကျွန်တော်တို့ကာလကို မြင်ခဲ့မှတ်တမ်းတင်ခဲ့ပါတယ်၊ “ငါ၊ နီဖိုင်း မြင်ရသည်ကား၊ ဘုရားသခင့်သိုးသငယ်၏ တန်ခိုးတော်သည် သိုးသငယ်၏အသင်းတော်မှ သန့်ရှင်းသူများနှင့် မြေကြီးမျက်နှာပြင်တစ်ခုလုံးပေါ်၌ ကွဲပြားပြန့်ကျဲလျက်ရှိကြသော ကိုယ်တော်ရှင်၏ပဋိညာဉ်ခံလူမျိုးတို့အပေါ်သို့ သက်ရောက်တော်မူကြောင်းပေတည်း။ သူတို့သည် ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း၊ ကြီးစွာသောဘုန်းတော်ရှိသည့် ဘုရားသခင်၏တန်ခိုးတော်နှင့်လည်းကောင်း စွဲကိုင်ထားကြ၏။”၂၉

နီဖိုင်းနှင့်အတူ၊ “ငါ၏ဝိညာဉ်တော်သည် ကိုယ်တော်ရှင်၏ပဋိညာဉ်များ၌လည်း မွေ့လျော်၏။”၃၀ ဒီအီစတာတနင်္ဂနွေနေ့မှာ၊ ယေရှုခရစ်တော်အကြောင်းကို ကျွန်တော်သက်သေခံပါတယ်၊ သူရဲ့ရှင်ပြန်ထမြောက်ခြင်းဟာ ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းနဲ့ ပဋိညာဉ်လမ်းကြောင်းနဲ့ပတ်သက်လို့ ကတိထားခဲ့တဲ့အရာအားလုံးရဲ့ ငြင်းမရတဲ့အာမခံချက်ဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။